Author's Profile Photo

အက္ခရာ - Haruki

4/04/2024

မျှော်လင့်ခြင်းကင်းစွာ ရှင်သန်ပါ

3 mins read
Life Style
Personal Development
18 Again
မျှော်လင့်ခြင်းကင်းစွာ ရှင်သန်ပါ's photo

မျှော်လင့်ခြင်းဆိုတာနဲ့ ကျွန်တော် ဝီလီယမ်ရှိတ်စပီးယားရဲ့ စကားလေးတစ်ခွန်းကို အရင်ဆုံးပြေးမြင်မိတယ်။ သူ့ရဲ့ စကားလေးက ဘာလဲဆိုတော...

I always feel happy, Do you know why?

Because I don't expect anything from anyone.

Expectations always hurt.

ငါအမြဲတမ်း ပျော်ရွှင်မှုကို ခံစားရတယ် , အဲ့တာ ဘာကြောင့်လဲ သိလား၊

အကြောင်းကတော့ ငါ ဘယ်သူ့ဆီကမှ ဘာကိုမှ မျှော်လင့်မထားလို့ပါ၊

မျှော်လင့်ခြင်းတွေက အမြဲတမ်းနာကျင်စေတယ်လေ... တဲ့။

ဒီစကားလေးက သွေးထွက်မတတ် မှန်လွန်းလှပါတယ်။ ဆိုတာ့... ဆောင်းပါးလေးကို ကျွန်တော်တို့ရဲ့ငယ်ဘဝကနေအစချီကြဦးစို့။ ကျွန်တော်တို့ငယ်ငယ်က ကိုယ်သိပ်ချစ်ရတဲ့သူငယ်ချင်းတွေကို တခြားသူနဲ့ သူငယ်ချင်းဖြစ်သွားမှာ၊ တခြားသူကို ကိုယ့်ထက်ပိုခင်သွားမှာ သိပ်ကြောက်ခဲ့ကြတယ်မဟုတ်လား။ ကလေးသဘာဝ အပေါင်းအသင်းကလည်းမက်လေတော့ ကိုယ်ချစ်ခင်ရတဲ့သူငယ်ချင်းကများ တခြားသူကိုကိုယ့်ထက်ပိုခင်တွယ်သွားရင်ဆိုတဲ့စိတ်နဲ့ ညဘက်တွေဆို အိပ်ရာထဲတော်တော်နဲ့အိပ်မပျော်ကြပါဘူး။ အဲ့လို စိတ်‌သောကတွေရပြီး ပျော်ရွှင်သင့်သလောက် မပျော်ရွှင်ရတော့ပါဘူး။

ဒါတွေက ကလေးဘဝ ငယ်ငယ်လေးတွေမှာမှမဟုတ်ပါဘူး။ အရွယ်ရောက်လာတဲ့အခါမှာလည်း မျှော်လင့်ခြင်းဆိုတဲ့အရာတွေရှိနေပြန်ပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ ကိုယ်သူ့ကိုလုပ်ပေးတဲ့အတိုင်း သူကိုယ့်ကိုပြန်လုပ်ပေးမယ်ဆိုတာမျိုးပေါ့။ ဥပမာ - ကိုယ့်သူငယ်ချင်းမွေးနေ့မှာ ကိုယ်ကသူ့တွက် Suprise Gift ပေးလိုက်ပါတယ်။ စိတ်ထဲမှာလည်း ငါ့အလှည့်ကြ သူပြန်ပေးမှာပဲဆိုပြီး တွေးထားပါတယ်။ တစ်နေ့ ကိုယ့်မွေးနေ့ရောက်လာတဲ့အချိန်မှာ သူက ကိုယ့်ကို Suprise Gift ပြန်မပေးပါဘူး။ အကြောင်းတစ်ခုခုကြောင့် Happy Birthday ပဲပြောပေးနိုင်မယ်ပေါ့။

အဲ့ဒီအချိန် ကျွန်တော်တို့တွေရဲ့စိတ်က ကိုယ်မျှော်လင့်ထားသလို မဖြစ်လာတဲ့အတွက်ကြောင့် အပြည့်အဝမပျော်ရွှင်နိုင်တော့ပါဘူး၊ ဒါ့အပြင် ကိုယ့်ဆီမှာရှိနေတဲ့ အရင်ကပျော်ရွှင်မှုလေးတွေပါ ပျောက်ဆုံးသွားနိုင်ပါတယ်။

ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းကတော့

ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ပျော်ရွှင်မှုကို ကျွန်တော်တို့က တခြားသူဆီကမျှော်လင့်နေခဲ့မိလို့ပါပဲ။ ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်တယ်။ ကိုယ်ပြုမူတဲ့အတိုင်း တန်ပြန်သက်ရောက်တယ်တဲ့။ တကယ့်တကယ်တမ်းကျ ကောင်းတာလုပ်တိုင်း ကောင်းတာတွေတန်ပြန်ရလိုက်တာမျိုးက နည်းပါတယ်။ ကိုယ်ပြုမူတဲ့အတိုင်း ကိုယ့်အပေါ် ချက်ချင်း တန်ပြန်သက်ရောက်မှုဆိုတာလည်း ရှိတော့ရှိပေမယ့် အချိန်ကာလတစ်ခုတော့ ကြာပါတယ်။

ဒါပေမယ့် ကိုယ်ကကောင်းတာလုပ်လိုက်တာနဲ့ ချက်ချင်းကောင်းတဲ့သူဖြစ်သွားတာကတော့ အမှန်ပါ။ ကိုယ်ပြုမူလိုက်တဲ့အတိုင်း ချက်ချင်းကိုယ့်အသွင်အပြင်ဟာ အပြုအမူအတိုင်းဖြစ်သွားပါတယ်။ တစ်ဖက်သူရဲ့ တန်ပြန်မှုက လည်း ကြာချင်ကြာမယ်၊ မြန်ချင်မြန်နေမှာပါပဲ။

တစ်ဖက်သူရဲ့တန်ပြန်လာမှုအပေါ် ကျွန်တော်တို့ရဲ့စိတ်ကိုအာရုံစိုက်ထားလိုက်တဲ့အခါ ကိုယ့်ရဲ့ပျော်ရွှင်မှုတွေက သူ့အပေါ် မူတည်သွားတော့တာပါပဲ။ ဆီပေးရင် ဆန်ရရမယ်ဆိုတဲ့ စီးပွားရေးလိုတွက်ချက်မှုကို ဘဝနေထိုင်မှုထဲကျင့်သုံးတဲ့ အခါ ဘယ်လိုပျော်ရွှင်ရပါမလဲ။ ကိုယ်ပေးလိုက်တဲ့အရာ၊ ကိုယ်ပြုမူလိုက်တဲ့အရာအပေါ် တစ်ဖက်သူကအသိအမှတ်ပြုသည်ပဲဖြစ်စေ၊ မပြုသည်ပဲဖြစ်စေ ကိုယ်ကမေတ္တာထား ပြုမူလုပ်ကိုင်ပေးလိုက်တဲ့အခါ ကိုယ်ပျော်ရွှင်ရတာပဲမဟုတ်လား။

ဘယ်သူ့ဆီကမှ ဘာမှမမျှော်လင့်ခြင်းက ကိုယ့်စိတ်ကို ပျော်ရွှင်စေခြင်းတစ်မျိုးပါပဲ။

ဒါနဲ့ပတ်သတ်လို့ မိသားစုအကြောင်းတစ်ခုလောက်ပြောပြပါရစေ။ ကျွန်တော့်ကိုရင်လာဖွင့်တဲ့ စာဖတ်သူလေးတွေထဲမှာ တချို့က ကိုယ်ကအိမ်မှာအငယ်ဆုံးဖြစ်နေလို့၊ အလတ်ဖြစ်နေလို့၊ အကြီးဖြစ်နေလို့ မချစ်တာတွေ၊ ဂရုမစိုက်တာတွေ ခံနေရတယ်တဲ့။ ကိုယ်ကလည်း မျက်နှာသာရအောင် လုပ်ပေမယ့် အဆူခံနေရတာမျိုးပေါ့။

တကယ့်တကယ်တမ်းကျ မိဘဆိုတာ ကိုယ့်သားသမီးကိုယ်အကုန်ချစ်ကြတာပါပဲ။ ဘယ်သူ့ကိုတော့ ပိုချစ်တာမျိုး ရှိတန်ကောင်းရှိပေမယ့် ဘယ်သားသမီး ဒုက္ခရောက်ရောက် ပူပင်သောကရောက်ရတာတူသလို၊ ဘယ်သားသမီး အပျော်ကြုံရပါစေ တန်းတူရင်ထဲကပျော်ကြတာပါပဲ။ ၉၉% သော မိဘတွေက သားသမီးအပေါ် ဘာပြန်ပေးပါစေ ဆိုတဲ့ မျှော်လင့်ချက်မျိုး မပါပါဘူး။ ငါ့သားသမီးလေး အဆင်ပြေပါစေ၊ အောင်မြင်ပါစေ ဆိုတဲ့ စိတ်မျိုးနဲ့ပဲ မွေးဖွားပြုစု ပျိုးထောင်ပေးခဲ့ကြတာပါ။

အလိုက်သိလို့ တုံ့ပြန်မှုပြန်ရခဲ့ရင်တောင် အတိုင်းမသိပျော်နေကြတာပဲမဟုတ်လား။ အဲ့ဒီအတွက် သူတို့က သားသမီးအပေါ် ဘာမျှော်လင့်ချက်နဲ့မှ မရှင်သန်စေခဲ့လို့ ပျော်နေကြတာပါ။ သား သမီးကလည်း မိဘအပေါ် သိတတ်တဲ့အခါ ဘာပြန်ရပါစေဆိုတဲ့စိတ်နဲ့လုပ်တဲ့အခါ စိတ်ပျော်ရွှင်မှုရပါမတဲ့လား။ ငါ့မိဘကို ငါ ဘယ်လောက် ကန်တော့လိုက်ပါပြီဆို ဗန်းပြပြီး ပတ်ဝန်းကျင်ရဲ့ အသိအမှတ် ပြုမှု၊ မိဘရဲ့ ချီးကျူးမှုမျိုးကို လိုချင်တာမျိုး ဆိုရင်တော့ အလုံးစုံပျော်ရွှင်ရမှာမဟုတ်ပါဘူး။

အဝေးနေတဲ့သားသမီးထက် အနီးနေကြတဲ့သားသမီးဟာ မိဘနဲ့ တကျက်ကျက်ဖြစ်နေကြရတာသဘာဝပါပဲ။ ကိုယ်ကအမြင်မတော်လို့ ပြောလိုက်၊ မိဘကအမြင်မတော်လို့ပြောလိုက်နဲ့ တဆူဆူပေါ့။ အဲ့ဒီတော့ ကိုယ့်မိဘကို ကိုယ် တန်ဖိုးထားစောင့်ရှောက်လုပ်ကိုင်ပေးရမှာ ကိုယ့်အလုပ်မဟုတ်လား။ အဲဒီအပေါ်မှာ မျှော်လင့်ချက်တွေထားပြီး ငါကလုပ်ကိုင်ပေးနေပါလျက် ငါ့အပေါ်ကျအသိအမှတ်မပြု၊ အလေးမထားလိုက်တာဆိုပြီး ပူဆွေးသောကဖြစ်နေရင် ကိုယ်ပဲစိတ်ဒဏ်ရာရမှာပေါ့။

ဒါကြောင့် တခြားအရာအပေါ်မှာတောင် မဟုတ်သေးပါဘူး။ မိဘနဲ့သားသမီး ကြားမှာတောင် ဘာမျှော်လင့်ချက်မှမရှိတဲ့အခါ စိတ်ပျော်ရွှင်ရတာပါပဲ။ မျှော်လင့်ချက်တွေထားတဲ့အခါ နာကျင်မှုတွေကိုလည်းရရှိကြရစမြဲပါပဲ။ ဒါကြောင့် မျှော်လင့်ချက်ကင်းစွာနဲ့ လုပ်စရာရှိတာ ဆက်လုပ်ပေးလိုက်ပါ။

ပတ်ဝန်းကျင်အပေါ်မှာလည်း ဒီလိုပါပဲ။

ကျွန်တော်တို့က တစ်ခုခုပြန်ရပါစေဆိုတဲ့ စိတ်နဲ့၊ မျှော်လင့်ချက်နဲ့ ပြုမူလုပ်ကိုင်ပေးပြီး ရှင်သန်ကြတဲ့ အခါ စိတ်သောကရောက်ကြရမှာပါပဲ၊ ဝမ်းနည်းကြရမှာပါပဲ၊ နာကျင်ကြရမှာပါပဲ။ တခြားသူက ကျွန်တော်တို့ မဟုတ်ပါဘူး၊ ကျွန်တော်တို့ ပြုမူတဲ့အတိုင်း ပြန်ရဖို့ မမျှော်လင့်ပါနဲ့။ ပတ်ဝန်းကျင်မှာ ရှင်သန်တဲ့အခါ အတတ်နိုင်ဆုံး မျှော်လင့်ချက်တွေနဲ့မရှင်သန်တဲ့အခါ စိတ်သက်သာရာရမှာအမှန်ပါပဲ။ စိတ်ဒဏ်ရာတွေလည်း နည်းပါးမှာအမှန်ပါပဲ။

ကျွန်တော်တို့ခန္ဓာကိုယ်ပေါ်မှာရတဲ့ဒဏ်ရာထက် ကျွန်တော်တို့စိတ်မှာရတဲ့စိတ်ဒဏ်ရာဟာ ပျောက်ကင်းဖို့အခက်ခဲဆုံးဒဏ်ရာပါ။ အဲဒီတော့ ကျွန်တော်တို့ရဲ့ဘဝမှာ တစ်ခုခုလုပ်ဆောင်တဲ့အခါ ကိုယ်လုပ်ပေးသလို သူလည်းပြန်လုပ်ပေးမှာပဲဆိုတဲ့ မျှော်လင့်ချက်ကင်းဝေးစွာနဲ့ ဘဝကိုပျော်ရွှင်စွာ ရှင်သန်လိုက်ကြရအောင်လားခင်ဗျာ။

အခြားသူသည် ကိုယ်မဟုတ်တဲ့အတွက် ဘာမှမျှော်လင့်မနေပါနဲ့၊

မျှော်လင့်ခြင်းကင်းစွာ လူတွေကို ကူညီပါ။

အလုပ်လုပ်ပါ။

မျှော်လင့်ခြင်းကင်းစွာ ဘဝကို ရှင်သန်ပါ။

ᏂᏗᏒᏬᏦᎥ ( April 4,2024 . 1;22 PM )

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)