Nan Ko Ko Oo
ကျွန်တော် စာမေးပွဲသွား မဖြေခင် လမ်းမှာ စားလို့ရအောင် ကွမ်းသွားဝယ်သည်။ ကွမ်းဆိုင်တွင် ကျွန်တော့်ထက်ဦးသည့် ဝယ်သူတစ်ယောက်ရှိသည်။ ထိုသူနဲ့ ကွမ်းရောင်းသည့်အစ်မကြီး ပြောနေသည့်စကားများအား အတိုင်းသား ကြားနေရ၏။ သူတို့ပြောနေသည်ကား လမ်းထိပ်က ဒေါ်ခွေးမ ဆိုင်တွင် သနပ်ရောင်းသည့်ဗန်းသည် နိမ့်နိမ့်ကလေးတွင်ထားထားကြောင်း၊ ခွေးခဏခဏခိုးစားသဖြင့်မောင်းထုတ်နေရကြောင်း၊ ခွေးတွေကလည်း သနပ်ဗန်းအနီးတွင် ခဏခဏသန်းဖျောက်ကြောင်း များဖြစ်ပါသည်။ ဆိုင်ရှင်အစ်မကြီးက " မသိတဲ့သူတွေကတော့ ဝယ်စားကြမှာပေါ့။ သိတဲ့သူတွေကတော့ ဘယ်စားကြပါ့မလဲ " ဟု ဆိုသည်။ ကျွန်တော်ကလည်း " မသိသူကျော်သွား သိသူဖော်စားဆိုတဲ့စကားပုံကိုတောင် ပြောင်းပြန်လုပ်ရမလို ဖြစ်နေပြီနော် "ဟု ဝင်နောက်လိုက်သေးသည်။
ကျွန်တော်လည်း ကျွန်တော့်ကွမ်းထုပ်ရတာနဲ့ စာမေးပွဲဖြေချိန်မမီမှာစိုးလို့ အမြန်ထွက်လာခဲ့သည်။
စာမေးပွဲက ဖြေလို့ ကောင်းလိုက်တာ။ ဘောပင်တောင် နှစ်ချောင်းကုန်သွားသည်။ မနေ့က ဘောပင်တစ်ချောင်းတည်းယူလာမိလို့ မင်ရည်ကုန်ပြီး သူများနားက ငှားလိုက်ရသည်။ ဒီနေ့တော့ စာမေးပွဲဖြေဖို့ ဘောပင် ငါးချောင်းခြောက်ချောင်းလောက် လိုရမည်ရယူလာခဲ့သည်။
အိမ်ကိုပြန်နေကျ အချိန်ထက်နည်းနည်းနောက်ကျသွားသည်။ အိမ်ရောက်တော့ ဗိုက်က အရမ်းဆာနေပြီ။ အားရပါးရဆွဲသည်။ ထမင်းပွဲပေါ်ကရှိသမျှ ဟင်းအကုန်နှိုက်စားသည်။ မေမေက ကျွန်တော် စာမေးပွဲဖြေနေတာဆိုတော့ ဟင်းတွေများများချက်ထားသည်။
(မေမေဟင်းများများချက်မှ ကျွန်တော်က စာကျက်တာမဟုတ်ပါဘူး၊ မေမေရာ။ ကိုယ့်အသိစိတ်နဲ့ကိုယ်ကျက်တာပါ)
" မေမေရေ၊ သွေးက ဘာသွေးလဲ" ဟု လှမ်းမေးရာ မေမေက "B သွေး" တဲ့။
" ဟာ၊ ဒီမှာချက်ထားတဲ့သွေးကဘာသွေးတွေလဲမေးတာ "
" ဪ. ကြက်သွေးတွေ "
မေမေ သည် ထမင်းပွဲအနီးသို့လာပြီး "သနပ်လည်း ဝယ်ထားတယ်နော်။ ဒေါ်ခွေးမသနပ် " ဟု သနပ်တွေထည့်စားဖို့ပြောသည်။
ကျွန်တော့်မှာ "ဗျာ...ဒေါ်ခွေးမ သနပ်..." ဟု အာမေဍိတ်သံထွက်သွားသည်။ ဒါဆို ကျွန်တော် ခုနက စားလိုက်တာ ဒေါ်ခွေးမသနပ်တွေပေါ့...။
(ဆိုင်ရှင်နာမည်ပြောင်းထားပါသည်။)
Keep Reading