တင်ညွန့်
ရွာတွင် တောထွက် ဦးဇင်းကြီးတစ်ပါးရှိသည်။
ဦးဇင်းကြီး လူဘဝအမည်မှာ ဦးခင်မောင်ဖြစ်ပြီး ရဟန်းဝတ်သွားသည့် အခါတွင် ရဟန်းဘွဲ့တော်ရှိသော်လည်း မည်သူကမျှ ရဟန်းဘွဲ့ကိုမခေါ် “ဘုန်းကြီးခင်” ဟုသာ ခေါ်ကြသည်။
ဘုန်းကြီးခင်သည် စာတတ်ပေတတ်ရဟန်းတော့မဟုတ်။ ဝိပဿနာနှင့် တရားအကျင့်ကို အားထုတ်သည်။ လူ့ဘဝက သူ့ဇနီး၊ သားနှင့် သမီးတို့သည် စက်လှေမှောက်ပြီး သုံးဦးစလုံး သေဆုံးသွားသည်ဖြစ်သောကြောင့် ပိုင်ဆိုင်သမျှ ပစ္စည်းတွေအားလုံးကို စွန့်လွှတ်ကာ တောထွက်ပြီး ရဟန်းဘဝနှင့် ကျင့်ကြံအားထုတ်သည်။
လူသူဝေးရာတောထဲတွင် တစ်ပါးတည်း ကျင့်ကြံအားထုတ်နေရာ ၇ နှစ်ခန့်အကြာတွင် ရွာက ဦးဇင်းကြီးကို လိုက်ပင့်သည်။ ရွာကျောင်းထိုင်ဘုန်းကြီး ပျံလွန်တော်မူသွားသဖြင့် ကျောင်းထိုင်လိုအပ်နေသောကြောင့် ဖြစ်သည်။
ဘုန်းကြီးခင်သည် ရွာထဲကို မလာချင်သော်လည်း ရွာသူရွာသားများက တောင်းပန်သဖြင့် ကျောင်းတွင် သီတင်းသုံးသည်။ သို့သော် ဘာကိုမျှ အလှူခံခြင်းမရှိ။ မနက်တစ်ကြိမ်သာ ရွာထဲကို ဆွမ်းခံကြွပြီး တရားထိုင်ခြင်းဖြင့်သာ အချိန်ကုန်လေ့ရှိသည်။
တစ်နေ့တွင် ရွာထဲက ချမ်းသာသော ဦးတုတ်ကြီးဆိုသူသည် ဆရာတော်ထံရောက်လာသည်။
ဦးတုတ်ကြီးသည် အလွန်စိတ်ဆိုး ဒေါသထွက်လွယ်သူဖြစ်သည်။ ယခုလည်း အိမ်က မိန်းမနှင့် စိတ်ဆိုး စကားများပြီး ဘုန်းကြီးကျောင်းထဲကို ရောက်လာသည်။ ကျောင်းဝင်းအတွင်းရှိ မန်ကျည်းပင်ကြီးအောက်တွင် စင်္ကြံလျှောက်နေသော ဘုန်းကြီးခင်ကို ဦးတုတ်ကြီးက သွားဝတ်ပြုလိုက်သည်။
“ဒကာကြီး ဘယ်ကလာသလဲ”
“တပည့်တော် အိမ်ကပဲလာတာပါဘုရား”
“အင်း … သင့်တော်တဲ့နေရာမှာ နားနေပါဒကာကြီး”
“အရှင်ဘုရား … အရှင်ဘုရားကိုကြည့်လိုက်ရင် ငြိမ်းချမ်းပြီးတော့ အပြစ်ကင်းလှပါတယ်ဘုရား။ စိတ်ဆိုး ဒေါသထွက်တာလည်း မရှိဘူး။ တပည့်တော် အရှင်ဘုရားကို အားကျလိုက်တာ။ အရှင်ဘုရားကို တပည့်တော် တစ်ခုလောက် မေးလျှောက်ပါရစေဘုရား”
“ဘာများလဲ”
“အရှင်ဘုရားမှာ ဘာလျှို့ဝှက်ချက်တွေများရှိသလဲဘုရား”
“ဦးဇင်းမှာ ဘာလျှို့ဝှက်ချက်မှ မရှိပါဘူး”
“အရှင်ဘုရားဟာ အလိုဆန္ဒလည်းမရှိ၊ အလှူခံခြင်းလည်းမရှိ၊ ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်ပြီး ကျင့်ကြံ အားထုတ်နိုင်တာ အကြောင်းတစ်ခုခုတော့ ရှိပါလိမ့်မယ်”
“ဘာမျှ မရှိပါဘူးဒကာကြီး”
“တပည့်တော်မှာတော့ လောဘ၊ ဒေါသတွေ များလွန်းလှပါတယ်ဘုရား။ ဒါကြောင့်လည်း စိတ်ချမ်းသာမှု လိုချင်လို့ ဘုန်းကြီးကျောင်းထွက်လာတာပါ။ တပည့်တော်ကို စိတ်ချမ်းသာစေနိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုခုကို မိန့်တော်မူပါဘုရား”
“ဒကာကြီးက စိတ်ချမ်းသာချင်တာလား”
“တင်ပါ့ဘုရား”
“ဒါဆိုလည်း ကျင့်ပေါ့”
“တပည့်တော်မှာ အချိန်မရပါဘူးဘုရား”
“ဪ … ဦးဇင်းသိထားတဲ့ လျှို့ဝှက်ချက်တစ်ခုတော့ ပြောလိုက်မယ်”
“တင်ပါ့ဘုရား”
“ဒကာကြီး တစ်ပတ်ပဲ နေရတော့မယ်”
“ဘာကိုပြောတာလဲဘုရား”
“ဒကာကြီး တစ်ပတ်ပဲ အသက်ရှင်စရာ အကြောင်းရှိတယ်။ ဦးဇင်းတွေ့တာ ဦးဇင်းပြောတာ။ ယုံတာ မယုံတာကတော့ ဒကာကြီးအပိုင်းပဲ”
“မဖြစ်နိုင်တာပဲဘုရား။ တပည့်တော် ကျန်းမာပါတယ်”
ဘုန်းကြီးခင်က ဘာမျှမပြောတော့ပဲ ဦးတုတ်ကြီးအနားမှ ထွက်သွားတော့သည်။
ဦးတုတ်ကြီးလည်း တစ်ယောက်တည်း ငိုင်ပြီး ကျန်ခဲ့ရာမှ သတိရပြီး ကျောင်းဝင်းထဲကထွက်ကာ အိမ်ကိုပြန်ခဲ့ သည်။
သူ့နားထဲတွင် ဘုန်းကြီးခင်ပြောသည့် စကားတွေကိုသာ ကြားနေမိသည်။
“ငါသေတော့မှာလား”
တစ်လမ်းလုံး သူ့ကိုယ်သူ မေးလာသည်။
သူအိမ်ထဲဝင်လိုက်ချိန်တွင် ဇနီးဖြစ်သူက
“ကိုတုတ်ကြီး ဘယ်တွေလျှောက်အလေလိုက်နေတာလဲ … ဒီမှာ စပါးပေးသမားတွေ စပါးလာအပ်တာ ရှင့်ကို စောင့်နေရတယ်”
ခါတိုင်းဆိုလျှင် သူ့မိန်းမက အော်လိုက်မိပေမည်၊ ယခုတော့
“အေးကွာ လာကြ … အရိပ်ထဲကို … ရေနွေးကြမ်းများသောက်ဦး” ဟု ဧည့်သည်တွေကို ပြောလိုက်သဖြင့် သူ့မိန်းမက အံ့အားသင့်သွားသည်။
ထိုနေကစပြီး ဦးတုတ်ကြီးသည် အပြောအဆို ပြောင်းလာသည်။ အနေအထိုင်တွေ အမူအယာတွေပါ ပြောင်းလဲ သိမ်မွေ့သွားသည်။ သူ့စိတ်ထဲတွင်
“ငါသေတော့မယ်”
“ငါသေတော့မယ်” ဟုတွေးလေ ပိုပြီး ဝမ်းနည်းလေဖြစ်ကာ
“မသေခင်လေး အားလုံးနဲ့ သင့်မြတ်အောင်နေမှဖြစ်မယ်” ဟုတွေးနေလေသည်။
သူက သားတွေသမီးတွေကိုခေါ်သည်။ လယ်တွေ၊ ယာတွေကို မျှဝေလုပ်ကိုင်ကြရန် ခွဲပေးသည်။ မိန်းမကိုခေါ်သည်။ သူပိုင်ဆိုင်သောပစ္စည်းတွေကို ပြသည်။
အားလုံးကို တာဝန်တွေခွဲကာ လွှတ်ချလိုက်ချိန်တွင် စိတ်ထဲပေါ့ကာ ငြိမ်းချမ်းသွားသည်။
တစ်ပတ်ပြည့်ပြီ။
သူမနက်အစောကြီး အိပ်ရာကထလိုက်သည်။ သူ့ရင်ဘတ်ကိုသူဖိကြည့်သည်။
“ငါ့နှလုံး ခုန်နေသေးပါလား”
သူက အိပ်ရာကထလိုက်ပြီး မျက်နှာသစ်သည်။ ထို့နောက် ဘုန်းကြီးကျောင်းကို တစ်ယောက်တည်းထွက်ခဲ့သည်။
ဘုန်းကြီးခင်ကတစ်ပါးတည်း ကျောင်းဝင်းအတွင်း တံမြက်စည်းလှည်းနေသည်။
“အရှင်ဘုရား”
ဦးတုတ်ကြီးက ဝတ်ပြုလိုက်ပြီး
“အရှင်ဘုရား လွန်ခဲ့တဲ့ တစ်ပတ်က တပည့်တော် တစ်ပတ်နေရင် သေမယ်လို့ ပြောခဲ့တာ မှတ်မိသေးလား ဘုရား”
“မှတ်မိပါတယ်”
“တပည့်တော် ခု မသေဘူးလေဘုရား။ တပည့်တော်မှာတော့ သေမယ်ထင်ပြီး ပြင်ဆင်လိုက်ရတာ”
“ဘာတွေပြင်ဆင်သလဲ ဒကာကြီး”
“ခွဲသင့်တာတွေခွဲဝေ … မှာသင့်တာတွေမှာပေါ့ဘုရား”
“အဲဒီတစ်ပတ်အတွင်းမှာ ဒကာကြီး ကောင်းတာတွေလုပ်သလား၊ မကောင်းတာတွေ လုပ်သလား”
“တပည့်တော် သေမယ်ထင်ပြီး ကောင်းတာတွေပဲ ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်ဘုရား”
“အဲဒီလို ကောင်းတာတွေ ကြိုးစားလုပ်ကိုင်တာ စိတ်ထဲမှာ ဘယ်လိုဖြစ်သွားလဲ”
“ပေါ့သွားပါတယ်ဘုရား”
“လောဘ ဒေါသ မောဟ မာန်မာနတွေ ယခင်ကလို ဖြစ်လာသေးလား”
“မဖြစ်လာသလေက်ပါပဲဘုရား”
“အဲဒါ ဦးဇင်းရဲ့ လျှို့ဝှက်ချက်ပဲဒကာကြီး။ ဒကာကြီးကိုသေမယ်လို့ ပြောသလို ဦးဇင်းလည်း တစ်ပတ်အတွင်း မဟုတ်ဘူး။ မိနစ်ပိုင်းအတွင်း စက္ကန့်ပိုင်းအတွင်းမှာ ခေါက်ခနဲ လဲကျသေသွားနိုင်တာပဲ။ မသေခင် အချိန် ကာလလေးအတွင်းမှာ စိတ်ကိုပြင်ဆင်၊ လောကကိုအကောင်းဘက်ကရှုမြင်၊ လုပ်စရာရှိတာလုပ်။ အားထုတ် စရာရှိတာအားထုတ်၊ စွန့်သင့်တာစွန့်၊ ပယ်သင့်တာပယ်နိုင်ခဲ့ရင် အလိုလို ငြိမ်းချမ်းသွားတာပဲ။ သေခြင်း တရားဆိုတာ ဘယ်တော့လဲလို့ပြောမရဘူး။ အချိန်တိုင်းပဲဖြစ်နိုင်တယ်။ ငြိမ်းချမ်းချင်ရင် ငါသေတော့မှာပါလား လို့သာဆင်ခြင်ကြည့်လိုက်ပါ”
(ဇင်ပုံပြင်တစ်ပုဒ်ကို မှီငြမ်းပါသည်)
တင်ညွန့်
၂၆.၂.၂၀၂၅
Keep Reading