တင်ညွန့်
ဘုန်းကြီးကျောင်းဝင်းထဲကို ယိမ်းထိုးကာ ဝင်လာသူမှာ ဦးဝေလာဖြစ်သည်။
သူ ကျောင်းပေါ်ကို လေးဘက်ထောက် တက်လာပြီး ဆရာတော်အနီးတွင်ထိုင်ကာ ဦးချလိုက်သည်။
“ဝေလာရယ် … နင့်ကြည့်လိုက်ရင်မူးနေတာပဲ။ နင့်ကို ငါပြောထားတယ် မဟုတ်လား။ မူးလာရင် ကျောင်းထဲကို မလာနဲ့လို့။ လူမိုက် …”
ဦးဝေလာက ဦးကုန်းချနေရာမှ ခေါင်းကို ပြန်မော့မလာတော့ပဲ
“အရှင်ဘုရား … တပည့်တော် အရက်ဖြတ်ချင်လို့ပါဘုရား။ တပည့်တော်ကိုကယ်ပါ။ တပည့်တော် အရက်ကြောင့် စီးပွားလည်းပျက်၊ မိန်းမကလည်း အိပ်ရာထဲလဲနေပြီ။၊ အိမ်ကလည်း ပြိုတော့မယ်ဘုရား။ တပည့်တော် ဘဝပျက်နေပါပြီ ဘုရား။ ကယ်ပါဦး”
“အေး … နင် အဲဒီလောက် ဒုက္ခနဲ့ကြုံနေရတာတောင် ဒီအရည်တွေကိုသောက်နေတာ … နင်မရှက်ဘူးလား”
“မှန်လှပါဘုရား … အရက်ဆိုတာမျိုးက စွဲပါတယ်ဘုရား။ တပည့်တော်ကိုယ်ထဲမှာ အရက်တွေပဲ စီးနေပြီ ဘုရား။ အရက်မသောက်ရရင် မနေနိုင်တော့တဲ့အနေအထား ဖြစ်နေပါပြီ။ တပည့်တော် အရက်မဖြတ်နိုင်တော့ ဘူးဘုရား။ အရက်စွဲနေပြီ။ ကယ်တော်မူပါ”
“စွဲတယ်ဆိုတာ ကိုယ်ကဖြစ်တာပါဝေလာရယ်။ နင်စိတ်နိုင်အောင်ဖြတ်မှပေါ့။ ဖြတ်ချင်တဲ့စိတ်ရှိဖို့ပဲလိုတယ်။ ဒီလောက်ဒုက္ခတွေရောက်နေတာတောင် ဆက်သောက်နေ။ ကြာရင် နင်အသက်ပါပျောက်လိမ့်မယ်”
“တပည့်တော်ကို ကယ်ပါဦးဘုရား”
“နင်အရက်ဖြတ်မယ်ဆိုရင် နင့်အိမ်ကို ပြန်ပြင်ပေးမယ် … ဖြတ်မလား”
“တပည့်တော် အရက်မဖြတ်နိုင်တော့ပါဘူးဘုရား”
“နင့်မိန်းမ ခင်မိ နေမကောင်းဘူးဆိုတာ ဟုတ်လား”
“တင်ပါ့ဘုရား”
“အေး … အိမ်ပြန်တော့ ညနေကျရင် နင့်မိန်းမကို ကျန်းမာရေးမှူးလေး ခေါ်လာပြီး ဆေးထိုးပေးမယ်။ ခု ပြန်တော့”
ဆရာတော်က ဦးဝေလာကို အတော်လေးစိတ်ပျက်သွားမိသည်။ ဆွေမျိုးနီးစပ်လည်းတော်ပြီး ယခင်က ရွာတွင် ကျိကျိတက်ချမ်းသာခဲ့သော ဦးဝေလာသည် ယခုတော့ ကုန်းကောက်စရာပင်မရှိတော့သည်ကို သနားနေမိ သော်လည်း ခွေးမြီးကောက် ကျည်တောက်စွပ်သလိုဖြစ်နေသဖြင့် ပစ်ထားခဲ့ရသည်။ ယခုတော့ သူ့မိန်းမနှင့် ကလေးတွေကို သနားသဖြင့် အိမ်ကိုသွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ညနေစောင်းအချိန်တွင် ဆရာတော်သည် ကျန်းမာရေးမှူးလေးကိုခေါ်လာပြီး ဦးဝေလာအိမ်ကိုရောက်လာ သည်။
“ဟဲ့ ဝေလာ … နင်သောက်ထားသလား”
“သောက်ချင်နေတာဘုရား … ပိုက်ဆံမရှိလို့”
ဆရာတော်က ကျန်းမာရေးမှူးလေးဘက်လှည့်ပြီး
“ဆရာလေး … အိမ်ပေါ်တက်ပြီး ခင်မိကိုကြည့်ပေးလိုက်ပါဦး” ဟုပြောလိုက်သည်။
ကျန်းမာရေးမှူးလေးက အိမ်ပေါ်တက်သွားသည်။
ဆရာတော်က အိမ်အောက်က အိမ်တိုင်ကိုသွားဖက်ထားလိုက်သည်။
ဦးဝေလာက နားမလည်စွာဖြင့် ဆရာတော်ကိုကြည့်နေသည်။
ဆရာတော်က အိမ်တိုင်ကြီးကို ဖက်ထားသည်။
“ဆရာတော် ဘာလုပ်နေတာလဲဘုရား”
ဆရာတော်က ဘာမျှမပြော အိမ်တိုင်ကိုသာ ဖက်ထားသည်။
အိမ်ပေါ်က ကျန်းမာရေးမှူးလေးဆင်းလာသည်။
“ဆရာတော်ဘုရား ဘာဖြစ်နေတာလဲ ဘုရား။ တပည့်တော်ဆေးထိုးပေးခဲ့ပါပြီ။ သက်သာသွားမှာပါ။ ဘာဖြစ်လို့ တိုင်ကြီးကို ဖက်ထားရတာလဲဘုရား”
ဆရာတော်က ဘာမျှမပြော တိုင်ကိုဖက်ထားသည်။
ဦးဝေလာရော ကျန်းမာရေးမှူးလေးပါ နားမလည်နိုင်စွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြ သည်။
အချိန်ကကြာလာသည်။ ညကမှောင်လာပြီ။
“ဆရာတော်ဘုရား တပည့်တော်ကို ဘာများ မကျေနပ်လို့လဲဘုရား။ အိမ်တိုင်ဖက်ထားတာကို လွှတ်ပါတော့။ ကျောင်းကို ပြန်ကြွပါတော့ဘုရား။ ခြင်တွေလည်း ကိုက်ပါတယ်ဘုရား”
ဆရာတော်က အိမ်တိုက်ကိုဆက်ဖက်ထားသည်။
နောက်ဆုံး မကျန်းမာသောခင်မိပါ အိမ်ပေါ်ကဆင်းလာပြီး ငိုယိုကာ တောင်းပန်လေတော့သည်။
“ဆရာတော်ဘုရား … ဘာဖြစ်လို့ တိုင်ကိုဖက်ထားရတာလဲဘုရား။ ကြာလှပြီ လွှတ်ပါတော့ဘုရား”
ဆရာတော်က တိုင်ကိုဖက်ထားရာမှ
“ဟဲ့ … ဝေလာ”
“ဘုရား”
“နင့် တိုင်က ငါ့ကိုဖက်ထားတာ … ငါလွှတ်လို့မရဘူး။ နင့်အိမ်တိုင်ကဖက်ထားတယ်”
“အရှင်ဘုရား … အိမ်တိုင်က အရှင်ဘုရားကို ဖက်ထားတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲဘုရား။ အရှင်ဘုရား ကသာ အိမ်တိုင်ကိုဖက်ထားတာ”
“ဟဲ့ ဝေလာ … သောက်ရူး … နင်ဒါလောက်တော့ သိသားပဲ။ အိမ်တိုင်က ငါ့ကို ဖက်မထားနိုင်ဘူး။ ငါကသာ အိမ်တိုင်ကို ဖက်ထားတာ။ နင့်ကို အဲဒါပြချင်တာ။ နင် အရက်မဖြတ်နိုင်ဘူး … မဖြတ်နိုင်ဘူးနဲ့ … အရက်က နင့်ကို ဖက်ထား တွယ်ထားတာ မဟုတ်ဘူး။ နင်ကသာ အရက်ကို ဖက်ထား တွယ်ထားပြီး ဘဝပျက်ခံနေတာ။ ငါပြောချင်တာ အဲဒါပဲ”
ဆရာတော်ကို တိုင်ကိုလွှတ်ပြီး ကျောင်းကို ပြန်ကြွသွားသည်။
နောက်တစ်နေ့ကစပြီး ဦးဝေလာတစ်ယောက် အရက်မသောက်တော့။ အရက်ပြတ်သွားသည်။
(ဇင်ပုံပြင်တစ်ပုဒ်ကို မှီငြမ်းပါသည်)
တင်ညွန့်
၂၄.၂.၂၀၂၅
Keep Reading