Author's Profile Photo

သစ်တိုင်းမွှေး

24/02/2025

မဟာနဲ့ကမ္ဘာ

2 mins read
Life Style
18 Again
မဟာနဲ့ကမ္ဘာ's photo

ဒီတလော ဝေလေ ဝေလေနဲ့ ရေးချင်တာတွေမှတ်ပြီး အေးဆေးမှရေးမယ်ဆိုပြီး သိမ်းရာကနေ ရေးသင့်တာလေးတွေ့တာနဲ့ ရေးပါအုံးမယ်။ပြောပါအုံးမယ်။နေ့စဉ်ဘဝမှာ ကြုံနေတဲ့ အကြောင်းလို့ သဘောပိုက် ဖတ်လို့ရပါတယ်ဗျ။ခေါင်းစဉ်က မဟာ နဲ့ ကမ္ဘာတဲ့။

ကျွန်တော်တို့က ဘယ်လိုပုံစံနဲ့ နေထိုင်နေကြတာလဲ။မြန်မာဆန်ဆန်လား၊နိုင်ငံတကာလား။ဒါမှမဟုတ် နှစ်ခုစလုံးလား။

ကျွန်တော်တို့မြန်မာမှာဆို အသက်၁၈နှစ်ပြည့်ရုံမက အသက်၅၀ ကျော် ၆၀ ကျော်ဖြစ်ပါစေအုံး။မိဘတွေနဲ့ တစ်အိမ်တည်းနေပြီး မိဘရိပ်ခိုလို့ရတယ်။နိုင်ငံခြားမှာဆို ၁၈ပြည့်သာနဲ့ လူဖြစ်ပြီလို့ သက်မှတ်ပြီး အိုးအိမ်ခွဲကာ မိဘရိပ်ကလွှတ်စေတယ်။အဲ့လို ခွဲတဲ့အခါကျ လွတ်လွတ်လပ်လပ်နေလို့လဲရတယ်။

ကျွန်တော်တွေ့ရဖန် မြင်ရဖန်များနေတဲ့ပြဿနာက မဟာရောကမ္ဘာရောဆန်ချင်ကြတဲ့သူများပေါ့။ဒဲ့တိုး ပြောရရင် နှစ်ဖက်ခွချင်ကြသူများဗျာ။

ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ပြောမယ်ဆို ကျွန်တော်ဆရာမ ပြောပြတဲ့ ကလေးတစ်ယောက်အကြောင်းနဲ့စပါမယ်။ဆရာဆိုတာ ဒုတိယမိဘမလားဗျ။မိဘတွေကို ဘဝရဲ့အဆင်မပြေမှုတွေ ရင်ဖွင့်ကြသလို ယုံကြည်အားထားရတဲ့ ဆရာ/ဆရာမတွေစီမှာ တပည်တို့မှာလဲ ရင်လာဖွင့်ကြတာပေါ့။

ပြဿနာက ဖုန်းယူစစ်လို့ပါတဲ့။၁၈နှစ်ပြည့်ပြီးသား ကလေးတစ်ယောက်ကို မိဘက ဖုန်းတွေဘာတွေယူစစ်တော့၊မကြိုက်တာပေါ့နော်၊ဘာလို့လဲပေါ့၊ကျွန်တော်လဲ ကိုယ်ရေးကိုယ်တာရှိပါတယ်၊နိုင်ငံခြားကတွေဆို လေးစားမှုပေးတယ်ပေါ့ဗျာ။အဲ့အခါ ဆရာမက ဒီလိုပြောတယ်။

"ကလေးက နိုင်ငံခြားသားတွေလို လွတ်လွတ်လပ်လပ်နေချင်တာ၊ဟုတ်လား ကလေး၊ နေချင်တယ်ဆို အဲ့လိုအပြည့်အဝနေပြစ်လိုက်၊တစ်ဝက်တစ်ပျက်တော့မလုပ်နဲ့၊နိုင်ငံခြားမှာက ကလေးတစ်ယောက်၁၈နှစ်ပြည့်ပြီဆို သူ့ဝမ်းသူကျောင်းရတယ်။သူ့ဝင်ငွေသူရှာရတယ်၊ဒီဘက်ကတွေလို မိဘလုပ်စာ ထိုင်စားပြီး ဖုန်းပွတ်နေလို့မရဘူး၊အကယ်၍ မိဘလုပ်စာစားမယ်ဆို မိဘတွေတောင် တရားပြန်ဆွဲနိုင်သေးတယ်"

"မြန်မာတော့ အဲ့လိုမဟုတ်ဘူး၊အသက်ဘယ်နှနှစ်ရှိရှိ မိဘနဲ့အတူနေချင်နေတာပဲ၊အိမ်ထောင်တွေဘာတွေကျသွားရင်တောင် ချွေးမတက်၊သမက်တွေရှိသေးတာ၊ဒါပေမဲ့ မြန်မာဓလေ့မှာနေမယ်ဆို သူ့စည်းသူကမ်းဆိုတာ ရှိတယ်၊အိုးစားမခွဲတဲ့အတွက် ကိုယ်အထက်မှာ လူကြီးတွေရှိတယ်၊အဲ့တော့ ကိုယ်စိတ်နဲ့ကိုယ် မဆုံးဖြတ်နိုင်တာ၊မဝေဖန်နိုင်တာတွေရှိတယ်"

"အဲ့တာကြောင့် မြန်မာမှုနဲ့ပဲ နေချင်လား၊နိုင်ငံတကာလို နေချင်တာလား၊ပြတ်ပြတ်သားသားနဲ့ကို ရွှေးဖို့လိုတယ်၊အဲ့လိုမှ ပြတ်ပြတ်သားသားမရွှေးရင် မိဘတွေအတွက်ရော မင်းအတွက်ရော မကောင်းဘူး"

ကျွန်တော်တို့ဆရာမက ဒီလိုလေးဆုံးမပါတယ်။ထပ်ပြီး ပြောပြပေးချင်တာက ကျွန်တော်ခြေမချဖူးတဲ့ အိမ်ထောင်ရေးနယ်ပယ်ကအကြောင်းလေးပါ။အွန်လိုင်းစာမျက်နှာထဲက တွေ့တာလေးပါဗျာ။

အခုခေတ်မှာ အိမ်ထောင်တစ်ခု တည်တော့မယ်ဆို အမျိုးသားရော၊အမျိုးသမီးရော ဝင်ငွေရှာမှရပါတော့မယ်။နိုင်ငံတကာလိုပေါ့ဗျ။ဇနီးလဲ အိမ်တွင်းပုန်းမနေနဲ့ ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီးငွေရှာရမယ်ပေါ့။
ဝင်ငွေကိစ္စ okနော်၊

ဒါဆို အိမ်ထောင်မှုကရော။ကဲ သူများနိုင်ငံက အမျိုးသားတွေလို့ ဝင်ငွေလဲ အတူတူရှာကြမယ်၊အိမ်အလုပ်လဲအတူတူလုပ်ကြမယ် လို့ ထင်ပါသလား။ဒီလို အချိန်ဆို မြန်မာက အမျိုးသားတွေသုံးတတ်တဲ့ စကားရှိပါတယ်။

"မင်းအိမ်ရှင်မပဲ မင်းလုပ်ရမှာပေါ့"

ဟောတော်၊ဒီအိမ်ထောင်က ဝင်ငွေလဲ အတူတူရှာခဲ့ကြတယ်။အတူတူလဲ ပင်ပန်းခဲ့ကြတယ်။အခု အိမ်ထောင်မှုကျတော့ မျက်နှာလွဲ ခဲပြစ်လုပ်ကြတာပေါ့ဗျာ။

"အိမ်အလုပ်ကိုလဲ ကူပါ
ထမင်းဟင်းဝိုင်းချက်ပါ
အဝတ်တွေလျှော်ပေးပါ
ကလေးဝိုင်းထိန်းပါဆိုတော့
အိမ်ထောင်ဦးစီးက ဒါတွေလုပ်စရာလား
အိမ်ရှင်မကမင်းလေ မင်းလုပ်ရမှာဆိုပဲ
ချက်ချင်းကို မြန်မာဆန်သွားတာ"

မူရင်းအွန်လိုင်းစာမျက်နှာက စာသားလေးပေါ့ဗျာ။မိဘနဲ့ ပတ်သတ်ပြီးဖြစ်စေ၊အိမ်ထောင်နဲ့ ပတ်သတ်ပြီးဖြစ်စေ မဟာဆန်မလား၊ကမ္ဘာဆန်မလား ပြန်ပြတ်သားသားကိုရွှေးသင့်ပါပြီ။

ဆိုတော့ကား လှေနံနှစ်ဘက်ခွနင်းလို့မရတဲ့ ကိစ္စမှာ ရည်းစားသနာကိစ္စပဲမဟုတ်ပါဘူး။နေရေးထိုင်ရေး ကိစ္စလဲပါ ပါတယ်။အကယ်လိုများပြတ်ပြတ်သားသားသာမရွှေးချယ်ခဲ့ရင် မိဘနှစ်ပါးလဲ စိတ်ထိခိုက်စရာ ကိုယ်တိုင်လဲ စိတ်ကျဥ်းကျပ်ရပါလိမ့်မယ်။ရွှေးလိုက်ပြီဆိုရင်ရော၊ ပြတ်ပြတ်သားသားရွှေးလိုက်ပြီဆိုရင်တော့ ဒါ ငါရွှေးတဲ့လမ်းပဲလို့ ဖြေသိမ့်လို့ရတာပေါ့။

အိမ်ထောင်ရေးမှာလဲ ဒီလိုပါပဲ ပြတ်ပြတ်သားသားမလုပ်နိုင်ရင် ကိုယ်ရဲ့ ဘဝလက်တွဲဖော်ကို စိတ်ဒုက္ခဖြစ်စေလိမ့်မယ်။ပြောမရဘူး၊အချစ်ပါ ပေါ့ချင်ပေါ့သွားမှာ။အိမ်ထောင်ရေးလဲ ပြိုချင်ပြိုသွားနိုင်တာပေါ့။ ပြတ်ပြတ်သားသားရွှေးလိုက်ရင်ရော နားလည်မှုရှိပြီး အိမ်ထောင်ရေးသုခနဲ့ပြည့်စုံတဲ့ အိမ်ထောင်တစ်ခုဖြစ်လာမှာ မလွဲဧကန်ပါပဲ။

ချစ်တဲ့
သစ်တိုင်းမွှေး

Keep Reading

ဒေါင်လိုက်ဒရာမာ (Vertical Drama)အချိန်ဆွဲတာကိုကုစားမယ် ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း