Aye Kha
" ရှင်သန်နိုးထလာခဲ့တဲ့ နေ့သစ်တစ်နေ့တာကို ကိုယ့်ရဲ့နောက်ဆုံးနေ့ရက် လို သဘောထားပြီး ဖြတ်သန်းနေထိုင်ပါတဲ့ " ။
ဒီစာသားလေးက ကျွန်မ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးခဲ့တာလေးပါ။ အဲ့သည်တုန်းကတော့ ဘာရယ်မဟုတ်ဖတ်လိုက်ပြီး လက်တွေ့ အသုံးချခဲ့တာမျိုး မရှိခဲ့ဖူးပေါ့လေ။ မရှိခဲ့ဘူးဆို အဲ့တုန်းကအချိန်တွေကို ပူပန်မှုကင်းကင်းနဲ့ ဖြတ်သန်းခွင့်ရခဲ့တာပဲကိုး...။
ခုများတော့ ကိုယ့်အိပ်မက်တွေအတွက် ကြိုးစားဖို့နည်းလမ်းတွေကို သိနေပေမဲ့ လုပ်ဖို့ အခြေအနေ မရသေးတဲ့အခါ၊ တရိပ်ရိပ်တက်လာတဲ့ ကုန်စျေးနှုန်းတွေကြားက လူတွေရဲ့ ငြီးတွားသံတွေကို နေ့စဥ်နေ့ရက်တိုင်းမှာ ကြားနေရတဲ့အခါ ၊ နိုင်ငံနဲ့ချီပြီး ထောင်ပေါင်းများစွာသော လူတွေ ဒုက္ခရောက်နေတာကို မြင်နေရတဲ့အခါ ကျွန်မတို့ရဲ့ Energy တွေလည်း ကုန်ခမ်းပြီး " ရှင်သန်လိုစိတ်မရှိတော့ဘူး " ရယ် လို့ ကျွန်မတို့ အားလုံးပြောမိတတ်ကြပါတယ်။ ဒါဟာလည်း ကျွန်မတို့ အမှားမဟုတ်ပါဘူး။ အပူဆိုတာကူးစက်တတ်တဲ့ သဘာ၀ရှိတာပဲမလား...။
တကယ်တော့လေ ကျွန်မတို့တွေက ခက်ခဲတဲ့အခြေအနေတစ်ခုကို ရင်ဆိုင်ရတဲ့အခါ " ခက်ခဲလိုက်တာ။ ရှင်သန်လိုစိတ်မရှိတော့ဘူး " လို့ စိတ်ကပါသည်ဖြစ်စေ၊မပါသည်ဖြစ်စေ ဖျက်ခနဲ လွယ်လွယ်ပြောထွက်သွားတတ်ကြပါတယ်။ ပြီးမှ အဲ့သည်အခြေအနေကို " ဘယ်လိုပြောင်းလဲကြမလဲ " ဆိုတဲ့အဖြေကိုတွေးမိတတ်ကြပါတယ်။ ကောင်းတဲ့အတွေးတွေထက် မကောင်းတဲ့အတွေးကပဲ အရင်၀င်လာတတ်တဲ့ စိတ်ဆိုတာကလည်း အခက်သားပဲလေနော်။ ကိုယ့်ခေါင်းထဲကို မကောင်းတဲ့ အတွေးတွေမ၀င်လာစေချင်ရင် ကောင်းတဲ့အတွေးတွေကို ဆွဲခေါ်ရမှာက ကျွန်မတို့ရဲ့တာ၀န်ပဲပေါ့...။
လက်တွေ့ဘ၀မှာလည်း ကျွန်မတို့တွေက ကိုယ်မလိုချင်တဲ့အရာတွေကို ဆန့်ကျင်ပြီး ကိုယ်လိုချင်တဲ့ အရာတွေရလာဖို့ အပတ်တကုတ်နဲ့ ကြိုးစားခဲ့ကြတာပဲမလား။ ဒါဟာ ကျွန်မတို့မလိုချင်ခဲ့တဲ့ အရာတွေကို ပြောင်းပြန်လှန်ပစ်ခဲ့တာပဲပေါ့။ အခက်အခဲတွေတိုင်းဟာ ရင်ဆိုင်နေရချိန်မှာသာ အခက်ဆုံးလို့ထင်ရတာပါ။ ကျော်လွှားနိုင်ခဲ့ပြီဆိုရင်တော့ အဲ့ဒါဟာဘာမှ မပြောပလောက်စရာ မြူမှုန်လေးတစ်စသာသာပါပဲ...။
ကျွန်မတို့လူသား အားလုံးဟာ ကျွန်မတို့အသက်ရှင်သန်နေတဲ့ကာလအပိုင်းအခြားလေးမှာပဲ ပျော်ရွှင်မှု၊ ၀မ်းနည်းမှုတွေကို ခံစားမျှဝေနိုင်စွမ်းရှိကြတာပါ။ အဲ့သည်လိုတွေးမိလိုက်ပြီဆိုတာနဲ့ ကျွန်မကတော့ အပေါ်ကစာသားလေးကိုပဲ ပြေးသတိရမိပါတာ့တယ်...။
" ရှင်သန်နိုးထလာခဲ့တဲ့ နေ့သစ်တစ်နေ့တာကို ကိုယ့်ရဲ့နောက်ဆုံးနေ့ရက် လို သဘောထားပြီး ဖြတ်သန်းနေထိုင်ပါတဲ့ "...။
ရိုးရှင်းတဲ့ ဝါကျလေးတစ်ကြောင်းပါပဲ။ ဒါပေမယ့် ဒီဝါကျလေးတစ်ကြောင်းက ကျွန်မတို့ရဲ့ နေ့စဥ်ဘ၀ကိုပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။ အသက်ရှင်သန်နေတဲ့ အချိန်အပိုင်းခြားလေးအတောအတွင်းမှာပဲ ကျွန်မတို့ဟာ ရွေးချယ်မှုတွေကို ပြုလုပ်နိုင်ခွင့်ကို ရကြတာပါ...။
ကျွန်မတို့ပတ်၀န်းကျင်မှာရှိတဲ့ သက်ရှိ၊ သက်မဲ့ ရုပ်၀တ္တုပစ္စည်းတိုင်းမှာ သူတို့နဲ့တူရာ,တူရာ ကိုဆွဲဆောင်နိုင်တဲ့ ဂုဏ်သတ္တိတွေရှိနေကြတာမို့ ကျွန်မတို့လိုချင်တဲ့ အရာတိုင်းကို ကိုယ့်ဘ၀ထဲရောက်လာဖို့ အသက်ရှင်သန်ခွင့်ရနေတဲ့ ကျွန်မတို့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းမှာ ကြိုးစားလုပ်ယူပိုင်ခွင့် အပြည့်အ၀ ရနေကြပါတယ်...။
စိုးရိမ်ပူပန်မှုနဲ့၀မ်းနည်းစိတ်ပျက်တာတွေမှာပဲ ကူးစက်နိုင်တဲ့ သတ္တိရှိနေတာမဟုတ်ပါဘူး။ စိုးရိမ်ပူပန်မှုနဲ့စိတ်ပျက်အားငယ်တာတွေရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ စိတ်အေးချမ်းမှုနဲ့ ကျေးဇူးတရားဟာဆိုရင်လည်း လူတစ်ဦးဆီကနေ နောက်တစ်ဦးဆီကို ကူးစက်နိုင်တာမို့ ကျေးဇူးတရားကို ကျွန်မတို့ကိုယ်တိုင် အရင်ဆုံးပြုစုပျိုးထောင်ပြီး ကိုယ့်မိသားစု၊ ကိုယ့်ပတ်၀န်းကျင်၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်မြို့၊ ကိုယ့်ပြည်နယ်၊ ကိုယ်နိုင်ငံကတဆင့် ကျွန်မတို့ရဲ့ ကမ္ဘာမြေကြီးကိုပါ ကျေးဇူးတရားနဲ့ လွှမ်းခြုံလိုက်ကြရအောင်နော်...။
Aye Kha
23th February, 2025 ( Sunday )
Keep Reading