Author's Profile Photo

တင်ညွန့်

21/02/2025

လေမလိုပါ

1 min read
Life Style
Education
General Knowledge
လေမလိုပါ's photo

တစ်နေ့တွင် ငှက်ကလေးတစ်ကောင်သည် ပင်လယ်ပြင်ကြီးထဲကိုဆင်းလိုက်၊ ရေကို ငုံလိုက်၊ ပျံတက်သွား လိုက်၊ ပြန်လာလိုက်၊ ရေငုံလိုက်၊ ပျံတက်လိုက် အကြိမ်ကြိမ် လုပ်နေသည်။

ငှက်ကလေး ထိုသို့ လုပ်ဆောင်နေသည်ကို ကမ်းခြေမှ ငှက်အများက စောင့်ကြည့်နေသည်။

စောင့်ကြည့်နေသည့် ငှက်တွေက ထိုငှက်လေးကို မေးကြသည်။

“မင်းကွယ် တစ်ကောင်တည်း မမောနိုင် မပန်းနိုင် ဘာတွေလုပ်နေတာလဲ”

“ကျုပ်ဘာလုပ်နေတယ်ဆိုတာ မမြင်ဘူးလား”

“မြင်တော့ မြင်တာပေါ့။ ဘာဖြစ်လို့ လုပ်နေတာလဲ။ မင်းကြည့်ရတာ ပင်ပန်းလိုက်တာ”

“ဟောဒီ ပင်လယ်ကြီးဟာ ငါတို့ ငှက်တွေကို ဒုက္ခပေးနေတာ။ သူ့ကြောင့် ကျောက်ဆောင်တွေပေါ်မှာ မှီခိုနေရတဲ့ ငါတို့ငှက်အပေါင်းဟာ အသိုက်အမြုံတွေ ပျောက်ကွယ်ခဲ့ရတယ်။ သူ့ကြောင့် ငါတို့အမျိုးတွေ အများကြီး သေဆုံးခဲ့ရတယ်။ ဒါကြောင့် ပင်လယ်ရေတွေကို ခန်းခြောက်သွားအောင် လုပ်နေတာ”

အားလုံးကဝိုင်းရယ်ကြသည်။

“မင်းကွယ် ... ရူးနေသလား ... ဒီပင်လယ်ကြီးကို မင်းတစ်ကောင်တည်းနဲ့ ခန်းခြောက်သွားအောင် လုပ်နိုင်မယ်လို့ ထင်နေသလား”

ငှက်ကလေးက ပြန်ဖြေသည်။

“ခင်ဗျားတို့ ကျုပ်ကို ကူညီချင်ရင် ကူညီ ... မကူညီရင်တော့ မဝေဖန်ကြနဲ့။ ခင်ဗျားတို့ ဝေဖန်တာတွေကို ကျုပ် ဂရုစိုက်မှာမဟုတ်ဘူး။ အလုပ်ပျက်တယ်”

ငှက်ကလေးက ပျံသွားပြီး ပင်လယ်ရေကို ဆက်ငုံကာ တစ်နေရာတွင် သွားစွန့်သည်။

သူ့ကိုကြည့်ပြီး သနားသောငှက်တွေက ဝိုင်းကူသည်။ သို့သော် အနည်းငယ်လောက်သာဖြစ်သည်။ သူတို့က တစ်ကောင် တစ်ငုံနှင့် ပင်လယ်ရေတွေ ကုန်သွားမည်ဟု ယုံကြည်ကြသူများဖြစ်သည်။

သို့သော် ပင်လယ်ပြင်ကြီးက ကြီးမားကျယ်ပြန့်လှပေသည်။ အဘယ်မှာလျှင် ကုန်နိုင်ပါအံ့နည်း။

ငှက်ငယ်လေးတွေ၏ ကြိုးပမ်းမှုကို ဗိဿနိုးနတ်မင်းကမြင်သည်။ ထို့ကြောင့် သနားစာနာစိတ်ဖြစ်ကာ ငှက်ကလေးတွေထံလာပြီး

“သင်တို့ ကြိုးပမ်းမှုကို အသိအမှတ်ပြုပါသည်။ သို့သော် ပင်လယ်ကြီး ခန်းခြောက်သွားရန် ဆိုသည်မှာ သင်တို့ စွမ်းအားလောက်နှင့် မရနိုင်” ဟု လာပြောသည်။

ငှက်ကလေးက ဗိဿနိုးနတ်မင်းကို ပြန်ပြောသည်

“မကူချင်နေပါ ... စိတ်ပျက်စရာစကားတွေ လာမပြောပါနှင့်။ သင်ဘာကြီးဖြစ်နေနေ သင့်ထံက လေနှင့်လာပြီး ကြင်နာပြခြင်းကို မလိုချင်ပါ။ ကျွန်ုပ်တို့ လိုသည်မှာ စကားမဟုတ်”

ဗိဿနိုးနတ်မင်းကြီးက ငှက်ကလေး၏ စိတ်ဓာတ်ကို သဘောကျသွားသည်။

ထို့ကြောင့် ပင်လယ်ပြင်ကြီးကို ခန်းခြောက်ရန် ကူညီလိုက်သည်။

ဝေဖန် လေကန်တာတွေကို နားထောင်နေစရာ မလိုပါ။ လက်တွေ့လုပ်သူတွေကို ကူညီစောင်မသူပေါ်လာမြဲ ဖြစ်သည်။

နတ်ဘုရားဆိုတာကလည်း ပုံပြင်ထဲကလို ရောက်ချင်မှ ရောက်လာမည်။

နတ်ဘုရားမျှော်ကာ ငုတ်တုတ်ထိုင်နေ၍လည်း ဘာမျှ မဖြစ်နိုင်ပါ။

တစ်ကောင်တစ်ငုံ ပင်လယ်ကြီးကုန်သည်အထိ ရင်ဆိုင်လိုသော စိတ်ဓာတ်သာလိုသည်။

တင်ညွန့်

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုးရန်ကုန်မိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း