Author's Profile Photo

တင်ညွန့်

20/02/2025

ကြွက်ထောင်ချောက်

1 min read
Life Style
Education
General Knowledge
ကြွက်ထောင်ချောက်'s photo

သားသတ်သမားအိမ်အောက်တွင် ကြွက်တစ်ကောင်သည် လိုဏ်ခေါင်းတူးကာနေသည်။

တစ်နေ့တွင် သားသတ်သမားနှင့် သူ့မိန်းမသည် ဈေးကပြန်လာပြီး အိတ်ထဲက တစ်ခုခုထုတ်လိုက်သည်ကို ကြွက်ကမြင်သည်။ ကြွက်က စားစရာထင်ပြီး စူးစမ်းနေသည်။

သေသေချာချာကြည့်လိုက်မှ သူတို့ထုတ်လိုက်သည့် ပစ္စည်းသည် ကြွက်ထောင်ချောက်ဖြစ်နေမှန်း သိလိုက်ရ သည်။

အန္တရာယ်ကို ကြိုမြင်လာသဖြင့် ကြွက်က အိမ်နောက်ဖေးတွင် နေထိုင်သည့် ခိုကိုသတင်းသွားပေးသည်။

“ခိုရေ … ဟေ့ခို … တို့အိမ်ထဲကို ကြွက်ထောင်ချောက်ရောက်လာပြီကွ”

ခိုက ရယ်ပြီး

“အဲဒါ ဘာလုပ်ရမှာလဲ … အဲဒီထောင်ချောက်က ငါနဲ့ ဘာဆိုင်သလဲ” ဟု ပြောလိုက်သည်။

ကြွက်က စိတ်ပျက်ပြီး အိမ်အောက်တွင် အစာစားနေသော ကြက်ဆီကိုသွားကာ

“ဒေါ်ကြက်ရေ …”

“ဘာလဲ”

“အိမ်ထဲမှာတော့ ကြွက်ထောင်ချောက်တစ်ခု ရောက်နေပြီဗျ”

“အဲဒါ ငါနဲ့ ဘာဆိုင်သလဲ … နင့်ကိစ္စပဲဟာ”

ကြွက်က စိတ်ဆိုးပြီး ဆိတ်ဆီကိုသွားသည်၊

“ဦးဆိတ်ကြီး”

“ဘာလဲကွ”

“အိမ်က သားသတ်သမားနဲ့ သူ့မိန်းမလေ ကြွက်ထောင်ချောက်တစ်ခု ဝယ်လာတယ်ဗျ”

“ဟား … ဟား … ဟား … ကြွက်ထောင်ချောက်ဆိုတာ ကြွက်ထောင်ဖမ်းဖို့လေကွာ ဆိတ်ထောင်ဖမ်းဖို့မှ မဟုတ်တာ။ ငါက ဂရုစိုက်စရာလား”

ထိုညတွင် သားသတ်သမားသည် ကြွက်ထောင်ချောက်ကိုထောင်ပြီး အိပ်လေသည်။

ညဉ့်သန်းခေါင်တွင် ထောင်ချောက်မှ အသံကို ကြားလိုက်ရသည်။ ကြွက်မိပြီထင်ပြီး သားသတ်သမား ဇနီးက ထကြည့်ကာ ခုတင်အောက်ကို စမ်းသည်။ ကြွက်ထောင်ချောက်တွင် မိနေသည်မှာ ကြွက်မဟုတ် မြွေဖြစ်နေသည်။ မြွေက စိတ်ဆိုးဆိုးနှင့် သားသတ်သမားမိန်းမ လက်ကို ကိုက်သည်။

မြွေက အဆိပ်ရှိသော မြွေဖြစ်နေရာ သေလုမြောပါးဖြစ်နေသော မိန်းမကို သားသတ်သမားက ဆရာဝန် ပင့်ပြီး ဆေးကုသည်။ ဆရာဝန်က ဆေးကုပေးပြီး ပြန်သွားသည်။

သားသတ်သမားကသူ့မိန်းမကို မေးသည်။

“မိန်းမရေ … ဘာလေးများ စားချင်သလဲကွယ်”

“ကျွန်မ ခိုသားစွပ်ပြုတ်လေး သောက်ချင်တယ်”

သားသတ်သမားက ခိုကိုချက်ချင်သွားဖမ်းပြီးသတ်ကာ စွပ်ပြုတ်လုပ်ပြီး မိန်းမကိုတိုက်သည်။

သားသတ်သမားမိန်းမ မြွေပေါက်ခံရကြောင်း သတင်းကြားသဖြင့် ဆွေမျိုးတွေ ရောက်လာကြသည်။ ဧည့်သည် တွေကို ကြက်သတ်ပြီး ချက်ကျွေးရပြန်သည်။ လူနာက နေပြန်ကောင်းလာသည်။ သူ့မိန်းမ မသေနိုင် တော့သဖြင့် သားသတ်သမားသည် ပျော်သွားသည်။ ထို့ကြောင့် ဆိတ်ကိုသတ်ပြီး တစ်ရွာလုံးကို အိမ်ခေါ်ကာ ထမင်းကျွေးသည်။

“ငါနဲ့မဆိုင်ဘူး” ဆိုသူတွေ တစ်ကောင်ပြီး တစ်ကောင် သေကုန်သည်။

ကြွက်သည် ထိုအဖြစ်ကိုမြင်ပြီး ဤအိမ်တွင် နေထိုင်ရန် မသင့်ဟုဆုံးဖြတ်ကာ သားသတ်သမားအိမ်မှ အပြီးတိုင် ထွက်ခွာသွားတော့သည်။

(The Mouse Trap ကို မြန်မာမှုပြုထားခြင်းဖြစ်ပါသည်)

တင်ညွန့်

၂၀.၂.၂၀၂၅

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပျော်စရာနေ့ကျွန်တော့်ပြောင်းလဲမှု အချို့၏ အစဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုးရန်ကုန်မိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာ