May 2
အခုနောက်ပိုင်း မိန်းကလေးတွေကြားမှာ ခေတ်စားတဲ့ စကားလုံးတွေရှိတယ်။ အဲ့ဒါက ထက်မြတ်တဲ့ မိန်းမ တဲ့။ ကျားကျားလျားလျား မိန်းမသားတဲ့။ အဲ့ဒီစကားလုံးတွေကို အကာအကွယ်ယူပြီး ကျမ ကိုယ်တိုင်လည်း စည်းမရှိ ကမ်းမရှိ နေခဲ့ဖူးပါတယ်။
ထက်မြတ်တဲ့မိန်းမမို့ မီးဖိုချောင်ကိစ္စ စိတ်မဝင်စားတာ ကျားကျားလျားလျား မိန်းမသားမို့ ပစ်စလက်ခတ်နေခဲ့တာ စသဖြင့်တွေကို ဆိုရှယ်မီဒီယာမှာလည်း ပြောကြရေးကြတယ်။ မိန်းကလေးချင်းဆုံတွေ့တဲ့အခါမီးဖိုချောင်အလုပ်ကို စိတ်ဝင်တစားရှိမှုနဲ့ နူးညံ့သိမ်မွေ့စွာ ပြုမှုပြောဆိုမှုတွေကို ခပ်နှိမ်နှိမ်စွတ်စွဲပြောဆိုမှုတွေကိုတောင် ကြုံတွေ့လာရတာ စိတ်မကောင်းစရာပါပဲ။
နောက်ပိုင်း မတူညီတဲ့ ပတ်ဝန်းကျင်တွေဆီ မတူညီတဲ့ အကြောင်းတရားတွေနဲ့ ရောက်တဲ့အခါ ဒီအတွေးအခေါ်ဟာ အလုပ်ဖြစ်တဲ့ အတွေးအခေါ်တွေ မဟုတ်ဘူးဆိုတာကို ကိုယ်တိုင် နားလည်ရတော့တာပဲ။ ဆိုလိုချင်တာက ဖိုဝါဒကြီးစိုးတဲ့ အချိန်ကာလတွေမှာလို မိန်းမဆိုရင် ဗိုင်းကောင်းကျောက်ဖိ နေထိုင်ရပြီး အိမ်မှုကိစ္စနိုင်နင်းရမယ် ဆိုတဲ့ အတွေးအခေါ်ကို အားပေးအားမြှောက်ပြုချင်တာ မဟုတ်ဘူးဆိုတာကိုလည်း ကျမ ဦးစွာ ပြောချင်ပါတယ်။
ကျမ ပေးထားတဲ့ ခေါင်းစဉ်က နူးညံ့သိမ်မွေ့ပြီး စနစ်ကျတဲ့သူ ဆိုတာ...တဲ့။ နူးညံ့သိမ်မွေ့ခြင်းမှာ ရှိတဲ့ ပါဝါက လျှမ်းလျှမ်းတောက်နေတဲ့ ပါဝါထက်ပိုပြီး သန်မာပါတယ်။ နူးညံ့သိမ်မွေ့တယ်ဆိုတာ အားနည်းနေတာကို ဆိုလိုတာ မဟုတ်ဘဲ တစ်ဖက်သားကို နားလည်ပေးနိုင်ခြင်းတွေ ကိုယ်ချင်းစာခြင်းတွေနဲ့ စိတ်ရဲ့ နူးညံ့မှုတွေ ဖြစ်ပါတယ်။ စနစ်ကျတဲ့သူ ဆိုတာက နေ့စဉ်ပြုလုပ်နေကျ daily task တွေကို စနစ်ကျ စီမံပြီး နေထိုင်ခြင်းကိုဆိုလိုပါတယ်။
လူငယ်များ စာအုပ်အကြောင်းပြောသောအခါ ဆိုတဲ့ မြန်မာစာဖတ်ဂရုထဲမှာ လူငယ်အမျိုးသမီးတစ်ဦး က နူးညံ့သိမ်မွေ့စေတဲ့ စာအုပ်အကြောင်း မေးခွန်းမေးတဲ့ Post လေး တစ်ခု တင်ထားတာ တွေ့ဖြစ်ပါတယ်။ သူက အကြောတင်းပြီး အကြောင်းတရားမရှိတဲ့ပုံပေါက်နေတဲ့အတွက် နူးညံ့တဲ့ ဇာတ်ကောင်စရိုက်တွေပါတဲ့ စာအုပ်မျိုးကို ဖတ်ချင်တာကြောင့် မေးမြန်းထားတာပါပဲ။ အဲ့ဒီမှာ အတော်များများက နူးညံ့စရာမလိုဘဲ အကြောတင်းပြီး အကြောက်တရားကင်းမဲ့တာ ကောင်းတဲ့ အကြောင်း မှတ်ချက်ပြုကြတာ တွေ့ရပါတယ်။ စိတ်ထားကောင်းပြီး နူးညံ့တဲ့လူတွေကိုဆိုရင် အားမနာတမ်းဇွတ်အနိုင်ယူလေ့ရှိတဲ့ အလေ့အထတွေကြောင့် ဒီလို မှတ်ချက်ပြုကြတယ်လို့ နားလည်မိပေမဲ့ နူးညံ့သိမ်မွေ့ခြင်းက ပေးတဲ့ ပါဝါကို မကြုံတွေ့ဖူးတာလည်း ဖြစ်နိုင်ပါတယ်။
ကျမကတော့ အောက်ပါ စာသားလေးကိုပဲ မှတ်ချက်ပြုဖြစ်တယ်။
အဲ့ဒါကလေ ရသစာအုပ်တွေ ဖတ်တာလည်း ပါပေမဲ့ အနုပညာကို တကယ်ခံစားသက်ဝင်နိုင်သွားရင် အလိုလို နူးညံ့သွားတာမျိုးနော်။ စာအုပ်ချည်းဆို ဖတ်စရာနည်း ရွေးချယ်စရာနည်းမယ် ထင်တယ်။ ကျမကတော့ ရသစာအုပ်တွေ ဖတ်စေချင်တယ် (ဒါပေသိ မြန်မာ ရသစာအုပ်တွေထဲမှာ အဲ့ဇာတ်ကောင်ကာရိုက်တာနဲ့ စာအုပ်တွေထက် ဂျာနယ်ကျော်မမလေး၊ ဒေါ်ခင်မျိုးချစ်၊ လူထုဒေါ်အမာ သူတို့ စာအုပ်တွေကို ဖတ်စေချင်တယ် inspiration ယူတာထက် ကိုယ့်ပုံစံအမှန်ကို ရှာဖွေပြီး ကိုယ့်ပုံစံနဲ့ ကိုယ် နူးညံ့တာ ပိုကောာင်းမယ် ထင်ပါတယ်)။ သီချင်းကောင်းးတွေ ရုပ်ရှင်တွေနဲ့ ကိုယ့်စိတ်ကလေး နူးညံ့စေတဲ့ အနုပညာ taste တွေကို ခံစားစေချင်တယ်။ ဘဝမှာ ရှင်သန်တဲ့အခါမယ် သိမ်မွေ့တဲ့နည်းနဲ့ သန်မာရတာက အများကြီး ခရီးရောက်စေတယ်။ ကျက်သရေရှိတာ နူးညံ့သိမ်မွေ့တာ ယဉ်ကျေးတာ ဒါတွေက တန်ဖိုးထားမှုစံနှုန်းတွေကနေ လာတာလို့ မြင်တယ်။ ကိုယ့်တန်ဖိုးထားမှု စံနှုန်းတွေနဲ့ ပတ်သတ်ပြီးတော့ ယုံကြည်သက်ဝင်စွာနဲ့ ရှင်သန်နိုင်တဲ့အချိန်မှာ စိတ်မှာ ကြမ်းတမ်းခက်ထန်လာရင်တောင် သတိတရနဲ့ နူးညံ့သွားစေတဲ့ reminder တွေက ပေါ်လာပါတယ်
ကျမတို့ လူသားတွေမှာ famainine energy လို့ခေါ်တဲ့ အမဓာတ်ရော Masculine energy လို့ခေါ်တဲ့ အဖိုဓာတ်ရော ရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် energy တည်ရှိပုံတွေ မတူညီကြပါဘူး။ ယောက်ျားလေးပေမဲ့ famanine energy အားကောင်းတဲ့လူတွေရှိသလို မိန်းကလေးပေမဲ့ masculine energy ပိုသာတဲ့လူတွေလည်း ရှိတာပါပဲ။ ဒီစွမ်းအင်တွေကို မျှတစွာ အသုံးချနိုင်ရင် ဘဝကို ပိုမိုပြည့်စုံစွာ ဖြတ်သန်းနိုင်မှာပါ။ Feminine Energy ကို ခံစားချက်တွေကို နားလည်ဖို့နဲ့ ဖန်တီးမှုတွေ လုပ်ဆောင်ဖို့အတွက် အသုံးချရမှာ ဖြစ်ပါတယ်။ Masculine Energy ကိုတော့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့နဲ့ စည်းကမ်းနဲ့ စနစ်တကျလုပ်ဆောင်နိုင်ဖို့ အသုံးချရမှာ ဖြစ်ပါတယ်။
နူးညံ့သိမ်မွေ့တယ်ဆိုတာ အားနည်းတာ မဟုတ်ဘဲ ချစ်ခြင်းမေတ္တာတွေ၊ သဘာဝဆန်မှုတွေနဲ့ တည်ဆောက်ထားတဲ့ သန်မာတဲ့ဘဝနေမှုပုံစံတစ်မျိုးပါပဲ။
ချစ်ခြင်းမေတ္တာဖြင့်
၂၀/၂/၂၀၂၅
Keep Reading