Yeik
(၁)
ရောက်တိုင်း လွမ်းရသော်လည်း လွမ်းတိုင်း မရောက်ဖြစ်သည့် ကျောင်းတော်ကြီးသို့ ခင်မွန် ပြန်ခြေချမိပြီ။ စာမေးပွဲဖြေပြီးကတည်းက မရောက်ဖြစ်တော့သော ကျောင်းကြီးကား နေရောင်အောက်တွင် မားမားမတ်မတ်။ အကြိမ်များစွာ မြင်ဖူးခဲ့သော ကျောင်းကြီး၏ အမည်နာမကို ခပ်ကြာကြာ မော့ကြည့်မိသည်။ (၅)နှစ်တာ ကာလပတ်လုံး ကြိုးစားပမ်းစား တက်ခဲ့ရသော ကျောင်းတော်ကြီးကို တကယ်ပင် နှုတ်ဆက်ရတော့မည်လား။ အချိန်သည် ဖြုတ်ခနဲ ကြွေသော ရွက်ဝါတွေလို မြန်ဆန်လွန်းလှသည်။ လွန်ခဲ့သော (၃)လခန့်ကပင် နောက်ဆုံးနှစ် စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့သော ဖြူနက်ပြာလေးသည် ယခုတော့ ဘွဲ့နှင်းသဘင်အတွက် ဘွဲ့ဝတ်ရုံ ထုတ်ယူရန် မိခင်တက္ကသိုလ်ထံ ရောက်လာခဲ့ပြန်ပြီ ဖြစ်သည်။
(၂)
ခင်မွန်က ဆယ်တန်းကို ဂုဏ်ထူး (၂)ဘာသာဖြင့် အောင်မြင်သည်။ အမှတ်ပေါင်း (၄၀၀)ကျော်ဖြင့် နည်းပညာတက္ကသိုလ် တက်မည်ဟု အဆိုတင်သွင်းသည့်အခါ အဖေက အပြင်းအထန် ကန့်ကွက်သည်။ “မိန်းကလေးပဲ၊ ဆရာမ,လုပ်၊ ပညာရေးကောလိပ်တက်” ဟု ပြောသော အဖေ့အသံက ခပ်မာမာ၊ ခပ်ပြတ်ပြတ်။ “သိပ္ပံဘွဲ့ပဲယူမယ်၊ အသက်မွေးဝမ်းကြောင်း တက္ကသိုလ်ပဲတက်မယ်” ဟုဆုံးဖြတ်ထားသော ခင်မွန်ကလည်း နည်းပညာတက္ကသိုလ်မှ နည်းပညာတက္ကသိုလ်။ အဖေနှင့်ခင်မွန် အတိုက်အခံ ဖြစ်ကြရသည်။ နှစ်ဦးလုံးက နည်းနည်းမှ မလျှော့ကြ။ အဖေ့သမီးပီပီ ခေါင်းမာသည့် ခင်မွန်က တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာမှာ “နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)” ဟု တစ်ကြောင်းတည်း ဖြည့်ပြီး တင်လိုက်သည်။ အဖေက ထိုကိစ္စနှင့် ပတ်သက်၍ ခင်မွန့်ကို (၃)လခန့် စကားမပြော။ အမေ့၏ စေ့စပ်ညှိနှိုင်းပေးမှုကြောင့် သားအဖနှစ်ယောက် ပြန်ပြေလည်လာသော်လည်း အဖေသည် ခင်မွန့်၏ နည်းပညာတက္ကသိုလ် ကျောင်းသူဘဝကို အသိအမှတ် မပြုသကဲ့သို့ပင် ခင်မွန် ခံစားရသည်။ ခုတော့ ခင်မွန် ဘွဲ့ရတော့မည် ဖြစ်သည်။ “ဒီတစ်ခါရော အဖေ ခင်မွန့်ကို အသိအမှတ်ပြုပါ့မလား”၊ ခင်မွန် သိချင်လွန်းလှသည်။
(၃)
ခင်မွန် ဘွဲ့ရတော့မည်ဆိုတော့ အပျော်ဆုံးက အမေပင် ဖြစ်သည်။ သူကိုယ်၌က တက္ကသိုလ်သို့ မရောက်ခဲ့ရသော အမေသည် သမီးကြီး ဖြစ်သည့် ခင်မွန်၏ ပညာရေးကို အစွမ်းကုန် ပံ့ပိုးခဲ့သည်။ ခင်မွန်လိုသမျှ ဖြည့်ဆည်းခဲ့သည်။ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းရှိအောင် ပျိုးထောင်ပေးခဲ့သည်။ အဖေနှင့် အတိုက်အခံလုပ်၍ ခင်မွန်တက်ချင်သည့် တက္ကသိုလ်ကို ရအောင် တက်နိုင်ခဲ့သည်မှာ အမေ့၏ အားပေးမှုကြောင့်သာ ဖြစ်သည်။ အမေသည် ခင်မွန်၏ ဆုံးဖြတ်ချက်ကို လေးစားပေးခဲ့သည်။ နည်းပညာတက္ကသိုလ်ကျောင်းသူ သမီးကိုလည်း လူစုံတိုင်း ကြွားလုံးထုတ်တတ်ခဲ့သည်။ “ငါ့သမီးက အင်ဂျင်နီယာကြီး ဖြစ်မှာ” ဟု အမျိုးတွေကြားထဲ မကြာခဏ ကြွေးကြော်ခဲ့သော အမေသည် ခင်မွန် ယူလာခဲ့သော ဘွဲ့ဝတ်ရုံကို ကြည့်၍ နှစ်နှစ်ခြိုက်ခြိုက် ပြုံးနေတတ်သည်ကို ခင်မွန်သိသည်။ အမေ ရင်ခုန်နေမည်မှာ သေချာသည်။
(၄)
ဘွဲ့တစ်ခါယူရမည့်အရေးကား လွယ်ကူလှသည်တော့ မဟုတ်။ ရိုးရာဝတ်စုံသာ ဝတ်ခွင့်ပြုသည်မို့ မြန်မာဝတ်စုံချုပ်ရသည်။ လက်ဝတ်လက်စား၊ လက်ကိုင်အိတ် မှစ၍ ရင်ကပ်ပန်းအလယ် ဖိနပ်အဆုံး စုံစီနဖာ ပြင်ဆင်ရသည်။ အဆင်ပြေမည့် မိတ်ကပ်ဆရာလည်း ရှာရသေးသည်။ ဘွဲ့နှင်းသဘင်နေ့သည် ခင်မွန့်ဘဝ၏ အရေးပါသည့်နေ့ရက်များထဲမှ တစ်ရက် ဖြစ်လာမည် မဟုတ်ပါလား။ “လှနေမှ ဖြစ်မှာ၊ အရေးကြီးတယ်” ဟူသည့် စကားကို ဂါထာလို ရွတ်ရင်း ခင်မွန်တို့ သားအမိ အဖြစ်သည်းနေသည်ကို မြင်တိုင်း အဖေက “တော်ရုံ လုပ်စမ်းပါကွာ၊ မင်းတို့ဟာက မဟုတ်သေးပါဘူး” ဟု ညည်းတတ်သည်။ သို့သော်လည်း ထိုသို့ ညည်းနေ တတ်သော အဖေသည် ခင်မွန်၏ ဘွဲ့ဝတ်ရုံကို မနေ့ကမှ ပင်မင်းဆိုင်က ရွေးလာပေးခဲ့သည်။ အဖေကိုယ်တိုင် သေချာပင်မင်း အပ်ပေးထားသော ဘွဲ့ဝတ်ရုံသည် ကျော့မော့ ရှင်းသန့်လျက်။
(၅)
“ပြန်မြင်ယောင်ဆဲပါ … ဟိုးအရင်က ဒီနေရာလေးမှာ … ငါတို့နှုတ်ဆက်ခဲ့တဲ့ ကျောင်းဝန်းကြီးဟာ အရင်လိုပါပဲကွာ … ပြန်မြင်ယောင်ဆဲပါ … ဟိုးအရင်က ဒီနေရာလေးမှာ … ပျော်ရွှင်ခြင်း၊ လွမ်းခြင်း၊ ရင်ခုန်ခြင်းတို့ စတင်ခဲ့ရာ…”
အိမ်ရှေ့မှ ဖြတ်သွားသော ထီသည်ထံမှ သီချင်းသံက ဆွေးလျလျ။ အဝတ်ခေါက်နေသော ခင်မွန်သည် ခဏလေး ကြားလိုက်ရသော သီချင်းသံမှတစ်ဆင့် ကျောင်းကို ပြန်လွမ်းမိသွားသည်။ ဘွဲ့နှင်းသဘင်က (၃)ရက်ခန့်သာ လိုတော့သည်။ ထိုဘွဲ့နှင်းသဘင်လွန်လျှင်…၊ ကျောင်းမှ နှင်းအပ်မည့် ဘွဲ့ကို ခင်မွန် ပိုင်ပိုင်ကြီး ရခဲ့ပြီဆိုလျှင်…၊ ခင်မွန်သည် ကျောင်းကြီးနှင့် တကယ်ပင် မသက်ဆိုင်တော့သော ဖြူနက်ပြာတစ်ယောက် ဖြစ်သွားတော့မည်လား။
ဖြူနက်ပြာဘဝက တကယ်ပင် ပျော်စရာကောင်းလှသည်။ ပညာပြည့်ဝလှသည့် ဆရာတို့၏ သင်ကြားပေးမှုအောက်တွင် ခင်မွန်တို့တတွေသည် အမျိုးစုံသော မြို့ပြအင်ဂျင်နီယာ အတတ်ပညာတို့ကို ဆည်းပူးခဲ့ကြရသည်။ လက်တွေ့ပေါင်း မြောက်များစွာ လုပ်ခဲ့ကြရသည်။ ဆရာ့ရိပ်ဖြင့် အေးမြခဲ့သော ကျောင်းဘဝတွင် အခက်အခဲဟူ၍ ကြီးကြီးမားမား မရှိခဲ့လှ။ ဘဝ၏ အပျော်ရွှင်ရဆုံးနေ့ရက်တွေ။ ထိုနေ့ရက်တွေက ယခုတော့ လွန်မြောက်ခဲ့ပြီ ဖြစ်သည်။ လက်တွေ့ဘဝ နှင့် လုပ်ငန်းခွင်သည် မကြာမီ ခင်မွန့်ထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတော့ မည်။ စိုးရိမ်တစ်ဝက်၊ ရင်ခုန်တစ်ဝက်ဖြင့် ခင်မွန်သည် သက်ပြင်းကို တိုးဖွဖွ ချမိသည်။
(၆)
ဘွဲ့နှင်းသဘင်နေ့။ ရီဟာဇယ်ဟူ၍ တစ်ရက်ကြို လေ့ကျင့်ထားသော်လည်း တကယ့်တကယ် ဘွဲ့နှင်းသဘင်နေ့ ရောက်ပြန်တော့ ရင်ခုန်သံတို့က ထိန်းမရ။ ဘွဲ့ဝတ်ရုံကိုခြုံ၊ အင်ဂျင်နီယာဘွဲ့ကို ကိုယ်စားပြုသည့် ဘွဲ့လိုင်း အဝါရောင်ကို တပ်၍ ဘွဲ့ဦးထုပ်ကို ဆောင်းထားရသည်က ခင်မွန့်ကို အတိုင်းမသိ စိတ်လှုပ်ရှားစေသည်။ ဆိုင်းဝိုင်းသံနှင့်အတူ ခန်းမထဲသို့ တစ်လှမ်းချင်း ဝင်ရောက်လာသည့် ပါမောက္ခများ၏ တည်ငြိမ်သော အိန္ဒြေက ခင်မွန့်ကို မှင်သက်စေသည်။ ‘မောင်တို့၊ မယ်တို့’ အစချီသည့် ကျောင်းအုပ်ကြီး၏ မိန့်ခွန်းက ခင်မွန့်ကို ဝမ်းနည်းစေသည်။ “ကျွန်ုပ်တို့သည် အင်ဂျင်နီယာတို့ စောင့်ထိန်းရမည့် ကျင့်ဝတ် သိက္ခာတို့ကို လိုက်နာပါမည်” ဟူသည့် သစ္စာအဓိဌာန်ကို ရွတ်ပြီး ဘွဲ့ဦးထုပ်အမြိတ်ကို ဘယ်ဘက်မှ ညာဘက်သို့ ပြောင်းချခွင့်ရသည့် အခိုက်အတန့်ကမူ ခင်မွန့်တစ်သက် မမေ့နိုင်စရာပင် ဖြစ်တော့သည်။ ခင်မွန်တစ်ယောက် အင်ဂျင်နီယာဘွဲ့ကို ပိုင်ပိုင်ကြီး ရခဲ့ပြီ။ အမေ့မျက်နှာကတော့ အပြုံးပန်းတွေ ဝေနေမည်မှာ အသေအချာပင်။ အမေသည် ခင်မွန့်အတွက် ဂုဏ်ယူနေခဲ့မည်မှာ သံသယဖြစ်ဖွယ်ရာ မရှိ။ ခင်မွန့်အတွက် တီးကြသော လက်ခုပ်သံများ ထဲတွင် အမေ့လက်ခုပ်သံသည် အကျယ်ဆုံး ဖြစ်နေခဲ့မည်ကိုလည်း ယုံမှားစရာမရှိ။ အဖေကရော၊ အဖေသည် ခင်မွန်ဘွဲ့ယူသည့် အခိုက်အတန့်မှာ ခင်မွန့်အတွက် ဂုဏ်ယူနိုင်ခဲ့ပါ့မလား။ သို့တည်း မဟုတ် ဆရာမအဖြစ် မြင်ချင်ခဲ့သော သမီးက အင်ဂျင်နီယာ ဖြစ်လာ၍ ခင်မွန့်ကို မကျေမနပ် ဖြစ်နေခဲ့မည်လား။
(၇)
“The end is just the beginning” ဟူသည့် စာသားကို ခင်မွန် မှတ်မိနေသေးသည်။ ငယ်ငယ်က ကြည့်ဖူးသော ရုပ်ရှင်ထဲမှ စကားဖြစ်သည်။ အရာရာအဆုံးသတ်သွားပြီဟု ထင်ရသည့်အချိန်သည် နောက်ထပ် အသစ်အသစ်သော အရာတို့ စတင်သည့် အချိန်ပင် ဖြစ်သည်တဲ့။ ခင်မွန်၏ ကျောင်းဘဝသည် ပြီးဆုံးသွားခဲ့ပြီ။ အဆုံးသည် အစဟုပင် ဆိုကြပါလျှင် ခင်မွန်သည်လည်း ဘဝ၏ နိဒါန်းသစ်ကို လှစ်ဟကြည့်ရပေတော့မည်။
“နောက်ဆုံးနှစ် ကျောင်းသူကျောင်းသားများ အုပ်စုလိုက် ဓာတ်ပုံရိုက်ရန်အတွက် စင်မြင့်ပေါ် နေရာယူပေးပါရန်” ဟူသည့် ကြေညာချက်က ခင်မွန့်ကို အတွေးထဲမှ လှုပ်နိုးလိုက်သည်။ စင်မြင့်ပေါ်သွားရန် အထမှာပင် ခင်မွန့်လက်ထဲမှ ပန်းစည်းက ခုံနှင့် တိုက်မိပြီး ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။ ကြည့်လိုက်တော့ ပန်းစည်းနှင့်အတူ ပို့စ်ကတ်လေး တစ်ခုကပါ ကြမ်းပြင်ပေါ် ပြုတ်ကျနေသည်ကို တွေ့လိုက်ရသည်။ ပန်းစည်းက ခင်မွန့်အတွက် အမေကိုယ်တိုင် စည်းပေးထားသည့် ဂုဏ်ပြုပန်းစည်းလေး။ “ပို့စ်ကတ်က ဘယ်ကရောက်လာ ပါလိမ့်၊ အမေ့ပြောသံတော့ မကြားမိပါဘူး” ဟု တွေးမိရင်းက ခင်မွန် ပန်းစည်းကို ကောက်သည်။ နောက် ပို့စ်ကတ်ကို ဖွင့်ကြည့်သည်။ ပို့စ်ကတ်ထဲမှာက အဖေ့၏ ခပ်သော့သော့ လက်ရေးဖြင့် ရေးထား သည့် “Congratulations သမီးကြီး” ဟူသည့် စာတစ်ကြောင်းထဲ။ ။
Keep Reading