Lin Aung
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကိုယ်တိုင်မသိလိုက်ပဲ တိတ်တိတ်လေး ပျောက်ဆုံးသွားခဲ့တဲ့ အရာဝတ္ထုတွေ၊ အဖြစ်အပျက်တွေ များစွာရှိခဲ့ပါတယ်။
တချိန်က နေ့စဥ် မြင်တွေ့ကြားသိနေရသော်လည်း အခုအချိန်မှာတော့ ဒီအရာတွေမရှိကြတော့ပါဘူး။
ကျွန်တော် လက်လှမ်းမီသမျှ သတိရသလောက်
မှတ်တမ်းလေးတစ်ခုလို ပြန်ပြုစုထားချင်ပါတယ်။
အချိန်ရသလို ဆက်ရေးမယ်လို့လည်း ရည်ရွယ်ထားပါတယ်။
ပါဝင်ဆွေးနွေးနိုင်ကြဖို့ကိုလည်း ဖိတ်ခေါ်ပါတယ်။
(၁) ရေခဲရေ 🥛❄
•••••••••••••••••
ကျွန်တော်တို့ ငယ်ငယ်တုန်းက ဘတ်စ်ကားမှတ်တိုင်တွေမှာ ရေခဲပုံးကို ကော်ခွက်လေးတွေနဲ ့
တတောက်တောက် ခေါက်နေကြတဲ့ ရေခဲရေသည်လေးတွေကို နေရာတိုင်းမှာတွေ့နိုင်ပါတယ်။
”ရင်ထဲမှာအေးမြသွားမယ့် ရေခဲရေ”
ဆိုပြီး လူရွှင်တော် တွေကလည်း ပျက်လုံးထုတ်ခဲ့ဖူးကြပါတယ်။ ရေသန့်ဘူးတွေ သိပ်မတွင်ကျယ်သေးခင် အချိန်တွေတုန်းက ရေခဲရေက လူအများအတွက် ရေငတ်လျှင်သောက်စရာတစ်ခု ဖြစ်ခဲ့ပါတယ်။
ရေသန့်ဘူးတွေ တွင်ကျယ်လာတဲ့
ယနေ့ခေတ် အချိန်မှာတော့ ရေခဲရေသည်လေးတွေကို မတွေ့ကြရတော့ပါဘူး။
(၂) ဘတ်စ်ကား ကူပွန် 🔖
•••••••••••••••••••••••••••••
”ဝန်ထမ်းများ ကူပွန်ပေး စီးနိုင်ပါသည်”
ဆိုတဲ့ စာသားကို ၂၀၀၀ပြည့်နှစ် တဝိုက် ဘတ်စ်ကားတွေပေါ်မှာရေးထားတာတွေ့နိုင်ပါတယ်။ တကယ်တော့ ဘတ်စ်ကားကူပွန်ဆိုတာ
အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေအခမဲ့ ဘတ်စ်ကားစီးနိုင်ဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးက ထုတ်ပေးထားတဲ့ လက်မှတ်လေးတွေပါ။
ကျွန်တော့အမေက ကျန်းမာရေးဝန်ထမ်းဆိုတော့
လကုန်ရင် လစာနဲ့အတူ ကူပွန်အုပ်လေးတွေရလာတတ်တာကို ငယ်ငယ်တုန်းက တွေ့ဖူးပါတယ်။
အရင် မဆလ ခေတ်က ဘတ်စ်ကားလက်မှတ်နဲ့ဆင်တူတဲ့ ဝန်ထမ်းကူပွန်လက်မှတ်ပြပြီး အစိုးရဝန်ထမ်းတွေ ဘတ်စ်ကားအခမဲ့စီးနင်းခွင့်ရှိပါတယ်။
အဲဒီအချိန်က ဘတ်စ်ကားစပယ်ယာတွေက ဝန်ထမ်းတွေ ကူပွန်နဲ့စီးတာကိုနှှစ်ခြိုက်ကြပုံတော့ မပေါ်ပါဘူး။ အစိုးရဝန်ထမ်းသက်သာချောင်ချိရေးသဘောမျိုးပါ။
လစာတွေ နည်းနည်းတိုးပေးပြီးနောက်ပိုင်း
ကူပွန်စနစ်လည်းပျောက်သွားတော့တာပါပဲ။
(၃) ချက်ကြီး (ခ) ဗိုက်ပူ 🚌
•••••••••••••••••••••••••••••••
ချက်ကြီး ဒါမှမဟုတ် ဗိုက်ပူလို့ ခေါ်ကြတဲ့ သစ်သားဘတ်စ်ကား အိုကြီးတွေလည်း ယနေ့ခေတ်မှာမရှိကြတော့ပါဘူး။ ကမ္ဘာစစ်ကျန် ချက်ဗလက်ကားအိုကြီးတွေကို ပြုပြင်ပြီး ခရီးသည်တွေဘတ်စ်ကားများအဖြစ်ပြေးဆွဲပေးခဲ့တဲ့ ဗိုက်ပူကြီးတွေက ခရီးသွားပြည်သူတွေအတွက် များစွာ အထောက်အကူဖြစ်ခဲ့ကြပါတယ်။
ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျူရှင်ကအပြန်မှာ
၄၈ကြိုပို့ ဘတ်စ်ကားကြီးကို နောက်မြီးခြေနင်းပြားကြီးပေါ်ကနေ တွယ်စီးခဲ့ကြတာတေွကို သတိရမိပါတယ်။ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၀ ထိ
ကုန်သည်လမ်းပေါ်က KMD မှာတက်တော့လည်း
ပန်းဆိုးတန်း ဘဏ်၂ ရှေ့ဂိတ်ထိုးတဲ့ ၄၈ ကြိုပို့ ဗိုက်ပူကြီးတွေကို နောက်ဆုံးခုံကနေထိုင်လိုက်ပြီး လေတဖြူးဖြူးနဲ့ အိပ်ငိုက်ပြီးစီးဖူးတဲ့အမှတ်တရတွေ တစ်သက်မမေ့ပါဘူး။
မထသ
၄၈ ကြိုပို့
၃၉ ဗိုက်ပူ
၃၈
၆၁ စတဲ့ ဘတ်စ်ကားလိုင်းတွေက ဗိုက်ပူကြီးတွေ ပြေးဆွဲခဲ့ကြတဲ့လိုင်းတွေပါ။ အခုကတော့ YBS ခေတ်ပေါ့။
(၄) အများပြည်သူသုံး တယ်လီဖုန်း ☎
••••••••••••••••••••••••••••••••••••••••••••
ကျွန်တော်တို့ငယ်ငယ်က ဆက်သွယ်ရေးအတွက် ကြိုးဖုန်းတွေကိုပဲ အားကိုးခဲ့ကြရတာပါ။ အိမ်တိုင်းမှာလည်းကြိုးဖုန်းတွေမရှိကြပါဘူး။ ကျွန်တော်တို့ အင်းစိန်ခြံကြီးမှာ ကြိုးဖုန်းစတတ်တဲ့နေ့ကို ခုထိသတိရနေပါသေးတယ်။ ဆက်စရာလူလည်းထွေထွေထူးထူးမရှိတော့ အမေဘက်က အဖိုးက အဖေဘက်ကအဖိုးဆီကို ကြိုးဖုန်းနဲ့စခေါ်ပေးပြီး ကျွန်တော့ကိုပေးပြောတာ ပထမဆုံး ဖုန်းပြောဖူးတဲ့အတွေ့အကြုံပေါ့။
ခုခေတ်ကို Mobile ဖုန်းတွေ တွင်တွင်ကျယ်ကျယ် မသုံးနိုင်ကြသေးတဲ့ ငယ်ငယ်တုန်းက ခေတ်မှာ အများပြည်သူသုံးဆက်သွယ်ရေးဖုန်းလေးတွေက ပြည်သူတွေအတွက်တော့ တကယ်ကို အားကိုးစရာဖြစ်ခဲ့ရပါတယ်။ မြိုထဲက ဘတ်စ်ကားမှတ်တိုင်တိုင်းလိုလိုမှာ ဆက်သွယ်ရေးဝန်ထမ်းလေးတွေထိုင်နေတတ်ကြတဲ့ အများသုံးဆက်သွယ်ရေးဖုန်းရုံလေးတွေရှိတတ်ကြပါတယ်။ Mobile ဖုန်းအများစုမသုံးကြသေးတဲ့ ငယ်ဘဝမှာတော့ သူငယ်ချင်းတွေကိုဖုန်းဆက်ချိန်းဖို့ကို ဆက်သွယ်ရေးဖုန်းတွေက တဆင့်ဆက်ကြရပါတယ်။ အစိုးရက စီစဥ်ပေးထားတဲ့အများသုံးဖုန်းရုံလေးတွေလည်းရှိသလို ပုဂ္ဂလိက တယ်လီဖုန်းငှားဆိုင်လေးတွေလည်း နေရာတိုင်းမှာရှိခဲ့ကြပါတယ်။
အခုခေတ်လို လူတိုင်း Mobile ဖုန်းကိုင်နိုင်ကြတော့ အများသုံးတယ်လီဖုန်းရုံလေးတွေလည်း မရှိကြတော့ပါဘူး။ အိမ်တွေမှာလည်းကြိုးဖုန်းတွေ
သုံးလေ့သိပ်မရှိကြတော့ပါဘူး။
(၅) စာအုပ်အငှားဆိုင် 📚
•••••••••••••••••••••••••••
စာအုပ်စာပေလူ့မိတ်ဆွေ
မိတ်ဆွေ စာဖတ်ပါ၊ စည်းကမ်းရှိပါ
ရက်လွန်ကြေး ပေးဆောင်ပါ
စတဲ့ စာသားလေးတွေရေးထားတတ်တဲ့ စာအုပ်အငှားဆိုင်လေးတွေက ရပ်ကွက်တိုင်းမှာရှိတတ်ကြပါတယ်။ ကျွန်တော် စာအုပ်စငှားဖူးတာကတော့ ၅ တန်းအရွယ်လောက်ကပါ။ အင်းစိန်ခြံကြီးမှာ နေတော့ ဖွားဖွားနဲ့တူတူ နံ့သာကုန်းလမ်းထဲက ဖွားဖွားအသိမိတ်ဆွေအိမ်တွေကိုသွားလည်ကြရင်း ခြေရင်း သုံးအိမ်ကျော်လောက်က စာအုပ်အငှားဆိုင်လေးကိုလည်း မြေးအဖွားနှစ်ယောက်ရောက်ဖြစ်ခဲ့ကြပါတယ်။ ဖွားဖွားကလည်း ကျွန်တော့လိုပဲ စာဖတ်တာကြိုက်ပါတယ်။
ငယ်ငယ်တုန်းကတော့
ကာတွန်း စာအုပ်လေးတွေငှားဖတ်ဖြစ်ပါတယ်။
တွပ်ပီ
ဘိုဘို
မောင်မောင်ဇာ
ဦးမောင်တင့် စတဲ့စာအုပ်လေးတွေကတော့ ကျွန်တော့အကြိုက်တွေပဲပေါ့။
စာအုပ်အငှားဆိုင်လေးတွေနဲ့အတူ အအေးဆိုင်လေးနဲ့လည်းတွဲဖွင့်တတ်ကြပါတယ်။
ဘာလီ၊ သံဗူး၊ နို့သစ်ခွ ရတဲ့အအေးဆိုင်လေးနဲ့ စာအုပ်အငှားဆိုင်လေးကတော့ ငယ်ဘဝရဲ့လောကနိဗ္ဗာန်လေးတွေပါပဲ။ စာအုပ်အငှားဆိုင်လေးတွေနဲ့အတူ အခွေအငှားဆိုင်လေးတွေလည်းတွဲဖွင့်တတ်ကြပါတယ်။
ခုခေတ်ကတော့ Social Media တွေပဲ လူသုံးများကြပြီး စာအုပ်အငှားဆိုင်လေးတွေလည်း မရှိသလောက်ကိုရှားသွားခဲ့ပါပြီ။
မောင်လူအေး
Keep Reading