KhatSit
ပွင့်လင်းရာသီ ရောက်ရှိလာသောကြောင့် အိမ်နီးချင်းနိုင်ငံများတွင် လေထုညစ်ညမ်းမှုများဖြစ်ပေါ်နေပြီး
ရန်ကုန်မြို့တွင်လည်း ခံနိုင်ရည်နည်းပါးသောလူများအတွက် ကျန်းမာရေးထိခိုက်စေနိုင်သည့်အထိ လေထုညစ်ညမ်းမှုဖြစ်ပေါ်နေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ)က ထုတ်ပြန်ထားပါတယ် ။ ပြီးခဲ့သည့် ဇန်နဝါရီလတစ်လျှောက်၌ လေထုညစ်ညမ်းမှုကိုတိုင်းတာရာတွင် ကျန်းမာရေးကို ထိခိုက်စေသောအဆင့် (Unhealthy) တစ်ရက် ၊ အသင့် အတင့်အဆင့် (Moderate) ငါး ရက် နှင့် ခံနိုင်ရည်နည်းပါးသော သူများအတွက် ကျန်းမာရေးကို ထိခိုက်စေသောအဆင့် (Unhealthy for Sensitive Groups) ၂၅ ရက်ဖြင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်ခဲ့ကြောင်း (မိုး/ဇလ)၏ ထုတ်ပြန်ချက် အရသိရပါတယ်။ ပုံမှန်ဇန်နဝါရီ၊ ဖေဖော်ဝါရီလတွေမှာ လေအရည်အသွေးကျပါတယ်။
ပွင့်လင်းရာသီရောက်လာတာရယ်၊ မော်တော်ယာဉ် စက်ရုံအလုပ်ရုံက အခိုးအငွေ့တွေ ထုတ်တာရယ် နဲ့ မီးရှို့တာရယ်တွေကြောင့် လေအရည်အသွေးကျနိုင်ပါတယ်။ မိုးမရွာတာကလည်း လေအရည်အသွေးကျစေတယ်။ မိုးရွာရင် မိုးရေနဲ့အတူ အမှုန်တွေပါသွားလို့ လေအရည်အသွေးကောင်းပါတယ်။
ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုသည် သယ်ယူပို့ဆောင်ရေး၊ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ စွမ်းအင်ထုတ်လုပ်ခြင်းနှင့် အိမ်တွင်းအပူပေးစနစ်များကြောင့်ဖြစ်ပေါ်ပြီး အချိန်ကာလနှင့် နေရာဒေသ အလိုက်ပွဲပြားမှုဖြစ်ပေါနိုင်ပါတယ် ။ လေထုညစ်ညမ်းမှုကြောင့် မည်သူမဆိုထိခိုက်နိုင်ပြီး ထိခိုက်လွယ်သောအုပ်စုများတွင် ကလေး သူငယ်များ၊ သက်ကြီးရွယ်အိုများ၊ နှလုံးသွေကြေား ( သို့မဟုတ်) အသက်ရူလမ်းကြောင်း ဆိုင်ရာရောဂါအခံရှိသူများ၊ ကိုယ်ဝန် ဆောင်အမျိုးသမီးတွေက ပိုပြီးခံစားရနိုင်ပါတယ် ။
လေထုထဲမှာပါဝင်တဲ့ သေးငယ်တဲ့ အစိုင်အခဲ၊ အမှုန်တွေကို 𝗣𝗠_“𝗣𝗮𝗿𝘁𝗶𝗰𝘂𝗹𝗮𝘁𝗲 𝗠𝗮𝘁𝘁𝗲𝗿𝘀” လို့ခေါ်ပါတယ်။ လေထုညစ်ညမ်းမှုသတင်းတွေမှာ မြင်ရလေ့ရှိတဲ့ 𝗣𝗠𝟮.𝟱 ဆိုတာကတော့ လေထုထဲမှာပါတဲ့ အခဲ၊ အမှုန့်၊ အမှုန်တွေရဲ့ အရွယ်အစား အချင်းလုံးပတ် ၂.၅ မိုက်ခရိုမီတာကို ဆိုလိုတာဖြစ်ပါတယ်။ ၂.၅ မိုက်ခရိုမီတာဆိုတာ ယေဘုယျအားဖြင့် ဆံချည်မျှင်အရွယ်အစားထက် အဆ ၃၀ လောက်တောင် ပိုမိုသေးငယ်ပါတယ်။ လေထုထဲက 𝗣𝗠𝟮.𝟱 အမှုန်အမွှားတွေဟာ အသက်ရှူရာကတဆင့် အဆုတ်အောက်ခြေမှာရှိတဲ့ လေအိတ်ငယ်တွေထဲအထိ ရောက်ရှိအနည်ထိုင်နိုင်လို့ ရေရှည်မှာ -
အဆုတ်၊ နှလုံးနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်စေနိုင်ပြီး အရွယ်မတိုင်ခင် သေဆုံးမှုနှုန်းကို မြင့်တက်လာစေပါတယ်။
ကမ္ဘာ့လေထုအရည်အသွေးတိုင်းတာရေးဝက်ဘ်ဆိုဒ် IQAir မှာ မြင်တွေ့ရတဲ့အချက်အလက်တွေအရ ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးညွှန်းကိန်း(Air Quality Index) ဟာ ၂၀၀ အထက်မှာရှိနေပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြို့တော်ဒါကာပြီးရင် လေထုအရည်အသွေး အဆိုးရွားဆုံးမြို့အဖြစ် မှတ်တမ်းဝင်နေခဲ့ပါတယ်။ AQI 200 အထက်(ခရမ်းရောင်အဆင့်)ဟာကျန်းမာရေးကို အလွန်ထိခိုက်စေနိုင်တဲ့ အညွှန်းကိန်းဖြစ်တာကြောင့် မလိုအပ်ပဲ အပြင်မထွက်ကြဖို့နဲ့ မနက်စောစော လေ့ကျင့်ခန်းလုပ်တာမျိုးတွေမှာ ဂရုပြုကြဖို့ လိုအပ်ပါတယ်။ အပြင်ထွက်တဲ့အခါတွေမှာ mask တပ်သွားကြဖို့လည်း ပညာရှင်တွေက တိုက်တွန်းထားပါတယ်။ လေထုအရည်အသွေးညွှန်းကိန်း ( AQI ) မှာ ၀-၅၀ လေထုအရည်သွေးကောင်း ၊ ၅၁-၁၀၀ လေထုညစ်ညမ်းမှုမှာ မဆိုးရွားသော်လည်း ခံနိုင်ရည်နည်းပါးသူတွေကျန်းမာရေးထိခိုက်နိုင် ၊ ၁၀၁ - ၁၅၀ ခံနိုင်ရည်နည်းပါးသူတွေကျန်းမာရေးထိခိုက်နိုင် ၊ ၁၅၁ - ၂၀၀ လူတိုင်းကျန်းမာရေးထိခိုက်နိုင် ၊ ၂၀၁ - ၃၀၀ လူတိုင်းကျန်းမာရေးကိုပြင်းထန်စွာ ထိခိုက်နိုင် ၊ ၃၀၁ - ၅၀၀ ကျန်းမာရေးဆိုင်ရာ အရေးပေါ်သတိပေးချက်ထုတ်ပြန်ပေးရမည့် အခြေအနေဆိုပြီး ၆ ဆင့်ရှိပါတယ် ။
ဇန်နဝါရီလမှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လေထုညစ်ညမ်းမှု အဆင့် PM 2.5 ရှိသောကြောင့် ကျောင်းပေါင်း ၃၅၀ ထက်မနည်း ပိတ်ထားလိုက်ရပါတယ်။ လေထုညစ်ညမ်းမှုကြောင့် ကျောင်းတွေပိတ်ထားရတဲ့အထဲမှာ ၅ နှစ်အတွင်း အများဆုံးဖြစ်ပြီး ခရိုင် ၃၁ ခုမှာ ကျောင်းပေါင်း ၃၅၂ ကျောင်းပိတ်ထားရပါတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ် ။ ကျွန်တော်တို့နိုင်ငံမှာတော့ လက်ရှိအချိန်ထိ ထုတ်ပြန်ကြော်ငြာတာမျိုးတွေတော့ မရှိသေးပါဘူး ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ လေထုညစ်ညမ်းမှုအဆင့်ဟာ ၁၁ ဖြစ်ပြီး ရန်ကုန်မြို့တော်ရဲ့ အဆင့်က ၂ ဖြစ်နေပါတယ် ။
လေထုညစ်ညမ်းမှုကြောင့် ခံစားရနိုင်တဲ့ ဝေဒနာတွေကတော့ မျက်စိနာခြင်း ၊ နှာခေါင်းနှင့် လည်ချောင်းယားယံခြင်း ၊ ချောင်းဆိုးခြင်း ၊ အသက်ရှူကြပ်ခြင်း ၊ မောပန်းနွမ်းနယ်ခြင်း ၊ ခေါင်းကိုက်ခြင်း ၊ မူးဝေအော့အန်းခြင်း နှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်ပွားနိုင်တဲ့အတွက် သတိထားဖို့လိုပါလိမ့်မယ် ။ ဒီလိုအခြေအနေတွေမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုရင် လေသန့်စင်စက်တွေအသုံးပြုမယ် ၊ အပြင်တွေသွားတဲ့အခါ Mask တပ်မယ် ၊ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေပြုလုပ်ခြင်းကိုရှောင်မယ် ၊ ရေများများသောက်ပေးမယ် ၊ တက်နိုင်သလောက် အပြင်မထွက်ပဲနေမယ် ၊ ဒီထက်အခြေအနေတွေဆိုးလာပါက ဘေးလွတ်ရာကို ပြောင်းရွေ့ဖို့လိုပါလိမ့်မယ် ။
အမှိုက်မီးရှို့ ရာမှာပလပ်စတစ်တွေတာယာတွေလိုမျိုးကာဗွန်မိုနောက်ဆိုက်အဆိပ်ငွေ့တွေထွက်တဲ့ပစ္စည်းတွေပါထည့်ပြီး ရှို့နေတဲ့အတွက် လေထုညစ်ညမ်းမှုကို ထိခိုက်စေနိုင်ပါတယ် ။ အခုဆိုရင်ပန်းနာရင်ကြပ်သမားတွေတော်တော်ကိုများလာတာဟာလေထုညစ်ညမ်းမှုရဲ့သက်သေပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လကပဲ ကျွန်တော့်အသိညီလေး ချောင်းတွေတအားဆိုးလို့ ဆေးရုံတက်လိုက်ရပါတယ် ။ အခုလိုဆောင်းရာသီ မနက်စောစောလမ်းထလျှောက်သူတွေ,အပြေးလေ့ကျင့်သူတွေ,Exercise ထွက်လုပ်ကြသူတွေကိုသတိပေးစေချင်ပါတယ် ။ မနက်စောစောမြေပြင်နဲ့ကပ်လျှက်ရှိတဲ့လေထုအလွှာဟာ Air polution အများဆုံးဖြစ်တဲ့အတွက်အန္တရာယ်သိပ်များပါတယ် ။ နေထွက်လာတော့မှအဲဒီလေထုအလွှာကကျဲသွားတာဖြစ်ပါတယ်။ လေထုအခြေအနေဟာ ကောင်းမွန်နေရင်တော့ ပြဿနာမရှိပေမဲ့ အခုလိုဆိုးရွားနေတဲ့အချိန်ဆိုရင်တော့ ကိုယ့်ရဲ့ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။
မြန်မာပြည်ကအိမ်တွေ ထဲမှာလည်းလေထုညစ်ညမ်းမှုအများကြီးတွေ့နေရပါတယ် ။ အပေါစားအမွှေးတိုင်တွေ၊ခြင်ဆေးခွေတွေ၊ဆေးလိပ်မီးခိုးတွေ၊မီးဖိုကလာတဲ့မီးခိုးနဲ့အညှော်တွေပဲဖြစ်ပါတယ် ။ လူနေရပ်ကွက်ထဲမှာစားသောက်ဆိုင်တွေရှိနေတာလည်းလေထုညစ်ညမ်းမှုများတဲ့အတွက် ရပ်ကွက်ပြည်သူတွေရဲ့ကျန်းမာရေးကိုများစွာထိခိုက်နေပါတယ်။
အမြို့မြို့အရွာရွာက မိတ်ဆွေတွေကလည်း မိမိတို့ပတ်ဝန်းကျင်ကအိမ်တွေ အမှိုက်မီးရှို့ရင်ချက်ချင်းတားဆီးပြီး ဖြစ်ပွားလာနိုင်တဲ့ လေထုညစ်ညမ်းမှုအန္တရာယ်ကို သိရှိအောင်မျှဝေပေးဖို့လိုပါတယ် ။ အမှိုက်တွေကိုမြေကြီးတွင်းတူးပြီးမြှုပ်ခိုင်းတာမျိုးကို ပြုလုပ်ပေးဖို့တိုက်တွန်းပြောဆိုဖို့လိုပါတယ် ။ ကျွန်တော်တို့
သန့်ရှင်းတဲ့လေကောင်းလေသန့်ကိုရှူခွင့်ရဖို့အတွက် ကျွန်တော်တို့တွေမှာသာ တာဝန်အပြည့်ရှိနေပါတယ် ။
ဒီကိစ္စတွေကိုပြတ်ပြတ်သားသားတားဆီးမှသာလည်း သဘာဝပတ်ဝန်းကျင်ပြန်လည်ကောင်းမွန်လာမှာဖြစ်ပါတယ် ။ အိုဇုန်းလွှာပေါက်သွားရင်ဒီ့ထက်ဆိုးတဲ့ကျန်းမာရေးပြသနာတွေနဲ့ရင်ဆိုင်ကြရမှာက ကျွန်တော်တို့ကိုယ်တိုင်နဲ့ ကျွန်တော်တို့ရဲ့ ချစ်ရတဲ့ မိသားစုဝင်တွေပဲဖြစ်ပါတယ် ။ ဒါကြောင့် ဒီကိစ္စတွေဟာ အရေးကြီးတဲ့အတွက် အားလုံးပါဝင်ဆောင်ရွက်ကြဖို့တိုက်တွန်းလိုက်ရပါတယ် ။
#ခက်ဆစ်
Keep Reading