Author's Profile Photo

လက်ယျာ (Don't Care)

7/02/2025

လက်ယျာ

3 mins read
Art
History
Entertainment

အခန်း ၁


မီးရောင်စုံတို့ဖြင့် တောက်ပနေသော စားသောက်ဆိုင်အတွင်း၌ ပျော်ရွှင်ရယ်မောသံ၊ ခွက်ခြင်းတိုက်သံ၊ ပလုံးပထွေး စကားပြောသံ၊ သီချင်းအော်ဟစ် သီဆိုသံများဖြင့် ဆူညံနေ၏။ ထို ထိုသော ဆူညံသံတို့အကြား ချောင်ကျကျ ထောင့်ဝိုင်းတစ်ခုတွင် လူငယ်တစ်ဦး သည် ဝီစကီခွက်ကို ကိုင်၍ ကျန်လက်တစ်ဖက်ကမူ မီးညှိထားသော စီးကရက်ကို ကိုင်ကာ တစ်စုံတစ်ခုအား တွေးတောနေလေသည်။

 

ထိုလူငယ်၏ ဘေးကပ်လျက် ဝိုင်းကလေးတစ်ခုတွင် အမျိုးသမီးနှစ်ဦး၊ အမျိုးသားလေးဦးတို့သည် မွေးနေ့ကိတ်ခွဲကာ မွေးနေ့ပွဲကလေးတစ်ခု ကျင်းပနေကြ၏။ မွေးနေ့ရှင်မှာ အမျိုးသမီးတစ်ဦးဖြစ်၍ ထိုအမျိုးသမီးသည် မြန်မာလူမျိုး ဖြစ်ဟန်မတူချေ။ အဂ်လိပ်စကားဖြင့်သာ အခြားသူများနှင့် ပြောဆိုဆက်သွယ်နေသည်ကို တွေ့ရ၏။

 

ခဏအကြာတွင် ထိုမွေးနေ့ပွဲမှ အမျိုးသားနှစ်ဦးသည် မွေးနေ့လက်ဆောင်ယူရန်ဟုဆိုကာ အပြင်သို့ထွက်ခွာသွားသဖြင့် ထိုဝိုင်းတွင် အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦးသာ ကျန်ခဲ့၏။ ထိုအခိုက်တွင် အသားမည်းမည်း၊ ဝဝပုပု အမျိုးသား သုံးဦးသည် ထိုမွေးနေ့ဝိုင်းဘေးသို့ ရောက်လာပြီးလျှင် မွေးနေ့ရှင်အား

 

“အရမ်းလှတယ်နော်၊ ဒီနေ့က မင်းမွေးနေ့လား? ကိုကြီးတို့နဲ့ လိုက်ခဲ့ပါလား မင်းမွေးနေ့မှာ ဂုဏ်ပြုတဲ့အနေနဲ့ ပြုစုပေးချင်လို့” ဟု ဆိုလေ၏။

 

သို့ရာတွင် မြန်မာစကားနားမလည်သော မွေးနေ့ရှင် အမျိုးသမီးသည် ၎င်းတို့ဘာပြောမှန်းမသိသဖြင့် ရိုကျိုးစွာပင်

 

“မြန်မာစကားနားမလည်တာကြောင့် အဂ်လိပ်လို ပြောနိုင်မလား” ဟု အဂ်လိပ်ဘာသာဖြင့် ပြန်လည်မေးလေ၏။

 

ထိုအခါ သူစိမ်းအမျိုးသားသုံးဦးသည် ဆိုင်အတွင်းမှ လူအများ ကြည့်နေချိန်တွင် ၎င်းတို့နားမလည်သော အဂ်လိပ်စကားဖြင့်ပြော၍ အရှက်ခွဲခံရသည်ဟု တွေးကြပြီးလျှင် ရုတ်ချည်း ဒေါသထွက်ကုန်ကြပြီးလျှင် အော်ဟစ်ဆဲဆိုလေသည်။

 

“ကောင်မ.. ငါတို့ကို စာမတတ်ဘူးဆိုပြီး လာနှိမ်ပြီး အဂ်လိပ်လိုတွေ လာပြောနေတယ်။ သေချင်လို့လား” ဟုဆိုတာ မွေးနေ့ဝိုင်းရှိ ဟင်းရည်ပန်းကန်လုံးကြီးအား ထိုးခွဲလိုက်လေရာ ဖန်ကွဲအချို့သည် မွေးနေ့ရှင်နံဘေးရှိ အမျိုးသမီး၏ ပါးပြင်သို့ သွားရောက် စိုက်ဝင်၍ သွေးများ ယိုစီးကျလာ၏။ တစ်ဆိုင်လုံးရှိ ဧည့်သည်တို့မှာလည်း ကြောက်လန့်ကာ ထပြေးကြလေ၏။

 

မွေးနေ့ဝိုင်းရှိ အမျိုးသားနှစ်ဦးမှာ ကမန်းကတန်းထ၍ ထို သူစိမ်းအမျိုးသားသုံးဦးအား ထိုမိန်းကလေးသည် မြန်မာစကားမတတ်ကြောင်း၊ ပြောချင်သည့် အဓိပ္ပါယ်မှာလည်း ထိုသို့ မဟုတ်ကြောင်း ရှင်းပြကြလေ၏။ သို့ရာတွင် လူမိုက်သုံးဦးသည် ပိုမိုအတင့်ရဲလာပြီးလျှင် မွေးနေ့ရှင်အမျိုးသမီးအား အော်ဟစ်ဆဲဆိုလျက် အနီးနားရှိ ထိုင်ခုံများအား ရိုက်ချိုးကြလေတော့၏။

 

မြန်မာစကား နားမလည်သော်လည်း အခြေအနေကို ကြည့်တတ်သော မွေးနေ့ရှင်သည် ၎င်းတို့အား ဆဲဆိုနေမှန်း ရိပ်မိသဖြင့် ဒေါသထွက်လာပြီးလျှင် မိန်းမသားသဘာဝ ပြန်လည် အော်ဟစ် ဆဲဆိုလေ၏။ မွေးနေ့ရှင်၏ သူငယ်ချင်းဖြစ်သူ အမျိုးသမီး သည်လည်း အသားနာသွားသဖြင့် ဒေါသူပုန်ထကာ ရန်တွေ့လေတော့၏။

 

ထိုသို့ အော်ဟစ်ဆဲဆိုလျက်ဖြင့်ပင် လူမိုက်တို့သည် မွေးနေ့ရှင်အနီးသို့ ကပ်လာလေသည်။ ထိုအခါ မွေးနေ့ပွဲမှ အမျိုးသားနှစ်ဦးသည် လက်ကိုဆန့်တန်းကာ တားဆီးရန် ကြိုးစားလျက် နှုတ်မှလည်း တောင်းပန်နေလေ၏။ လူမိုက်များထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသော တစ်ဦးသည် ထို ကာထားသည့် လက်များအောက်မှ မွေးနေ့ရှင်အား လှမ်းကန်လိုက်ရာ ဆီးခုံအစပ်သို့ ထိမှန်လျက် အမျိုးသမီးသည် မေ့မြောသွားလေ၏။

 

မွေးနေ့ရှင် အမျိုးသမီး မေ့မြောသွားလျှင် လူမိုက်တို့သည် ကျန် အမျိုးသမီးအား ထပ်မံ ရန်လုပ်ရန် ကပ်သွားကြပြန်၏။ အဖော်ပါလာသော အမျိုးသားတို့ကား ယောကျာ်းမပီသစွာ တားဆီးရန်ပင် အားမထုတ်ရဲတော့ပဲ ငူငူငိုင်ငိုင်ဖြင့် ကြက်သေသေလေကြလေ၏။

 

“တော်လောက်ပြီထင်တယ်”

 

မွေးနေ့ဝိုင်း၏ ကပ်လျက်ဝိုင်းမှ အသံတစ်ခုထွက်လာလျှင် အားလုံးသော အကြည့်တို့သည် သည် အသံလာရာသို့ အာရုံရောက်ကုန်၏။ အသံနှင့်အတူ ဆံပင်ရှည်ကို နောက်ပြန်စည်းထားသော လူငယ်တစ်ဦးသည် ဝီကစီခွက်တစ်ဖက်၊ စီးကရက်တစ်ဖက်ကိုင်လျက် ထရပ်လိုက်လေ၏။ ထို့နောက် ရန်ပွဲဖြစ်နေရာသို့ တစ်လှမ်းချင်း လျှောက်လာလေလျှင် ဘားကောင်တာမှ ကြည့်နေသော ဆိုင်ရှင်ဖြစ်သူမှာ ခေါင်းကိုခါ၍ သက်ပြင်းတစ်ခုချလိုက်၏။

 

ထိုလူငယ်သည် လဲကျနေသော အမျိုးသမီးအားလည်းကောင်း၊ ပါးပြင်တွင် သွေးစများဖြင့် နာကျင်မှုကြောင့် တုန်ယင်နေသော အမျိုးသမီးအားလည်းကောင်း တစ်ချက်မျှကြည့်ပြီးလျှင်

 

“တော်ကြပါတော့။ အမျိုးသမီးတွေနဲ့ ဘာလို့ ပြိုင်ရန်ဖြစ်နေရတာတုန်း” ဟု လေသံအေးအေးဖြင့် မေး၏။ လူမိုက်သုံးဦးအတွင်းမှ တစ်ဦးသည် ထိုလူငယ်၏ မျက်နှာကို မြင်ရလျှင် လက်ယျာ ဟု တီးတိုးရေရွတ်ကာ အနောက်သို့ သုံးလေးလှမ်းဆုတ်သွားလေသည်။ ခေါင်းဆောင်လူမိုက်မှာမူ

 

“မင်းနဲ့ ဘာဆိုင်လို့လဲ” ဟုပြောကာ ရှေ့သို့ တိုး၍ ရန်ပြုမည်အကြံတွင် လူငယ်၏ လက်သီးသည် ထိုလူမိုက်၏ နှာနုတည့်တည့်သို့ ရောက်သွား၏။

 

“ခွပ်” ဟူသောအသံအုပ်အုပ်နှင့်အတူ လူမိုက်၏ နှာခေါင်းမှ သွေးများစီးကျလာ၍ အနောက်သို့ ယိုင်သွား၏။ ထိုအခါ နောက်လူမိုက်တစ်ဦးသည် ထိုင်ခုံတစ်ခုံဖြင့် ထိုလူငယ်အား အားကုန်လွှဲရိုက်လေရာ လူငယ်သည် ထိုင်ခုံမထားရသဖြင့် လက်မအားပဲ ဟာလာဟင်းလင်းဖြစ်နေသော ထိုလူမိုက်၏ အရှိုက်အား ကန်ချလိုက်သည်။

 

“အင့်”ဟုသာ အသံထွက်နိုင်၍ လူမိုက်သည် လဲကျသွားတော့၏။ နှာနုထိထားသော လူမိုက်ကား တစ်ဖန်ပြေးဝင်လာကာ လူငယ်အား ကိုယ်ချင်းပူး၍ အနိုင်ယူရန် ပြင်လေသည်။ လူငယ်သည် ပိန်ပိန်ပါးပါးဖြစ်သဖြင့် နပမ်းလုံးလျှင် နိုင်မည်ဟု တွေးမိဟန်တူ၏။ သို့သော် လူငယ်ကား ၎င်းအားအနားအကပ်မခံ။ ပြေးဝင်လာသော လူမိုက်၏ ခြေသလုံးအား အားဖြင့်ဖြတ်ကန်ချလိုက်ရာ ယမကာ မူးယစ်နေသည့် အရှိန်နှင့်ပေါင်း၍ ဘုံးကနဲ လဲလေ၏။ ထိုအခါ လူငယ်သည် လဲကျနေသော လူမိုက်၏ မျက်နှာအား ခြေထောက်ဖြင့် ဖြတ်ကန်လိုက်ရာ ထိုလူမိုက်လည်း မေ့မြောသွားလေ၏။

 

ထိုလူငယ်အားမြင်သဖြင့် နောက်ဆုတ်ကာ အခြေအနေကြည့်နေသော အငယ်ဆုံးဖြစ်ဟန်တူသည့် ကျန်လူမိုက်မှာမူ ကြောက်လန့်ကာ တုန်တုန်ယင်ယင်ဖြင့် ခေါင်းငုံ့နေတော့၏။ လူငယ်သည် ၎င်းအားတစ်ချက်မျှကြည့်ပြီးလျှင် မူလဝိုင်းသို့ သွား၍ ​ဘာမှမဖြစ်ခဲ့သကဲ့သို့ ဝီစကီဆက်သောက်နေလေ၏။

 

မကြာမီ မွေးနေ့လက်ဆောင်သွားယူသည့် အမျိုးသားနှစ်ဦးပြန်ရောက်လာ၍ မွေးနေ့ရှင်နှင့်အဖော် အမျိုးသမီးတို့အား ပြုစုကုသပေးကြရ၏။ ဆိုင်ရှင်နှင့်အတူ ဆိုင်ဝန်ထမ်းတို့မှာ လဲကျနေသော လူမိုက်နှစ်ဦးအား ဝိုင်းဝန်းပွေ့ချီ၍ ၎င်းတို့ကားပေါ်သို့ ပို့ပေးရာ အငယ်ဆုံးလူမိုက်သည် ကြောက်လန့်နေဟန်ဖြင့် ကားအား တရကြမ်းပင် မောင်းပြေးလေ၏။

 

မွေးနေ့ဝိုင်းမှ လူငယ်တို့သည် ထို သူစိမ်းအမျိုးသားအား ကျေးဇုးတင်ကြောင်းပြောရန် လှည့်ကြည့်သောအခါတွင်မူ ထိုသူစိမ်းအမျိုးသားကား ရှိမနေတော့။ ဆိုင်ရှင်ဖြစ်သူမှာမူ သက်ပြင်းချလိုက်၊ ခေါင်းငြိမ့်လိုက်ဖြင့် တစ်ဦးတည်း အလုပ်ရှုပ်နေတော့၏။

 

ငြိမ်းချမ်းစွာနေထိုင်လိုသော

လက်ယျာ

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ၊ ၆ ရက် ညနေ ခြောက်နာရီ

Keep Reading

မိုင်နိမ်းအစ် (စ်) ဂျော့ အပိုင်း (5) ဇာတ်သိမ်းမိုင်နိမ်းအစ် ( စ် ) ဂျော့ ( အခန်းဆက်ဝတ္တုရှည်)အရမ်းလွမ်းတယ်အဖေမိုင်နိမ်းအစ် (စ်) ဂျော့ အပိုင်း ( 4 )မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewမိုင်နိမ်းအစ် (စ်) ဂျော့ အပိုင်း ( 3 )Elio (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )