Saw Nyein
”မြောက်လေအပြန်...ဟေမာန်ဆောင်းရာသီ...ငွေရည်ငွေနှင်းလေးတွေ ဖြန်းပက်နေတော့သည်....တစ်ယောက်မေအထံ...မောင်အမြန်ဆောင်းအမီ...လာစေချင်လွန်းလို့သာ....ခွန်းဆင့်ကာတေးသီ”
လွမ်းမောဖွယ် ထိုသီချင်းအား သီဆိုသူမှာ ဂန္ထဝင်အဆိုတော်ကြီး အမေ မေလှမြိုင် ဖြစ်သည်။၁၉၂၂ခုနှစ်ဖွား အမေ မေလှမြိုင်သည် ဒုတိယကမ္ဘာစစ်ပြီးကာလ၏ ဓါတ်ပြားအဆိုရှင်အဖြစ် ကျော်ကြားသည်။သူမ သီဆိုခဲ့သော သီချင်းများအနက် ကျွန်တော်တို့ ကလေးငယ်ငယ်၊စိတ်ခံစားချက်များကို သေချာနားမလည်သေးသည့်အရွယ်ကတည်းကပင် အာဇာနည်နေ့ရောက်လျှင် မျက်ရည်တစို့စို့ဖြစ်ခဲ့ရသော "အလေးပြုပါသည်" သီချင်းသည် ယနေ့ထက်တိုင်မက နောက် နှစ်ပေါင်းများစွာကြာ ပန်းပိတောက်ကဲ့သို့ပင် စွတ်ပျံ့နေဦးမည် ဟု ယုံကြည်မိသည်။ထိုကဲ့သို့ ဌာန်ကရိုဏ်းကျသော အသံ၊မာန်အပြည့်နဲ့အသံဖြင့် သီချင်းပေါင်းများစွာကိုသီဆိုသူ အမေ မေလှမြိုင်သည် ရာစုနှစ် တစ်ခုကြာသည့်တိုင်အောင် မြန်မာ့ဂီတလောကတွင် ထင်ရှားနေဆဲဖြစ်သည်။
တေးရေးဆရာမှာ ဦးသောတမောင် ဟု သိရသည်။သူရေးသားခဲ့သောသီချင်းများကို လက်လှမ်းမမီသောကြောင့် ဆောင်းအမီ သီချင်းမှပင် ဆရာကြီးသောတမောင် အကြောင်း လေ့လာမိခဲ့သည်။ဆက်စပ်၍ ရှာဖွေကြည့်ရာမှ ဂန္ထဝင်ရုပ်ရှင်သရုပ်ဆောင် ဝဏကျော်ထင်ဘွဲ့ရ
ထပ်ဆင့်အကယ်ဒမီ အမေ မေသစ် သီဆိုခဲ့သော ပစ်တိုင်းထောင် သီချင်းကိုလည်း ဆရာကြီးသောတမောင် ရေးသားမှန်းသိခဲ့ရပါသည်။ချိုမြိန်လှသော အချစ်သီချင်းတစ်ပုဒ်ဟု မှတ်ယူရပြန်ပါသည်....။တခြားသော ဆရာကြီးရေးသားသော သီချင်းများကိုမူ ဆောင်းပါးလိုရာမရောက်မည် ဆိုးသောကြောင့် မဖော်ပြတော့ပါ။
မြူမှုန်ဝေးဝါး ဆောင်းရာသီတွင် အမျိုးသမီးတစ်ယောက်သည် သူ၏ ချစ်သူ ဒါမှမဟုတ် သူ၏ လင်ယောက်ျား ပြန်လာမည့်အချိန်ကို စောင့်မျှော်ကာ ဆွေးနေသည်။အမျိုးသမီးနှင့် အမျိုးသား၏ဆက်ဆံရေးသည် သမီးရည်းစား ဆက်ဆံရေးဆိုပါက အမျိုးသားက ချစ်သူအား ထားခဲ့၊ခေတ်စကားအရဆို ချန်ခဲ့သည့်ပုံပေါ်သည်။ဒါ့ကြောင့်သာ ပြန်လာဖို့ ညည်းညူ နေပုံရသည်။နောက်တစ်ချက်က အမျိုးသားနဲ့ အမျိုးသမီးသည် လက်ထပ်ပြီးသား ဇနီးမောင်နှံ နှစ်ယောက်ဖြစ်ပြီး အမျိုးသမီးသည် သူမ၏ယောကျ်ား ခရီးဝေးသို့သွားသည်ကို အိမ်မှလွမ်းနေသည်။ကြာတော့ ဆောင်းရာသီ၏ မြောက်လေအေးဒဏ်ကြောင့် အလွမ်းကို အံမတုနိုင်ပဲ ဆောင်းမကုန်ခင်တော့ မောင် ပြန်လာခဲ့ပါ လို့ ပြောဆိုနေပုံဖြစ်သည်။အဲ့သည်လို Vibeစိတ်ခံစားချက်နှစ်မျိုးပေးနိုင်သောကြောင့် ဆောင်းအမီသီချင်းအား အပျိုမိန်းကလေးများသာမက အိမ်ထောင်သည် အမျိုးသမီးများလည်း ညည်းဆိုရင်း လွမ်းဆွတ်လို့ရကြောင်း သုံးသပ်မိသည်....။
နာကျင်မှုသည် ပိုမိုပီပြင်လာခဲ့သည်။ဝေးကွာနေသူ မောင့်အား ဘယ်ဆီရောက်၍ ဘယ်လိုနေမလဲ သိဖို့ရာ ယခုကဲ့သို့ အင်တာနက်ခေတ်ကြီးမဟုတ်သဖြင့် မောင်နှင့် နီးစပ်ရာ လူများကို လိုက်လံမေးမြန်းနေပုံပေါ်ပါသည်....။ဆောင်းနှင်းသည်လည်း ထိုအချိန်မှ ပို၍အေးလာသယောင် ခံစားရပြီး ရင်ဘတ်ထဲမှာတော့ ပူလောင်လှပါပြီ၊မချိမဆံ့ ခံစားနေရပါပြီ လို့ ရည်ညွှန်းထားလေသည်။သီချင်းအရေးအသားတွင်ပင် ပညာများစွာ ပါဝင်သည်ဟု ယူဆပါသည်...။
မောင့်၏ ထွေးပွေ့မှုမှလွဲ၍ တခြားလုပ်ယူ ရ သော နွေးထွေးမှုများကို တစ်နာရီမျှတောင် သူမ မလိုချင်တော့ပြီ။ဒီတစ်ကြောင်းသည် သီချင်း တတိယအပိုဒ်၏ နောက်ဆုံး အဆုံးသတ်နားတွင်ဖြစ်သည်။လေးနက်သော စာသားဖြစ်သည်။
”အလွန်အေးတဲ့ရာသီ...အလွန်ချမ်းတဲ့ရာသီ...အလွန်အေးတဲ့ရာသီ......မယ်တစ်ရွာ..မောင်တစ်မြို့တော့..နေလို့လည်း....မဖြစ်နိုင်ပါပြီ...နှစ်ကိုယ်ထွေးရန်...အရေးကြုံပြီ...မောင်ရယ်..ဆောင်းအမီ..ခင့်ဆီ.. ပြန်ခဲ့စေချင်သည်..”
Catchy(နားဝင်ချို၍ မှတ်မိလွယ်သော) ဖြစ်သော chorus အရေးအသားဖြစ်သည်။တစ်ကြိမ် နားထောင်ရုံမျှဖြင့် လိုက်လံသီဆိုဖို့ မခက်သောနေရာ။ဒီတွင်...
မောင်နဲ့ ကျွန်မ တစ်ယောက်တစ်နေရာ (Long distance relationship အတွက်များရေးထားသလားထင်ရသည်)တစ်ယောက်တစ်မြို့ထဲ ဆက်နေဖို့တော့ မဖြစ်တော့ပါဘူး၊နှစ်ယောက် (ပြန်လည်)တွေ့ဆုံဖို့ အမှန်တကယ်လိုအပ်နေပါပြီလို့ သနားချင်စဖွယ် ဖွဲ့နွဲ့ထားလေသည်...။
အမေမေလှမြိုင်သီဆိုသော မူရင်း တေးသီချင်းကိုမူ Youtube platform ပေါ်တွင် ပညာရှင်တစ်ချို့က ဓါတ်ပြားမှ videoအဖြစ် ဖန်တီးကာထားသဖြင့် တစ်ဆင့်ပြန်လည် နားထောင်ရပါသည်။ဓါတ်ပြားနားထောင်ရသလိုပဲမို့ ဖွင့်မဝဖြစ်ရသည်။ပထမ chorus အပြီး သံစဥ် solo ဝင်ချိန်တွင် ပိုမိုစီးမျောလို့ကောင်းလှသည်။မူရင်း စန္ဒရားပညာရှင်ကြီးနှင့် အတီးအမှုတ်ဝိုင်းတော်သားများကိုရှာဖွေသိခွင့်မရ၍ မဖော်ပြတော့ပါ။အကယ်၍ သိရှိခွင့်သာရှိလျှင် သိချင်ပါသေးသည်....။ရှေးပညာသည်တို့၏ ပညာရည်ပြည့်ဝမှုကို ဤမှတစ်ဆင့် ချီးကြူးထောပနာ ပြုလိုက်ပါသည်။
ဤဆောင်းပါးအား အဆုံးသတ်ရသော် အခုလို အဘက်ဘက်က ပျက်စီးယိုယွင်းနေသော အချိန်ကာလများမှာ ပေါပေါပဲပဲ အနုပညာများအား အားပေးနေကြမည့်အစား စစ်မှန်သော အနုပညာများအား ရှာဖွေဖော်ထုတ်ကြဖို့ လိုအပ်ကြောင်း၊ ဂန္ထဝင်များ မပပြောက်အောင် ကျွန်တော်အပါအဝင် လူကြီး၊လူငယ်၊လူလတ်ပိုင်းများပါ ဝိုင်းဝန်းထိန်းသိမ်းပေးကြဖို့ တောင်းဆိုလိုက်ပါတယ်ခင်ဗျာ။စာပေချစ်မိတ်ဆွေများအားလုံးလည်း ကျန်းမားချမ်းသားစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျား...။အသီးသီးသော ချစ်သူများလည်း ဆောင်းမကုန်ခင် ဆောင်းအမီလေး ပြန်လည်တွေ့ဆုံကြရစေကြောင်း ဆုတောင်းပေးရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား.....။
လေးစားစွာဖြင့်....
စောငြိမ်း
ဤဓါတ်ပုံကို ပိုင်ဆိုင်သူများအား လေးစားစွာ creditပေးပါသည်။
Keep Reading