Tawtawti
အခန်း(၁၂)
"ဟလို..အေဇက်"
"သြ..ကိုဓလား၊ ရှင်ကလည်း ဖုန်းနံပါတ်လေးသိတာနဲ့ တန်းဆက်တော့တာပဲ"
"သတိရလို့ပေါ့ဟာ၊ အခုတောင် လှိုင်းခေတ်နဲ့ကိုယ်နဲ့ထုတ်မယ့် ပန်းချီကတ်တလောက်ထဲမှာ ပါဝင်ဖို့ အေဇက်ရဲ့ပုံတူပန်းချီလေးကို ဆွဲနေတာ"
ကိုဓက နှလုံးသားသံခင်းတမန်ခင်းစပျိုးမိလိုက်၏။
"ပန်းချီက ဘယ်လိုဆွဲတတ်ခဲ့တာလဲ"
"ငယ်ငယ်ကတည်းက ကိုယ်နဲ့လှိုင်းခေတ်က ဝါသနာပါတာနဲ့ လေ့ကျင့်ခဲ့ကြတာ၊ နောက်...ဆယ်တန်းနွေရာသီကျောင်းပိတ်ကတည်းက ပန်းချီသင်တန်းတက်ပြီး စနစ်တကျသင်ယူခဲ့ကြတာ"
"လှိုင်းခေတ်ဆိုလို့..သူ့ညီနာရေးတုန်းကဘာလို့မဖိတ်တာလဲ၊ သိုက်ဆက်လာဖြတ်တဲ့နေ့ကလည်း ကိုယ့်သောကနဲ့ကိုယ်မို့ အားနာကြောင်းပြောဖို့မေ့သွားတယ်"
"အဲ့ဒီ့တုန်းက မင်းလာရင် အတန်းပျက်မှာစိုးတာရယ်၊ အလွယ်တကူ လှမ်းဖိတ်ဖို့လည်း ဖုန်းနံပါတ်က မသိရသေးဘူးလေ၊ အေဇက်က နေ့လယ်ကမှ ပေးလိုက်တာမှတ်လား"
"သြော်..ဒါနဲ့...တို့ပုံကို ကတ်တလောက်ထဲမှာတောင်ထည့်ဖို့ ဘာလို့ရေးနေရတာလဲ"
"ချစ်လို့လေ..၊ အမှတ်တရသက်သေတခုအနေနဲ့ပေါ့"
"လုပ်စားမှာတော့ မဟုတ်လောက်ပါဘူးနော်"
ထိုအခါက ကိုဓက အေဇက်မိုင်၏
အတွေးထဲမှာပင် မမေ့စေရန် ဆွေးမြေ့သောလေသံဖြင့် ဖြေရှင်းသည်။
"ပြောရက်လိုက်တာကွာ၊ အနုပညာကိုမြတ်နိုးတဲ့သူဆိုတာ ငွေကြေးထက် ခံစားမှုကို ဦးစားပေးကြတာပါ၊ ဘယ်သူကများ ကိုယ်မချစ်ပါဘဲနဲ့ လူသိထင်ရှားထုတ်ဝေမယ့် ပန်းချီကတ်တလောက်မှာ ထည့်သွင်းရေးဆွဲပါ့မလဲ၊ အမတန်မှ တန်ဖိုးထားချစ်လို့ပေါ့ကွယ်၊ ခွင့်ပြုမယ်မလား"
"အင်း..တို့က နောက်လိုက်မိတာပါ၊ ဒါနဲ့
ဓာတ်ပြားဟောင်းဖွင့်ပြီး ဒီဘူတာမှာပဲ ရထားက လာဆိုက်တာပဲလား၊ ခစ်..ခစ်"
အေဇက်မိုင်၏ ရယ်လွင်သံသည် ကိုဓ မျှော်လင့်ချက်ကို စိမ့်စမ်းရေလို လန်းစေလေသည်။
ထို့ပြင် အေဇက်မိုင်၏ မြောင်းပေးမှုဟု မှတ်ယူလိုက်ပြီး ကိုဓဘက်ကလည်း ရေတသွင်သွင်လာစေဖို့ ပြင်ဆင်လိုက်ပြန်သည်။
"ကဲ..အေဇက်၊ ကိုယ့်ချစ်ခြင်းအတွက် ကောင်းမွန်သောအဖြေလေးကို ပြန်လိုချင်တယ်ဟာ၊ ကိုယ့်မွေးနေ့လက်ဆောင်လေး
အဖြစ်နဲ့ကောပေါ့၊ ဘာလို့လဲဆိုတော့ မနက်ဖြန်က ကိုယ့်ရဲ့မွေးနေ့လေ၊ ကိုယ်တို့စတင်ဆုံခဲ့တဲ့ 'နွေချိုတေး'ကန်တင်းမှာ ကိုယ်စောင့်နေပါရစေ၊ လာခဲ့ပါနော်"
သံနေသံထားနှင့် အမှန်ကြွေသွားအောင်
အားထုတ်လိုက်ပြန်သည်။
အေဇက်မိုင်က သက်ငြိမ်စွာ ခံစားစီးမျောသွားဟန်ရှိ၏။ ဘာမှခွန်းတုံ့မပြန်။
"မင်းဆီက အဖြေသာရရင် ကိုယ့်မွေးနေ့အတွက် အပျော်ရွှင်ရဆုံးလက်ဆောင်ဖြစ်မှာပါ.."
"အယ်"
"ဟုတ်တယ်ဟ..၊ မရခဲ့ရင် မွေးနေ့မှာတင် အနာဂတ်မဲ့သွားတဲ့ လူသေတယောက်လို ကိုယ်ဖြစ်သွားရမှာပါ၊ အချစ်ကို ဘဝရဲ့ရှင်သန်မှုစွမ်းအင်လို ခံယူထားလို့ပါ၊အနာဂတ်မရှိတော့တဲ့သူဟာ သေလူလိုပဲတဲ့၊ သေလူလို ကိုယ်ခံစားနေရမှာကို မကြည့်ရက်ပါနဲ့နော်..၊ ကိုယ့်အနာဂတ်ကို နင်ဖန်ဆင်းပေးပါဟာ..နော်၊ မင်းနဲ့စပြီး မင်းနဲ့ပဲဆုံးမှာပါ၊ မင်းတုန်းမင်းတော့ မဟုတ်ပါဘူး၊ ကိုယ့်ဘဝရဲ့ချစ်ခြင်းတရားကိုပါ"
ထွန်ခြစ်လို ကိုယ့်ဘက်ကိုယ်များဆွဲရာကျမလားတော့မသိ။
မတတ်နိုင်ပေါင်။
ရင်ထဲရှိသမျှပြောမိသွား၍ သောကတမျိုးတော့ ငြိမ်းသွားမိသလိုလို..။
ခဏနေတော့...
အေဇက်လည်း စာနာ၍လား၊ နားပူထပ်မမိချင်တော့၍လားမသိ။
"အင်း...၊ တို့စဥ်းစားပေးပါ့မယ်"
လွဲတတ်သည်များရှိသော်လည်း
မိန်းကလေးတယောက်က စဥ်းစားပေးမည်ပြောလျှင် ကိုယ့်ကိုချစ်တယ်ဟု အဖြေပေးရန် ကိုးဆယ်ရာခိုင်နှုန်းသေချာသည်ဟု စာအုပ်တခုထဲတွင် ကိုဓ ဖတ်ခဲ့ဖူးသည်။
ရုတ်တရက်..
ထိုအတွေးဝင်လာမှုကြောင့် ကိုဓ ကြိုတင်ကြည်နူးပျော်မိသွား၏။
တကယ်တည်းအဖြေသာရလျှင်မူ...
အမွေရထီပေါက် ဗုဒ္ဓဂါယာရောက်သူထက် ပိုမိုပျော်ရွှင်မိမည်ဟု ကိုဓအပေါ် ယုံကြည်ပေးစေလိုပါသည်။
"ကိုယ်ချိန်းသလို တကယ်လာခဲ့ပါနော်"
အေဇက်မိုင် ဖုန်းချသွားလေပြီ။
ရှက်၍သွားသည်များလား။
သည်ညကို အိပ်စက်ခြင်းနှင့် ကိုဓ မည်သို့
ကုန်ဆုံးရပါတော့မည်နည်း။
ရင်သည် တလှပ်လှပ်။
ကံကြမ္မာ ဖူးစာရေးနတ်မင်းရေ...
မလွဲပါရစေနှင့်သား။
တခါတည်းပါ။
****************************
တယ်လီဖုန်းကတဆင့်မဟုတ်တဲ့
အကြင်နာတရားကို
မြေပြင်မှာ
နှလုံးသားနဲ့ နာကြားချင်ပြီ
ရေနစ်နေသူ
အောက်စီဂျင်လိုအပ်နေသလိုမျိုး
မင်းအချစ်က
ကိုယ့်အတွက်
တုနှိုင်းမဲ့အသက်ဆက်ရာ
မင့်ခြေတလှမ်းကို
ကိုယ်ပွေ့ချီထားလိုက်ရင်
ကိုယ်က
မင်းရဲ့
ကုဋေတစ်သန်းမကတန်တဲ့
မြတ်နိုးရသူအဖြစ်သတ်မှတ်ခံရပါစေ။
@@@@@@@@@@@@@@
အခန်း(၁၃)
ဒဂုံတက္ကသိုလ်၊ ကျောင်းဧရိယာအတွင်း လမ်းဘေးတစဖက်တချက်စီတွင် သေသပ်ကျနစွာ စိုက်ပျိုးထားသော သစ်ပင်ပန်းမံတို့၏ စိုပြေစိမ်းလန်းမှုက အကြည့်တချက်နှင့်ပင် ရင်ထဲသို့တိုင် နှစ်သက်ချမ်းမြေမှုရှိလာအောင် အေးမြမှု ကူးစက်စေနိုင်ပါသည်။
'နွေချိုတေး'ကန်တင်းထဲတွင် ကိုဓနှင့် မိန်းကလေးတဦး ထိုင်လျက်ရှိ၏။
မိတ်ဆွေတို့မျှော်လင့်ထားသည့်အတိုင်း
အေဇက်မိုင်တော့မဟုတ်ပါ..။
ဒါဖြင့်.ဘယ်သူဖြစ်ပါသလဲ။
ထိုအချိန်အတောအတွင်း ကန်တင်းထဲသို့
အေဇက်မိုင်ဝင်ရောက်လာသည်ကို လှမ်းတွေ့လိုက်ရ၏။
ကိုဓတို့ကိုမြင်တော့ ဆတ်ခနဲ ခြေလှမ်းရပ်သွားသည်။ နောက်..ချာခနဲ လှည့်အထွက်..။
ဟာခနဲ ကိုဓရင်မှာ ဖြစ်သွားပြီး
သေဒဏ်ကျသူ လည်ပင်းမှ ကြိုးကွင်းလို အေးစက်သွားသည်။ ကြိုးအေးပေါ့။
သို့နှင့် အနားမှ မိန်းကလေး၏ စားလက်စ ကို တချက်ကြည့်ပြီး...
"နင့်ကြိုးအေး ကို နင်ရှင်းထားဦး၊ ငါ့ကြိုးအေးကို လိုက်ရှင်းလိုက်ဦးမယ်"
"ဘာကြိုးအေးလဲ"
"နင့်ဘာသာမှာစားထားတဲ့ ကြိုးအေး..'ကြေးအိုး'လေ၊ ငါ့ ကြိုးအေးဆိုတာက ငါ့ကိုသေနိုင်တဲ့အရာမို့လို့..ရှင်းရဦးမယ် ပြောတာ၊ တကတည်း..ခဏနေဦး၊ ပြီးမှ ပြောပြမယ်"
အနားမှ မိန်းကလေးမှာ သဘောမပေါက်ဘဲ ကျန်ခဲ့ရှာသည်။ အေဇက်မိုင် အထင်ကို ကိုဓကမူ သဘောပေါက်မိ၍ ကန်တင်းအပြင်သို့ ပြေးလိုက်သွားပြီး...
"အေဇက်..တမျိုးမမြင်ပါနဲ့ဟာ"
အေဇက်မိုင်ရှေ့တွင် စာခြောက်ရုပ်လို စပါးခင်းစောင့်သည့်ပုံစံနှင့် လက်နှစ်ဖက်ဆန့်၊ခြေစုံရပ်ကာ တားလိုက်သည်။
"တို့ကတော့ တို့ကို ရှင် သိက္ခာကျအောင်ချတယ်ပဲထင်တယ်၊ အဖြေပေးပါဆို..ချိန်းဆိုပြီး တခြား မိန်းကလေးနဲ့လာထိုင်နေတာ
ဘာအထာလဲ၊ ဘာအချိုးချိုးတာလဲ"
"ရှင်းပြပါရစေဟာ၊ အဲ့ဒါ..လှိုင်းခေတ် ညီလေးနဲ့သက်တူရွယ်တူ ကိုယ့်ညီမအရင်းပါ
လူကောင်ထွားလို့ ကလေးလို့ မထင်မိတာနေမှာပါ၊ သူက ကျောင်းလိုက်ချင်တယ်လို့ အတင်းပူစာနေတယ်၊ မေမေကလည်း တက္ကသိုလ်ကျောင်းက မြင်ကွင်းတွေကိုတွေ့ရင် ဒီလို တက်ရောက်သင်ကြား
ချင်စိတ်နဲ့ ဆယ်တန်းကို စာပိုကြိုးစားလိမ့်မယ်ဆိုပြီး၊ သူတို့ကျောင်းတွေ စာကျက်ရက်ပိတ်ထားချိန်မှာ ကိုယ်နဲ့ ထည့်လိုက်လို့ပါ၊ ကိုယ်ကလည်း မွေးနေ့ရက်မှာ ဘာကတောက်ကဆမှမဖြစ်ချင်လို့ မငြင်းဘဲ ခေါ်လာမိတာပါ"
"အယ်.."
ကန်တင်းရှေ့တွင် ကိုဓတို့မှာ ရုပ်ရှင်ပဲရိုက်နေကြသလိုလို...။
"ဒါကို မင်းရောက်လာမှ ရှင်းပြပြီး သူ့ကို လှိုင်းခေတ်နဲ့အတူ ဟိုဘက်ဝိုင်းမှာ ခဏထားမလို့ တွေးထားတာဟ၊ အခု လှိုင်းခေတ်ကအတန်းပထမဆုံးအချိန်ကို သွားတက်နေလို့၊ သူ့ခမျာ အတန်းပျက်ချိန်များနေတယ်မဟုတ်လား၊ မင်းလည်း သူ့လို အတန်းချိန်စတက်ပြီးမှ လာမှာပဲဆို စဥ်းစားမိတာလေ"
"ဟင်"
"ဒါကြောင့် ညီမလေးနဲ့အတူ ကိုယ်ကထိုင် မျှော်နေတာ၊ သူက ကြေးအိုးမှာစားထားတာတောင် ကိုယ်က မင်းလာမှ အတူ တခုခုစားမယ်ဆို ဘာမှ မှာမစားထားသေးဘူး"
အေဇက်မိုင်က ကိုဓကို လက်မောင်းမချိုးသော်လည်း မျက်စောင်းထိုးသည်။
"တို့ကတော့ သက်သက်မဲ့ တို့ကို ဖဲ့ချင်လို့ ခွင်ဆင်တာများလားလို့ ရုတ်တရက်
တင်းမိသွားတာပေါ့"
"ဒါကို ကိုယ်လည်း သဘောပေါက်မိလိုက်ပါတယ်၊ ဒါကြောင့် အကျိုးအကြောင်းတောင်မမေးရစကောင်းလားဆို မထင်ဘဲ ချက်ချင်း လိုက်ရှင်းပြတာပေါ့၊ မင်းသိတယ်မှတ်လား၊ ကိုယ့်အနာဂတ်က မင်းအဖြေမှ မရရင် သေလူပါပဲလို့ဆိုထားတယ်လေ၊ တခြား ဖောက်ပြန်မှု ဘယ်လုပ်ပါ့မလဲ၊ ကိုယ့်အချစ်က ပြောင်းလဲရင်တောင် ကုန်စျေးနှုန်းလို မင်းအတွက် တနေ့ထက်တနေ့ တိုးလာမှာပဲရှိပါတယ်"
သည်အခိုက်..
ကိုဓတို့ အခင်းဖြစ်ရာသို့ သီချင်းဟစ်ကာ..လျှောက်လှမ်းလာသည်က.. လှိုင်းခေတ်။
"ဇာတ်လမ်းတွေပြီးသွားပြီ ဘာမှ လာရှင်းမနေနဲ့၊ နောက်တခါ ဒီလိုမဖြစ်အောင် တိုင်ပင်လိုက်ပါ မင်းအမေနဲ့.."
"ဟာကွာ..ရှင်းနေရပါတယ်ဆို၊ မင်း Hip Hop သီချင်းကို ခဏရပ်ပြီး ဒီမှာ လာကူပြောပေးဦး"
ကိုဓပြောလိုက်မှုကြောင့် လှိုင်းခေတ် ရောက်လာသည်။
"ဘာတွေလဲကွာ၊ အေဇက်မိုင်က 'ဟင့်အင်း'လို့ငြင်းနေလို့လား၊ အဲဒါကို ရှင်းပြရရင်တော့ 'ဟင့်'ကမူတာ၊ 'အင်း'က လက်ခံတာ၊ 'ဟင့်အင်း'ဆိုတာ မူပြီးလက်ခံတာ၊ စိတ်ဓာတ်မကျပါနဲ့ကွာ"
"အာ..ဟိုမှာထိုင်နေတာ ငါ့ညီမအရင်းပါဆိုတာ အေဇက်က သင်္ကါယနမကင်းဖြစ်နေလို့.."
ကိုဓခမျာ ကန်တင်းဆီ မေးထိုးပြောတော့ လှိုင်းခေတ်က လှမ်းကြည့်လိုက်၏။
"ဟုတ်တယ်လေ၊ ကျွန်တော့် ညီမလေးလိုပါပဲ၊ အရင်က မပြောဖြစ်ကြလို့ပါ၊ အာမခံပါတယ်ဟ "
"ကဲ..အေဇက်၊ မျက်တော်ပြေတော့နော်၊ မင်းနဲ့ကိုယ်က တခြားတခုံမှာ သွားထိုင်မယ်၊ လှိုင်းခေတ်..မင်းက ငါ့ ညီမရှိရာမှာ သွားထိုင်လိုက်ကွာ၊ သူ့ကို တို့ကိစ္စ ကြည့်ပြောထားပေးနော်"
****************************
မျက်နှာသစ်ဆေးလို
မင့်လက်ထဲရောက်ပြီးမှ
ပြန်လည်သိမ်းဆည်းလို့မရတော့တဲ့
အချစ်မျိုးနဲ့ပါ
ဘယ်လောက်ပဲဖြူစင်ပါစေ
သွားတိုက်ဆေးဆိုတာ
သွားပွတ်တံမရှိရင် အသက်မဲ့တာပဲ
သူတို့လိုအတွဲမျိုးလေးနဲ့
ပတ်ဝန်းကျင်ရဲ့ပါးစပ်ပေါက်တွေကို သန့်စင်ပေးလိုရဲ့
မင့်ဘဝမှာ အစွန်းအထင်းတွေရှိရင်တောင်
ကိုယ့်နှလုံးသားပါးလျသွားပါဦး
ဆပ်ပြာလို ဆေးကြောပေးချင်မိတယ်
ရေချိုးခန်းဝင်တဲ့အခါတိုင်း
ကိုယ်တို့ဆုံတွေ့ရခြင်း ရေစက်က
မင်းအတွက်
ရေစက်တွေလို အေးမြဖို့သာဖြစ်ကြောင်း
သတိရပေးနော်
ခေါင်းလျှော်ရည်လိုတော့
မင်း ခေါင်းအေးအောင်
လိုအပ်မှ ခဏရှိခွင့်ရသူ မဖြစ်ပါရစေနဲ့
မင်းရင်ထဲမှာ
မင်္ဂလာနံနက်ခင်းအဆက်ဆက်သာ
ရှိခွင့်ရသူ ဖြစ်ချင်မိပေါ့ကွယ်
***************************
နှစ်ဦးသား ခုံဝိုင်းတခုတွင် နေရာယူလိုက်ကြ၏။
ကြမ္မာမျက်နှာသာပေးပုံက
ကိုဓတို့ စတင်ဆုံတွေ့ခဲ့မိသည်ကလို
ကန်တင်းတွေလူပြည့်မနေပါ။
စားပွဲထိုးလေးကလည်း မခေါ်၍လားမသိ။ရောက်မလာသေး။
အေးလေ..အဲ့တုန်းကလည်း ကံတရားက ကြုံဆုံခွင့်ရရန် ရှေးရေစက်အရဖန်တီးပေးခဲ့လေသလားပါပဲ။
"ကဲ..ကြေအေးရင် အဖြေပေးတော့"
ကိုဓ၏ အလောသုံးဆယ်နိုင်မှုကို အေဇက်မိုင်က
"နေဦးလေ၊ ရှင့်ကိုဥာဏ်စမ်းတခုမေးကြည့်ဦးမယ်၊ အဲဒါ အဖြေပေးနိုင်ရင် အဖြေပေးမယ်၊ ဘာ်အရာမှအလွယ်မရဘူးမလား"
ကိုင်း..အမေးရှိရင်အဖြေရှိသတဲ့။ အခုက အဖြေရှိမှအဖြေရှိမည့်ပုံ ဆိုပါတော့။
လှိုင်းခေတ်ကို ခွင်ဖန် မေးခဲ့လေသမျှ ခုချိန်မှ ဝဋ်ဖန်လာခြင်းပေလား။
"အင်း..မေးမယ်ဆိုလည်းမေးပေါ့"
"ရှေ့စာလုံးကနေဖတ်ဖတ် နောက်ကစာလုံးကဖတ်ဖတ် ဒီအတိုင်းပဲ အ ဓိ ပ္ပာ ယ် ပြန်ရမယ့် မြန်မာဝေါဟာရ တစ်ခုကိုဖြေရမှာ "
သို့နှင့် နဖူးကြောကြီးများပင် ထောင်လာအောင် ကိုဓ စဥ်းစားရလေသည်။
"ပညာရေးဆိုင်ရာနယ်ပယ်ထဲကဟာ..."
အေဇက်မိုင်ကပင် အဖြေအတွက် အထောက်အကူပေးနေသေးသည်။
ဒါမှ ကိုဓလည်း အလင်းပွင့်သွားပြီး...
"ကထိက...ဟုတ်တယ်မှတ်လား"
"အေး.."
"အခုမှပဲ သောကငြိမ်းပြီး နေလို့ကောင်းသွားတော့တယ်၊ နေကောင်းပြီဆိုတော့ အဖြေတောင်းပြီနော်၊ ကိုယ့်ကို ချစ်သလား..ဟင်"
အေဇက်မိုင်က ခေါင်းကိုငုံ့ပြီး ရှက်သွေးဖြာ ဟန် မူပိုသလိုတော့ လုပ်မနေပါ။
"တို့နှစ်ယောက်..ဆီချက်အတူတူစားရအောင်လေ"
"အိုး..."
ကိုဓ ရင်ထဲတွင် ကန္တာရမှာ အပင်တွေ့တဲ့မျောက်၊ ဗွက်မြင်သည့်ဝက်လင်လို မြူးသွား၏။
အင်း...သည်ဆီချက် အ ဓိ ပ္ပာ ယ် ဖွင့်ဆိုမှုကို ကိုဓပဲ ပြောခဲ့ဖူး၊ သိနေသည်ကိုး။
နေခနဲ့တုန်းက ကလျာ ငြင်းခဲ့သလောက် ကိုဓကိုဖြင့် ကိုယ့်စကားကိုမှတ်ထားပြီး ကိုယ့်ကို လိုအပ်ချိန်မှာ ပြန်ပြောတယ်ဆိုတော့ ကြည်နူးမိမိပင် ခံစားသွားရ၏။
"ဒါဆို..ဒီစကားအနက်အရ ဖွင့်ဆိုရရင်
ကိုယ့်ကို..မင်းက ချစ်တယ်ပေါ့နော်..အေဇက်၊ ဆီချက်..ဆက်ချည်လေ "
****************************
"ကိုယ့်ကို ချစ်တယ်ဆိုတဲ့အဖြေကို ရလိုက်တာပေါ့နော်"
ရင်ထဲမှာ ပီတိရွှန်းဝေစွာဖြစ်သွားသော်လည်း ပိုမို တိကျသေချာရန် ထပ်မံ အဓွန့်တက်ပြီး ကိုဓ မေးလိုက်သည်။
မေးကြည့်တော့ လက်နှစ်လုံး ၊ နဖူးကြည့်တော့ လက်သုံးလုံး ဟုတော့ အေဇက်မိုင်က မဖြေရှာ။ ပြုံး၍သာနေသည်။
ထိုအပြုံး၏ ပဟေဠိကို ကိုဓ ဖြေကြည့်နေမိပြန်သည်။ အီတလီနိုင်ငံသားပန်းချီဆရာလီယိုနာဒိုဒါဗင်ချီယိုသာ တွေ့မည်ဆိုလျှင် မိုနာလီဇာ ပန်းချီကားထက် သာလွန်မည့် ကမ္ဘာကျော်အပြုံးမျိုး ထပ်မံရေးဆွဲနိုင်မည်ဟုတော့ ကိုဓ ယူဆမိပါသည်။
"ပြောပါဦးဟာ၊ မင်းနှလုံးသားရဲ့လှုံ့ဆော်မှုကြောင့် နှုတ်ခမ်းဖျားကနေ သက်ရောက်လာမယ့် ချစ်တယ်ဆိုတဲ့ စကားလေးကိုလည်း ကြားချင်သေးလို့ပါ"
အေဇက်က ရှေ့မတိုးနောက်မဆုတ် ကျောက်ရုပ်တရုပ်လို မတုန်မလှုပ် နေနေသေး၏။
သို့နှင့်..
"ပြောပါကွာ၊ ကိုယ်အပြည့်အဝ ဆက်ပြီးပျော်ရွှင်ချင်မိလို့ပါ၊ မရှက်ပါနဲ့၊ ချစ်သူချင်းကြားမှာ ချစ်တယ်လို့ပြောတာက သဘာဝရဲ့ပြယုဂ်တခုအနေနဲ့ ပွင့်လင်းရိုးသားပါတယ်လေ"
ကိုဓ၏ တွန်းအားပေးမှုများလာသည့်အခါ အေဇက်မိုင်လည်း မနေသာတော့သည့်ဟန်ဖြင့်...
"အေးပါ၊ ဒီလောက်တောင်းဆိုနေတော့လည်း ပြောရတော့မှာပေါ့"
"ပြောပါ အေဇက်ရယ်၊ လူနာနှုတ်ခမ်းဖျားမှာ ရေတစက်ကို တောင့်တမိသလို ကိုယ်စောင့်စားနေတာပါ၊ ကိုယ့်ကို ချစ်သလားဟင်"
"အင်း..၊ ချစ်တာပေါ့..အများကြီးပဲ "
အေဇက်မိုင်၏ တိုးတိုးညင်းညင်းပြောသံကို သာယာနာပျော်ဖွယ် ညင်ညင်သာသာလေး ကိုဓ ကြားလိုက်ရ၏။
ကိုဓရင်ထဲတွင် နူးညံ့စွာ နှိုင်းဆမဲ့ကြည်နူးမိသွားပြန်သည်။
ကိုဓသည် 'ငါတော့ သိပ်ချစ်စရာကောင်းတဲ့ချစ်သူတစ်ယောက်ကို ဘဝတသက်စာအတွက် ပိုင်ဆိုင်ခွင့်တော့ရချေပြီ'ဟုတော့ လက်ခမောင်းခတ် ဥဒါန်းကျူးရင့် မကြွေးကြော်ပါ။ သို့သော် လိုရာရသွားသည့် အောင်မြင်မှု၏ အရှိန်ကြောင့် လူက ဘဝင်လေဟပ်ကာ မြောက်ကြွမြောက်ကြွ ဖြစ်သွားသလိုတော့ ရှိ၏။
အောက်ခြေလွတ်သွားသလိုလိုပင်။
မြောက်ကြွမြောက်ကြွ တို့ အောက်ခြေလွတ် တို့ ဆိုလို့...
အဲ..ဆွဲကြိုးချသေတဲ့သူကိုတော့ ပြေးမမြင်ကြည့်နဲ့ခင်ဗျ။
@@@@@@@@@@@@@@
သစ္စာတရားသည် ချစ်ခြင်းမေတ္တာမှ အခြေခံလာသည်။
သစ္စာတည်ဖို့အတွက် နှစ်ဘက်စလုံးတွင်
ချစ်ခြင်းမေတ္တာရှိရမည်။
တဖက်မှ မည်သို့မှ မှားယွင်းမှုမပြုမူပါဘဲနှင့်
တဖက်က ဖောက်ပြန်မည်ဆိုပါက
သစ္စာက ပေးအပ်မည့်
အပြစ်အနာအစာဒဏ်ကို
ထိုသူက
ပြန်လည်ခံစားရမည်သာဖြစ်သည်။
အကြောင်းကြောင့်အကျိုးဖြစ်လာမည်။
လောကတွင် မိမိသာယာမှုတခုကိုသာကြည့်၍ လူသည် ပြောင်းလဲခွင့်မရှိပါ။
တဖက်သားအပေါ် ကိုယ်ချင်းစာတတ်မှုသည် မိမိလိပ်ပြာကို အမြဲတစေသန့်စင်စေနိုင်အောင် အထောက်အကူပြုသည်။
သစ္စာတရားကို တန်ဖိုးထားမှုသည်
မိမိဂုဏ်သိက္ခာကို မိမိလေးစားခြင်းမည်သည်။
သစ္စာပျက်ယွင်းသောသူသည်
ဘုရားဝတ်ပြုလျှင်ပင်
ကျက်သရေရှိမလာသည့်မျက်နှာကို
အဇ္စျတ္တရဲ့သရုပ်ဖော်ပုံအဖြစ်
ပိုင်ဆိုင်ရတတ်သည်။
@@@@@@@@@@@@@@
အခန်း(၁၄)
သုဘရာဇာနှင့်ပရိုမိုးရှင်း၊ အပျိုစင်နှင့်ဗိုက်ဖုံးအင်္ကျီလို မအပ်စပ်ရာမဖြစ်ဘဲ
ဂစ်တာကြိုးနှင့် ဖလက်တံလို နှစ်ဘက်ပေါင်းမှ တသံဖြစ်ဖို့ လိုက်ဖက်တင့်တယ်နေသည့် ကိုဓနှင့်အေဇက်မိုင်။
အဲ့လဲ့..။
ကိုဓက ချောပြီး မကလက်သည့် အေဇက်မိုင်ကို ချောကလက် ခွံကျွေးမနေသော်လည်း
"တို့နှစ်ယောက်သား ချစ်သူဖြစ်တဲ့အထိမ်းအမှတ်အနေနဲ့ ကိုယ်တို့ပန်းချီကတ်တလောက်စာအုပ်လေး မကြာခင်ထွက်ရှိလာရင် မင်းကိုကိုယ် ချစ်သက်လက်ဆောင်ပေးမယ်နော်၊ စာအုပ်ထဲမှာ မင်းပုံလေးလည်းပါမှာလေ"
ဟုတော့ ဆိုလိုက်၏။
ထိုတဒင်္ဂအတွင်း..။
"နင်တို့က အတူအပျော်ကျူးပြီး အူအတော်မြူးနေကြတယ်ပေါ့လေ"
အသံလာရာသို့ ကိုဓ ကြည့်မိလိုက်၏။
ထင်မှတ်မထားဘဲ ရောက်ရှိလာသူကား..
နေခ။
"အေး..မင်းကို အသေချချင်နေတဲ့နေခပဲ ၊မင်းလောက်တော့ ငါလည်း စကားကြွယ်တတ်ပါတယ်၊ ငှက်တိုင်းထက်တော့ လဒလည်လိမ်ပါတယ်..အဲလေ.."
ဆိုရင်း..
မတ်တပ်ရပ်လျက်အနေအထားနှင့်ပင် ကိုဓတို့ အနီးအနားသို့ ရောက်လာသည်။
သောက်သူမဲ့လက်ဖက်ရည်ခွက်လို မျက်နှာပြင် အေးစက် မာတင်းပြီး
"မိုင်..နင်ကလည်း မာယာကဝေနဲ့အညာနွေလို ပူလောင်မှုတွေပေးစွမ်းနိုင်လှပါလား၊ နင့်ကိုငါ ရင်ခုန်ခဲ့ရတာက ရင်နာစရာပဲ ဖြစ်ရပြီလား၊ ငါ့ကိုတော့ခေါက်ထားပြီး ဒီကောင်နဲ့ပဲ အီစီကလီနိုင်နေတော့မှာလား၊ တချုံကွယ်ရင် တမောင်မေ့တဲ့သစ္စာမျိုးများလား"
အချစ်ဇောနှင့်နစ်မျောနေခိုက်။
မျှော်လင့်မထားဘဲ ရှောင်လွှဲ၍မရနိုင်အောင် နေခ၏ ဒေါသငှက်ဆိုးထိုးသံကြီးကြား ကိုဓလည်း အငြိမ်မနေနိုင်တော့။
"ဟေ့ရောင်..နေခ၊ မင်း..အေဇက်မိုင်ကို ဘာမှ ပြောင်းဖူးချိုးကြံချိုး(အဲ)မှိုချိုးမျှစ်ချိုး ပြောနေစရာအကန့်မရှိဘူး၊ လွတ်လပ်တဲ့အမျိုးသမီးတယောက်က လွတ်လပ်တဲ့အမျိုးသားတယောက်ကို သူ့ဘဝလက်တွဲဖော်အဖြစ် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိတယ်၊ မင်းဘက်ကကောင်းရက်သားနဲ့ သူက သစ္စာဖောက်တဲ့ပုံစံပြောရအောင်လည်း မင်းနဲ့သူက သမီးရည်းစားမဖြစ်ခဲ့ဘူး၊ မင်းကို သူက အရင်ကတည်းက သဘောမကျလို့ ငြင်းလည်းငြင်းထားတာလေ၊ ငါကလည်း မင်းနဲ့ တုမမိုက်ချင်တာပဲရှိမယ်၊ ဂရုစိုက်မနေဘူးကွ "
ခွန်းတုံ့ပြန်နှင်းထိုးနှက်လိုက်၏။
"အဲ့တာက..သိုက်နန်းကိစ္စကြောင့် သူလက်မခံနိုင်သေးတာလည်း ဖြစ်ချင်ဖြစ်မှာပဲ၊ အိုကွာ..ငါတို့ကြားမှာ မင်းက အနှောက်အယှက် လာပေးတာတော့ အမှန်ပဲ ၊ ဒီတော့..ကြာပါတယ်..ကဲကွာ.."
ရုတ်ချည်း..
နေခက ကိုဓ ထိုင်နေသည်ကို အားသုံးကာ ဆောင့်အတွန်း။
ကိုဓလည်း ထိုင်ခုံထက်ကနေ ဟန်ချက်ပျက်သွားကာ သတိလက်လွတ် နောက်ပြန်လန်ပြီး ပြုတ်ကျသွားရ၏။
အားပါးပါး...။
ကြယ်တွေလတွေအပြင် ဂြိုလ်တွေ နက္ခတ်တွေကိုပါ အစုံအလင် တွေ့မြင်သွားရ၏။
ပတ်ဝန်းကျင်ကိုပင် ကောင်းစွာ မမြင်ရတော့..။ တရိပ်ရိပ်ဝေဝါးလာ၏။
ကန်တင်းအောက်ခြေက သံမံတလင်းအခင်းအကျင်းနှင့် ကိုဓဦးခေါင်းတို့ ဖိတ်စာမပါဘဲ မိတ်ဆက်ပွဲကျင်းပသွားခြင်းကြောင့်ဖြစ်၏။
"ဟင်..သွေး..သွေးတွေ.."
အေဇက်မိုင်၏ ထိန့်လန့်စိုးရိမ်သွားသောအသံကို လှမ်းကြားလိုက်ရ၏။
သွေး..။ဘယ်လိုသွေးလဲ။
မနီဘဲ မဲနေတဲ့သွေးလည်းရှိတယ်။
သိလား။
အဖြေက..မီးသွေး ဟုပင် ပင်ကိုယ်ဗီဇအရ တွေးမိလိုက်သေး၏။
သို့သော် ပဟေဠိ သဘောကိုကား ထမဖွက်နိုင်တော့ချေ။
"အေဇက်"
နောက်ဆုံးစိတ်စွဲမိသည်က...
အို..ချစ်သော အေဇက်မိုင်..။
ကဗျာဆရာ အိုမာခယမ်က ရေးခဲ့တယ်။
ဒုက္ခနဲ့ကြုံတိုင်း ချစ်သူလက်ကို တခါကိုင်ပါရစေတဲ့။
အေဇက် လက်ကလေး...
တမ်းတမိပါပေါ့။
ပြီး...
ကိုဓအသိစိတ်တွေက ပကတိ အမှောင်...။
****************************
ကိုဓ သတိရလာချိန်။
ဟော..ပထမဆုံးမြင်တွေ့လိုက်ရသည့် မျက်နှာ။
အို..သူ၏ ချစ်သော အေဇက်မိုင်မဟုတ်ချေ။
"ဟင်..လှိုင်းခေတ်ရဲ့ညီလေးပါလား"
သူကသေဆုံးသွားနှင့်ပြီးပြီပဲ။ ထိုအသိက ကိုဓ မှတ်ဥာဏ်ထဲကို ရုတ်ချည်းဝင်လာမိ၏။
ဒါ...ဒါဆို..ကိုယ်ကကောတဲ့။
လှိုင်းခေတ်၏ညီလေးက ပျူငှာဖော်ရွေပြုံးနှင့် ဝင့်စားပြနေသော်လည်း ပြုံးတုံ့လှယ်မနေအား။
ကိုဓအတွေးတွေက စျေးတန်း မီးလောင်သလို ယောက်ယတ်ခတ်သွားသည်။
လူသည် တနေ့တွင်မူ ဧကန်မုချသေကြရမည်မှာ သေချာ၍ ဘာမှတော့မထူးဆန်း။ မသေခင် ချာမနေကြရန်သာ လိုသည်။
ကိုဓကကော..ချာပြီး သေခဲ့မိသည်လား။
ချာပြီး..ချီးပါ။
အာ.. ဝမ်းလျှောပြီးမကွယ်လွန်ခဲ့လောက်ဘူး ဟု ကိုဓတွေးမိသည်။
မှတ်ဥာဏ်ကို ပြန်နှိုးဆွရင်းမှ ဖြစ်ပျက်ခဲ့သောအရာများကို တရိပ်ရိပ်မြင်လာ၊ ရေးတေးတေး ကြားယောင်လာမိသည်။
"အင်း..ငါ..ဒီဒဏ်ရာလောက်နဲ့တော့ လက်ငင်းကြီး သေမပစ်လိုက်လောက်ပါဘူး..၊ ငါ..အသက်ပြင်း လောက်ပါတယ်၊ချက်ချင်းကြီး ဘယ်ဒေသကိုရောက်နေရတာပါလိမ့်"
ကိုဓမှာ ကျောက်ခုတင်ကြီးတလုံးပေါ်မှာ လဲလျောင်းလျက်သားရှိနေသည်။
ဝန်းကျင်ကို မျက်ကဲခတ်ကြည့်လိုက်မိပြန်တော့ ထည်ဝါသော ခန်းမဆောင်တခုဟု ခန့်မှန်းသိရှိလိုက်ရသည်။
ဦးခေါင်းကို စမ်းကြည့်လိုက်တော့လည်း
Unlock to read this premium article with 10 points.