Tawtawti
အခန်း(၆)
မျှော်လင့်ချက်နဲ့
အနာဂတ်က လင်းပပါတယ်
တဦးနဲ့တဦး
မဟောင်းနိုင်တဲ့ချစ်ခြင်းနဲ့
စတင်ဖြစ်တည်ပြီဆိုကတည်းက
အချစ်ဟောင်းဆိုပြီးလည်း
ဘယ်အခါမှမဖြစ်ရလေအောင်
တဦးကတဦးရဲ့
အသက်စစ်စစ်ဖြစ်ပြီး
အမြဲပျိုလွင်စေရာ
အသစ်စက်စက်အတိုင်း
အမြင်ပြိုမလွဲတဲ့ ချစ်ခြင်းနဲ့သာ
တဦးက တဦးအပေါ်...စောင့်ရှောက်လို့
ရတက်အစုစုမဖြာစေရဘဲ
ရတုအဆက်ဆက်
အတူတူနေထိုင်သွားကြမယ်
နားလည်စာနာပေးနိုင်မှုက
တို့နှစ်ဦးအကြင်နာရဲ့
ဖွဲ့စည်းပုံအခြေခံဥပဒေပဲ
တို့ကြည်ဖြူနာခံကြမယ်
နံချပ်ကူလို
သံယောဇဥ်သံမဏိကြိုးမျိုးနဲ့ ချိတ်ဆက်
နှစ်ဖက်ပေါင်းမှ တလက်ဘဝလို
ဒုက္ခကို မတော်တဆတွေ့လည်း
လှလှပပ ရင်ဆိုင်ကြမယ်
တို့ကမ္ဘာမှာ ငလျင်တုန်ခါရင်တောင်
ကိုယ့်ရင်ခွင်မှာ
နူးညံ့သိမ်မွေ့စွာ ရှင်သန်ပါ
သစ္စာစစ်ရဲ့တန်ဖိုးရိပ်က
တို့နှစ်ဦးကို အုပ်မိုးလွှမ်းခြုံထားတဲ့အခါ
အယ်လ်နီညိုဆိုတာ
တို့ရပ်ဝန်းမှာ မရှိနိုင်ဘူးလေ
*****************************
ကျောင်းဝန်းအတွင်းသို့ သူကြီးသားနှင့်အတူ ကိုဓ လမ်းလျှောက်လာသည်။
ဒဂုံတက္ကသိုလ်ကျောင်းမှာ ဘယ်ကဘယ်လို ရှေးခေတ်ဟောင်း သူကြီးသားက ပါလာရသည်နည်း။
တကယ်က ကိုဓ သကြားသီးစားလာသည်ကိုဆိုလိုခြင်း ဖြစ်သည်။
သူကြီးသား..သကြားသီးပေါ့လေ။
လှိုင်းခေတ်က practicalအခန်းဝင်နေရသဖြင့်လည်း သူကြီးသားသာ ပါလာရခြင်းဖြစ်၏။
သကြားသီးသာ စားလာရသည်။ ထို့ထက် ချိုမြိန်မည့် အေဇက်မိုင်ဆီမှ ရရှိမည့် ချစ်ခြင်း၏ မိန်းမောဖွယ်အရသာကိုလည်း နှလုံးသားအဟာရအဖြစ် ကိုဓ ခံစားလိုပါသည်။
အဆင့်အတန်းမခွဲခြားသော တူညီသည့်အကြင်နာမျိုးရရှိရန်လည်း အခွင့်အလမ်းက မနည်းပါးလိုပါ။
ဒုက္ခကြိုးများချည်ခံရလျှင်လည်း နှစ်ဘက်ပေါင်းမှ တလက်ဖြစ်တဲ့ ကတ်ကြေးလိုဘဝနဲ့ နှစ်ဦးအတူ ဖြတ်ပစ်ချင်သည်။
ပြီးတော့..ဝက်သာဆိုလျှင် မျိုးကောင်းမှာဟု လူတွေချီးကျူးရလောက်အောင် ဆိတ်ဝမ်းလျှောသလို သားသမီးတွေ တဗြွတ်ဗြွတ်မွေးပြီး နိုင်ငံတော်အတွက် မျိုးဆက်ကောင်းတွေ ချန်ရစ်ခဲ့ချင်သေးသည်။
ဝိသာခါကျောင်းအမကြီးတောင်
သားမြေးတွေ အများကြီးနဲ့ ပျော်ရွှင်ဖွယ်မိသားစုကို ဖန်တီးခဲ့သေးတယ် မဟုတ်ပါလား။
တကိုယ်တည်းတွေးရင်းလျှောက်လာသည့် ကိုဓကို မြောက်ပြန်လေကပင် အထီးကျန်နေတာလား ဆိုသည့်သဘောနှင့် ပွတ်သပ်ကျီစယ် လောင်ပြောင်သွား၏။
ခနဲ့ရစကောင်းလားဆိုကာ....
moon egg ဟု ကိုဓ မဆဲရေးမိလိုက်ပါ ။ moon သည် လ ၊ egg သည် ဥ ဖြစ်၍ ရိုင်းပျမည်မဟုတ်ပါလား။
ယဥ်ကျေးမှုမရှိလျှင် အေဇက်မိုင် သဘောမကျမှာ စိုးရိမ်မိသည်။
သို့နှင့်..'Dream'ကန်တင်းရှေ့မှ ဖြတ်အလျှောက်..။
အတွင်းဝိုင်းတခုတွင် တဗွေတည်းonly meထိုင်နေသော အေဇက်မိုင်ကို public ဧရိယာတွင် မြင်တွေ့လိုက်ရ၏။ firend to firend မျက်လုံးနှင့်ကား ကိုဓ မကြည့်။ ကိုယ်မြတ်နိုးရသည့်မိန်းကလေးကို တန်ဖိုးထားသည့် အကြင်နာမျက်ဝန်းနှင့်သာ ကိုဓကြည့်မိလေသည်။
အေဇက်မိုင်သည် ဖာလူဒါအအေးတခွက်နှင့် အသာအယာ ငြိမ့်လျက်ရှိသည်။ ဖာလူဒါဆိုသည်မှာ မြန်မာစကား အသုံးအနှုန်းတော့မမြည်ပါ။
ဟိန္ဒီစကားဖြစ်မှန်း မှတ်သားဖူး၏။
အေဇက်မိုင်က ထက်အောက်ဆင် နှင်းဆီရောင် ဝမ်းဆက်နှင့် လိုက်ဖက်နေသည်။
တင့်လှပေဟန်...။
အေဇက်မိုင်တည်းဟူသော စက်ခေါင်းနောက်တွင် နေခ မည်သော တွဲဆက်ပါဝင်မလာ၍ ကိုဓ အူမြူးမိသွားသည်။
သူမရှိရာဝိုင်းဆီသို့ လက်ဖျစ်တတွက်အတွင်း ဝင်ရောက်ထိုင်လိုက်မိ၏။
ဟော..အချစ်၏ လှုံ့ဆော်မှုစွမ်းအားသည် ခြေလှမ်းတိုင်းကိုပင် မြန်ဆန်စေပါတကား....။
*****************************
"ဟိတ်..အေဇက်၊ မင်းရဲ့ ကိုယ်ရံတော် မျောက်မူးလေး မပါဘူးလား.."
ကိုဓက အရွှန်းဖောက်မေးလိုက်သည်။
ဟုတ်လည်းဟုတ်သည်။ သည်လူသည် မျောက်မူးပြီး သေလောက်အောင်ပင် အငြိမ်လည်း မနေတတ်ချေ။
သို့နှင့်...
ခပ်သောသောပြောလိုက်ခြင်းကို အေဇက်မိုင်က မျက်ခုံးကိုပင့်လိုက်ကာ..
"အင်း..သူ နေမကောင်းလို့ အရင်လို တွယ်ကပ် ပါမလာတာ၊ အတော်အပြင်းဖျားနေတယ်ဆိုပြီး တို့ဖေဖေကို သူ့အမေလာခေါ်တယ်လေ၊ ဖေဖေက ဆရာဝန်ကိုး၊ တို့တောင် သွားကြည့်လိုက်သေးတယ်၊ လူမှုရေးကရှိသေးတယ်လေ"
"မနေ့ကတောင် သဇီဝကေသဓာတုစေတီတော်လို့ ပါဠိလိုခေါ်တဲ့ ဒဂုံဆံတော်ရှင် လေးဆူဓာတ်ပုံ ရွှေတိဂုံကို အတူတူ ဖူးမြော်ခဲ့ကြသေးမဟုတ်လား"
"အယ်..ဣဒ္ဓိပါဒ်တန်ခိုးလည်းမရှိဘဲနဲ့ ရှင်ဘယ်လိုသိနေလဲ၊ ရှင့်ရင်ထဲမှာ ပုဏ္ဏားလေးများရှိနေလို့လား"
"အချစ်ရဲ့တန်ခိုးနဲ့သိတာပေါ့၊ ကိုယ့်ရင်ထဲမှာတော့ မင်းကိုချစ်နေမိတဲ့နှလုံးသားပဲရှိတာပါ"
"ဟင်.. မနေ့ကအပြန် နေခက ရေချိုးမှားပြီးဖျားလို့ ကိုယ့်ဘာသာ နေသာရမလားမှတ်ပါတယ်၊ ရှင်က မြွေရှင်းရာ ကင်းလာမှောင့်တာလား"
"မနေ့က ကျောင်းထဲမှာ မင်းကို လှည့်ရှာသေးတယ်၊ မင်းတို့က ဘာအထိမ်းအမှတ်နဲ့ ဘုရားအတူသွားကြတာလဲ၊ မင်းတို့ကို လှိုင်းခေတ်ကမြင်ပြီး ပြန်ပြောပြထားလို့ ငကိုယ်ကသိနေတာ"
"သြ...၊ တို့မွေးနေ့မို့ပါ၊ နောက်..
ဒါကိုသိနေတဲ့ နေခက အတင်း အိမ်လာခေါ်ပြီး လိုက်ပို့လို့၊ သူနဲ့တို့က အိမ်ချင်းကပ်ရပ်လေ"
"ဒါနဲ့ အေဇက်တို့က ဘယ်မြို့နယ်မှာနေတာလဲ"
"မြောက်ဒဂုံမှာနေတာ၊ ရှင်ကကော.."
"မြောက်ချင်းတော့တူတယ်၊ မြောက်ဥက္ကာလာပ"
"အဲဒါ..နေခနဲ့ တို့မိဘတွေက လူကြီးချင်းလည်း ရင်းနှီးနေတော့ မျက်နှာပျက်ကြမှာစိုးလို့ လိုက်သွားတာ၊ သူက ကတိပေးတာကောကြောင့်ပဲ"
"ဘာကတိလဲ၊ သူလားရာဂတိ တခုခု သွားတော့မယ်ဆိုတဲ့ ကတိလား"
"အယ်..တို့မကြည်ဖြူရင် နောက်ဆို အနားမှာရှိမနေတော့ပါဘူး၊ ဒီတခါ နောက်ဆုံးပါဆိုပြီး ပြောလို့လေ၊ တကယ်တော့ သူ့မှာကလည်း အကြံနဲ့ရယ် "
"သြ..ခရုမှာလည်းအဆံနဲ့၊ မျောက်မူးလေးမှာလည်း အကြံနဲ့တဲ့လား"
"ဘုရားဝတ်ပြုပြီးတော့..ဒီလို သူနဲ့တွဲသွားတွဲလာမလုပ်ချင် ကပ်မနေချင်ရင်..သူ့ကို ချစ်တယ်လို့ တခါတည်း ဘုရားမှာ တိုင်တည်ပြီး အဖြေပေးတဲ့ "
"အံမယ်..လာလာချည်သေး..ကပ်စုံဘေးစိုက်မယ့် ကောင်က"
"အဖြေရရင် ကပ်တွဲမနေတော့ဘဲ ဘွဲ့ရပြီးတာနဲ့ လက်ထပ်ဖို့ ရည်ရွယ်ထားလို့တဲ့၊ တောင်းရမ်းမလို့တဲ့"
"တောင်းရမ်းဖို့များ..အေဇက်ကိုတော့ လိုချင်လို့မရပါဘူး၊ ဘွဲ့ရပြီး ဘာလုပ်ရမယ်မသိရင်လည်း မိန်းမယူဖို့စိတ်ကူးမယ့်အစား တောင်းရမ်းဖို့ ခွက်လိုချင်တယ်ဆိုတော်သေး၊ ခွက်ကြိုဝယ်ပေးလို့ရတာကို.."
"ကြားထဲမှာ တို့က သစ္စာစောင့်ထိန်းရဦးမတဲ့"
"လက်မခံလိုက်ဘူးမှတ်လား"
"အဲ့ဒီ့ အချိန်မှာ ရသေ့ကြီးတပါးက အနားရောက်လာတယ်"
"ဟင်...ရွှေတိဂုံကုန်းတော်ပေါ်က ဒေါင်ဒေါင်မြည်သံ ခေါင်းလောင်းသံ..ယောဂီရောင်ဝတ်စုံကြီးနဲ့ အေဇက်
မသိတဲ့ ရသေ့ကြီးရယ်ပေါ့"
"ဒေါက်ချာကြီးဆောင်း မုတ်ဆိတ်ပါးသိုင်းဖြူဖြူနဲ့ကောရှင့်၊ သူက စူးစူးစိုက်စိုက်ကြည့်ပြီး ဘာပြောတယ်မှတ်လဲ "
"မသိဘူးလေ၊ ငါ့ရင်ထဲမှာ ပုဏ္ဏားလေးမရှိပါဘူးဆို၊ သူက ဘယ်လိုပြောလို့လဲ.."
"ငါ့သမီးက အိမ်ထောင်ပြုဖို့မပြောနဲ့၊
ချစ်သူတို့ ရည်းစားသနာတို့တောင် ထားခွင့်ရှိတာမဟုတ်ဘူးနော်တဲ့"
"ဘာရယ်.."
"ဟုတ်တယ်၊ အဖြစ်ရယ်က..."
"အေး..ပြော..ပြောစမ်းပါဦးဟာ.."
*****************************
"ရည်ရွယ်ထားလိုက်တာနဲ့တင် တို့ကို..ဘဝဟောင်း သိုက်နန်းက ပြန်ခေါ်သွားလိမ့်မှာတဲ့၊ ဒီအချက်နဲ့ တို့က ကတိကဝတ်ပြုပြီး ဥစ္စာသိုက်စောင့်အဖြစ်ကနေ လူ့ဘဝကို လာရောက်ခဲ့သူမို့တဲ့၊ အဲ့လိုဟောပြီးရသေ့ကြီးက ပြန်ကြွသွားတော့တာပဲ၊ တို့လည်း..အံ့သြမင်သက်ပြီး ကျန်ရစ်ခဲ့မိတယ်"
"မင်းဟာက ဘာသက်သေမှမရှိဘဲနဲ့ ယုံကြည်နေတာလား"
"လောကမှာ ကိုယ်မမြင်မသိနိုင်တဲ့ ဖြစ်ရပ်ဆန်းတွေလည်း ရှိသေးတာပဲလေ၊ သူက သမာဓိအားကောင်းလို့ အကြားအမြင်ရပြီး ပြောသွားတာမျိုးကောမဖြစ်နိုင်ဘူးလား၊ ကိုယ် လိုက်မမှီတိုင်း မရှိနိုင်ဘူးလို့မှတ်လို့မှမရတာ၊ ၃၁ဘုံ အလွှာစုံလို့ ဘုရားဟောရှိသေးရဲ့မဟုတ်လား"
"ဒါတော့ ဒါပေါ့ဟာ.."
"အဲဒါ.. တို့က ဟုတ်သည်ဖြစ်ဖြစ် မဟုတ်သည်ဖြစ်စေ မှန်နေမယ်ဆိုရင် ကိုယ့်အသက်ဘေးတော့ ကိုယ်ကြောက်မိတာပေါ့၊ တကယ်ဆိုရင် ဘွာတေးခတ်ချိန် ဘုတ်တေးပုတ်ချိန်တောင် ရမှာမဟုတ်ဘူးလေ၊ ဒီတော့ နေခကိုလည်းအပြတ်ငြင်းလိုက်တာပေါ့၊ နောင် ဘုတ်ရှုပ်လာလုပ်ရင် လူကြားထဲလည်း ပါးနဲ့လက်ဝါးပဲ ညားစေသတည်းဖြစ်ရမယ်၊ ဘာမှမထောက်ထားတော့ဘူးလို့ ပွမ်လိုက်တယ်"
"အေး..ကောင်းတယ်၊ မျောက်လက်ထဲက
ငှက်ပျောသီးလို သူ့ဘဝမတွေးရဲစရာဖြစ်အောင်သာ လုပ်ပစ်ဟာ၊ အယ်..ကိုယ့်ကိုကကောဟင်.."
"ရှင်ကလည်း တို့အသက်နဲ့တို့ကိုယ်ကို
တို့ချစ်တာထက် ပိုချစ်တယ်မလား"
"အေးလေ.."
"ဒီတော့..တို့အသက်ရှင်နေသေးတာမြင်ချင်နေသေးတယ်ဆိုရင် အလှပဲကြည့်နေတော့ပေါ့၊ တို့က လူ့လောကထဲကနေ ငယ်ငယ်ရွယ်ရွယ်နဲ့ ထွက်မသွားသေးချင်ဘူး၊ ဘဝရှေ့ခရီးကို လူ့သက်တမ်းစေ့နေနိုင်သွားရအောင် အပျိုကြီးဘဝနဲ့ပဲ ရိုးမြေကျနေသွားတော့မယ်လို့ တွေးထားလိုက်ပြီ၊"
"အာ..ဒါတွေက ဆိုက်ကိုဖောက်ပြီးလျှောက်ပြောနေတာလား၊ မင်း နေကောကောင်းရဲ့လား အေဇက်"
"ကောင်းပါတယ်၊ နေကောင်းပြီး ရှင်အဖြေတောင်းတာကိုပါ တခါတည်းပေးနေတာလေ ၊ ဒါကြောင့် ဝိတ်ပေါ့အောင် စိတ်လျှော့လိုက်တော့နော်"
ဘယ်နှယ့်ကြီးတုန်း....။
ကိုဓသည် အဖေအမေမနိုင်သည့် ကလေကချေစတိုင်နှင့် လူလည်းမဟုတ်။ လူတကာမကြည်သည့်ဘူဂျာလီငမွှေထိုးလည်းမမြည်။ ရူပါက ချူချာကာ ဒူလာစွဲနေသည့်သူမျိူးနှင့်လည်း မနှိုင်းသာပါ။
အေဇက်မိုင်က တုံ့ပြန်ချစ်မည်ဆိုလျှင် အမှတ်ကောင်းရရှိနိုင်သည့် အမျိုးကောင်းသားတဦးသာဖြစ်ပါသည်။
ကိုဓမှာ ကျန်ရစ်မဖြစ်ရအောင် အေဇက်မိုင်နှင့် ရန်မဖြစ်ဘဲ သူမ ပြန်ချစ်လာစေရေးအတွက် အပိုင်ပြောနိုင်မည်ဟု ထင်တလုံးရှိဖူးခဲ့ပါ၏။
ယခုမူ ကြောင်ရှေ့က ကြွက်လို ချောင်ပိတ်မိနေချေ၏။
တုံဏှိဘာဝေ ဖြစ်နေရရင်း အကြံအိုက် အကြပ်ရိုက်နေရသည်။
သွေ့ခတ်လာသော လေပျိုညှင်းသည်ပင် ကိုဓအပေါ် အေးမြလန်းဆန်းမှု မပေးစွမ်းနိုင်တော့။
မိန်းမသားတွေများ... ဘာမှ ခြေခြေမြစ်မြစ်မရှိသည့်ကိစ္စတခုကို အယူသည်းတတ်ကြပါသလား။
မထင်မှတ်ထားသော အခြေအနေတရပ်က ကိုဓကို လက်သီးပုန်းခွင်းလိုက်ချေပြီ။
*****************************
နှလုံးသွေးကြောထဲကနေ
အကြင်နာတရားကို
ယင်းထတယ်
ဝဲဘက်ရင်အုံကို
ဓာတ်မှန်ရိုက်ကြည့်ရင်
ပျောက်ဆုံးနေတဲ့
ဆဋ္ဌမမြောက်နံရိုးက
မင့်ကိုယ်တိုင်ပါပဲ
မျက်ကွယ်ပြုတောင်
ဆက်တွယ်တာမှာက ရှိနေဦးမှာပဲ
ပန်းကလေးရေ...
လက်နဲ့မလွယ်လည်း
အသက်နဲ့ဆွယ်မယ် ။
@@@@@@@@@@@@@@
အခန်း(၇)
ညဦးသန္ဓေစတည်ရာ ဆည်းဆာမှောင်ရီပျိုးချိန်။
ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေမဟာ လက်ဖက်ရည်ဆိုင်တွင် လှိုင်းခေတ်နှင့်ကိုဓ တို့မှာ လက်ဖက်ရည်ပေါ့ဆိမ့် ကိုယ်စီသောက်သုံးလျက်နေကြသည်။
ကိုဓက သူ့နှလုံးသားကမ္ဘာမှ တခုတည်းသော အချစ်မိုးကောင်းကင် အေဇက်မိုင်နှင့်ပတ်သက်၍ ခံစားနေရမှုကို လှိုင်းခေတ်ထံ ရင်ဖွင့်မိ၏။
"ဒါများကွာ..သွေးသွားစစ်တာ HIV တွေ့လို့ စိတ်ညစ်ခေါင်းငုံ့ လမ်းငိုက်စိုက်လျှောက်လာတုန်း ခွေးရူးနဲ့တိုးလို့ ထွက်ပြေးလာရသူလို၊ နေမကောင်းလို့ အိပ်နေပါတယ်ဆိုကာမှ ဆင်နင်းခံရတဲ့အိပ်မက်မက်လို့ လန့်နိုးလာရသူလို၊ ဝမ်းသွားရင်းတန်းလန်းက အိမ်သာထဲမှာ မြွေနဲ့တောက်တဲ့ တပြိုင်နက်ဝင်လာတာတွေ့တဲ့သူတွေလောက် မင်းကံမဆိုးသေးပါဘူး၊ ဒီမှာကွာ... မင်းသတိမထားမိတဲ့ အမှန်အကန်အကြံဥာဏ်တခုကို ငါပြောပြမယ်၊ ငါးပိစားပြီးပေါင်မုန့်လေချဥ်တက်ပြတာမျိုးမဟုတ်ဘူးနော်၊ လက်တွေ့ကျကျ
အသိပေးမှာ"
"ဘယ်လိုများလဲ.. "
"မင်းတို့အိမ်နားမှာ ပယောဂဆရာ ဦးဝေဇေယျာ ရှိတယ်လေကွာ "
"ဟေ..ဟိုဆရာ..ဦးဝေဒနါ..အဲ..ဇေယျာ.."
"အေး..အဲ့ဒါ..အေဇက်မိုင်ကိုပြောပြလိုက်၊ သူ့ကိုသိုက်က ဆက်နွယ်ထားတဲ့ သိုက်ကြိုးတွေကို ဖြတ်လိုက်မယ်ဆိုရင် ပြန်ခေါ်လို့မရတော့ဘူး၊ ဘာမှစိတ်ပူစရာလည်း မလိုတော့ဘူး၊ အေး..အဲ့ဒီ့သိုက်ကြိုးကို ဖြတ်ပေးမယ့် ပယောဂဆရာလည်းရှိတယ်လို့ အကြံကူလိုက်"
"အဲ့ဒါကို ငါမေ့နေတာကွ"
"အေဇက်မိုင်လက်ခံမယ်ဆိုရင်..ဆောင်ရွက်လို့ရတယ်ဆိုပြီးလည်း နားသွင်းလိုက်၊ ဒီပယောဂကင်းသွားရင် မင်းလည်း အေဇက်မိုင်နဲ့အဆင်ပြေအောင် ဆက်ပြီး ဖန်တီးလို့ရပြီပေါ့ကွာ.."
"ဟာ..ဟုတ်ပ၊ ပညာရှိသတိဖြစ်ခဲဆိုတာမှန်လိုက်တာကွာ..၊ သတိမမူမိလို့ ဂူမမြင်တာပဲ၊ အေး..ကျေးဇူးပဲကွာ"
****************************
မင်းကိုချစ်တဲ့စိတ်နဲ့
ကိုယ့်ဘဝကိုယ်ထုဆစ်ရင်း
မင့်ရဲ့အကြင်နာရင်ငွေ့မှာ
ခိုလှုံခွင့်ရသူဖြစ်လိုတယ်
ကိုယ့်မျက်ဝန်းမှာ
ကိုယ့်အသိဥာဏ်မှာ
ကိုယ့်နှလုံးသားမှာ...
မင်းသာအသိမ်မွေ့ဆုံးနတ်မိမယ်
ဘယ်လိုအလှအပမျိုးမှ
မင်းကို မယှဥ်နိုင်ဘူးဆိုတာက
မင်းအပေါ်
ကိုယ့်ရဲ့ သစ္စာတရားနဲ့
ဆုံးဖြတ်သတ်မှတ်ထားမှု
မျှော်လင့်မှုကို အဖော်အဖြင့်ပြုရင်း
ချစ်တယ်ဆိုတဲ့
နူးညံ့သော တုံ့ပြန်စကားလေးတခွန်းကိုသာ
ပျော်ခွင့်တခုအနေနဲ့
ကိုယ့်ကမ္ဘာမှာ ရချင်တယ်
ကိုယ်တို့ရဲ့
သာယာတဲ့အနာဂတ်အိမ်လေး တည်ဆောက်ရေးအတွက်
နူးညံ့စွာ အုတ်မြစ်ချပေးမယ့်သူက
မင်းတယောက်သာ တတ်နိုင်မယ်။
@@@@@@@@@@@@@@
အခန်း(၈)
အေဇက်မိုင်ဆီမှ အကြင်နာမလစ်ဟင်းသော မြင်သာမည့်ချစ်ခြင်းတရားကို နွေအလယ် ရေပြယ်နေသော စံပယ်တရုံက အေးမြမှုကို တောင့်တနေသလို ကိုဓခမျာ မွတ်သိပ်စွာ မျှော်လင့်နေမိပါသည်။
အိမ်အပေါ်ထပ် ဝရန်တာတွင် ရပ်ရင်းက ညကောင်းကင်ကို မော့ကြည့်မိ၏။
all starဖိနပ်ပင် မရှိသေး၊ ကြိုးချည်ပေးမည့်သူကို စိတ်ကူးယဥ်မိသူလို၊ ချစ်သူပင်မရသေး၊ ဘိုလိုအနမ်းကို ငိုယိုမလွမ်းဘဲလိုချင်နေမှုတော့ လက်တွေ့တွင် ကိုဓဖြစ်မနေပါ။
သို့သော် သူ၏ သုပိနကူ(အိပ်မက်)အတွင်းကိုတော့ အေဇက်မိုင်ကို ချင်းနင်း ဝင်ရောက်လာစေချင်ပါသည်။
ထိုအခိုက်
"အောင်ပြီ..အောင်ပြီ...အောင်ပြီ.."
တဖက်အိမ်ဆီမှ ကြွေးကြော်သံတခုသည် ည၏ ဆိတ်ငြိမ်အောက်တွင် အရှိန်လွင့်ပျံ့လာချေသည်။
ဘာအောင်ပါသည်လဲ။
သြ..ပယောဂဆရာအိမ်မှ ထွက်ပေါ်လာသောအသံ။
သူ့လုပ်ငန်းကိစ္စတခု ပြီးမြောက်၍ ဥဒါန်းကျူးရင့်ခြင်း ဖြစ်ကောင်းပေလိမ့်မည်။
ထိုပယောဂဆရာထံ အေဇက်မိုင်၏ သိုက်ကြိုးဖြတ်ရမည့်အခြေအနေကိုလည်း ပြောပြထားရဦးမည်။
ယခုမူကား...
အေဇက်မိုင်နှင့်ပင်ဆုံခွင့်ထပ်ရဦးမည်မဟုတ်သေး။ ကိုဓ ကျောင်းနားရက်ယူထားရပေဦးမည်။
လှိုင်းခေတ်၏ညီလေး နာရေးရက်လည်အတွက် သွားရောက်ကူညီပေးရဖို့က ရှိသေးသည်လေ။
သဘက်ခါ ဆွမ်းသွပ်တရားနာတွင် ကျွေးမွေးကုသိုလ်ပြုဖို့အတွက် မနက်ဖြန်ကစတင်၍ လိုအပ်သည်များကို ဝိုင်းဝန်းလုပ်ကိုင်ပေးရမည်ဖြစ်လေသည်။
****************************
ဘဝဟာ ခဏတာပါလို့
တဖွဖွပြောရင်းက
သူရှင်သန်နေချိန်မှာ
တခါလောက်ပဲဖြစ်ဖြစ်
တို့..တခုတ်တရ
ဂရုတစိုက်ရှိပေးခဲ့ဖူးရဲ့လား
သူ့လိုအင်တခုခုကို
အတတ်နိုင်ဆုံး ဖြည့်စည်းပေးဖို့
ကြိုးစားကြည့်ပေးဖူးပါသလား
ကောင်းရာမွန်ရာရောက်ဖို့ကိုတော့
တို့ရည်စူးလိုက်ကြတာပါပဲ
သူကောလေ
အသိအမှတ်ပြု လိုချင်ပါရဲ့လား
တို့နဲ့သက်ဆိုင်ပြီးလည်း
မနာကျင်ဖူးဘူးပဲ ထားလိုက်လို့
ရယ်သွေးဖွဲ့
ဆိုနေလေရော့ဦးမလား
သေဆုံးဖို့အတွက်
နာကျင်မှုနဲ့
မွေးဖွားလာကြတယ်
မွေဖွားလာမှုတွေနဲ့ ဆုံရ
သေဆုံးခြင်းတွေနဲ့ကြုံရ
တဖန် မွေးဖွားဖို့အတွက်လည်း
နာကျင်စွာ
သေဆုံးကြရမှာပေါ့ကွယ်။
@@@@@@@@@@@@@@
အခန်း(၉)
နေ့လယ်ခင်း အာကာပြင်ထက်တွင် ကျောက်စိုင်ကျောက်တန်းများသဖွယ် ပုံသဏ္ဍာန်ရှိသည့် တိမ်စိုင်တိမ်လိပ်များကို မီးပွိုင့်မိနေသော ကားတန်းကြီးလို တန်းစီ တွေ့မြင်ရ၏။
"မီးမွှေးတဲ့မိန်းကလေး ခေါ်လာပေးပါ"
"ဗျာ..အကို၊ ကျွန်တော်တို့ဆိုင်မှာက လျှပ်စစ်ဓာတ်နဲ့ ချက်ပြုတ်တာလေ"
နွေချိုတေးကန်တင်းဆိုင်မှ စားပွဲထိုးလေး၏ ပြန်အမေးအား ကိုဓက လက်ကာပြလိုက်၏။
"ဒီလိုကွာ၊ 'ထင်း' နဲ့ချက်ရင်က မီးမွှေးရတယ်လေ၊ မိန်းကလေးကတော့ 'မ' ၊ဒီတော့..'ထင်းမ'၊ ထင်းမ ဆိုတော့ 'ထမင်း' လို့ ခေါ်တာ၊ ထမင်းမှာတာ"
"အာ..သိပြီ၊ စကားလိမ်နဲ့ပြောတာပေါ့လေ..၊ သြ..ခုမှသေချာကြည့်မိတယ်၊ ဟိုတခါက အကိုပဲ"
စာပွဲထိုးလေးက ကိုဓကို မှတ်မိသွားသည်။
ဆက်လက်၍လည်း
"အကိုက ဘရိတ်ဒါးလို ရှင်းနေတာကို မုတ်ဆိတ်လို လာရှုပ်နေတယ်၊ တကတည်းဗျာ..၊ ကိုင်း..ဘာနဲ့စားမှာလဲ"
ပြောလည်းပြော၊ မေးလည်းမေးသည်။
"လက်နဲ့လေ၊ လက်နဲ့မှ ဇွန်းနဲ့ခရင်းနဲ့ကို ကိုင်စားမှာဗျား၊ ကန်တင်းမှာ ဘယ်သူက ခြေထော
Unlock to read this premium article with 10 points.