Author's Profile Photo

တင်ညွန့်

17/01/2025

သစ္စာဖောက်တို့သွားရာလမ်း

1 min read
General Knowledge
သစ္စာဖောက်တို့သွားရာလမ်း's photo

လူစည်ကားရာ ဈေးသို့ ချိုးထောင်သမားသည် ခြင်း တောင်းကြီးတစ်လုံးကိုရွက်ကာ ရောက်လာသည်။ သူလက်ထဲတွင် ချိုးငှက်လေးတစ်ကောင်ထည့်ထားသည့် လှောင်အိမ်လေးတစ်လုံးကို ဆွဲလာသည်။ ခြင်းတောင်းကြီးထဲတွင်ကား ချိုးငှက်ပေါင်း အကောင် ၂၀ ခန့်ရှိမည်ထင်သည်။

ချိုးထောင်သမားသည် အရိပ်ကောင်းသည့် ညောင်ပင်ကြီးအောက်တွင် ရွက်လာသောခြင်းတောင်းကြီးကို ချလိုက်ပြီး

“ချိုးတွေ ... ချိုးတွေ” ဟု အော်လိုက်သည်။

ချိုးငှက်အရှင်လေးတွေက ခြင်းတောင်းကြီးထဲတွင် ခုန် ပျံပြေးလွှားနေကြသည်။ သူတို့သည် မကြာမီ သတ်စားမည့်သူတွေလက်ထဲ ရောက်မည်လား၊ မွေးထားမည့်သူတွေလက်ထဲကို ရောက်လေမလား။ သူတို့ဘဝသည် ဘာမျှ မရေရာလှပေ။ သတ်စားခံရဖို့ကများနေသည်။

တောထဲတွင် အေးချမ်းစွာ ပျံသန်းပြီး အစာရှာစားနေကြရသောဘဝမှ ချိုးထောင်သမား၏ အဖမ်းကို ခံရကာ၊ ယခု ရောင်းစားခံရမည့် ဘဝကိုရောက်နေကြပေပြီ။

“ချိုးတွေ ... ချိုးတွေ”

ချိုးထောင်သမားက အော်ရောင်းနေသည်။

လူတွေတစ်ယောက်ပြီးတစ်ယောက်ရောက်လာက ဈေးမေးသည်၊ ဈေးဆစ်ကြသည်။

နောက်ဆုံးတွင်ခြင်းတောင်းကြီးထဲက ချိုးတွေ အားလုံးကုန်သွားသည်။

ချိုးထောင်သမားသည် လက်ထဲသို့ ရောက်လာသော ငွေများကို ရေတွက်ပြီး အိမ်အပြန် ဘာတွေကိုဝယ်သွား ရမည် ဆိုခြင်းကို တွက်ချက်နေသည်။

ထိုစဉ် လူငယ်လေးတစ်ဦးက ရောက်လာပြီး

“ချိုးတစ်ကောင် ဘယ်လောက်လဲ” ဟုမေးလိုက်သည်။

“ငါ့တူ ဦးလေးပါလာသော ချိုးတွေ အားလုံးရောင်းချပြီးပါပြီ”

“ဟိုမှာ တစ်ကောင် ကျန်သေးတယ်လေ”

“အဲဒီချိုးက ရောင်းဖို့မဟုတ်ဘူးကွယ့်”

“ဦးလေးရယ် ဦးလေးက ချိုးဖမ်းသမားပဲ။ ဘယ်အချိန်မဆို ပြန်ရှာလို့ရနိုင်တာပဲ။ ကျွန်တော့်ကို အဲဒီချိုး ရောင်းလိုက်ပါ”

“အဲဒီချိုးက ရောင်းဖို့မဟုတ်ဘူးကွယ့်”

“ဘာဖြစ်လို့လဲခင်ဗျာ”

“အဲဒီချိုးက ငါ့ထမင်းအိုးလေးပါ။ သူက ငါတို့မိသားစုကို ရှာကျွေးနေတာ”

“ချိုးက လူတွေကို ရှာကျွေးတယ် ဟုတ်လား”

“ဟုတ်တယ်ကွယ့် ... အဲဒီချိုးက ငါငယ်ငယ်လေးကတည်းက မွေးထားပြီး လေ့ကျင့်သင်ကြားပေးထားတာ”

“ဘယ်လိုများ လေ့ကျင့်သင်ထားပေးသလဲခင်ဗျာ”

“သူ့ကိုတောထဲရောက်ရင် သူ့အဖော် ချိုးတွေလာအောင် သူက အော်ပေးရတယ်”

“ဘယ်လိုအော်ပေးရသလဲခင်ဗျာ”

“အန္တရာယ်ကင်းတယ်ဟေ့ ... ဒီနေရာကိုလာကြ ... စပါးတွေ စားသောက်ကြ ... ပဲတွေ စားသောက်ကြ ... ငါတော့ ဒီမှာ အသင့်ရတဲ့ အစာတွေစားပြီး ဝဖြိုးနေပြီလို့ အော်တာဖြစ်မှာပေါ့”

“သူအော်လိုက်တော့ သူ့အဖော်တွေလာရောလား”

“လာတာပေါ့ ... သူကအန္တရာယ်ကင်းတယ်လို့ အချက် ပေးမှ သူတို့ကလာကြတာ။ သူ့အဖော် ချိုးတွေ ရောက် လာမှ ထောင်ထားတဲ့ ပိုက်ကွန်နဲ့ အဖော်တွေကို ဖမ်းလိုက်တာ။ ဒါကြောင့် ဦးလေးလည်း ဒီကောင်နဲ့ ရှာဖွေစားသောက်နေရတာ။ ဒါကြောင့် သူ့ကို မရောင်းနိုင်ပါဘူးကွယ်။ သူ့လိုကောင်မျိုးလေးတစ်ကောင်ရဖို့ ဆိုတာ မနည်းလေ့ကျင့်ပေးထားရတာ”

“ဦးလေးရယ် မရောင်းချင်လည်းနေပါခင်ဗျာ ... ဦးလေးရဲ့ လိမ္မာတဲ့ ချိုးလေးကို ကိုင်ကြည့်ပါရစေခင်ဗျာ”

ချိုးထောင်သမားက လှောင်အိမ်လေးထဲမှာ ချိုးငှက်လေးကိုထုတ်ပြီး တယုတယပွတ်ကာ လူငယ်လေး လက်ထဲကိုထည့်လိုက်သည်။

“သေသေချာချာကိုင်နော်”

“သူက ပျံပြေးတတ်သလား”

“သူက ဘယ်သွားလို့ ဘယ်လာ ဘယ်လိုပျံရမယ်မှန်းတောင် မသိတဲ့ကောင်ပါကွယ်။ သူက တစ်နေရာကို ပျံထွက်သွားရင် ငတ်မှာကြောက်တဲ့ အကောင်လည်း ဖြစ်ချင်ဖြစ်မှာပေါ့”

လူငယ်လေးကချိုးလေးကို လက်ထဲတွင် မြဲစွာဆုပ်ကိုင် ထားပြီး ထွက်ပြေးလေတော့သည်။

“ဟေ့ ... ဟေ့ ... ဘယ်လိုလုပ်လိုက်တာလဲ”

ချိုးထောင်သမားက လူငယ်လေးနောက်ကို ပြေးလိုက်သည်။

လူငယ်လေးက

“ကိုယ့်အမျိုးချင်း သစ္စာမဲ့တဲ့အကောင် သေဟ ... သေဟ” ဟုပြောကာ ချိုးငှက်ကို သတ်ပြီး လမ်းဘေးတွင် ပစ်ထားခဲ့သည်။

လူငယ်လေးလည်း လူကြားထဲပျောက်သွားသည်။

ချိုးထောင်သမားလည်း သေနေသောချိုးကိုပိုက်ကာ ငိုင်ပြီးကျန်ခဲ့သည်။

တင်ညွန့်

၁၇.၁.၂၀၂၅

Keep Reading

ဖိုမ ပညာပေး သင်ကြားရေးသင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား(အပိုင်း-၆)Victor Hugo ဘဝအမောပြေမီးလောင်မြေအတ္တအမွေအနှစ်လား လံကြုပ်လား အပိုင်းသုံးအမွေအနှစ်လား လံကြုပ်လား အပိုင်းငါးအထက်တန်းစားနှင့်အောက်တန်းစားအတ္တမာန အမွေအနှစ်လား လံကြုပ်လား အပိုင်းလေး