အက္ခရာ - Haruki
ကျွန်တော်တို့ရှင်သန်နေတဲ့ ပတ်ဝန်းကျင်ရဲ့လူအများစုကတော့ မျက်ရည်ကျတာ၊ ငိုတာကို အရှုံးပေးတယ်လို့ သတ်မှတ်ကြတယ်။ လက်မြှောက်သွားတယ်လို့ခံယူကြတယ်။ ပျော့ညံ့တယ်လို့ ယူဆကြပါတယ်။ ငိုတဲ့သူ၊ မျက်ရည်ကျတဲ့သူက ခံနိုင်ရည်မရှိဘူးပေါ့။ တကယ်ပဲ မျက်ရည်ကျတဲ့သူ၊ ငိုတဲ့သူက ပျော့ညံတာလား။ အရှုံးပေးတာလား။
အဖြေက လုံးဝလုံးဝမဟုတ်ပါဘူး။ ကျွန်တော်စာအုပ်တစ်အုပ်မှာဖတ်ဖူးတယ်။
Tears are powers. တဲ့
မျက်ရည်ဟာ အင်အားပါ။ မျက်ရည်ဟာ အားသစ်မွေးဖို့ အားနည်းစိတ်ပျက်ခြင်းတွေကို မောင်းထုတ်ပစ်လိုက်တာပါ။ ကျရှုံးခြင်းကိုနှစ်သိမ့်ပေးတဲ့ အကောင်းဆုံးလက်နက်ပါ။ ဒဏ်ရာတွေကို ဆေးကြောပေးနိုင်ပါတယ်။ နာကျင်ခြင်းတွေကို မေ့ဖျောက်ပေးနိုင်ပါတယ်။
ကျွန်တော်ငယ်ငယ်ကဆိုရင် အမေ ဒါမှမဟုတ် အဖေကရိုက်ပြီဆိုရင် ဝမ်းနည်းမှုတွေကိုအားရအောင်ငိုပါတယ်။ ပြီးရင် စားစရာရှိတာအားရပါးရစားပြီး ကစားစရာရှိတာ သွားကစားတော့တာပါပဲ။ တကယ်တော့ ငိုလိုက်တာဟာ နာကျင်ခြင်းတွေကိုနှစ်သိမ့်ပေးခြင်း၊ အန်ထုတ်လိုက်ခြင်းဖြစ်ပါတယ်။
အဲ့ဒီလိုပါပဲ ကျွန်တော်တို့လူအများစုဟာ အရွယ်ရောက်လာတဲ့အခါ လောကဓံရဲ့ ရိုက်ပုတ်၊ ထိုးနှက်ချက်တွေကို အမျိုးမျိုးရင်ဆိုင်ရတဲ့အခါ မျက်ရည်မကျနဲ့၊ ငါအရှုံးမပေးဘူး။ မျက်ရည်မကျဘူး၊ ငါအားတင်းထားမယ် ဆိုပြီး ကြိတ်မှိတ်ပြီး နာကျင်မှုဆိုတဲ့အရာတွေကိုမျိုချတတ်ကြပါတယ်။
အဲ့ဒီလိုအခြေအနေမျိုးရောက်ရင် စာဖတ်သူလေးကိုအကြံတစ်ခုပေးပါရပါစေ။
အဲ့တာကတော့ စိတ်ဒဏ်ရာတွေရတဲ့အခါ လွတ်လွတ်လပ်လပ် တစ်ခါလောက်တော့ ငိုကြွေးကြည့်လိုက်ပါ ဆိုတာပါပဲ။ အလုပ်အကိုင်တွေ အဆင်မပြေတော့လို့ ပိတ်လှောင်နေသလိုခံစားလာရတော့တဲ့အခါ ငိုချပစ်လိုက်ပါ။ ရည်း စားနဲ့ ပြတ်သွားလို့ အသည်းကွဲပြီး လုံးဝမခံစားနိုင်တော့တဲ့အခါ အားရပါးရ ငိုပစ်လိုက်ပါ။
ကိုယ် ခံစားနေရတဲ့ဒဏ်ရာတွေ၊ နာကျင်ခြင်းတွေ၊ ဝမ်းနည်းသောကတွေဟာ မျက်ရည်နဲ့အတူပါသွားပြီး ပေါ့ပါးလွတ်လပ်သွားပါလိမ့်မယ်။ ငိုတဲ့အခါမှာလည်း ခံစားရတာတွေပေါ့သွားတဲ့အထိ ငိုချပစ်ပါ။ အဲဒီအချိန် ကျလာတဲ့မျက်ရည်တွေကို လက်နဲ့စမ်းကြည့်ပါ။ ပူနေတယ်မဟုတ်လားစာဖတ်သူလေး။ မျက်ရည်ပူတွေပါ။ ဒါကြောင့် ငိုတယ်ဆိုတာ မျက်ရည်ပူတွေနဲ့တူညီတဲ့ ကျွန်တော်တို့ရဲ့ အပူအပင်၊ စိုးရိမ်ကြောက်ကျမှုတွေကို သွန်ထုတ်လိုက်တာပါပဲ။
ဒီနေရာမှာ ကျွန်တော်အနေနဲ့ စာဖတ်သူလေးကို မင်းယောကျ်ားမဟုတ်ဘူးလား။ ယောက်ျားဆိုတာ မျက်ရည်မကျရဘူး။ ငိူတယ်ဆိုတာ ပျော့ညံ့တာ၊ အရှုံးပေးတာ စတဲ့ ငိုတာကိုချုပ်တည်းစေတဲ့ အယူအဆလွဲနေတဲ့စကားတွေကို နားမဝင်စေချင်ပါဘူး။
ထပ်ပြီးအကြံပေးပါရစေ စာဖတ်သူလေး...
နာကျင်မှုတွေကို မခံစားနိုင်တော့တဲ့အခါ ငိုပစ်လိုက်ပါကွာ။ ပေါ့ပါးမှုကို စာဖတ်သူလေးပြန်ခံစားရပါလိမ့်မယ်။
မျက်ရည်ဆိုတာဟာလည်း ငိုဖို့ပါ။ ငိုဖို့မဟုတ်ရင် ဘာလုပ်ဖို့ထားတာလဲ။ ဒဏ်ရာတွေ၊ နာကျင်ခြင်းတွေ၊ ဝမ်းနည်းပူဆွေးမှုတွေဟာ အချိန်ရှိတိုင်း ဖြစ်ပေါ်နေမှာမှမဟုတ်တာပဲ။ ဖြစ်ပေါ်လာတဲ့အခါ ကြိတ်မှိတ်ဒဏ်ရာအဖြစ်မခံဘဲ ငိုချလိုက်ပါ။ အချိန်တန်တဲ့အခါ အားလုံးဟာ ပြီးဆုံးသွားမှာပါပဲ။
မျက်ရည်ကျတာ၊ ငိုလိုက်တာဟာ
အရှုံးပေးခြင်း မဟုတ်ပါဘူး။
အရှုံးကို အနိုင်ယူဖို့
အားမွေးခြင်းပဲ ဖြစ်တယ်။
နာကျင်ခြင်းတွေကို ကြိတ်မှိတ်မခံစားပါနဲ့။
ငိုချပစ်လိုက်ပါ။ ငိုချလိုက်ပါ။
နာကျင်ခြင်းတွေကို မျက်ရည်ပူတွေနဲ့ဆေးကြော ဖယ်ရှားရင်း
အားသစ် အင်သစ်တွေနဲ့
လောကကြီးကိုအနိုင်ယူလိုက်ရအောင်လားခင်ဗျာ။
ᏂᏗᏒᏬᏦᎥ
Keep Reading