Author's Profile Photo

ရွှေငါး

8/01/2025

ဂျပန်မျောက်တွေ ဘာကြောင့်နီ

2 mins read
Education
Culture
Entertainment
ဂျပန်မျောက်တွေ ဘာကြောင့်နီ's photo

? ဂျပန်ပြည်က မျောက်တွေဟာ မျက်နှာနီနီ ဖင်နီနီနဲ့ ဘာ့ကြောင့် အဲ့လိုနီနေကြတယ်ဆိုတာ ဒီပုံပြင်လေးထဲမှာ ပြောပြပေးသွားမယ်နော်။

?တစ်ခါတုန်းက တောစပ်နားက ရွာကလေးတစ်ရွာရဲ့ အိမ်ကလေးတစ်လုံးမှာ အဘိုးအဘွားနှစ်ယောက်နေကြတယ်။ သူတို့ဟာ တစ်နေ့ကျတော့ မအိပ်ခင်မှာ အေးအေးလူလူ ရေနွေးကြမ်းလေး သောက်ပြီး စကားပြောနေကြတုန်း သူတို့အိမ်ကို သူခိုးကပ်သတဲ့။

?သူခိုးဟာ အဘိုးနဲ့အဘွားအိပ်ပျော်မယ့်အချိန်ကို စောင့်ခိုးမယ်ပေါ့ဆိုပြီး ထုတ်တန်းတစ်ခုပေါ်မှာ တိတ်တိတ်လေး နေနေတယ်။

?အဲဒီအချိန်မှာလည်း တောထဲက မြေခွေးတစ်ကောင်ကလည်း အဘိုးနဲ့အဘွားတို့အိမ်ကို အစာရှာရင်း ရောက်လာတယ်။ မြေခွေးကလည်း အဘိုးနဲ့အဘွားရဲ့ တစ်ကောင်တည်းသော မြင်းကို ဆွဲမယ်ပေါ့ဆိုပြီး သူလည်း ထုတ်တန်းတစ်ခုပေါ်မှာ တိတ်တိတ်လေး နေနေတယ်။

?အဘိုးနဲ့အဘွားလည်း မအိပ်သေးဘဲ စကားဆက်ပြောနေကြသေးတယ်။
"ရှင်မရေ လောကမှာ ကြောက်စရာအကောင်းဆုံးအရာက ဘာလဲသိလား" လို့ အဘိုးက မေးလိုက်တယ်။

"အို ကြောက်စရာကောင်းတာက.....အင်း .... သူခိုးပေါ့ရှင့်။ ကိုယ်ရှာထားသမျှ သူခိုးရင် ကုန်ရောလေ"

?သူခိုးက ဒီစကားကို ကြားတော့ အင်း ငါက ကြောက်စရာအကောင်းဆုံးသူပဲကိုး လို့ တွေးလိုက်တယ်။

"စဉ်းစားပါဦးကွာ သူခိုးထက် ကြောက်စရာကောင်းတာ ရှိသေးလား" လို့ အဘိုးက ထပ်မေးတယ်။

"သိပြီ သိပြီ မြေခွေးကြီးပေါ့တော့ မြေခွေးက သူခိုးထက်ကြောက်ဖို့ကောင်းတယ်" လို့ အဘွားကဖြေတယ်။

?မြေခွေးကလည်း သူဟာ ကြောက်စရာအကောင်းဆုံးပါလားဆိုပြီး ပြုံးနေတယ်။

"သူခိုးတွေ မြေခွေးတွေထက် ကြောက်ဖို့အကောင်းဆုံးအရာ ရှိတာပေါ့ကွ" လို့ အဘိုးက အားရပါးရပြောလိုက်တော့ သူခိုးနဲ့ မြေခွေးဟာ "ဟာ ငါ့ထက် ကြောက်စရာကောင်းတာ ရှိတယ်ဆိုပါလား" ဆိုပြီး ထုတ်တန်းပေါ်ကနေ ငုံ့ပြီး သေချာနားစိုက်ထောင်နေမိတယ်။

?အဘိုးအိုက လက်ထဲက ရေနွေးပန်းကန်ကို ကုန်အောင်သောက်လိုက်ပြီး အဘွားနား နည်းနည်းတိုးပြီး ပြောလိုက်တယ်။

"မိန်းမ မင်းမှတ်ထား လောကမှာ ကြောက်စရာအကောင်းဆုံးက ဇာဇာနတ်ဘုရား (ဒေဝေါ)ကြီးပဲကွ သူမကြာခင်ရောက်လာတော့မှာ"

?သူခိုးနဲ့ မြေခွေးဟာ သူတို့ထက်ကြောက်စရာအကောင်းဆုံးအရာဆိုတာ ဇာဇာနတ်ဘုရားလို့ ကြားလိုက်တော့ ကြောက်သွားတယ်။ သူတို့က ဇာဇာနတ်ဘုရားဆိုတာ မကြားဖူးဘူးလေ။

"ဇာဇာနတ်ဘုရား မကြာခင်ရောက်လာတော့မယ်ဆိုပါလား" လို့ တွေးနေကြတုန်း လျှပ်စီးတစ်ချက်လက်သွားတယ်။

အဘိုးက
"ဟော သူလာတော့မယ် နားထောင်"လို့ပြောတယ်။ အဲဒီအချိန်
"ဂျိန်း" လို့ မိုးကြိုးပစ်သံကအထွက် ထုတ်တန်းကြီးကလည်း ဝုန်းဆို ကျိုးကျသွားတယ်။

?သူခိုးနဲ့ မြေခွေးလည်း ပြုတ်ကျလာကြတယ်။ မြေခွေးကအောက်က သူခိုးက အပေါ်က။
မှောင်မှောင်မည်းမည်းနဲ့ မြေခွေးကလည်း သူ့ပေါ်ပြုတ်ကျလာတဲ့ သူခိုးကို ဇာဇာနတ်ဘုရားထင်ပြီး လန့်ပြေးပါလေရော။

?သူခိုးကလည်း သူပြုတ်ကျမိတဲ့ မြေခွေးကို အမွှေးကြမ်းကြီးတွေနဲ့ ကြောက်စရာ ဇာဇာနတ်ဘုရားပဲဖြစ်ရမယ်ဆိုပြီး ကြောက်ကြောက်နဲ့ ကိုင်ထားမိပြီး မြေခွေးပြေးရာ ပါသွားပါရော။

?မြေခွေးလည်း လာရာတောထဲဘက်ကို ပြေးတာပေါ့။ ကိုယ်ပေါ်ပါလာတဲ့ ဇာဇာနတ်ဘုရားဆိုတာကြီးကို ခါချဦးမှဆိုပြီး ကြောက်ကြောက်နဲ့ ပြေးရင်း ခါချနေရတယ်။

?သူခိုးလည်း သူ့ကို ဇာဇာနတ်ဘုရားဆိုတာကြီးက ဘယ်ကို ခေါ်သွားနေတာလည်း ငါ့ကိုအရှိန်နဲ့ပြေးရင်းနဲ့ ခါချနေသေးတယ်လို့ တွေးပြီး မြဲမြဲကိုင်ထားတယ်။

?နောက်ဆုံးတော့ အပင်ကြီးတစ်ခုရဲ့ သစ်ကိုင်းတစ်ခုနဲ့ ရိုက်မိသွားပြီး သူခိုးဟာ အနီးနားက ချိုင့်နက်ကြီးထဲ ကျကျန်ခဲ့ပါသတဲ့။ မြေခွေးလည်း ဇာဇာနတ်ဘုရားရန်ကလွတ်ပြီဆိုပြီး ပျော်နေတယ်။

?လမ်းမှာ သူ့သူငယ်ချင်း မျောက်ကို ပြောပြလိုက်တယ်။ မျောက်က မယုံပါဘူး။ ဒါနဲ့ မြေခွေးလည်း သူခိုးကျကျန်ခဲ့ရာ ချိုင့်နက်ကြီးဆီ မျောက်ကို ခေါ်သွားပြတယ်။ ချိုင့်က နက်လွန်းလို့ မမြင်ရဘူး။

"မင်းမယုံရင် မင်းအမြီးကြီး ချကြည့် ဇာဇာနတ်ဘုရားသာရှိရင် တစ်ခုခုထူးခြားလိမ့်မယ်" လို့ မြေခွေးကပြောလိုက်တယ်။

?အဲ့ဒီတုန်းက မျောက်တွေရဲ့ အမြှီးဟာ အရှည်ကြီးဆိုပဲ။ မျောက်လည်း တစ်ခါမှမကြားဖူးတဲ့ ဇာဇာနတ်ဘုရားကို မယုံတာနဲ့ မြေခွေးပြောတဲ့အတိုင်း သူ့အမြီးကို ချကြည့်လိုက်တယ်။

?ချိုင့်နက်ထဲကျနေတဲ့ သူခိုးလည်း ကျလာတဲ့ မြောက်အမြှီးကို သူ့ကို တစ်ယောက်ယောက်က ကယ်ဖို့ ကြိုးချပေးတယ်ထင်သွားပြီး ဆွဲတက်ဖို့လုပ်တယ်။

"ဟ ဟ အောက်က တကယ်ဆွဲတယ်ဟ မင်းပြောတာမှန်တယ်ထင်တယ်။ ငါ့ကိုပြန်ဆွဲပေးထားဦး မြေခွေးရေ" လို့ မျောက်က အော်တယ်။

?အဲဒီတော့ အပေါ်မှာ မြေခွေးက မျောက်ရဲ့လက်ကို ဆွဲ၊ ဟိုးအောက်မှာ သူခိုးက မျောက်အမြှီးကိုဆွဲနဲ့ တပြိုင်တည်း အားနဲ့ ဆွဲကြပါလေရော။ နောက်ဆုံးတော့ တင်းလွန်းလို့ မျောက်အမြီးဟာ ပြတ်သွားပြီး သူခိုးက အောက်ပြန်ကျသွားလေရဲ့။

?မျောက်ခမျာ ကြားထဲကနေ အမြှီးပြတ်သွားပြီးတော့ အရင်လိုအမြှီးမရှိတော့ဘဲ နာကျန်ခဲ့တဲ့ ဖင်နီနီကြီးပဲ ရှိတော့လို့ ရှက်ပြီး မျက်နှာတွေပါ နီကုန်သတဲ့။ အဲဒီအချိန်ကစပြီး ဂျပန်ပြည်က မျောက်တွေဟာ အခုတိုင် မျက်နှာနီနီ ဖင်နီနီနဲ့ တွေ့ရတော့တာပဲတဲ့ကွယ်။
?????
?????
(ရွှေငါး)

#ရွှေငါး
#ပုံပြင်
#ရိုးရာပုံပြင်
#ဂျပန်ရိုးရာပုံပြင်
#japanstories
#folktales
#avocadostoryrecipe

Keep Reading

Mindsetကလေးငယ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာမမေ့ချင်ဆုံးအမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသားဘဝ (Episode-4)ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါတက်ညီလက်ညီ ပန်းတိုင်ဆီသို့◾ဝိုက်ချ မောက်ချ ဘာကြောင့် ခွဲရေးတာလဲ❓မျက်လုံးခြောက်ခြင်း(Dry Eye)အတွက် ကျန်းမာရေးအသိပညာFinance Vs Accountingလဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်