Tawtawti
" ပိတောက်ပွင့်ရောင်လက်စွပ်နဲ့ ဒုတိယမြောက်ချစ်သူ "
-တက္ကသိုလ်နောက်ခံ အချစ်ဟာသလုံးချင်းဝတ္တု-
!တော်တော်တည်
အတိတ်ဆိုတာ
အနာဂတ်ကို အတူတူသွားသွားမယ်လို့ ယုံကြည်မှုနဲ့ တည်ဆောက်ခဲ့တဲ့
ပစ္စုပ္ပန်တခုပဲ။
တခါက ပစ္စုပ္ပန်နဲ့ လက်ရှိပစ္စုပ္ပန် တူညီဖို့ကတော့ နှစ်ဘက်စလုံးက မိမိစကားအပေါ်မိမိ လက်တွေ့လေးစားတတ်မှု၊ တဦးပေါ်တဦး စစ်မှန်တဲ့ ချစ်ခြင်းတရားနဲ့တန်ဖိုးထားတတ်မှုတို့ လိုအပ်လိမ့်မယ်။ ဒါမှ သစ္စာတရားယဥ်ကျေးမှု ဖြစ်ပေါ်လာမှာပေါ့။
@@@@@@@@@@@@@@
( နိဂုံး၏ နိဒါန်း )
ကိုဓသည် အေဇက်မိုင်၏ လက်ကလေးကိုဆွဲကာ အခြားသော ချစ်သူစုံတွဲများလို စားသောက်ဆိုင်၊ မြေနီကုန်း၊ လှည်းတန်း၊ ကန်တော်ကြီး၊ အင်းလျား၊ ဥယျဥ်ပန်းခြံ၊ ကမ်းခြေ စသည့် မည်သည့်နေရာကိုမှ သွားခွင့်မရလိုက်..။
ခမျာ...
မြန်မာပြည်တပတ်ဘုရားဖူးခရီးစဥ်လည်း မပြောနှင့်၊ မအူပင်မျှကိုပင် အတူရွှင်ပျ မရောက်ဖူးလိုက်..။
နှစ်ယောက် တကိုယ်ဝန် ဆိုသည့် လူမသေလူဖြစ်နိုင်မည့် အိမ်ထောင်သည်ဘဝကိုလည်း ဖြတ်သန်းခွင့်ရယ် မရှိတော့...။
သြော်...
ဖြစ်တည်မှုချင်းက အလွှာကွာခြားခဲ့ရပြီကိုး။
*****************************
နားခိုရာရိပ်ပျောက်တော့လည်း
တောင်ပံကပ်ဖေးမ
ခိုနားရာရိပ်ရောက်တော့လည်း
တောင်ပံထပ်နွေးလျစေရင်း
သက်တပန် သေတဆုံး
အမျက်မထန်မယ့် ငှက်မောင်နှံ
နေ့ရက်တွေကို ဖြတ်သန်းတဲ့အခါ
လောကဓံစေရာနှုန်းအတိုင်း ကျင်လည်လို့
ကြင်နာခြင်းဖလှယ်နှင်းကြပေါ့
အပြန်အလှန်လည်း ကြည်နူးစရာတေးသီဖွဲ့
ဘဝဆည်းဆာ နေဝင်ချိန်အထိဖြစ်မယ်
လေပြေမှာ သံသာ
မုန်တိုင်းဆို အံခဲ
ပျံသန်းရာ အဖြစ်စုံရလည်း
သန်စွမ်းစွာ ပစ်ပုံမကျဘဲ
ချစ်အာရုံတူညီမျှလျက်
အသက်ဓာတ်တည်မြဲ။
@@@@@@@@@@@@@@
အခန်း (၁)
"kiss for me "
ကိုဓ နှုတ်ခမ်းဖျားဆီက လွှတ်ခနဲ ထွက်မိသွားသည့် အသံကြောင့်ဖြစ်မည်။ သူ့အနီးမိန်းမပျိုလေး၏ ဖြူဆွတ်ဖွေးဥနေသော ပါးပြင်နုနုတွင် နှင်းဆီရောင် သန်းသွားသည်။ ထိုမှ ရှက်ရမ်း..ရမ်းလေသည်လားမသိ။ သူမက စားနေသည့် ခေါက်ဆွဲကြော်ကိုပင် လက်စသတ်လိုက်၏။ နောက်...
"ရှင်..ဘာ..ဘာပြောတယ်..ဟင် "
ချစ်စဖွယ် ဒေါသသံ သာသာယာယာလေးက လန့်ဖြန့်သွားလောက်အောင် ပေါ်ထွက်လာသည်။
"ဟင်...သူ..ငါ့ကို တမျိုးထင်သွားပြီတူတယ် "
ကိုဓ တွေးမိသွားစဥ် မိန်းမပျိုလေးက
လက်ညှိုးနှင့် ထပ်ထိုးလာပြန်သည် ။
"ရှင်က ဒီဝိုင်းမှာလည်း လာဝင်ထိုင်သေး...ရောက်ရောက်ချင်းပဲ
'ငါ့ကိုနမ်းပါ' လို့ အင်္ဂလိပ်လို ပြောရအောင် လူကို ဘယ်အစားထဲကများ မှတ်နေသလဲဟင် "
အဟား..။
ကိုဓ ခမျာ မိန်းမပျိုလေး၏ ဒေါသကုမ္မာရီအထာနှင့် ဖြစ်စဥ်ကို သေချာ နားလည်မိချေပြီ။ အရေးပေါ်ဖြေရှင်းချက်ကိုဖြင့် ပြန်လည် အလင်းပြရပေတော့မည်။
"ကဲ...ကဲ..ဒီကို ရောက်လာရပုံကအစ...ပြန်ပြီးပြောပြပါ့မယ်ခင်ဗျာ..ဇွတ်မလျှော့ဘဲ စွပ်တော့ ရန်မတွေ့နေပါနဲ့..."
*****************************
ဒဂုံတက္ကသိုလ်ရပ်ဝန်း၏ ခရမ်းပြာလွင် ကောင်းကင်ပြင်က ကြည်လင်ရှင်းသန့်နေသည်။ ကျောင်းကန်တင်းတန်းတခွင်တွင်မူ လူသူရှုပ်ထွေးလျက်ရှိ၏။
နေ့လယ်ခင်း စားသောက်ချိန်ဖြစ်သည်နှင့်အညီ 'နွေချိုတေး' အမည်ရှိ ကန်တင်းတခုအတွင်းမှာလည်း စားသုံးသူများနှင့်ပြည့်နှက်နေ၏။
ကန်တင်းထဲသို့ ကိုဓ ဝင်လာမိလိုက်သော်လည်း ဝိုင်းတွေတိုင်းမှာ အသိတဦးတလေမှမတွေ့။ ထိုင်စရာနေရာကလည်းရှာမရ။ လည်ပြန် လှည့်ထွက်သွားရနိုးနိုး တွေးမိသည်။ သို့ပေသိ..သူငယ်ချင်းတယောက်နှင့်ချိန်းထားမိသည်ကလည်းရှိသေး၏။ ယောင်ချာချာနှင့်မောင်တကမ္ဘာဖြစ်နေစဥ်..စားပွဲထိုးလေးတဦးက အနားရောက်လာသည် ။
ယခင် ကိုဓ၏လက်ကို မိန်းမပျိုတဦးကမှ မဆိုထားနှင့်၊ လက္ခဏာပင် မမေးဖူး၍ ထာဝရကိုင်သူမဲ့ခဲ့သည်။ ယခု စားပွဲထိုးလေးကတော့ လက်ဆွဲပြီးတောင် အတင်းခေါ်၏။
"အကို..လာ..လာ..ဟိုဝိုင်းမှာ ဝင်ထိုင်လိုက်ပါလား..နော့်"
နတ်လမ်းညွှန်ဆိုသည်ထက်...နတ်ဝိုင်းညွှန်ဟုဆိုရမည်လော။ နတ်သမီးတမျှ လှပကြော့မော့နေသည့် မိန်းမပျိုလေးတဦးထိုင်နေသော စားပွဲဝိုင်းသို့ ညွှန်ပြပေးခြင်းကြောင့်ဖြစ်သည်။ ထိုင်ခုံတလုံးကိုပါ ရှာလာပြီး နေရာချထားပေး၏။ ဒါနဲ့...ကိုဓလည်း ဝင်ထိုင်လိုက်ရတော့သည်ပေါ့။
ကျန်သည့်ဝိုင်းတွေမှာတော့ ကျောင်းသားကျောင်းသူ တို့ကြည်ဖြူတွေက ညီတူမဟုတ်သော ဒီဇိုင်းကာလာတွေနှင့် သူ့အဖွဲ့၊ သူ့အတွဲနှင့်သူ။ ယခုတဝိုင်းတွင်သာ..ထိုမိန်းမပျိုလေး တဦးတည်း ရှိနေခြင်းပါပင်။
သူမမှာ ကိုဓနှင့် သက်ရွယ်တူခန့်ဖြစ်မည်။
'ဆင် '..လို မလေး 'ယင်' လို မသေးဘဲ မော်ဒယ်ကိုယ်လုံးပမာ ကျစ်လစ်သွယ်လျ၏။ ထိုခန္ဓာအဆင်း လှယမင်းတွင် ဆင်ယင်ထားသည်က.. သစ်ခွပွင့်ရောင် ဗြောင်ဝမ်းဆက်နှင့်ဗျား..။
ထိုင်နေသည်များ..ခေါက်ဆွဲကြော် တပွဲကိုလည်း..... ဝါးတီးအားပေးလို့...။
"အကို.. ဘာမှာမလဲ "
စားပွဲထိုးလေးက ...ရောင်းလိုအားကို မြှင့်တင်လိုက်၏ ။
အနှီ နတ်ဝိုင်းညွှန်လေး အမေး...။
ကိုဓလည်း တဝိုင်းတည်း ထိုင်ခွင့်ရသည့် ကောင်မလေးရဲ့ သနပ်ခါးမျက်နှာလေးကို အဆီးအတားမချသလောက် မီးများထတောက်မည့်အလား ရှိတ်လိုက်မိချိန်..။ နှုတ်ပါးစပ်အတွင်း ရုတ်တရက်ထွက်သွားသည့် စကားသံကလည်း...
" kiss for me "
*****************************
"တကယ်တော့...မင်းကို ကိုယ်ကကြည့်မိချိန်နဲ့ ဒီဆိုင်ကညီလေးကို kiss for me လို့ ပြောလိုက်ချိန်နဲ့ တဲဆိုင်..အဲ..တိုက်ဆိုင်သွားလို့ပါ"
"ဟင်..ဒါဆို..ရှင်က..ဒီက မောင်လေးကို kiss for me လို့ ပြောတာလား..ရှင်ကဘယ်လိုလူများလဲ..LGBT ကြီးများလား "
ဝိုင်းအနားတွပ် မတ်တပ်ရပ်ကာ ကိုဓ၏
စားဖွယ်အမှာကိုစောင့်နေသည့် စားပွဲထိုးလေးကို ဗဟိုပြုရည်ညွှန်းကာ ခွန်းတုံ့ပြန်မိနေကြ၏။
"အာ...ပြောတယ်ဆိုပေမယ့် ဒါက...စကားလိမ်သုံးပြီး သွယ်ဝိုက်ပြောတဲ့သဘောပါ..၊ kiss for me 'ကစ်ဖော်မီ' က coffeemix 'ကော်ဖီမစ်' ကို ဆိုလိုတာပါ ၊ ငါ့ကိုနမ်းပါလို့ အ ဓိ ပ္ပာ ယ် နဲ့ မဟုတ်ရပါဘူးဗျာ"
"ခုမှ ဝေ့လည်ကြောင်ပတ်နဲ့ လာလျှော်နေတာမဟုတ်လား..၊ ဟွန်း..ဘလိုင်းကြီး.. ပလိန်းကြီးကို..."
" အွန်း..၊ 'ကစ်ဖော်မီ'ပြီးရင် ပလိန်းတခွက်လို့လည်း ဆက်ပြောမလို့ပါပဲ၊ ကော်ဖီမစ်ပလိန်းလေ၊အဲဒါမှာမလို့ အတွေးအခေါ် ဘေးမချော်ပါနဲ့ဗျာ့"
"ဒါဆို ..တို့ကို ဘာလို့ ကြည့်ပြောလဲ"
နှုတ်ခမ်းလေးစူပြီး ထပ်ရမ်းသေးသည် ။ထိုစွာတော်မူနေပုံလေးကိုက သီချင်းတပုဒ်ထဲကလို မြင်ရင် ကြွေသွားမယ်
ကိုယ့်လူ..။
"ဟိုဥစ္စာလေ..ကြည့်လို့ကောင်းလို့"
"ဟင်..ဘယ်ဥစ္စာလဲ"
"သြော်..ဒီလောက် လှတဲ့ ကောင်မလေးကိုဘယ်ပုရိသမျိုးက မငေးမိဘဲ နေမိမှာတုန်းဗျာ၊ ဒါကြောင့် ကြည့်ကောင်းတာနဲ့ ကြည့်မိတာပေါ့ "
"တော်တော်...စက္ခုနဲ့ဝါယော အရသာခံ..."
သူကလေးက စိပွစိပွ...အဲ...ပွစိပွစိ လုပ်နေသေး၏။ မကျေမချမ်းသလို ရေရွတ်လိုက်သော်လည်း လှသည်ဟု အမွှန်းတင် လိုက်သောကြောင့်ဟု ယူဆရပါသည် ။ ဘဝင်ကြည်နူးသွားဟန်တော့ရှိ၏။ ဣတ္ထိယ ခေါ် အမျိုးသမီးတိုင်းတွင် တူညီတာတခုတော့ရှိသည်မဟုတ်ပါလား။ အခြား အငြင်းပွားစရာ မစဥ်းစားပါနှင့် ။ သူတို့ကို သိပ်လန်းတာပဲသာ ချီးကျူးလိုက် ။ သူတို့ စိတ်နှလုံးမှာ ကြည်နူးပီတိတွယ်ငြိတတ်သောသဘော ရှိချေသည်ကိုး...။
*****************************
" ဒီကပဲ ကြားကနေ တောင်းပန်ဝင်ပြောပါရစေတော့ခင်ဗျာ...အကိုနဲ့အမတို့ကလည်း.. တကျောင်းတည်းသားချင်းတွေပဲလေ၊ အနေမစိမ်းဘဲ ပြေငြိမ်းလိုက်တော့နော်...၊ ဒါနဲ့..အကိုက ကော်ဖီမစ်ပလိန်းမှာမယ်ဆိုတော့...ဘာတံဆိပ်ကို ရွေးမှာမလဲဗျ"
စားပွဲထိုးလေးက ပါးနပ်စွာနှင့်လေပြေထိုး
ဖြောင်းဖြလာသည်။
"ကိုင်း...ဒါဖြင့်...'ကျောင်းသားဦးနှောက်' ယူခဲ့ကွာ"
ကိုဓ၏ မှာတော်ပုံကြောင့် စားပွဲထိုးလေးက ခေါင်းကို မျောက်ကုတ်လေး ကုတ်ဟန်ပြုသည်။
"အကို.. ရှင်းရှင်းပြောပြီး မြန်မြန်မှာပါဗျာ...၊ ဆိုင်မှာလူကျနေလို့ပါ..စောင့်နေရတာလည်း ကြာလှပြီ...နော်..လို့"
"အေးကွာ..အကိုက ဒီလိုပဲ...အားနာပါတယ်...ကျောင်းသားဦးနှောက်ဆိုတာ...စာလိုက်နိုင်ဖို့အတွက် ပူနေရလေ့ရှိတယ်လေ..၊ ဒါကြောင့်... 'စာပူ'...၊ စာပူတော့ 'စူပါ'...၊ စူပါကော်ဖီမစ်ပလိန်းတခွက်ပေးကွာ..."
"သြော်...ဒီလိုလား...အကိုက...ဒါမျိုးတွေ ထွင်ပြီး ပြောတတ်လို့ ဒီအမနဲ့ ပြဿနာတက်ရတာပဲ၊ ညီလေးကလည်း ထွက်ရပ်ပေါက်ပုဂ္ဂိုလ်မဟုတ်တော့ ဘယ်ကြိုတင် အာရုံရမလဲဗျာ "
" အေးအေး....ဒိုင်အလန်တွေကြောင့် ကွိုင်ဆန်ရတာပေါ့ကွာ"
သို့နှင့်....
ဝိုင်းအနီးကနေ စားပွဲထိုးလေးထွက်ခွာအသွား...၊ မိန်းမပျိုလေးကတော့ ခုနက ခေါက်ဆွဲကြော်လက်ကျန်ကို တဖန်စားသောက်ရန် ပြင်သည်။
" ကိုယ်က ပန်းချီကတ်တလောက်တခု
ထုတ်ဝေဖို့ အစီအစဥ်ရှိတယ်။ အဲ့ဒီ့အကြောင်းကို ဆွေးနွေးဖို့လည်း သူငယ်ချင်းတယောက်နဲ့ ဒီကန်တင်းမှာချိန်းထားလို့ဗျ၊ ကတ်တလောက်လေးထွက်ရှိလာရင်လည်း အားပေးလို့ရတယ်နော်"
ကိုဓက စကားလမ်းကြောင်းလေး ခင်းကျင်းလိုက်သည် ။
"တို့ကတော့ ကိစ္စတခုကြောင့် လာရှောင်နေတာရှင့်...၊ ရှင်တို့်ယောကျ်ားလေးတွေက ဒီလိုတွေချည်းလားတောင် မသိဘူး... "
"အယ်..ဘာလို့လဲ"
"နေခ ဆိုတဲ့တယောက်က လိုက်နှောက်ယှက်လွန်းလို့လေ..၊ ကိုယ့်ကိုယ်ကိုယ်တောင် သူ့မြင်ကွင်းထဲမရောက်ရဲသလောက်ပဲ၊ ကိုယ်သာမပျောက်နိုင်တာ ရတန်သမျှတော့ သူနဲ့ဝေးရာပြေးပြီး ကိုယ်ဖျောက်နေရတယ်၊ ဒါကြောင့် ဟိုပုန်းဒီဝှက်ရင်း အခု ဒီကို ရောက်နေရတာ..."
"အတင်းလိုက်ကြိုက်နေလို့များလား...ဒါဆို ဒီကန်တင်းကအချစ်ဘေးရှောင်စခန်းကြီးလား..."
"ဒီကြားထဲ...ရှင့်လို လာဖောက်နေ တဲ့...အူကြောင်ကြောင်လူနဲ့လာတိုးနေရတာက တမှောင့်..."
"ဟိုက်စ်"
ထိုစဥ်.. စားပွဲထိုးလေးက ကော်ဖီခွက်ကို လာရောက်ပေး၏။ ကိုဓတို့ကို ကြည့်ရင်းလည်း...
"ငြိမ်းချမ်းရေးပန်းခင်းထဲ မှာပျော်မွေ့နိုင်ကြပါစေ"
ဟု...ပစ်တိုင်းထောင်ပြုံး..ပြုံးလျက် ထောပနာပြုသွားသေးသည် ။
ဒီမှာတော့ ကိုဓခမျာမယ် အခုထိ အကန်တွေပဲ လွှတ်ခံနေရတာရယ်...။
ကိုဓက ကော်ဖီမစ်လေး မြုံ့လိုက်၏ ။ သည်တွင်ပင်...ကိုဓ ဝမ်းဗိုက်အတွင်းမှ ဂွီဂွမ် ဟူသော မြည်သံတရပ် ထွက်ပေါ်လာလေသည် ။
"အားပါး..လူတိုင်းဟာ အိမ်နဲ့တော့နေကြတာပဲဗျ...၊ ကိုယ်ပိုင်အိမ်နဲ့ပေါ့ "
"ကိုယ်ပိုင်အိမ်မရှိတဲ့သူတွေလည်း ရှိကြတာပဲလေ.."
"နေတဲ့အိမ်မဟုတ်ဘူး...အစာအိမ်.."
"အဲ့ဒါက အရှေ့မှာ စတိုးဆိုင်တည်မရ...
နောက်ဖေးမှာ စျေးဆိုင်တည်မရ..အငှားချထားလို့လည်းမရ..online shopping လုပ်ပြီးလည်း ပြန်ရောင်းစားမရတဲ့ အိမ်"
"အင်..ဟုတ်သပ..၊ အခု အဲ့ဒီ့
အိမ်ထဲက ဆန္ဒထွက်ပြတဲ့အသံ ပေါ်ထွက်လာလို့လေ...၊ အဲ့ဒါ..ကော်ဖီမစ်တခွက်တည်းနဲ့ မလုံလောက်နိုင်ဘူးဆိုတဲ့သဘော..."
"ဘာလဲ..ရှင်က စကားမရှိ စကားရှာပြီး တို့ကို တခုခု ထပ်ဝယ်ကျွေးဖို့ စကားစချီ နေတာလား...တောင်းရဲဇိမ်ခံချင်တာတွေလည်း ပြောင်းလဲချိန်တန်ပြီနော် "
"အမ်..အလွတ်ကြီးပါလားဗျ"
"အလွတ်ကြီးမဟုတ်ဘူး..တို့စားနေတဲ့ ခေါက်ဆွဲကြော်က အသားနဲ့..."
"စျေးကြီးသလားဟင်..အာ...ကိုယ်က အစကတည်းက... ကိုယ့်စားရိတ်ကိုယ်စား မောင်ကျောင်းသား လုပ်ပြီး ကော်ဖီမစ်တခွက်နဲ့အတူ စားစရာတခုခု မှာမလို့ပါဗျ ...၊ kiss for me ကိစ္စရှင်းနေရတာတင်..သတိလွတ်မိသွားလို့ပါ..၊ကဲ..ကဲ...ကိုယ်ဘာထပ်မှာရမလဲ...ကြံဦးမှ...ဟုတ်ပြီ.."
ပြောရင်း...
စားပွဲထိုးလေးရှိသည့်ဘက် ဦးလှည့်ကာ...ခပ်ကျယ်ကျယ်လေး လှမ်းအော်လိုက်သည်။
"ဟေ့..ဒီမှာ..မထိုင်နဲ့ သွားစမ်း နားလေး... "
ထိုတပြိုင်နက် ကိုဓတို့ ဝိုင်းရှိရာသို့...လူငယ်တဦးလည်း...ဝင်လာအရောက်....။
*****************************
"ဘာကွ...မင်းကဘာလို့ငါ့ကို အော်လွှတ်ရတာလဲ၊ ဒီဝိုင်းမှာပဲ ငါကထိုင်မှာကွ၊ မိုင်နဲ့ပတ်သက်ပြီး ဘယ်ကိုမှလည်းမသွားနိုင်ဘူး၊ ပြီးတော့.. ငါက နားလေးနေသူလည်းမဟုတ်ဘူး"
လူငယ်က ရောက်ရောက်ချင်းပင် အမြှောက်နဲ့ခွင်းသလို ဒိန်းခနဲ တုံ့ပြန်သည်။
သူ့မှာ ငါးပိဝင်ဆွဲမိသည့်မျောက်လို မချိတင်ကဲနှင့်ဖြစ်နေပုံလည်းရသည်။ မိန်းမပျိုလေးခမျာ သူမနာမည်ပါ စကားထဲထည့်ပြောခံလိ
Unlock to read this premium article with 10 points.