မြုံး
မီးအိမ်ကလေး ငြိမ်းနေသည်
========================
''ရွာနယ်ဇနပုဒ် မီးကလေးမှိတ်တုတ်တုတ်.....''
သားသားက ညဆိုကျွန်မကိုကဗျာတွေဆိုပြလေ့ရှိသည်။သူမူကြိုမှာ သင်ခဲ့သမျှအကုန် ကျွန်မကိုပြန်ပြောပြရင်း သား၏တစ်နေ့တာလုပ်ငန်းစဥ်ကိုကျွန်မနားထောင်ပေးလေ့ရှိသည်။သားကခုဆို ၄နှစ်ရှိပြီဖြစ်သည်။ပြီးတော့ မောင်ဆုံးတာလည်း ၁နှစ်ပြည့်ခဲ့ပြီဖြစ်၏။မောင်ဆုံးပြီးကတည်းက ကျွန်မတို့သားအမိအနေဆင်းရဲ အစားဆင်းရဲ ဖြစ်ခဲ့ကြရသည်။ ဘာမှမလုပ်တတ်မကိုင်တတ်တဲ့ကျွန်မ မောင့်မွေးရပ်မြေကို ပြန်ခဲ့သည်။ ကံကောင်းခြင်းလမ်းစဟု ကျွန်မထင်ခဲ့ပေမဲ့ မဟုတ်ခဲ့ပါ။ ကျွန်မ သားသားအတွက် ချောက်နက်ထဲကိုဆင်းခဲ့ရခြင်းဖြစ်သည်။ခုဆိုသားသားက ဘာမှမဖြစ်သေးပေမဲ့ ညလယ်ရောက်လျှင် တစ်ယောက်တည်းစကားတွေထပြောတော့သည်။ ကျွန်မလည်း အစက သူ့အဖေလို့ထင်ခဲ့ပေမဲ့ ကြာလာတော့....။
''မေမေ သားသားနောက်ထပ်ကဗျာထပ်ဆိုပြရမလား''
''မေ့သားလေးက ဆိုချင်သေးတာလား''
''ဟုတ်ကဲ့''
''ကြီးလာရင်အဆိုတော်ဖြစ်မယ့်မေ့သားလေး ဆိုပြပါဦး မေ့မေ့ကို ။ဒီတစ်ခါကဗျာလေးက ဘာကဗျာလေးလဲဟင်''
''သားသားဆိုမှာ တောင်ပေါ်ကအိမ်ကလေး''
''ရေ့ ... ရေ့ ... ဆိုပြပါဗျို့ ... ''
''တောင်ပေါ်က အိမ်ကလေး
သေးသေးလေးနဲ့ ချမ်းချမ်းကွေး
ဝါးတိုင်စိုက်လို့ ထရံကာ
ဝါးကိုခင်းကာ သက်ကယ်မိုးတဲ့အိမ်''
သားသားရဲ့တီတီတာတာရွတ်မှုတွေ အောက်မှာကျွန်မမေ့မြောနေမိသည်။သားသားက သူ့အဖေနှင့်အလွန်တူပါသည်။ခုလိုလေး ညဆိုရင်ကျွန်မကို ကဗျာဖြစ်ဖြစ် သီချင်းဖြစ်ဖြစ်ရွတ်ပြနေကြဖြစ်သည်။
ရုတ်တရက် ကျွန်မတို့သားအမိ၏ အိမ်ခန်းထဲတံခါးကပွင့်လာသည်။သားသားကလည်း အဆိုရပ်သွားသည်။ ကျွန်မသတိထားလိုက်မိသည်။ သားသားကတံခါးပေါက်ဝကိုကြည့်ပြီး ပြုံးပြနေ၏။ ကျွန်မကြက်သီးမွှေးညှင်းများ ထလာသည်။
''မေမေ သူလည်းနားထောင်ချင်လို့တဲ့
ခေါ်လိုက်ရမလား''
''သားသား သူကဘယ်သူလဲ''
ကျွန်မသားသားကိုမေးလိုက်မိသည်။ သူ့အဖေလို့အရင်က ထင်ထားပေမဲ့ ခုဟာကမဟုတ်။ သားသားနှုတ်ဖျားက ထွက်လာမည့် စကားကို ကျွန်မသေချာနားထောင်ဖို့ပြင်လိုက်သည်။
''မမလေ မေမေရဲ့''
ဗုဒ္ဓေါ....ဘယ်ကမမပါနည်း။ ကျွန်မရင်တွေပန်းတွေ တုန်လာသည်။ သားသားကတော့ ကဗျာတွေဆက်ရွတ်နေလေရဲ့...။
''အိမ်ရှေ့ဘက်မှာ ပျော်စရာ
ဆော့စကားကြမယ်လေ
အိမ်နောက်ဖေးကခြံကြီးထဲမှာ
သီးနှံပေါတယ်လေ
လာလာလေသူငယ်ချင်း
မင်းတို့မြို့ထက်သာတယ်လေ
ခေါပုတ်ကြော်နဲ့ပလာတာ
လဲနိုင်ဘူးကွဲ့ သိပ်ကိုကောင်းတဲ့အစာ''
ကဗျာဆိုပြီးတာနဲ့ သားသားကို ဖက်ထားပြီး ဘုရားစာရွတ်လိုက်သည်။ကျွန်မဘာလုပ်ရမှန်းမသိတော့ဘူး မောင်ရယ်.....။
''မေမေဘာဖြစ်လို့လဲ''
''ဘာဖြစ်ပါဘူး သားသားရဲ့
စောစောအိပ်နော် မနက်မေမေတို့သွားစရာရှိလို့''
''သားသား မမနဲ့ ဆော့ချင်တယ်မေမေ''
''ဘယ်ကမမလဲ
သွားစမ်းငါ့သားနားလာမကပ်နဲ့''
ကျွန်မမှာကြောက်စိတ်နဲ့သာပြောလိုက်ရတာ လန့်နေတာတော့အမှန်ပင်။
''မေမေ မမငိုနေပြီ''
''အို.....ငိုပါစေ။ ပစ်ထားလိုက်။
ထူးခန့်ထူး မေမေစိတ်မကြည်လို့ အိပ်တော့
ပေါက်ကရတွေလျှောက်မပြောနဲ့တော့ ကြားလား''
''.....''
သားကို ကျွန်မ မအော်ချင်ပေမဲ့လည်း အော်လိုက်ရသည်။
"သားသားရယ် မေမေတောင်းပန်ပါတယ်"
ခနကြာပြီးနောက် ကျွန်မသားကိုချော့သိပ်ရင်း ကျွန်မနောက်ကျော ရုတ်တရက်ကြီးအေးစက်သွားသည်။ တစ်စုံတစ်ယောက်လာဖက်သလို ကျွန်မခံစားမိလိုက်သည်။ ဒီလို အေးစက်ပြီး ကြောက်ဖို့ကောင်းသည့်ခံစားချက်က ရင်တစ်ခုလုံးကို ဖိအားတွေပေးနေပြီး နှလုံးခုန်နှုန်းကိုလည်း အဆက်မပြတ်မြန်လာစေသည်ကို ကျွန်မသတိထားမိသည်။
ကျွန်မကြံရာမရတော့သည့်အဆုံး ဘုရားစာသာ ရွတ်နေမိတော့သည်။နာရီဝက်လောက်အကြာမှာတော့ ကျွန်မတို့သားအမိ၏ ကုတင်ပေါ်မှ တစ်စုံတစ်ယောက်ဆင်းသွားသည်ကို ကျွန်မသိလိုက်သည်။ မနက်မှ ဘုန်းကြီးကျောင်းမှာ ဆရာတော်ကိုအကျိုးအကြောင်းလျှောက်တင်ပြီး အိမ်မှာတရားနာရမည်ဟု ကျွန်မတွေးလိုက်သည်။
မောင်ရေ ကျွန်မတို့သားအမိစုန်းတိုက်နတ်တိုက်ဘဲ ခံနေရလားမသိတော့ပါဘူး။
မနက်ရောက်တော့ ကျွန်မဆွမ်းချိုင့်အတွက် ဝယ်စရာခြမ်းစရာလေးတွေဝယ်ဖို့ ရွာစျေးကိုသားသားနဲ့ ထွက်လာလိုက်သည်။ သားသားကိုတော့မူကြိုမပို့ဖြစ်တော့ပေ။
''သွယ်ရီ ညည်းအဲ့ဒီအိမ်မှာနေရတာ အဆင်ရောပြေ ရဲ့လားအေ''
''မပြေပါဘူး ဒေါ်ပုတ်ရဲ့
အခုဆရာတော်ပင့်ပြီး တရားနာမလားလို့။
ညညဆို ကျွန်မတို့သားအမိကောင်းကောင်းမအိပ်ရဘူးရှင်...။အထူးသဖြင့် သားသားကငယ်တော့ သူကမြင်ရတယ်ထင်ပါတယ် ညလယ်ဆို တစ်ယောက်တည်းစကားတွေထထပြောနေလို့''
ဒေါ်ပုတ်က ကျွန်မဝယ်နေကြ ရွာရဲ့ငါးစိမ်းသည်အဒေါ်ကြီးပါ။
ဒေါ်ပုတ်ကပဲ ကျွန်မတို့သားအမိ ဒီရွာစရောက်ကတည်းက အိမ်ကြီးအကြောင်းကိုပြောပြသူဖြစ်သည်။ကျွန်မကမောင်နေခဲ့တဲ့အိမ် ကြောက်စရာဘာရှိမဟုဆိုပြီး အရွဲ့တိုက်နေခဲ့ခြင်းဖြစ်သည်။ အခုတော့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာခဲ့ပါပြီ။
''သွယ်ရီရယ်...ဆရာတော်ပင့်မယ့်အစားပယောဂဆရာခေါ်ကြည့်ပါလားအေ။ ညည်းတရားနာတော့ရော အဲ့ဒီတစ္ဆေသရဲတွေက တရားယူဦးမှလေ။တော်ကြာတရားမယူ ဝဋ်မကျွတ်ဘဲ ညည်းတို့ကိုအရင်ထက် ပိုခြောက်နေခါမှဖြင့် ခက်နေမယ်။ ညည်းနှယ် ကြည့်လုပ်နော် ငါက ညည်းသားထူးခန့်ထူးလေးကို စိုးရိမ်လို့ပြောတာနော်။ကလေးကအရမ်းငယ်သေးတယ်အေ့....''
ဒေါ်ပုတ်ပြောတာလည်း မှန်နေသည်မို့ ကျွန်မစိုးရိမ်မိသည်။ သူပြောသလိုပဲ တစ္ဆေသရဲက တရားမယူခဲ့လျှင် ဒီမှာရေရှည်အခြေချမည့်ကျွန်မတို့ သားအမိအဖို့ ပိုအခက်တွေ့ရတော့မည်။ ကျွန်မလည်းအတွေးတစ်မျိုးပြောင်းပြီး ဒေါ်ပုတ်ကိုပယောဂဆရာနှင့် ဆက်သွယ်ဖို့အကူညီတောင်းလိုက်တော့သည်။ ဒေါ်ပုတ်က ညနေကျရင် သူဆရာကို ခေါ်မယ်ဆိုလို့ ဒေါ်ပုတ်ကိုကျေးဇူးတင်စကားပြောပြီး အိမ်ကိုသာပြန်လာလိုက်တော့သည်။
ကျွန်မတို့မသိသည်က ကျွန်မတို့သားအမိဘေးမှာ ထိုအရာရှိနေခြင်းပင်။
''သားသား ညနေကျရင် သားသားမြင်နေရတဲ့မမနဲ့ လုံးဝမကစားရတော့ဘူးနော်''
''ဘာလို့လဲ မေမေ''
''ဘာလို့လဲဆိုတော့....''
ကျွန်မသားကို အမှန်တိုင်းပြောသင့်သလား မသိ။ကလေးကိုအမှန်တိုင်း ပြောပြခဲ့သည်ရှိသော် သားသားကြောက်သွားမလား။ကြီးလာလျှင်သူများကလေးတွေထက် အကြောက်တရားပိုကြီးသွားမလားဆိုသည့် ကြောက်စိတ်ဖြင့်ကျွန်မ စကားလေးတစ်ခွန်းပြောဖို့ကို ဒွိဟဖြစ်နေမိ၏။
''မေမေ ဘာလို့လဲလို့...''
''ထမင်းစားပြီးမှ သားသားကိုပြောပြမယ်နော်''
ကျွန်မပေါ့ဆမိခဲ့သည်။ သားကိုအခန်းထဲမှာတစ်ယောက်ထဲ ထားခဲ့ကာ မီးဖိုချောင်ထဲဝင်နေခဲ့သည်။ ကျွန်မထမင်းဟင်းတွေချက်ပြီးတဲ့နောက် သားနှင့်ထမင်းစားဖို့ ပြင်လိုက်သည်။
''သားသားရေ မေမေတို့ မန်မန်စားရအောင်''
''သားသားရေ.....သားထူးခန့်ထူးရေ''
အဖေတူ စနေသားဖြစ်တဲ့ ကျွန်မသားလေးက သူ့အဖေလိုပဲထမင်းစားချိန်ဆို မနည်းခေါ်ယူရသည်။ကျွန်မလည်းအသံနှင့်ခေါ်မရခြင်းကြောင့် လူကိုယ်တိုင်ကိုယ်ရောက် သွားခေါ်ရတော့သည်။
အိမ်ခန်းထဲကို ကျွန်မဝင်တော့ ကျွန်မလန့်သွားသည်။ကြက်သီးမွှေးညှင်းများစွာ ထလာပြီး သွေးငယ်ထိပ်ဆောင့်ထွက် မတက်ကျွန်မလန့်သွားသည်။
သားသားက မျက်ထောင့်နီနီနဲ့ ကျွန်မကိုကြည့်ပြီးရယ်ပြနေ၏။ ကျွန်မမဆိုင်းမတွဘဲ တုန်ရီနေတဲ့ သားသားကိုပြေးဖက်လိုက်သည်။ ကျွန်မသားလေး ရွာထဲကလူတွေ အာလာပသလ္လာပပြောသလို သရဲဝင်ပူးနေပြီများလား။
''သားသား....သားသား''
''သား....မေ့သားလေး သားသား မေ့မေ့ကိုကြည့်ပါဦး''
ကျွန်မသတိထားမိတယ်။သားသားရဲ့နှုတ်ခမ်းသားတွေ၊ မျက်ကွင်းတွေ ပြာနှမ်းလာသည်။
သားသားက ရယ်တာမရပ်ဘဲ ပါးစပ်ထဲကသွားရည်တွေပါကျလာသည်။ အားပါပါရယ်လွန်းလို့နှင့်တူပါသည် မျက်နှာတစ်ခုလုံး ရဲတက်လာပြီး သားသား၏နားထင်ကြောတွေထောင်တက်လာ၏။ ပြီးလျှင်လည်း လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ကြမ်းပြင်ကိုထုပြန်လေသည်။ ရယ်သံဆူးဝါးဝါးကြီးနှင့် သားလေးက တစ်ခြားတစ်ယောက်လို ပြောင်းနေသည်။
ကျွန်မဘာမှ မလုပ်တတ်။ ဘာလုပ်ရမှန်းလည်း မသိ။ ရင်ကိုမီးပူနှင့်ကပ်လိုက် သကဲ့သို့ ပူနေပြီး ပြာယာတွေခက်နေမိသည်။ ရင်ခွင်ထဲတွင် သားကို အတင်းဖက်ထားပြီး သရဏဂုံကိုရွတ်ကာ သားကိုကျစ်ကျစ်ပါအောင် ဖက်ထားလိုက်မိပါတော့သည်။
အပြင်ကို အကူအညီ သွားတောင်းချင်ပေမဲ့လည်း သားသားကို ပစ်မထားရဲ။ချီသွားဖို့ပြင်တော့လည်း သားခန္ဓာကိုယ်က အရင်ထက်အလွန်လေးနေသည်။
Unlock to read this premium article with 10 points.