Author's Profile Photo

ပြာလဲ့ရီဝေ

30/12/2024

နှစ်သစ်မှာ ပြုပြင်ရဦးမည့် စိတ်ထားတစ်ခု

2 mins read
Life Style
Fiction
Parenting & Family
နှစ်သစ်မှာ ပြုပြင်ရဦးမည့် စိတ်ထားတစ်ခု's photo

မည်သည့်အရာမျှ လွန်ကဲလွန်းလျှင် မကောင်းတတ်သည့် သဘောရှိပါသည်။ ဒီတော့ စိတ်ကောင်းထားခြင်းသည်ရော လွန်ကဲလွန်းလျှင် မကောင်းတတ်ပါလော။

ညီမနှင့် စကားစမြည် ပြောဖြစ်ကြပါသည်။ နှစ်တစ်နှစ် ကုန်လျှင် အင်္ကျီဗီရို ရှင်းလင်းခြင်း၊ အခန်း သန့်ရှင်းရေးလေး တကူးတကန့် လုပ်လိုက်ခြင်း အလေ့ ကျွန်မတို့မှာ ရှိပါသည်။ နှစ်အသစ်မှာ တစ်ခုခု ရှင်းလင်းသွားပြီး ကြည်လင်နေစေဖို့ မသိစိတ်က ရည်ရွယ်ပုံကျပါသည်။ ရှင်းရင်း လင်းရင်း ညီမက သူငယ်ငယ်က သူ့အတွက် အမေက ဝယ်ပေးပြီး ဆင်ယင်ပေးခဲ့တဲ့ အဝတ်အစားတွေဟာ သူမနှစ်သက်တာတွေချည်းဟု ပြောပါသည်။
ပုံတုံးတုံး ခပ်ရိုးရိုးနှင့် သူများရွယ်တူတွေလို လှတာလေးတွေ သူမဝတ်ခဲ့ရဘူးတဲ့။ ဝမ်းနည်းခံစားနေရသည့် အသံ ၊ မျက်နှာ ၊ စိတ်ခံစားမှုတို့ဖြင့် ညီမဖြစ်သူက ပြောပါသည်။ သူလည်း ရွယ်တူတွေလို ခပ်ဆန်းဆန်း လှလှကြော့ကြော့ အင်္ကျီကလေးတွေ ဝတ်ခဲ့ချင်နေသည်။ သူ့ရဲ့ ငယ်စဉ်ဘဝကို သူ လှမ်း နှမြောနေသည့်သဖွယ် ရှိပါသည်။ မိမိကလည်း ပြန်တွေးကြည့်တော့ အိမ်က မိမိကို ငယ်ငယ်က ဆင်ယင်ပေးသည့် အဝတ်အစားများ၊ မိမိ ဝတ်ခဲ့ရသည့် ပုံစံများဟာ ညီမလိုပါပဲ။ ပုံတုံးတုံး အတတ အဝတ်အစားတွေပဲ။ ရွယ်တူတွေနဲ့ ယှဉ်ကြည့်မိသည့်အခါကျပြန်တော့လည်း၊ ဟုတ်ပါ့ သူတို့တွေက မိမိနဲ့မတူ၊ ပိုပြီး လှလှပပကလေး ဝတ်စားခဲ့ကြရပါသည်ကော ဟု မိမိကလည်း ခံစားမိပြန်သည်။ တစ်ခြားသူတွေလို မိမိကိုလည်း စတိုင်ကျကျ ရှိုးထွက်ထွက်ကလေးတွေ အိမ်က မဆင်ပေးခဲ့ပါ့လားဟု နင့်တင့်တင့် တွေးမိသေးပါ၏။ ထို့အခိုက် ခေါင်းထဲ၌ အတွေးတစ်ခုက ထိတ်လန့်စွာ စီးနင်းလိုက်ပါသည်။ မိမိမှာ ဝမ်းနည်းသွားမိ၏။ ဪ... ငါတို့က ဝတ်နိုင်ခဲ့ရသည်ကိုတောင် စောဒကတက်ကာ မလှလို့ ၊ ပိုပြီး စတိုင်မကျလို့ ဆိုတဲ့ အကြောင်းရင်းနဲ့ စိတ်ညစ်နေကြပါကလား၊ ဝတ်ဖို့ပင် မတတ်နိုင်သည့် သူတွေများအဖို့ဆို ဘယ်လိုနေပါ့မလဲ။ စားဝတ်နေရေး ဟူသည့် လူ၏ ပင်မ ကဏ္ဍကြီးထဲမှာ အရေးအပါဆုံး စားရေးကိုပင် ကြောင့်ကြစွာ ဆင်းရဲစွာ ရှာဖွေနေကြရသူတွေမှာ မည်သို့ရှိပါမည်နည်း။ မိမိသည်လည်း မလွယ်ကူသည့်တိုင် မိမိထက် ပိုခက်ခဲရသူအများကို မျက်မြင်တွေ့နေရသဖြင့် စိတ်တွင်မကောင်း။ အဝတ်သစ်တစ်ထည် ပိုင်ဆိုင်ဖို့ ခက်ခဲရသည့် ဘဝတွေ များစွာ ရှိနေသည့်အထဲမှာ ဝတ်ခဲ့ရတဲ့ အဝတ်အစားဟာ ဘယ်လိုဘယ်ဟာဖြစ်၍ စိတ်ညစ်တယ် ဟူသော မိမိ၏ အတွေးတို့သည် ရှက်ဖွယ်ကောင်းသည်။ ရှက်မိသည်။ ဝမ်းနည်းမိသည်။ မိမိကိုယ်ကို အပြစ်တောင် တင်ချင်နေသည်။ ဤသို့ ညီမဖြစ်သူကို ပြောပြသည့်အခါ သူကလည်း ခေါင်းတညိတ်ညိတ်နှင့် လက်ခံရှာသည်။ "အဲ့ဒီဘဝတွေ ပို ပင်ပန်းမှာပေါ့နော်" ဟု မှတ်ချက်ပြုပေးသည်။ စစ်ဘေးရှောင် ဘဝတွေ ၊ စစ်ဘေးရှောင် ကလေးငယ်တွေဆို ပြောစရာတောင် လိုမည်မထင်။

သို့သော် ခေတ္တမျှ နှစ်ဦးသား ငြိမ်သက်ပြီးသည့်နောက်တွင် ညီမဖြစ်သူက ဝမ်းနည်းစွာပင် စကားတစ်ခွန်း ပြောပါသည်။ သူ့ဝေဒနာအတွက် ဖြောင့်ချက်ပေးလိုသည့်သဘောလည်း ပါနိုင်ပါသည်။

"ဒါပေမယ့် မမရယ်၊ မမက နှလုံးသားက ပေါက်ဖွားတဲ့ စာနာစိတ်ကို ဦးနှောက်ကပါ စွဲကပ်ယူထားလွန်း အားကြီးနေတယ်လို့ထင်တယ်။ မမဦးနှောက်ကပါ သူတို့တွေကိုကြည့်စမ်း နင်ဟာ သူတို့တွေလောက်တောင် ဒုက္ခမရောက်ဘဲနဲ့ နင့်ဒုက္ခကို မကြီးကျယ်စမ်းချင်နဲ့ ဆိုပြီး ပိတ်လှောင်ထားတယ်။ စိတ်ရဲ့ဝေဒနာက လူတိုင်း ခံစားနေကြရတာ၊ ချမ်းသာသူရဲ့ စိတ်ဆင်းရဲမှုဟာ ဆင်းရဲသူရဲ့ စိတ်ဆင်းရဲမှုလောက် ပြင်းထန်စရာမရှိဘူး၊ ဆိုးရွားစရာ မရှိဘူးလို့ မသတ်မှတ်နိုင်ပါဘူး၊ သတ်မှတ်လို့လည်း မကောင်းဘူးလို့ ထင်တယ်။ မသတ်မှတ်လည်း မသတ်မှတ်စေချင်ဘူး မမရယ်။
စိတ်ဒဏ်ကို အညီအမျှ တိုင်းတာပိုင်းဖြတ်ပေးနိုင်တဲ့ ပေတံရယ်လို့ မရှိနိုင်ဘူးမို့လား မမရယ်။ ဒီတော့ မမနဲ့ ညီမလေးတို့ရဲ့ ငယ်စဉ်က စိတ်ဒဏ်ရာတွေအတွက်လည်း ဝမ်းနည်းဖို့ ခွင့်ပြုပေးသင့်တယ်လို့ ညီမလေး ထင်တယ်"

ညီမရဲ့ စကားတစ်ခွန်းက အရှည်ကြီးပါပဲ။ မှန်လား မှားလား မဆုံးဖြတ်ချင်ဘဲ လက်ခံလိုက်မိပါသည်။ စိတ်၏ ဒဏ်ရာဟာ ဘယ်သူ့ဘယ်သူနဲ့မှ နှိုင်း၍မရ။ အတိမ်အနက်ဟာ ထိုသူ၏ စိတ်အခံ၊ စိတ်အလှုပ်အခပ်၊ စိတ်အနယ်တွေအပေါ် များစွာမူတည်ပါသည်။ လက်ခံလိုက်သည့်နောက် ကျွန်မ ပြုံးမိပါသည်။
"အေးလေ တို့နှစ်ယောက်လည်း တို့ရဲ့ ငယ်စဉ်က ဝမ်းနည်းစရာလေးတွေကိုလည်း ကျေကျေနပ်နပ် ဝမ်းနည်းကြတာပေါ့" ဟု ပြောသောအခါ ညီမကလည်း ရယ်ပါသည်။

ဝမ်းနည်းစရာတွေကို တန်းဆိုင်ချုပ်ထိန်းကာ ပိတ်လှောင်ပြီး ၊ ခွင့်မပြုချင်တတ်သည့် ကျွန်မသည် အခုတော့ စိတ်ကလေးကို ဖွင့်ဟခွင့်တော့ ပေးပါမည်။ မိမိ၏ ဝမ်းနည်းမှုကိုလည်း ဖွင့်ဟခွင့်လေးပေးပြီး သူတစ်ပါးအများတို့၏ ဝမ်းနည်းမှု၊ ပူဆွေးမှု၊ ဒုက္ခဆင်းရဲခြင်းတို့ကိုလည်း ကိုယ်ချင်းစာတရား၊စာနာစိတ်များဖြင့် တတ်စွမ်းသမျှ ကူညီဖေးမသွားတော့မည်ဟု ပြုပြင်မိပါသည်။


ပြာလဲ့ရီဝေ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)အာရုံစူးစိုက်မှုပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်