Moe Sat
ကျွန်တော်တို့မြန်မာလူမျိုးများ၌ မိရိုးဖလာဓလေ့ထုံးထမ်းများအရ အပေါင်းအသင်းကြောင့် ဂုဏ်တက်သည်၊ အပေါင်းအသင်းကြောင့် ဂုဏ်ပျက်သည်ဟု ဆိုရိုးစကားရှိပေသည်။ မိမိပေါင်းသင်းသော အပေါင်းအသင်း၏ ဖြစ်တည်မှုနှင့်မိမိကိုပါ ယှဉ်တွဲမြင်တတ်ကြပေသည်။ "ဒီကလေးအပေါင်းအသင်းတွေက လူလိမ္မာလေးတွေ"၊ "ဒီကောင်က အရက်သမားတွေနဲ့ ပေါင်းနေတာပါကွာ"စသည်ဖြင့် ပြောတတ်ဆိုတတ်ကြသည်။ မိမိပေါင်းသင်းသော အပေါင်းအသင်းနှင့်ပတ်သတ်၍ မိမိအဆင့်အတန်းကို သတ်မှတ်ကြပေလိမ့်မည်။ "ကိုယ်ကောင်းလျှင် ခေါင်းမရွေ့ပါ"ဟု ငြင်းဆန်ပြောဆို၍မရ။ သို့ဆိုလျှင် "တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး"ဟူသော စကားပုံကို ဘယ်သွားထားရမည်နည်း။
ကျွန်တော်တို့ငယ်စဉ်ကလေးဘဝ ကျောင်းစတက်ချိန်တွင် မိဘနှစ်ပါးအပြင် တစ်ခြားသူငယ်ချင်း အပေါင်းအသင်းများနှင့် စတင်ထိတွေ့ရသည်။ ထိုအချိန်ကား အရေးအကြီးဆုံးအချိန်ဖြစ်သည်။ "ရည်စားဦးကို မြေးဦးရလည်း မမေ့"ဟူသော စကားကဲ့သို့ ကလေးဘဝကတည်းက ပေါင်းသင်းလာသော ငယ်ပေါင်းများကို စွန့်လွှတ်ရန်ကား မလွယ်ကူလှပေ။ ဘယ်လောက်ဆိုးဆိုး,ဘယ်လောက်မိုက်မိုက် သည်းခံပေါင်းသင်းတတ်ကြသည်။ ထိုအခါ မိမိဆီကိုပါ ဆိုးသွမ်းမိုက်မဲမှုများ ကူးစက်လာနိုင်ပေသည်။ ထို့ကြောင့် သူငယ်ချင်းအပေါင်းအသင်းကို အကောင်း,အဆိုးချင့်ချိန်ဝေဖန်ပြီး ရွေးချယ်ပေါင်းသင်းသင့်ပေသည်။
ကလေးများသည် မည်သည့်စာမျှမရေးသားရသေးသည့် အဖြူရောင်စာရွက်နှင့်အသွင်တူပေသည်။ ဖြူဖွေးသည်။ သန့်စင်သည်။ ထို့ကြောင့် အညစ်အကြေးအစွန်းအထင်းမခံနိုင်။ အရောင်အဆိုးမခံနိုင်။ စွန်းသည့်အညစ်အကြေး,ခြယ်သည့်အရောင်အလိုက် ပြောင်းလဲသွားရန် လွယ်ကူလွန်းလှပေသည်။ အပေါင်းအသင်းကြောင့် ပြောင်းလဲတတ်ပုံကို ကျွန်တော်တို့တတိယတန်းကျောင်းသားဘဝ၌ လေ့လာသင်ယူခဲ့ရသော `ကျေးညီနောင်´ပုံပြင်နှင့် သာဓကပြပါအံ့။ အတောင်မစုံသေးသဖြင့် ကောင်းစွာမပျံသန်းနိုင်သေးသော ညီနောင်ကျေးနှစ်ကောင်တို့သည် လေပြင်းမုန်တိုင်းတိုက်၍ လွင့်ပါသွားကြရာ၌ တစ်ကောင်က ရသေ့တို့၏ကျောင်းသင်္ခမ်း၌ကျ၍ တစ်ကောင်က ခိုးသူတို့၏နေရာ၌ကျလေ၏။ ရသေ့တို့ဆီရောက်သော ကျေးသည် လိမ္မာရေးခြားရှိပြီး ခိုးသူတို့ဆီရောက်ကျေးကား ဆိုးသွမ်းမိုက်မဲလေ၏။ ထိုအခြင်းအရာကို ကြည့်ခြင်းအားဖြင့် မိခင်တစ်ကောင်တည်းပင်ဖြစ်လင့်ကစား မိမိပေါင်းသင်းနေထိုင်ရသူများ၏စိတ်နေစိတ်ထားအလိုက် ပြောင်းလဲလွယ်တတ်ကြသည်ကို တွေ့မြင်ရပေ၏။
သူငယ်ချင်းကောင်း အပေါင်းအသင်းနှင့်ပတ်သတ်၍ ဖတ်ဖူး,မှတ်ဖူးသည့် ဇာတ်လမ်းလေးတစ်ပုဒ်ကိုလည်း ပြောပြချင်ပါသေးသည်။ တစ်ခါတုန်းက ရွာကလေးတစ်ရွာမှာ တံငါလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေရတဲ့ သူငယ်ချင်းနှစ်ယောက်ရှိသတဲ့။ သူတို့နှစ်ယောက်လုံး ငါးဖမ်းမှ သူတို့မိသားစုတွေ ထမင်းစားရတဲ့ အခြေအနေပေါ့။ တစ်နေ့ ရွာအလှူပွဲတစ်ခုမှာ (၇)ရက်တိုင်တိုင် တရားပွဲကျင်းပမယ့်အကြောင်း သူတို့သိရတော့ နှစ်ယောက်လုံးက တရားနာချင်ကြတယ်။ မိုးလင်းကမိုးချုပ် အကုသိုလ်အလုပ်ပဲ လုပ်နေရတော့ ကုသိုလ်ရချင်တဲ့ စိတ်က အတူတူလာဖြစ်နေတယ်။ ဒါပေမယ့် နှစ်ယောက်လုံးကလည်း ငါးဖမ်းမှ ထမင်းစားရမှာဆိုတော့ အလုပ်ကလည်း ပျက်လို့မရဘူးလေ။ ဒါနဲ့ ဘယ်လိုလုပ်ရမလဲပေါ့။ သူတို့သေချာစဉ်းစားပြီးတဲ့အချိန်မှာ အဖြေတစ်ခုရသွားတယ်။ တစ်ယောက်က ငါးဖမ်း၊ တစ်ယောက်က တရားနာ။ တစ်ယောက်တစ်လှည့်စီပေါ့။ ငါးဖမ်းတဲ့သူက နှစ်ယောက်စာရအောင် ဖမ်းရသလို တရားနာတဲ့သူကလည်း သူနာလာတဲ့ တရားအကြောင်း ပြန်လာရင် တစ်ခြားတစ်ယောက်ကို ပြန်ပြောရမယ်ပေါ့။ အဲဒီနည်းလမ်းနဲ့ အလုပ်အကိုင်မပျက် သူတို့နှစ်ယောက်လုံး ဝမ်းရေးအဆင်ပြေရသလို (၇)ရက်လုံးလုံးလည်း တရားနာလိုက်ရသလိုဖြစ်သွားတယ်။ အဲဒီဇာတ်လမ်းလေးက သူငယ်ချင်းကောင်းဆိုတာ တစ်ယောက်ကောင်းကျိုး တစ်ယောက်လိုလားကြတယ်ဆိုတာ ပြောပြသွားတယ်။
တကယ်တော့ တစ်သက်လုံးပေါင်းသင်းရမယ့် အကြင်လင်မယားတွေတောင်မှ "အသွင်တူမှ အိမ်သူဖြစ်"ဆိုတဲ့စကားလို စိတ်တူကိုယ်တူကိုက်ညီမှသာ ရေရှည်ခိုင်မြဲပြီး ပျော်စရာကောင်းကြတာ မဟုတ်ပေဘူးလား။ "သဘောထားချင်းမတိုက်ဆိုင်ပါသဖြင့်"ဆိုတဲ့ ပြိုကွဲသွားတဲ့အိမ်ထောင်ရေးတွေ အများကြီးပါပဲ။ သူငယ်ချင်းဆိုတာလည်း ထိုနည်းလည်းကောင်း။ စိတ်ဓာတ်တူရာ,တူရာစုကြသည်က များသည်။ "မသူတော်ချင်း သတင်းလွေ့လွေ့"၊ "နုတ်ခမ်းပဲ့ချင်း မီးမှုတ်"ကြသည်သာ။ ဒေဝဒတ်ကို ဆရာအတင်မှားသောကြောင့် အဇာတသတ်မင်းသားမှာ မကောင်းမှုမှန်သမျှ အကုန်လုပ်မိသည်။ သူ့ဆရာ၏စကားကို အမှန်ဟု ယုံကြည်သည်။ နောက်ဆုံး ဖခင်ဖြစ်သူ ဗိမိသာရမင်းကြီးကို နန်းချပြီး ပြန်သတ်မိသည်အထိ။ အပေါင်းအသင်းမှားသောကြောင့် ပေးဆပ်လိုက်ရသည့် အမှားနောင်တကား သံသရာတစ်လျှောက်လုံးပင်။ သတိပြုဖွယ် ကောင်းပေစွ။
ယခုခေတ်လူငယ်များ၏စိတ်သည် မကောင်းမှု၌ပျော်မွေ့လွယ်သည်။ ပတ်ဝန်းကျင်ကြောင့်သော်လည်းကောင်း၊ ပင်ကိုယ်ဗီဇကြောင့်သော်လည်းကောင်း ဆိုးသွမ်းကြသည်က များသည်။ မိမိပတ်ဝန်းကျင်၌ တွေ့မြင်သမျှကို အတုမြင် အတတ်သင်ကြရင်း နောက်ဆုံး ပျက်စီးသွားတတ်ကြသည်။ ထို့ကြောင့် မိမိအတုယူရမည့်ပတ်ဝန်းကျင်၊ တစ်နည်းအားဖြင့် မိမိပေါင်းသင်းနေသည့် သူငယ်ချင်းများက အလွန်အရေးပါပေသည်။ သိတတ်စအရွယ်မှစ၍ နောက်ဆုံး မသေဆုံးခင်အချိန်အထိ မိတ်ဆွေအပေါင်းအသင်းများ၏အခန်းကဏ္ဍကို ချန်လှပ်ထား၍မရ။ မိမိပြုလုပ်ခဲ့သည့် ဆုံးဖြတ်ချက်တော်တော်များများ၌ သူငယ်ချင်းများ၏ အကြံပေးမှု၊ စိတ်ကူးစိတ်သန်းများ အနည်းနှင့်အများ ပါဝင်တတ်ကြသည်ချည်း။ ထိုစိတ်ကူးစိတ်သန်းများက အမြဲတမ်း တည့်မတ်မှန်ကန်နေမှာတော့ မဟုတ်ပေ။ မိမိသူငယ်ချင်း၏ စိတ်နေစိတ်ထား၊ အတွေးအခေါ်၊ ဥာဏ်ပညာအရ မှားနိုင်သည်။ သို့တည်းမဟုတ် မှန်နိုင်သည်။ မိမိအပေါ် စိတ်ယုတ်မာမွေးနေသူဆိုလျှင် မိမိကို ချောက်တွန်းနိုင်သည်။ မိမိလောက်မှ ဥာဏ်ပညာမရှိလျှင် ထိုသူငယ်ချင်း၏စိတ်ကူးစိတ်သန်းမှာ အကျိုး,အကြောင်း မသင့်လျော်နိုင်။ အရက်သမားကိုမေးလျှင် အရက်သမားစကား၊ ဆေးသမားကိုမေးလျှင် ဆေးသမားစကားပဲ ထွက်ကျလာမည်ဖြစ်ပေသည်။ ထို့ကြောင့် အပေါင်းအသင်းကို ရွေးချယ်ပေါင်းသင်းဖို့ အလွန်အရေးကြီးပေသည်။
တစ်လက်စတည်း ဆက်စပ်ပြောရလျှင် ယနေ့လူငယ်များ အရက်သမား၊ ဆေးသမားဖြစ်ရခြင်းအကြောင်းရင်းများမှာလည်း အပေါင်းအသင်းကြောင့်ဖြစ်သည်က များသည်။ သူငယ်ချင်းကိုအားနာလို့။ သူငယ်ချင်းကတိုက်လို့။ သူငယ်ချင်းတွေက မြှောက်ပေးလို့ စသည်ဖြင့် တစ်ခါနှစ်ခါ အကဲစမ်းရာမှ စွဲလမ်းသည့်ဘဝရောက်သွားကြတာပင်။ သူငယ်ချင်းနှင့်မိမိ ဘဝမျှော်လင့်ချက်၊ ဆန္ဒပန်းတိုင်တို့ကား တူချင်မှတူပေလိမ့်မည်။ မိမိက ဆရာဝန်ဖြစ်ချင်ပါလျက် ဆေးသမားသူငယ်ချင်းကြောင့် မိမိရည်မှန်းချက် ပျက်စီးဆုံးရှုံးသွားနိုင်သည်။ မိမိက အင်ဂျင်နီယာဖြစ်ချင်ပါလျက် အရက်သမားသူငယ်ချင်းကြောင့် မိမိဆန္ဒ ပျောက်ကွယ်သွားနိုင်ပေသည်။ စာရေးသူ (၁၀)တန်းကျောင်းသားဘဝက ဆရာတစ်ယောက်၏ သားသမီးအပေါ်ထားသည့် ခံယူချက်မှာ အလွန်အားကျချင်စရာကောင်းသည်။ "ဆရာ့သားကို စက်ဘီးအသစ်ဝယ်ပေးမယ့်အစား ပိုက်ဆံဖြည့်ပြီး တစ်ပတ်ရစ်ဆိုင်ကယ်ဝယ်ပေးလိုက်မယ်။ ဆိုင်ကယ်စီးတဲ့ကောင်ကို ဆိုင်ကယ်စီးတဲ့ကောင်ကပဲ လာပေါင်းလို့ရမယ်။ စက်ဘီးစီးတဲ့ကောင်က လာပေါင်းလို့မရဘူး"တဲ့။ ဆရာ့စကားမှာ မိဘဆိုသည့်အတ္တနည်းနည်းပါသော်လည်း တွေးတောဆင်ခြင်ကြည့်လျှင် အလွန်ကျယ်ပြန့်နက်နဲပေစွ။ ကျွန်တော်တို့ လိုက်နာကျင့်သုံးသင့်ပေသည်။
နိဂုံးချူပ်ဆိုရလျှင် မိမိပေါင်းသင်းသည့်သူငယ်ချင်း၏ ဖြစ်တည်မှုအလိုက် မိမိဂုဏ်သိက္ခာ ကျဆင်းနိုင်သလို ဂုဏ်သိက္ခာတက်နိုင်ပေသည်။ "အိမ်နီးချင်းကောင်းမှ လင်ကောင်းရမည်"၊ `ပတ်ဝန်းကျင်ကောင်းမှ အလောင်းလှမည်" စသည့်စကားပုံများသည်လည်း အပေါင်းအသင်း၏အရေးပါပုံကို ဖော်ပြထားသည်သာဖြစ်ပေ၏။ မိမိဆက်လက်ရှင်သန်ရမည့် ယနေ့,မနက်ဖြန် အနာဂတ်နေ့ရက်များအတွက် သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းများကို သေချာရွေးချယ်ပေါင်းသင်းမှသာ မိမိဘဝ မျှော်လင့်ချက်ပန်းတိုင်များ ပြည့်ဝအောင်မြင်မည်ဖြစ်ကြောင်း တိုက်တွန်းနှိုးဆော်ရေးသားလိုက်ရပါတော့သည်။
မိုးစက်
Keep Reading