အာရွန်
အရွယ်အားဖြင့် နုပျိုလတ်ဆတ်နေတဲ့အရွယ် ၊ သစ်ရွက်လှုပ်ရင်တောင် စိတ်လှုပ်ရှားတတ်အရွယ် လို့ သတ်မှတ်ကြတဲ့ ဆယ်ကျော်သက်အရွယ်ကတော့ သီချင်းတွေကို အရမ်းစီးမြောခံစားတတ်တာပေါ့။
မြေပျော့တော့ ခြေရာထင်တယ်၊ နှလုံးသားနုတော့ ဝေဒနာဝင်တယ်။ ဘာနေနေခံစားလိုက်ချင်တာ၊ ခံစားဖူးချင်တဲ့အရွယ်ကိုး။
အဲ့အချိန်မှာ အချိန်ကိုက်ထွက်လာတဲ့ ကိုလင်းလင်းရဲ့စဉ်းစားပါ Album က လုံးဝအကိုက်ပဲ။ အသံအားဖြင့်လည်း တမျိုးထူးခြားတယ်၊ ကိုယ်ပိုင်သံစဥ် တွေဆိုတော့ တီး လုံးတွေလည်းဆန်းတယ် ၊ စာသားကလည်း လွတ်လပ်တယ် အတွေးပါတယ်လို့ ခံစားရတော့ favourite အနေနဲ့ မကြာခဏ နားထောင်ဖြစ်သည်ပေါ့။
အဲ့သီချင်းတွေထဲကမှ တဖြေးဖြေးမှနားလည်တတ်လာတာက "ဝင်္ကပါ " ဆိုတဲ့သီချင်းပဲ၊ တီးလုံးတွေကြမ်းတယ် vocal တွေ high လွန်းတော့ အစကတော့သိပ်ကြိုက်တဲ့အထဲတော့ မပါဘူး။ နောက်ပိုင်းမှ စာသားတွေကိုတွေးရင်းတွေးရင်း ကြိုက်လာတာ။
အဝင်က
" တိမ်တွေလို လေပြေလို လွတ်လပ်တဲ့ဘဝ အိပ်မက်တို့ ငါခူးဆွတ်မှာ ကမ္ဘာမြေဟာ အလှပဆုံးနုပျိုနေ"
ငယ်ရွယ်လွတ်လပ်ပြီးအတွေးဖြူတဲ့ လူငယ်ဘဝကို ညွှန်းထားတယ်လို့ ထင်တယ်။ ငယ်တုန်းကတော့ အတွေးတွေကလည်း ဖြူစင်ခဲ့ပါတယ်၊ ဆရာမဆို ဆရာမလို့ပဲမြင်တယ်၊ ဈေးသည်ဆိုလည်း ဈေးသည်လို့ပဲ မြင်တယ်၊ လူဆိုးဆိုလည်း လူဆိုးလို့ပဲ အမြဲထင်တယ်၊ လူကောင်းဆိုလည်း လူကောင်းလို့ပဲ အမြဲဖြစ်နေမယ် ထင်ခဲ့တာ။
ဥပမာ - ဆရာ/ဆရာမကို ဖြူစိမ်းနဲ့ပဲတွဲမြင်နေတတ်တာမျိုး -ကျောင်းက ဆရာမက အိမ်မှာလည်း ဆရာမလိုပဲ နေတယ်လို့ ထင်ခဲ့မိသေး။ ဆရာမပြောရင် အမေအဖေ ပြောတာထက်ပိုယုံချင်တာမျိုးပေါ့။
စူပါမန်းလို ပါဝါရိမ်းဂျားလို ကမ္ဘာကြီးကို ကယ်တင်ပေးတဲ့ ကယ်တင်ရှင်စိတ်ကတော့ ဖြစ်ဖူးကြမယ်ထင်ပါတယ်။ လူစွမ်းကောင်းစိတ်က ကြီးလေနည်းလာလေ ဖြစ်လာတာက တစ်ပိုင်းပေါ့။
ဘဝမှာ ဖြစ်ချင်တာတွေ ဖြစ်လာဖို့ ကြိုးစားမယ် ဆိုတဲ့ ထက်သန်မှုအားအကောင်းဆုံးအချိန် ပေါ့။
" ဒါအမှန် ဒါအမှား ငါသင်ကြားရင်းနဲ့ နေ့ရက်တို့ဟာ တဖြုတ်ဖြုတ်ကြွေ ၊ မရေရာတာ ဘဝရဲ့ အဓိပ္ပါယ်လား"
ဒါကတော့ ခုလက်ရှိအချိန် နှစ်ဆယ်ကျော် အရွယ်တစ်ခုရောက်ပီလို့ ဆိုချင်ပုံရတယ်။ သင်ကြားရင်း ဖြတ်သန်းရင်း အတွေ့အကြုံရလာတော့ အရာရာဟာ ပုံသေနည်းလို ကိန်းသေလို ဟုတ်မနေမှန်း လက်ခံလာရတယ်။
သူငယ်ချင်းလို့ ယုံထားသူက ရန်သူဖြစ်လိုဖြစ် ၊ ရန်သူကနေ သူငယ်ချင်းဖြစ်လာလို့လာ နည်းနည်းဝေဝါးလာတတ်ပြီ။ ဆရာတိုင်းကလည်း ဆရာမဟုတ်တာ သိလာပြီ။ အရက်သမားတိုင်း ကလည်း လူဆိုးမဟုတ်၊ ဂေါပကတိုင်းလည်း လူကောင်းမဟုတ် ရောရောထွေးထွေး ပေါင်းစပ်နေကြတာ သိလာတော့ ကိန်းသေအတွေးကနေ variable တွေပဲဆိုတာ လက်ခံလာရပြီ။
ဘဝက ထင်သလောက်မရိုးရှင်းဘူးဆိုတာ တဖြည်းဖြည်းနားလည်လာပီပေါ့၊ ပန်းချီကား တစ်ချပ်ကို ကြည့်ရသလိုပဲ၊ အနားနီးကပ်ကြည့်လေ စုတ်ချက်တွေက ထင်းလာလေလေ ၊ ဘဝထဲ ထဲထဲဝင်ဝင်တိုးလာလေလေ ဘဝရဲ့ မာယာတွေကို မြင်တတ်လာလေလေဆိုတော့ တရားမျှတမှု နဲ့အမှန်တရားဆိုတာကိုတောင် မေးခွန်းထုတ်ချင်လာပြီ။
" ပြန်လိုချင်တယ် အမြင်တိမ်တဲ့ သောကမဲ့ဘဝ အိပ်မက်တွေပြန်ပေးပါရစေ ကမ္ဘာမြေဟာ ငါနဲ့မသက်ဆိုင်ပါ ဝင်္ကပါလို ပြဌာန်းမဲ့ ကောက်ကျစ်ခြင်းများ "
ခုကိုယ်ရောက်တဲ့အရွယ်တစ်ခုလိုပါပဲ၊ ကိုကျားပေါက် ပြောသလိုပေါ့၊ တိတ်တိတ်ကလေး စိတ်ကုန်လာတတ်တဲ့အရွယ်။
ငယ်တုန်းက လူစွမ်းကောင်းစိတ် ကြီးလေနည်းလေ ဆိုတာ ဒီကစတယ်ထင်တာပဲ၊ မျှတမယ် အမှန်တရားက အမှန်တရားဖြစ်မယ် ရိုးသားမယ် ထင်မိတဲ့ လူ့အဖွဲ့အစည်းကြီးက ထင်သလိုဟုတ်မနေတော့ တဖြေးဖြေး စိတ်ကုန်လာတတ်ပြီ။
အမြင်တိမ်တာနဲ့ သောကမဲ့ တာကို တွဲဖက်ထားတာက တမျိုးဖြစ်ကောင်းဖြစ်နေလိမ့်မယ်။ ငယ်တုန်းကတော့ လှုပ်ရှားမှုများ အတွေးနည်းပြီးရှင်းတယ် လောဘမကျယ်ဝန်းသေးဘူး ဒေါသမကျယ်ဝန်းသေးဘူး ဆိုတော့ သောကနည်းတာကတော့ သေချာတယ်။
ပတ်ဝန်းကျင် ကျယ်ပြန့် ၊ အမြင်ကျယ်ပြန့်လာတာနဲ့အမျှ
လောဘများလာတယ်၊ ဒေါသများလာတယ်၊ နောက်တော့ သောကပါ များလာပြီ။ တစ်ကိုယ်စာလောဘကနေ စလိုက်တာ ခုချိန်ဘယ်နှစ်ကိုယ်စာ လောဘရှိနေပြီလဲ ကိုယ့်ကိုယ်ကိုယ်သာ ရေကြည့်လိုက်ပါတော့လေ။
ဒါကြောင့်လည်း ကိုလင်းလင်းက လောဘ သောကနည်းတဲ့ ငယ်ဘဝကို ပြန်ပြီးသတိရ ပြန်လိုချင်မိတာ ဖြစ်နိုင်ပါတယ်။
ဝင်္ကပါလို ကွေ့ကောက်တဲ့ လှည့်ပတ်တဲ့ လောကလမ်းတွေက ရိုးရိုးစင်းစင်း ဖြောင့်ဖြောင့်မတ်မတ်ပဲ လမ်းလျှောတ်တတ်တဲ့ လူတစ်ယောက်အတွက်တော့ ပိုခက်ခဲပင်ပန်းတတ်စမြဲပေါ့။
ဒါကြောင့်လည်း လူမိုက်တွေ လူပလီတွေထက် လူကောင်းလူရိုးတွေက လောကနဲ့ အမှန်တရားက်ို ပိုစိတ်နာလာကြတယ်ထင်ပါတယ်။
" ငါ့ဘဝစတေးရမယ့် လမ်းမများထဲ၊ ဒါနိုးထမရတဲ့ အိပ်မက်ဆိုးကြီးပဲ"
နောက်ဆုံးတော့လည်း တဖြေးဖြေး လူတိုင်းသွားရမယ့် သေဆုံးခြင်း လမ်းကိုပဲ ဆက်လျှောက်နေရတဲ့ အိပ်မက်ဆိုးကြီးလို့ တင်စားထားတယ်။ နိုးထ ရမရ ကတော့ ကိုယ်ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမယ်ပဲထင်တယ်။
ဒီသီချင်းက ဘဝတစ်ခုရဲ့ရှေ့လယ်နောက်ကို သရုပ်ဖော်ထားတယ်လို့ ခံစားရပြီး အရွယ်ရလာလေလေ ပိုခံစားမိလာလေ ဖြစ်စေတဲ့ စာသားတွေပေါ့။
တစ်ယောက်နဲ့ တစ်ယောက် ခံစားတတ်ပုံခြင်းမတူတာမို့ ဒီလိုပဲ နားထောင်မိရာသီချင်းတစ်ပုဒ်အကြောင်းလိုပဲ ထားလိုက်ပါတော့။
တော်သေးပီ။
Keep Reading