အက္ခရာ - Haruki
သေနတ်ပစ်လေ့ကျင့်ရာမှာ “အသင့်ပြင်၊ ချိန်၊ ပစ်” ဆိုတဲ့ စကားကို စာဖတ်သူလေးကြားဖူးမှာပါ။ ဒီစကားကို အောင်မြင်ရေးလမ်းကြောင်းမှာ အသုံးပြုဖို့ ပြဿနာရှိတယ်လို့ကျွန်တော်စာအုပ်တစ်အုပ်မှာဖတ်ဖူးပါတယ်။ အဲ့ဒီပြဿနာက ဘာလဲဆိုတော့ လူအတော်များများဟာ အသင့်ပြင်တာနဲ့ ချိန်ရာမှာ အကောင်းဆုံးလုပ်ကြတယ်။ သေသေချာချာ လုပ်ကြတယ်။ ဒါပေမယ် ပစ်ဖို့ကိုတော့အချိန်ဆွဲနေကြတယ်။ နှောင့်နှေးနေကြတယ်။ နောက်ဆုံးမှာ မပစ်လိုက်ကြဘူးတဲ့။
တကယ်တမ်းလုပ်ရမှာက သေနတ်ကို အသင့်ပြင်ပြီးတာနဲ့ ပစ်လိုက်ရမှာပါ။ ပြီးရင် ကျည်ဆံဟာ စက်ကွင်းရဲ့ ဘယ်နေရာကို ထိမှန်တယ်ဆိုတာကို ကြည့်ပြီးပြန်ချိန်မယ်။ တကယ်လို့ ကျည်ဆံဟာ စက်ကွင်းဗဟိုချက်မရဲ့ အထက် ၂ လက်မအကွာမှာ ထိမှန်ရင် သေနတ်ပြောင်းကို အောက်နည်းနည်း စိုက်ပြီးထပ်ပစ်။ အခု ကျည်ဆံဟာ ဘယ်နေရာမှာထိသလဲ။ ပစ်မှတ်ရဲ့ ဘယ်ဘက် ၂ လက်မအကွာမှာ ထိပြန်တယ်။ ဒါဆိုရင် သေနတ်ပြောင်းကို ညာဘက် နည်းနည်းပြန်ရွှေ့ချိန်ပေါ့။ အဲဒီလို သေနတ်ကို ပစ်လိုက် ပြန်ချိန်ညှိလိုက်လုပ်ရင်းနဲ့ နောက်ဆုံးမှာ စက်ကွင်းရဲ့ ဗဟိုချက်မတည့်တည့်ကို ထိမှန်ပါလိမ့်မယ်တဲ့။
ဟုတ်ကဲ့.... ဒီနည်းလေးဟာ သေနတ်ပစ်တာတစ်ခုတည်းအတွက် မဟုတ်ဘဲ ဘာအလုပ်ပဲလုပ်လုပ် အသုံးဝင်ပါတယ်။ အဲ့ဒီနည်းလေးကို စာဖတ်သူလေးပိုပြီးနားလည်သွားအောင် Mr.Jack Canfleld ရဲ့အတွေ့အကြုံနဲ့ ထပ်ရှင်းပြပေးပါမယ်။
ဂျက်နဲ့ မာ့ခ်ဗစ်တာဟင်ဆန်တို့ဟာ ( သူတို့နှစ်ယောက် ပူးတွဲရေးထားတဲ့) ပထမဆုံး Chicken Soup for the Soul စာအုပ်ကို စတင်ထုတ်ဝေတော့ စာအုပ်ရောင်းကောင်းအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို မသိကြဘူး။ ဒါကြောင့် စိတ်ကူးပေါ်သလို ခုလို လုပ်လိုက်ကြတယ်။ စာအုပ်မှာပါတဲ့ စာမြည်းတချို့ကို သတင်းစာနဲ့ မဂ္ဂဇင်းတိုက်တွေဆီ ပို့ပေးလိုက်ပြီး သူတို့ရဲ့ သတင်းစာနဲ့ မဂ္ဂဇင်းတွေမှာ ထည့်သွင်းဖော်ပြပေးဖို့ စာရေးလိုက်တယ်။
ပြီးတော့ စာမြည်းတွေဟာ Chicken Soup for the Soul စာအုပ်ကဆိုတာရယ်၊ စာအုပ်ကို စာအုပ်ဆိုင်တွေမှာ ဝယ်လို့ရတယ်၊ သူတို့ရုံးကို ဖုန်းဆက်ပြီး မှာလို့လည်း ရတယ်ဆိုတဲ့ မှတ်ချက်လေး လည်း ဖော်ပြပေးပါလို့ စာမှာ ထည့်ရေးပေးလိုက်တယ်။ မစ္စတာဂျက်တို့ဟာ ဒါမျိုးတစ်ခါမှမလုပ်ဖူးသလို ဒါဟာ နည်းလမ်းကျတဲ့လုပ်ရပ် ဟုတ် မဟုတ် ဆိုတာလည်းမသိခဲ့ပါဘူး။ ဒါပေမယ့် သူတို့ဟာ ပထမဆုံးကျည်ဆံကို ပစ်လွှတ်လိုက်ပါတယ်။ ပစ်မှတ်ကို ထိမထိဆိုတာတော့ စောင့်ကြည့်ရုံကို ဖြစ်ပါတယ်။
သတင်းစာနဲ့ မဂ္ဂဇင်းတိုက်အတော်များများက မစ္စတာဂျက်တို့ဆီကို စာပြန်ရေးလာကြတယ်။ " ငါတို့ဟာ အခမဲ့ကြော်ငြာပေးတဲ့ဌာနတွေ မဟုတ်ဘူး။ မင်းတို့ရဲ့လုပ်ရပ်ဟာ အဓိပ္ပာယ်မရှိဘူးတဲ့။ " တချို့တိုက်တွေဆိုရင်စိတ်ဆိုးတဲ့ စကားလုံးတွေသုံးပြီး ပြန်စာရေးလာကြတယ်။ ဒါပေမဲ့ ဆန်ဒီးမြို့က LA Parent မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် ဂျက်ဘီယာမင် (Jack Bierman) ဆီက အားတက်ဖွယ် ပြန်ကြားစာတစ်စောင်ကို ရလိုက်တယ်။ သူ့စာမှာ ရေးထားတာက ဒီလိုပါ။
မိတ်ဆွေ ဂျက်
မင်းရဲ့စာကို ဖတ်ပြီးပြီးချင်း ငါအတော့်ကို စိတ်ဆိုးမိတယ်။ မင်းတို့စာအုပ်က စာမြည်းလေးကို ငါတို့မဂ္ဂဇင်းမှာ ထည့်ပေးဖို့ တောင်းဆိုရဲလို့ မင်းအတော်သတ္တိရှိတာပဲနော်။ မင်းက ငါတို့မတောင်းခံတဲ့စာကို အလကားထည့်ပေးမယ် ထင်နေလို့လား။ ဒါပေမယ့်ကွာ ငါ မင်းတို့ရဲ့ စာမြည်းကိုဖတ်ကြည့်ပြီး အတော်လေးသဘောကျသွားတယ်။ ဒါကြောင့် အဲဒါကို ငါတို့မဂ္ဂဇင်းမှာထည့်ပေးမယ်လို့ ငါဆုံးဖြတ်လိုက်တယ်။ ဒီဆန်ဒီယေးဂိုးမြို့မှာ ငါတို့မဂ္ဂဇင်းကို လပေးနဲ့ယူထားကြသူတွေဟာ ၂ သိန်းလောက်ရှိတာမလို့ မင်းတို့ရဲ့စာမြည်းကို သူတို့ဖတ်ကြလိမ့်မယ်။
ဒါပေမယ့် မင်းတို့မှာ ချို့ယွင်းချက်တစ်ခု ရှိနေတယ်။ အဲဒါကမင်းတို့ဟာ သတင်းစာနဲ့ မဂ္ဂဇင်းတိုက်တွေ လက်ခံချင်အောင် စာကို ဘယ်လိုရေးရမှန်း မသိကြဘူးဆိုတာပဲ။
ခင်မင်စွာဖြင့်
Jack Bierman, Editor-in Chief (ဂျက်ဘီယာမင်၊ အယ်ဒီတာချုပ်)
အဲ့ဒီစာကိုရရချင်းပဲ ဂျက်တို့ဟာ မစ္စတာဘီယာမင်ကိုဖုန်းဆက်ပြီး သူနဲ့သွားတွေ့တယ်။ သတင်းစာနဲ့ မဂ္ဂဇင်းတိုက်တွေက လက်ခံချင်လာအောင် ဘယ်လိုရေးရမလဲလို့အကြံတောင်းတယ်။ မစ္စတာဘီယာမင်ကလည်း စာကို ဘယ်လို ရေးရမယ်ဆိုတာကို စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးပါတယ်။ (နောက်တော့ သူနဲ့ သူတို့တွေဟာ အလွန်ရင်းနှီးခင်မင်တဲ့ မိတ်ဆွေတွေ ဖြစ်သွားကြပါတယ်)။ မစ္စတာဂျက်ယီယာမင်ပေးတဲ့အကြံအတိုင်း ဂျက်နဲ့ မာ့ခ်တို့ဟာ သတင်းစာနဲ့ မဂ္ဂဇင်းတိုက်တွေဆီကို သူတို့ရဲ စာမြည်းလေးတွေကို ထည့်ပေးဖို့ စာတွေရေးပို့လိုက်ကြတယ်။
သတင်းစာနဲ့ မဂ္ဂဇင်းတိုက်ပေါင်း ၅ဝ ကျော်က သူတို့နှစ်ယောက်ပို့လိုက်တဲ့ စာမြည်းလေးတွေကို ထည့်သွင်းဖော်ပြပေးကြလို့ သူတို့ရဲ့ Chicken Soup for the Soul စာအုပ်ကို အမေရိကန်တစ်နိုင်ငံလုံးနီးပါးသိသွားကြတယ်။ စာအုပ်လည်း သူတို့နှစ်ယေက်မထင်မှတ်ထားလောက်အောင် များပြားလှတဲ့ အုပ်ရေတွေ ရောင်းလိုက်ရတယ်။
ဒီဆောင်းပါးလေးရဲ့ “အသင့်ပြင်၊ ပစ်၊ ချိန်” နည်းလေးဟာ အလုပ်ဖြစ်သွားခဲ့ပါတယ်။ ကဲ... ဒီကစာဖတ်သူလေးရော ချိန်ပြီး မပစ်ဘဲရပ်နေတဲ့အခြေအနေမျိုးနဲ့နေမှာလား၊ ပစ်ပြီး ချိန်မှာလားခင်ဗျာ။
ᏂᏗᏒᏬᏦᎥ
Keep Reading