Author's Profile Photo

Tawtawti

23/12/2024

ပန်းဖွဲ့ကဗျာအဘိဓာန် ( ကဗျာလုံးချင်း )

4 mins read
Marketing
Poetry
Art

"-ပန်းဖွဲ့ကဗျာ အဘိဓာန်"
................................

#တော်တော်တည်
ကဗျာ ( 21 ) ပုဒ်

( ၁ )

" ကံ့ကော် "

ကံကော်တွေတိုက်ပွဲဝင်နေဟန်က
အားရစရာကောင်းရဲ့

ဖြူဖြူစင်စင်နဲ့
ရွှေဝတ်မှုံ ဗဟိုပြု
နွေကို... အံတုဝံ့ပုံ

လန်းဖြာဓာတ်ဝေစည်
သူ့အဆင်း ကိုယ်မှီ
ကိုယ့်အဆင်း သူမှီပေါ့
နှစ်ရောင်ပေါင်းမှ တပွင့်အလှပန်းချီ
ရင်ဆိုင်ဟန် လိုက်ဖက်လွန်းသည်များ
လောကဓံရပ်ဝန်းဆီမှာ
သင်းကြည်စေသား။ ။

( ၂ )

" လက်ပံ "

နွေဦး
ခွေးရူးထချိန်မှာ
လက်ပံတွေ စဖူးသစ်ကြပေါ့

ပွင့်လည်းရဲရဲ
ကြွေလည်းရဲရဲ
သူ့သဏ္ဍာန်က ကြယ်နီပဲ

တပင်လုံးချွေချင်ရင်တောင်
လန်းဆန်းဝေဆာပြဦးမယ့်
ပင်ရင်းမြစ်က ခိုင်မာတယ်
အညာရဲဲ့ဇွဲမာန် ပြယုဂ်ပေါ့။ ။

( ၃ )

" ပိတောက် "

တရက်အဆင်းမှာ
တမနက်သင်းတာ
မြင်ရမွှေးပျဖို့အတွက်
တနှစ်အတွင်း ရွက်ကြွေများစွာ
ပင်စည်အသက်ဝင်လိုဇောနဲ့
မြေထက်သက်ဆင်း လဲလည်ပေးခဲ့ရ

ဖြာဝေမှ ပန်ဦးလိုသူ
ဆွတ်ချူခြင်းစိတ်တဖွဲဖွဲ
သူ့ခေါင်းမှာ သူပန်ခွင့်ရတာကလည်း
ခဏတာပါလား...

ချွေးသိပ်ခိုနိုင်ပါစေတဲ့
အသက်ပြင်းရာ သူ့တည်ရိပ်မှာ
အချိန်ကျရင်ဖြင့်
မိုးမျှော်ဖူးတွေ ကိုင်းလက်ထက်ပွင့်ဆာ
လိုသော်လည်း ယူငင်ခူး
မလိုသော်လည်း နင်းလျှောက်ပါစေရယ်လို့
သင်းတောက် ရနံ့ဝါရယ်က
ပန်းခင်းလမ်းအဆင်းအသွင်ဆောင်ပေးပါရဲ့

လှဓာတ်ဖြာ ကိုယ်အချင်းကြောင့်
ခုတ်ချိုးနှင်းလည်းခံရ
ကျိုးပဲ့ရသမျှလည်း
မည်သို့မှမတားဆီး
စွန့်ချန်ထားခဲ့ပါစေတော့
ကြွေရင် ကိုယ်နောက်မပါမယ့်
ပွင့်ခက်များအတွက်
ပေးဆပ်ဖို့သက်သက်သာ
ရှင်သန်ပြဦးမယ်။ ။

( ၄ )

" ငုဝါ "

အတုမဲ့
ငုဖွဲ့ ပန်းချီ
ပန်းဝေသီသော နန်းဧကရီ

ဇမ္မူတခွင်
အလှဓာတ်ကြွယ်အောင်
ပန်းနှင့်လူနှင့်အတူယှဥ်

မြရွက်ပေါ်..ဆင်ဝါလွင့်
အမြင်မှာတင့် ပွင့်ဝေဆာ
ယဥ်လွှာဆင့် ပန်းခက်ညှာကို
အနမ်းမဖက် သူပန်တယ်
ဟန်သွယ်က ထူးမြင့်

ဆံနွယ်ကေသာဦးနှင့်
ပန်းငုဝါ အဆင်းဖြာနှင့်
ကံမပြယ် နေရာကျပေမယ့်
မာန်ဖယ်ကာ မကျူးရင့်ရှာဘူး
လိုက်ဖက်သွင်ပြင်

ပြုံးရွှင်နေသော ဓာတ်ပုံလေးကနေ
ချိုသာသောမျက်နှာလေးမှာ
ပန်ဆင်မြူးနေသော ရှုမဝလေးအဖြစ်
ပျော်နေတာ အဝေးကကြည့်ရတော့
ကြည်နူးမှု ကူးစက်ရပြီပေါ့
ရူးမတတ် ချစ်ချင်

ပန်ပေးသူ ကိုယ်ပင်ဖြစ်ချင်လည်း
မတန်သေးသလို
လိုအင်မပြည့်နိုင်သမျှတော့
ကံအကြွေးသာ ရှိတဲ့အတိုင်းပါလေ
တဖန်အဆွေးနဲ့ပဲငေးရတယ်

အချိန်အခါတွေ
ခြားနားနေစမ်းပါစေဦး
အားခဲထားတုန်းပါပဲ အချစ်ရေ..
တနေ့လှမ်းလာနိုင်မှ ကိုယ့်လက်နဲ့
မမေ့စတမ်း ပို့ဆက်ပါ့မယ်
မင့်အတွက် နှင်းအပ်မယ် ရည်ရွယ်စူး
ခူးလို့သာရယ်

ထိုအခါ ကမ်းလင့်စဥ်မှ
မယူငင် ရှောင်ဖယ်မပြေးနဲ့နော်ကွယ်
သည်မောင်မယ်
နောင်ဝယ်အတွေးနဲ့
ခုချိန်မှာ
မင့်နှုတ်ဖျားထက်
ပြုံးမိစေကွဲ့။ ။

( ၅ )

" စကားဝါ "

ကဗျာဆိုတာ
စကားပန်းပါပဲ
ကိုယ့်အတွက်ကတော့...စကားဝါ
အဝါရောင်ရဲ့သင်္ကေတက
တဖက်သတ်အချစ်တဲ့
စကားပန်းများစွာရှိတဲ့အထဲကမှ
တဖက်သတ်ချစ်မိတဲ့
အဝါရောင်စကားလုံးတွေနဲ့
စကားဝါကို
ရင်ထဲကနေဖူးပွင့်မိပါတယ်
ပန်ဆင်ဖို့အတွက်...
ကမ်းလင့်ပါရစေလား
သင့်နှလုံးသားမှာ.. အလှဓာတ်ဖြာပြီး
ဂုဏ်ရနံ့လေး သင်းပါစေ။ ။

( ၆ )

" ရင်ခတ် "

လောကဓံရာသီထဲ
အပူရှိန်ကဲမလား
အအေးရှိန်သည်းမလားကွယ်
နေရယ်... ရေရယ်
ကြေးမထားပေမယ့်
အကြမ်းဒဏ်လည်းခံသလို
အနမ်းကံလည်းစံချင်ရဲ့

ရာသီမရွေး
သက်တမ်းကကူးပြောင်းရပေမယ့်
ချွေလိုလို့ခူးခူး
ပန်လိုလို့ဆွတ်ဆွတ်
ရင်ထဲကလှိုက်ခတ်
ပွင့်ပေးပြီးသားကွယ်

မကြင်လျက်နဲ့ပဲ ချူချူ
ဝင်သက်နဲ့ပဲ ကြူကြူ
သြော်...
ကိုယ့်အချစ်က
မင့်အတွက် မွှေးနေမယ့်
ရင်ခတ်ပန်းပါပဲ။ ။

( ၇ )

" စံပယ် "

စွန့်ပစ်ခံရမှုတွေကို
နှစ်နှစ်ခြိုက်ခြိုက် စားသုံးရဲ့
ဖြူဖြူစင်စင်ပွင့်လန်းဖို့အတွက်
အားကောင်းစေလို့....

ကိုက်ဖြတ်ခံရလေ..ဖွံ့ဖြိုးမှုနှုန်း ဝေဆာလေ
ကိုင်းကျသွားတိုင်းလည်း
အမြင့်မှာမပွင့်တော့ဘူးမထင်ပါနဲ့
ထပ်မံ တိုးတက်ပွားများအောင်
အမြစ်တွယ် ရှင်သန်ဖို့
မြေမှာ ခြေကုတ် ပြန်ယူတာ

တန်ဖိုးထားရင်
အရောင်မပါတဲ့သွန်းဖြိုးမှုတွေသာ ပေးပါ
အပူဒဏ်ကိုမမှုစတမ်း
စုစည်းတတ်တဲ့ပန်း
လောကကို မွှေးစမ်းစေမယ်။ ။

( ၈ )

" ပုန်းညက်နဲ့သရဖီ "

ဆင်တူသလိုရှိပေမယ့်
ပုန်းညက်က သရဖီယောင်ဆောင်လို့မရ
သရဖီက ပုန်းညက်ဟန် အသွင်ယူလို့မရ
ပုန်းညက်က ပုန်းညက်
သရဖီက သရဖီ

နောက်ခံအရွက်ချင်းလည်း ခွဲခြားလို့ရ
ပျော်တဲ့ရာသီလည်း ကွဲပြားကြ
အပေါ်ယံမြင်တာနဲ့
လွဲမှားစွာသတ်မှတ်လို့မရ
အပင်မှာ..ပွင့်တဲ့နေရာချင်းလည်း မတူဘူးလေ

မြင်တတ်ဖို့သာလိုပါတယ်...
ပန်းရာဇဝင်မှာ
ပန်းတိုင်းက သူ့ဗီဇနဲ့သူ
ပုန်းညက်ကို သရဖီ ထင်ရင်တော့
သရဖီရဲ့ရနံ့
ပုန်းညက်ထံပါး ဘယ်လိုများ...
ခံစားခွင့်က ရမှာလဲ ။ ။

( ၉ )

" ခတ်တာ "

ကိုယ်မြတ်နိုးတဲ့ ချစ်သူ
ဘာဝတ်စုံလေးနဲ့ဖြစ်ဖြစ်
တင့်တယ်နေသလိုမျိုး
အမည်နာမ တစ်ခုအောက်
အဆင်အသွေးစုံလင်လည်း
သူ့အသွင်က ယဥ်ရဲ့

တပွင့်လှဖို့အတွက်
သီးသန့်အရာင်ကွဲမထွက်
နှစ်ရောင်အမြဲစပ်ပေါ့
အချစ်တစ်ခုချမ်းမြေ့ဖို့
နှလုံးသားနှစ်ဆင်းလာပေါင်းသလိုမျိုး...

လောကဓံရာသီကလည်း
ဒီ..သစ္စာတရားကိုဂုဏ်ယူချင်လို့
အေးမြခြင်းတွေသယ်ဆောင်လာပေးတယ်
မြင်သူနှလုံး ရွှင်စေသော်ဝ် ။

( ၁၀ )

" ယင်းမာ "

သိင်္ဂီရောင် ပွင့်ဖတ်ငါးလွှာက
ခေါင်းဆောင်လိုရှေ့ထွက်ရဲတဲ့ဝတ်ဆံကို
ကြယ်အသွင် လှပ ဝန်းရံလို့
သတ္တိနဲ့ယဥ်စေတယ်

ကိုင်းရှိရင် ပန်းရှိရမယ်
မွှေးရနံ့သင်းတဲ့ ပွင့်တူညီမျှမှု
အေးချမ်းခြင်းတို့စုမိပြီ။ ။

( ၁၁ )

" ခဝဲ "

ဝါအပွင့်
စာဆင့်လို့လှမမှီ
ညှာတံချီမြရည်လိမ်းတယ်
ရွက်ငယ်ကစိမ်း။ ။

( ၁၂ )

" သဇင် "

သူခိုဝင်တဲ့ အရိပ်ကို
သူ့အလှနဲ့တင့်တယ်စေတယ်

အမြင့်စံခွင့်ရပေမယ့်
အောက်ခြေကို ပွင့်ခက်တွေက
နူးညံသွင်ဟန် ဦးညွှတ်ထားရဲ့

ကိုယ့်ကြောင့် လောကက လှပရတာဆိုတဲ့
အဆင်းမာန်နဲ့မွှေးတာထက်
မှီရာရှိလို့သာ ကိုယ်ရှင်သန်ခွင့်ရတာဆိုတဲ့
သိနားလည်မှု ဂုဏ်က ပိုမွှေးတာပါ။ ။

( ၁၃ )

" ဂမုန်း "

လောကထဲမှာ..
တချို့ကနာမည်နဲ့မလိုက်ဘူး
ဂမုန်းတဲ့...
ချစ်စရာကောင်းတဲ့ပန်းပွင့်လေး
အကျိုးပြုဖို့ဆို..
ရှင်သန်ဖို့နေရာမရွေးဘူး
သူ့မျိုးဆက်ကို ဆက်လက်သက်ဝင်အောင်လည်း
မေတ္တာ မြစ်ပွားတွေနဲ့ ပျိုးထောင်တယ်
ခူးဖြတ်သည့်တိုင်
လောကအတွက် နာမည်ကျန်အောင်
တာရှည်ရပ်တည်နိုင်မှုက
သူ့အလှတရားသစ္စာဖြစ်ရဲ့။ ။

( ၁၄ )

" ခွာညို "

တော်ဝင်
နန်းထိုက်တဲ့ပန်းဆိုလည်း
စာရိတ္တစင်ကြယ်လျှင်
သာမာန်လူဖြစ်စေဦး
နမ်းထိုက်ပါသလား

တော်ဝင်
နန်းထိုက်တဲ့ပန်းပေမို့
နန်းတွင်းကသူသာလျှင်
စာရိတ္တမဖြူရှာလည်း
နမ်းထိုက်ပါသလား။ ။

( ၁၅ )

" ပေါက်ပန်း "

ရနံ့မရှိပေမယ့်
အဆင်းက ရဲရဲနီ
အပူရှိန်ကို အံတုလို့
ဘာမထီတဲ့ပန်း

ပညာဥာဏစွမ်းနည်းပါးပေမယ့်
စာရိတ္တခွန်အားကြွယ်ဝတဲ့
ကာယလုပ်သားကြီးများရဲ့
ပြယုဂ်သဖွယ်များလား

ညမွှေးပန်းများလိုတော့
ရနံ့သာကြွယ်ပြနေတာ
မှောင်ရိပ်ထဲက ရှင်သန်မှုမျိုး
မဟုတ်ဘူးတဲ့ဟေ့

ရိုးရှင်းတဲ့ပွင့်ဖူးမှု
အရိုင်းဆန်လည်း
ပန်းမာန်က
ပင်လုံးလန်းတယ်။ ။

( ၁၆ )

" ခရေ "

တပွင့်တည်းထက်
တကုံးဆိုရင်
စုစည်းမှုစွမ်းအားနဲ့
တန်ဖိုးဂုဏ်ဒြပ် ပိုမွှေးမယ်
တပွင့်တည်းနဲ့ လေမလွင့်အောင်
တကုံးဖြစ်မယ့်
တပွင့်ဖြစ်ပါစေ
တကုံးအလှမပျက်ဖို့
တပွင့်တိုင်းမှာ
ပိုးကိုက်ခြင်းလည်း ကင်းစေချင်။ ။

( ၁၇ )

" သစ်ခွ "

အမြင့်စံနေရပေမယ့်
လွတ်လပ်ပါရဲ့လား

ဘယ်လောက်ပဲလှလှ
ဓနရှင်အတွက်
သီးသန့်သာဆိုရင်
အခြေခံလူတန်းစားအိမ်က ဘုရား
သစ်ခွ မဖူးထိုက်ပြီ။ ။

( ၁၈ )

" နေကြာ "

နေကြာလို့ ကိုယ့်ဘဝမှာ
မင့်နာမည် ပါဝင်ပြီးပြီပဲ
နွေးသောကြောင့်တင်မက
ပူလောင်လည်းလေ..
မင့်ဆိုတဲ့
နေဘက်ကိုပဲ မျက်နှာမူမယ်
ကိုယ့်ကို ..
အလင်းပေးတဲ့သူလို့သာမှတ်ယူတယ်
ကိုယ့်ရှင်သန်မှု စွမ်းအင်လို့
မင့်သွားလေရာ..ယုံကြည်ရဲ့
ဝေးကွာနေရတယ်လည်း မသတ်မှတ်ပါဘူး
လှမ်းမြင်နေရရင်သာ ကျေနပ်သူရယ်ပါ
ဆက်သွယ်မှုလေးတော့ မပြတ်စေလိုဘူးပေါ့
အချစ်ရေ...
သစ္စာတည်တဲ့အတိုင်း...
မင့်..တွယ်တာသမျှ
အနမ်းရောင်ခြည်နဲ့ပဲ
နိုးချင်တယ်
မင့်..ကွယ်ရာမှာကျ
အလွမ်းမှောင်သီဖွဲ့
ညှိုးမိတယ်..။ ။

( ၁၉ )

" မုလေး "

စင်္ကြာပုံဝင့်စားဖို့
အောက်ခြေကရစ်
တနွယ်ငင် တစင်ဖြစ်လာတဲ့
မုလေးလိုအချစ်။ ။

( ၂၀ )

" ဆောင်တော်ကူး "

အရမ်းမွှေးတဲ့ပန်းကလေးတဲ့
ဒီဇင်ဘာပန်း
ကရမက်ပန်း
မည်သို့ပင်..မှည့်ခေါ်စေဦး
ဘယ်လိုစမ်းစမ်း နဂိုပန်းပါပဲ
ရနံ့မပျက် ဖြူစင်တယ်
လူတယောက်ရဲ့သီလက
နာမည်ဘယ်လို ပြောင်းလည်း
မပြောင်းလဲသလိုပေါ့။ ။

( ၂၁ )

" တောင်ဇလပ် "

အေးချမ်းမှုမှာပျော်မွေ့ပေမယ့်
အချိန်အခါရောက်ရင်တော့
လောကဝန်းကျင် တင့်တယ်ရအောင်ဆို
ကြွေမှာမကြောက်လို့
စုစည်းမှုနဲ့
ရဲရဲတောက် ဝေပြဝံ့တာက
သူ့သစ္စာအလှတရားပေါ့

မောင်ချောနွယ် ကဗျာထဲကလို
ပန်းအဘိဓမ္မာမှာ...
ကြွေတာကိုက ပွင့်ခြင်းဆိုရင်
အမြင့်စံဖို့သာ..
အသင့်တဖန် ဖူးဖို့
နေရာကူးတာပါပဲ

ဟေ့..ဒီမှာ..
တောင်ဇလပ်အဆင်း
ရဲရဲနီကြောင်း
မင့်တို့..မော်ကြည့်ရဦးမယ် ။ ။

- တော်တော်တည်

Keep Reading

စျေးရောင်းမကောင်းဘူးဆိုရင် PAS နဲ့ စမ်းကြည့်စေချင်တယ်စာအုပ်ထုတ်ဝေခြင်း အနုပညာ ?B2B Marketing ဆိုတာ ဘာလဲ ?လုပ်ငန်းပိုင်ရှင်တိုင်းသိကိုသိရမည့်Marketing နဲ့ ပတ်သက်တဲ့ အမှန်တရား 5 ခုလူငယ်တိုင်း တတ်ထားသင့်တဲ့ skills တွေ အကြောင်း။?"အောင်မြင်သော Branding အတွက် Easy Tips (7) ချက်"What is Digital Marketing?◾လုပ်ငန်းတိုင်း ဖန်တီးထားသင့်တဲ့ Content Type (1) ခုPersonal Branding တည်ဆောက်ခြင်းPersonal Finance ကို နားလည်လေ ငွေကြေးဆိုင်ရာစိတ်ချရမှုပိုရှိလေပဲ ◾