ဆွေ (မန္တလေး)
တချို့ ငွေနဲ့လဲလှယ်လို့ရတဲ့ ပစ္စည်းတွေရှိတယ်။ တန်သလား?
တချို့ ဂုဏ်သိက္ခာနဲ့ ငွေကြေးနဲ့ လဲလှယ်လိုက်တာတွေရှိတယ်။ တန်သလား?
တချို့ ကိုယ့်မာနနဲ့ ချစ်ရတဲ့သူကို ဆုံးရှုံးလိုက်ရတာတွေရှိတယ်။ တန်သလား?
တန်ပါသလား? တချို့တချို့သော ကိစ္စတွေမှာ အနောက်ပြန်လှည့်ကြည့်လိုက်ရင် တကယ်တန်ရဲ့လား လို့ ပြန်မေးဖူးလား။
ကျွန်မတောက်လျှောက် တန်သလား လို့ ဘာလို့မေးနေခဲ့လဲဆိုရင် ကိုယ့်အတ္တနဲ့ ကိုယ့်ချစ်သူနဲ့ လဲလိုက်တဲ့လူနှစ်ယောက်အကြောင်းကို ဖတ်ခဲ့ရလို့ပါပဲ။
သူတို့နှစ်ဦးဇာတ်လမ်းမှ မဟုတ်ပါဘူး။ အပြင်လောကမှာလည်း မာနကြောင့် ပြန်မခေါ်ရင်း ဝေးသွားကြတာတွေ ပတ်ဝန်ကျင်ကြောင့် ဘာကြောင့် ညာကြောင့် လူနှစ်ယောက် ချစ်နေလျက်နဲ့ ဝေးသွားကြဖို့က အကြောင်းပြချက်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ အဲ့အကြောင်းပြချက်နဲ့ ကိုယ်ချစ်တဲ့သူကိုဘေးနားထားပြီး တဘဝလုံး အတူမရှိဖို့နဲ့ လဲလိုက်ရတာဟာ တကယ်တန်ရဲ့လားလို့ပဲ မေးကြည့်ချင်တယ်။ အားမလို အားမရလည်း ဖြစ်မိပါတယ်။ အင်း... ဘယ်လိုခံစားချက်မျိုးလဲဆို Anime ထဲက Your Name ကိုကြည့်ပြီးတဲ့နောက် ခံစားရတဲ့ ခံစားချက်မျိုးပါ။
နောက်ဆုံးထိ နာမည် မသိသွားကြလို့။ ဇာတ်ကောင် နှစ်ယောက်လုံးကို ဂုတ်ကနေဆွဲပြီး နာမည်တွေကို ကိုယ်တွေကပဲ ကြားဝင်ပြောပြလိုက်ချင်တဲ့ ခံစားချက်မျိုး။ အခုလည်း ဒီလိုပါပဲ တစ်ယောက်ခံစားချက်ကို တစ်ယောက် မသိအောင် မျိုသိပ်ရင်း အတ္တချင်း ပြိုင်ဆိုင်နေကြတဲ့ ဇာတ်ကောင်တွေကို ဂုတ်ကနေဆွဲပြီး အကျိုးဆောင်ပါ ဝင်လုပ်ပစ်ပေးလိုက်ချင်စိတ် ပေါ်မိပါတယ်။
စာအုပ်နာမည်
❝ မောင့်ကိုပြောမပြချင်ဘူး ❞
စာရေးသူ
ဆရာမ ပုညခင်
အမျိုးစား
ဝတ္ထု
အကြိုက်ဆုံးဇာတ်ကောင်
ဒီဝတ္ထုမှာတော့ အကြိုက်ဆုံး ဇာတ်ကောင်ရယ်လို့ မရှိခဲ့ပါဘူး။ မတူညီတဲ့လူနှစ်ယောက် ပေါင်းစည်းဖို့ သတ္တိမရှိတဲ့လူနှစ်ယောက်အဖြစ်မြင်နေမိလို့ပါ။ နှမြောတယ်လို့ ခံစားရမိတယ်။ နှစ်ဖက်စလုံးကို ဘယ်သူကမှန်တယ် ဘယ်သူကမှားတယ်လို့ ထောက်ပြလို့မရအောင် သူတို့တစ်ယောက်ချင်းရဲ့ ခံစားချက်တွေကို နားလည်နေမိလို့ပါပဲ။
ဘယ်သူတွေဖတ်သင့်လဲ
ဖတ်ပြီးတဲ့နောက် အဖြေတစ်ခုထွက်မှာ မဟုတ်ပေမဲ့ ကိုယ်လုပ်နေတဲ့ ကိုယ်ခံယူထားတဲ့ အသိဟာ ဆက်လုပ်သွားရမလား ရပ်လိုက်ရမလားလို့ ရွေးချယ်လို့ရနိုင်မှာပါ။
Rating
6/10
စာဖတ်ခဲ့ချိန်
၂၇၊ နိုဝင်ဘာလ ၂၀၂၄ မှ ၁၉၊ ဒီဇင်ဘာလ ၂၀၂၄ ထိ။
ဆွေ (မန္တလေး)
Keep Reading