Author's Profile Photo

မောရိသျှ

19/12/2024

မေးခွန်းထုတ်တတ်ပါစေ။

3 mins read
Book Review
မေးခွန်းထုတ်တတ်ပါစေ။'s photo

အမြင်အားဖြင့် သိတဲ့ အသိနဲ့၊ အသိအားဖြင့် မြင်တဲ့ အမြင်ဆိုပြီး အသိအမြင်နှစ်မျိုး ရှိတယ်။ မြင်ရုံနဲ့ သိနိုင်တဲ့ အရာတွေမှာ လျို့ဝှက်တဲ့ နောက်ကွယ်က လုပ်ငန်းစဉ်တွေ ရှိသလို၊ သိရုံနဲ့ မြင်နိုင်တဲ့ အရာတွေရဲ့ နောက်ကွယ်က နက်နဲတဲ့ အကြောင်းရင်းခံတွေ သက်သက် ရှိတယ်။ ဘယ်လို အရာမျိုးပဲ ဖြစ်နေပါစေ၊ ဘယ်လိုကြောင့် ဖြစ်လာပြီး၊ ဘာကြောင့် ဖြစ်နေကြတယ်ဆိုတာ သိရမယ်။ မြင်ရမယ်။ ပြောင်းလဲမှုတိုင်းရဲ့ အကြောင်းအချက်ကို သိနိုင်မြင်နိုင်ရမယ်။ 

လူတွေရဲ့ အမူအကျင့်တွေကို ကြည့်ပြီး၊ သူတို့ရဲ့ စိတ်ကို သိနိုင်ရမယ်။ လူတွေရဲ့ အပြောအဆိုကို ကြည့်ပြီး သူတို့စိတ်ကို သိနိုင်ရမယ်။ ဘယ်အရာတွေက ဘယ်လိုကြောင့်ဖြစ်လာပြီး၊ ဘယ်အရာတွေက ဘာကြောင့် ဖြစ်နေကြတယ်ဆိုတာ ခွဲခြမ်းနိုင်ရမယ်။ ဘယ်အရည် အချင်း၊ အရည်အသွေးတွေက ဘယ်လိုနည်းနဲ့ လုပ်ရကိုင်ရပြီး၊ ဘယ်လိုနည်းနဲ့ သိအောင် လုပ်ရတယ်၊ မြင်အောင် ကြည့်ရတယ် စသဖြင့် ခွဲခြမ်းစီစစ်နိုင်ရမယ်။ ဘာပဲလုပ်လုပ် “ဘာကြောင့်” “ဘယ်လိုကြောင့်” မေးခွန်းနှစ်ရပ်နဲ့ စောဒကတက်ပြီး အဖြေရှာပါ။ ဒါမှ အမှန်တရားရဲ့ နောက်ကွယ်က အကြောင်းအချက်အလိုက် နားလည်သိမြင်နိုင်စွမ်း တိုးတက်မှာ ဖြစ်တယ်။ 

ကမ္ဘာကြီးနဲ့ လောကကြီးကို ခြုံငုံပြီး ကြည့်လိုက်ရင် အပေါ်ယံအားဖြင့် အသွင်ယူပြီး လည်ပတ်နေကြတာ များတယ်။ အဲဒီလို အသွင်အလိုက် နောက်ကွယ် အကြောင်းအချက် ဖော်ထုတ်ပြီး နည်းစဉ်ကို သိအောင် လုပ်ရတာကပဲ ပညာဖြစ်တယ်။ နေ့စဉ် လူနေမှု ဘဝမှာ တွေ့ကြုံခံစားရသမျှကို အကြောင်းအချက်အလက် အဖြေထုတ်ပြီး ကိုယ့်အတွက် အသုံးကျနိုင်မယ့် လျှို့ဝှက်ချက်ကို အသုံးချနိုင်ခြင်းကပဲ ပညာတတ်တယ်လို့ ခေါ်တယ်။ အရည်အချင်းရှိတယ်လို့ ဆိုတယ်။ သဘာဝကြီးရဲ့ အသွင်ကို ကြည့်ပြီး၊ အကြောင်းအချက်ကို မြင်နိုင်တာကိုမှ ပါရမီရှိတယ်လို့ ပြောကြတယ်။

ဒါကြောင့်လည်း လီယိုနာဒိုရဲ့ လက်ရာတွေက မှင်သက်ဖို့ ကောင်းလောက်အောင် ထူးကဲနေတာပေါ့။ ဘယ်နယ်ပယ်မှာမဆို အကြောင်းအချက် သိအောင် အရင်လုပ်ပါ။ အပေါ်ယံ အသွင်လောက်နဲ့ မဆုံးဖြတ်ပါနဲ့။ နောက်ကွယ်က အကြောင်းအချက် သိအောင် လုပ်ပြီးမှ သေချာ စီစစ်ပိုင်းဖြတ်ပါ။ “ဘာကြောင့်” “ဘယ်လိုကြောင့်” စသဖြင့် ဝေဖန်တတ်တဲ့ အကျင့်ကောင်း ရှိသွားရင် အချိန်တန် ဆရာ့ဆရာကြီး ဖြစ်ကိုဖြစ်လိမ့်မယ်။ 
အလယ်ခေတ်ကတည်းက “အရင်းရှင်စနစ်” ကြီး ပေါ်လာခဲ့ပြီး၊ “အရည်အသွေး” အခြေခံ ဆုံးဖြတ်တဲ့ စံနုန်းကြောင့် အလုပ်သင်မှု၊ အတွေ့အကြုံဖြည့်ဆည်းမှုဆိုတာ အရေးပါတဲ့ အခန်းကဏ္ဍတခု ဖြစ်လာတယ်။

စက်မှုတော်လှန်ရေးခေတ် ပြောင်းသွားတော့လည်း၊ အလုပ်သင် လေ့ကျင့်ဖြည့်ဆည်းမှု အခန်းကဏ္ဍ နည်းနည်းလေးမှ မှေးမှိန်မသွားခဲ့ဘူး။ နယ်ပယ်တိုင်းမှာ ရှိနေခဲ့တယ်။ အခြေခံ အရည်အချင်း ဖြည့်တင်းမှုမှ မရှိဘဲ၊ ဘာမှ လုပ်လို့ မရဘူး။ ဒါဝင်အနေနဲ့ ဇီဝဗေဒမှာ ပြဌာန်းပေးခဲ့သလိုပဲ၊ နယ်ပယ်တိုင်းက ဆိုင်ရာ အရည်အသွေး ဖြည့်ကျင့်မှုကြောင့်သာ ဆင့်ကဲတိုးတက်နိုင်ကြတာဖြစ်တယ်။ အခုလည်း သတင်းအချက်အလက်ခေတ်ကြီး ရောက်နေပြီ၊ ကွန်ပြူတာတွေရဲ့ အစွမ်းအစက လူတွေ လုပ်နိုင်တဲ့ စွမ်းဆောင်ရည်ထက် အဆပေါင်းများစွာ လုပ်နိုင်စွမ်း ရှိကြတယ်။ ဒါပေမဲ့ အရည်အချင်း ဖြည့်တင်းရတဲ့ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ပညာသင်မှု အလုပ်က ပျောက်ပျက်မသွားဘူး။ နယ်ပယ်တိုင်းမှာ လိုနေသေးတယ်။

ထူးချွန်ပြောင်မြောက်တဲ့ “ဟက်ကာ” တယောက်ဖြစ်ဖို့၊ အချိန်ပေါင်းမြောက်များစွာ ပေးဆပ်ပြီး ပရိုဂရမ်တွေ ရေးထားခဲ့ဖူးမှသာ ဖြစ်နိုင်တာပါ။ ဆရာ့ဆရာကြီးတွေဆီမှာ နည်းခံပြီး တပြည့်ခံ လုပ်မှ အလုပ်သင်လို့ မဆိုလိုပါဘူး။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ပညာရပ် တခုခုကို ကျွမ်းကျင်ပိုင်နိုင်တဲ့အထိ မဆုတ်မနစ် ကြိုးစားလေ့ကျင့်တာကိုလည်း အလုပ်သင်နေမှုလို့ ပြောလို့ ရတယ်။ 

ကိုယ်ရည်ကိုယ်သွေး တိုးမြင့်ရေးအတွက် လေ့ကျင့်မှု မရှိဘဲ မရဘူး။ စမ်းသပ်မှု မပါဘဲ မဖြစ်ဘူး။ တတ်မြောက်ထားတဲ့ အသိပညာ၊ အတတ်ပညာ၊ နည်းလမ်း၊ နည်းစဉ်၊ လုပ်ထုံးတွေကို တကယ်လက်တွေ့ အသုံးချကြည့်မှသာ အားနည်းချက်၊ အားသာချက် သိသာ မြင်သာနိုင်တာ ဖြစ်တယ်။ မစမ်းသရွေ့ မသိနိုင်ဘူး။ မလုပ်ကြည့်သေးသရွေ့ အလုပ်ဖြစ်မဖြစ် မသိနိုင်ဘူး။ မသိသရွေ့ မမှားသေးဘူး။ မမှားသရွေ့ အလုပ်မဖြစ်ဘူး။ တပွဲတိုး လုပ်ဖြစ်တိုင်း အလုပ်ဖြစ်တယ်လို့ မဆိုကြဘူး။ ထပ်ခါတလဲ နည်းမျိုးစုံသုံး စမ်းသပ်ကြည့်ပြီး အဘက်ဘက်က ချို့ယွင်းချက် မရှိသလောက် နည်းသွားမှသာ ဖြစ်မြောက်တယ်လို့ သတ်မှတ်ကြတာဖြစ်တယ်။ 

သက်ဆိုင်ရာ နယ်ပယ်အလိုက် အရည်အချင်း ဖြည့်တင်းရင်လည်း အဲဒီလိုပဲ၊ ထပ်ခါတလဲ စမ်းသပ်ရတယ်။ အမှားတွေကနေ သင်္ခန်းစာ ယူပြီး၊ နဂိုထက် ပိုသာ၊ ပိုထူး၊ ပိုကောင်းအောင် ကြိုးစားပြုပြင်ပြောင်းလဲကြရတယ်။ တခုတည်း၊ တမျိုးတည်းနဲ့ ကျေနပ်လွယ်လိုက်လို့ မရဘူး။ ပြောင်းလဲမှုတွေကနေ တိုးတက်မှုကို ဖန်တီးရယူကြရတယ်။ အမှားများစွာကို အခြေခံပြီး ပြီးပြည့်စုံမှုကို တည်ဆောက်ရတယ်။ နည်းစဉ်အလိုက် တိမ်းစောင်းမှုတွေကနေ တည့်မတ်မှုကို ရှာဖွေကြရတာဖြစ်တယ်။ ဆရာခံ နည်းခံခြင်းဆိုတာက အောက်ကျို့ခြင်းမဟုတ်ဘဲ၊ ဆရာတွေရဲ့ အတွေ့အကြုံတွေကနေ ကိုယ့်အတွက် အကျိုးကျေးဇူး ထုတ်ဖော်ရတာ ဖြစ်တယ်။ အမှန်တရားကနေ သင်္ခန်းစာ မရနိုင်ဘူး။ အလွဲအမှားတွေကနေ သင်္ခန်းစာ ရယူကြရတာဖြစ်တယ်။

ဒါကြောင့် အလုပ်သင်ခြင်း ဆိုတာက ထင်သလောက် မရိုးစင်းဘူး။ အချိန်များစွာ ပေးဆပ်ရတယ်။ နှစ်ပေါင်း နှစ်ဆယ်စာ ကြိုးစားထားမှုက အကြောင်းတချက်တည်းနဲ့ အကျိုးမဲ့ကောင်း မဲ့သွားနိုင်တယ်။ ဘယ်ပညာကမှ ပြည့်စုံတယ်လို့ မရှိဘူး။ ပညာယူခြင်း ဆိုတာက စမ်းကြည့်လိုက် မှားလိုက်၊ နည်းသစ်ရှာလိုက်နဲ့ မပြီးဆုံးနိုင်တဲ့ အလုပ်ကြီးဖြစ်တယ်။ ဒါကြောင့် လေ့ကျင့်ဖြည့်ဆည်းနိုင်သမျှ ကြိုးစား ဖြည့်တင်းပါ။ လေ့ကျင့်မှုကို ကျင့်သားရလာတာနဲ့အမျှ အထာကျတဲ့ ဆရာ့ဆရာ ဖြစ်လာလိမ့်မယ်။ ကျွမ်းကျင်ပိုင်နိုင်သူဆိုတာ ပညာသင်ယူလေ့ကျင့်မှု ပြီးဆုံးသွားသူမဟုတ်ဘူး။ သူများထက် လေ့ကျင့်မှု များသူကိုသာ ဆိုလိုတယ်။ သူ့ထက်သာအောင် နည်းလမ်း အမှားတွေကို သိသူက ပညာကြီးသူပဲဖြစ်တယ်။ နည်းမှန်တခု သိရုံနဲ့ ပညာရှိ မဖြစ်ဘူး။ နည်းစဉ်အလွဲအမှားများစွာကို ကြုံတွေ့ထားပြီး၊ နည်းကောင်းလမ်းမှန်များစွာကို ဖော်ထုတ်ထားသူကသာ သူမတူ ထူးကဲပြောင်မြောက်တဲ့ ကျွမ်းကျင်ပိုင်နိုင်သူ ဆရာ့ဆရာကြီးဖြစ်တယ်။ 

#မောရိသျှ
⸻ပလ္လင်ပေါ်အလွယ်တက်နည်း- အနှစ်ချုပ်

Keep Reading

အင်တာနက်နဲ့ လူနေမှုဘဝ မေတ္တာမဏ္ဍိုင်ဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဂျပွေး ရှင်ကုသလ