Author's Profile Photo

Tawtawti

17/12/2024

ချစ်သူရဲ့ဇာတ်လမ်း ( ဝတ္တုတို )

7 mins read
Art
Novel
Creative



"ချစ်သူရဲ့ဇာတ်လမ်း"

.................................................

(၁)

"ဘာရယ်ဗျ..."

"မင့်..မယုံရင် ဒီကအပြန်မှာ...တက္ကသိုလ်ထဲ ပြန်သွားမယ်၊ သူ့အခန်းဆီ မင်းသွား၊ ငါက ခပ်လှမ်းလှမ်းက စောင့်နေမယ်၊ သူ့ကို ငါ က ခေါ်နေတယ်လို့ ပြောလိုက်၊ သူချက်ချင်းလိုက်လာလိမ့်မယ်၊ သူနဲ့ငါက ကြိုက်နေတာပဲကြာလှပြီ၊ လူသိနည်းတာကွ၊ သူက..ငါ့ဆို သိပ်ချစ်တာ.. "

နားဝကို ဖယောင်းစက်ချမှ နားပူလှတာမဟုတ်ပါဘူး၊ အခုလို နားထဲကို ဝင်လာတဲ့စကားလုံးတွေကလည်း ကိုယ့်အဖို့ တမျိုးတမြည် နားပူစေပါတယ်။

"လူသိနည်းဆိုကွာ..၊ ငါက ဒီကျောင်းမှာ တက်နေရတာလည်းမဟုတ်..လိုက်လည်းမလာတတ်လို့ သူနဲ့ငါ တွဲတာလည်းမင်းတို့ ဘယ်မြင်ပါ့မလဲ၊ ကျောင်းအပြင်မှာကလည်း လူမမြင်အောင်ပဲ ခိုးတွေ့ကြတာကိုး"

"ဟေ့ရောင်..သူပြောနေတာတွေကမှန်လား"

အနားရှိ သူငယ်ချင်းကို အကဲစမ်း မေးကြည့်လိုက်၏။

"အေး..သူနဲ့ငါက အပြင်သိတာကြာပြီ၊ မင့်နဲ့ကတော့ ကျောင်းရောက်မှခင်ကြတာပေါ့ကွာ၊ ဒီအကြောင်းကိုလည်းသိတယ်၊ မင့်ကြေကွဲမှာစိုးလို့မပြောသေးတာ၊ အခုလည်း သူက မင့်နဲ့ဆုံချင်တယ်ဆိုလို့ ငါက ကြား တမင်ချိန်းပေးတာ၊ ပြေပြေလည်လည်ပေါ့ကွာ ၊ငါက နှစ်ဖက်မိတ်ကိုး"

ယနေ့ဝိုင်းကို စပွန်ဆာခံလိုက်တိုက်သည့် ဆိုင်ကယ်အရောင်းအဝယ်လုပ်သည်ဆိုသော ဘီးကြဲကတော့ ပြုံးစေ့စေ့သာနေသည်။ ထပ်မံ၍..

"ဒါပေမယ့်..မင့်ကသူ့ကို လိုက်နေမှန်းတော့ ငါသိပါတယ်၊ သူ့ကိုမင့်ပေးခဲ့တဲ့ ရည်းစားစာပေါင်း ရှစ်သောင်းလေးထောင်
(အဲလေ)ရည်းစားစာမှန်သမျှကိုလည်း သူက ငါ့ကိုပြန်ပြတာကိုး၊ မင်းသာ...ဒီကြားထဲ သူ့ကို ရရင် ငါ ပေးလိုက်ချင်ပါရဲ့ကွာ..၊ စာအရေးအသားကတော့ မိုက်ပါ့၊ အိုကွာ..မရတော့လည်း..ကိစ္စမရှိပါဘူး၊ ဒီအရေးအသားမျိုးနဲ့ဆိုရင် တဗွေဗွေနဲ့တော့ မင်း ငြိမှာပါကွ၊ ကိုင်း...sorမရှိတဲ့ ဘဲ၊ အရက်မရှိတဲ့ပုလင်း မတင့်တယ်သလိုမို့လို့ အခြားတယောက် ပြောင်းလိုက်ပေါ့ ဟုတ်လား.."

ကဲ...ကြည့်။
ကိုယ်ချစ်သောသူ၏ ချစ်သူ ဆိုသူက ကိုယ့်ကို ခြွေနေသော သြဝါဒများပေါ့။ လေကြောင်းကူညီရေး ဝီစကီလေးကလည်းပါနေတာဆိုတော့..အာကသွက်သွက်နဲ့ တော်ကင်ပစ်ပြီလေ။
ကိုယ့်မှာသာ ပိတ်လိုက်သော ရေဘုံဘိုင်ထိပ်ဝလိုနှုတ်ခမ်းဖျားမှာ အသံများတိတ်ဆိတ်လို့။

"အခု ကိစ္စနဲ့ပတ်သက်ပြီးလည်း ငါက စိတ်မဆိုးပါဘူး၊ မရနိုင်ဘဲ ဆက်လိုက်နေရင် မင်းမောနေမှာစိုးလို့ ယောကျ်ားချင်း စာနာစိတ်နဲ့အသိပေးတာ.."

ပြောသမျှ ခံနေရတာများ..
အစည်းအဝေးပွဲမှာ မိန့်ခွန်းပြောသူရှေ့ထိုင်ခုံမှာ နေရာရသူလိုပဲ။

"စာတွေဖတ်ရင်းတောင် ငါ့ထက် မင့်က ပို ချစ်တတ်သေးပါလားဆိုပြီး ငါက မင့်ကို ခုလို ထိပ်တိုက်မဆုံရခင်ကတည်းက ကြိတ်ခိုက်တောင်နေသေးကွာ၊ တခါတလေ မင်းစာက အင်္ဂလိပ် လိုရေးထားတာတောင်ပါသေး၊ စာပေးပုံလေးတွေလည်း ဆန်းဆန်းလေး"

မသိရင်ကိုယ်ကပဲ သူ့အတွက်ပေးသလိုလို..။

"မင်းစာတွေကို ငါတောင်ကြွေတယ်၊ ငါ့ sor က မကြွေတာပဲစိုးတာ.."

"မသောင်ပါနဲ့ဗျာ"

သံချိတ်ကနေပြုတ်ကျလာတဲ့ ကချင်လွယ်အိတ်ကြိုးလေးလိုပဲ၊ စိတ်ဆိုတာလေ.. ခွေခွေလေးကို ဟိုး..ကြမ်းပြင်အောက်မှာ ပုံလျက်သားကျလို့...။

အစပိုင်းက..မိတ်ဆက်ရင်း အလ္လပသလ္လပမျှသာပြောကြသည်။ ဘာရယ်မဟုတ်..ကိုယ့်သူငယ်ချင်းနဲ့ပဲ မတွေ့တာကြာလို့ ဝိုင်းကောင်းကောင်းလေးစီစဥ်ပေးသလိုလို။ ကိုယ်ကအဖော်အဖြစ်ပါလာရသလိုလို။

နောက်...
ရီထွေလာမှ ကိုယ့်ကိုနှုတ်၏ ဆောင်မခြင်းနှင့် ဖွင့်ပြောလာသော သူ့မျက်နှာမှာက ဟန်ဆောင်မှုမဲ့နေမှန်းလည်း သိသာ၏။

ကတောက်..အရက်မူး ကျွဲခိုးပေါ်ပဲ ကြားဖူးပါတယ်ဗျာ ၊ ခုမှ..ချစ်သူပေါ်ရသတဲ့။

ဘဝနှယ် အနူလက်က ဆေးပေါ့လိပ်မီးတိုလောက်တောင်..ထရဲပြစရာ မဝံ့နိုင်၊ မီးထပွင့်လို့လည်းမရ၊ မခမ်းနားလှတဲ့အခြေပါလား။

နေ့လယ်ခင်း'နေ'သည် ဆိုင်အတွင်းအထိတင်မက ကိုယ့်ရင်ထဲအထိပါ အပူရှိန်သက်ရောက်နေလေသည်။

ယခု မနက်တွင်က ချစ်သောသူနှင့်လည်း မဆုံဖြစ်သေး။ သူကျောင်းအလာကို စောင့်နေခွင့်လေးပင် မရ။

သည်လို ဝိုင်းနှင့် တွေ့ရအောင် သူငယ်ချင်းဖြစ်သူက လိုက်ခဲ့ဖို့ မရမက ခေါ်ဆောင်နေခဲ့သည်။

ထို့ကြောင့် ထင်မှတ်မထားပါဘဲ လိုက်ခဲ့ရစေကာမူ ကိုယ့်မှာ သူ့အချစ်အတွက် သေခါမှလျှော့မည်ဟူသော ဇွဲနှင့် love you ဟု ရေးထားသော စာတစ်စောင်ကိုတော့ သကြားလုံးအသွင် ဖန်တီးပြီး တဆင့်ပေးပေးဖို့ သူငယ်ချင်းမလေးတယောက်ကို ကြားခံ အကူအညီတောင်းမိခဲ့သေးသည်။

ယခုတော့ သူ့မှာက တကယ်ရည်းစားရှိနေပြီတဲ့။ သူက ပိုင်ရှင်မဲ့ လိုင်စင်မဲ့မဟုတ်တာလည်း သေချာသလောက်ပင် ဖြစ်နေပါကောလား။
ကိုယ်ချစ်နေမိသူ၏ ဇာတ်လမ်းကို အတိုင်းသားကြားရသည်။
မယုံကြည်ချင်ဘူး အချစ်ရယ်ကွဲ့။

နောက်...ကိုယ့်အတွေးသည် ၂၀၀၃ခုနှစ်အတွင်းတွင်ရှိသော မနေ့တုန်းဆီက ဖြစ်ရပ်ဆီသို့ အပြေးရောက်မိသွား၏။

...............................................

(၂)

သူမ၏မေဂျာအခန်းရှေ့။
တယောက်တည်းမတ်တပ်ရပ်နေသည့် သူမကို လှမ်းတွေ့ရသည်။

အနီးသို့အရောက်။

"မျှော်နေတာ..."

စကားလေးတစ်ခွန်းရဲ့နားစည်ကို ရိုက်ခတ်လာမှုက..လူကို သုတိတာနတ်ပြည်ရဲ့ တိမ်နံရံအထိ နူးနူးညံ့ညံ့မြောက်တက်ထိတွေ့သွားသလိုပဲ။

ဝေ့လာသောနံနက်ခင်းလေပျိုအေးသည် ဘဝအဆက်ဆက်မှတိုင် ယနေ့သာလျှင် အအေးမြဆုံးဟု ထင်မိလိုက်သည်။

"ကန်တင်းသွားမလို့..သူငယ်ချင်းတွေမရောက်သေးတာနဲ့ မျှော်နေတာ.."

"ကျွတ်.."

ကိုယ့်ကို မျှော်တာမဟုတ်ဘူးပဲ၊
မင်းနဲ့ပတ်သက်ရင် ဘာလို့ လိုရာပဲ ဆွဲတွေးနေမိသလဲကွယ်။

"အဲဒါ.. အဖော်လိုက်ခဲ့ပါလား၊ ဗိုက်ကဆာနေပြီ၊ တယောက်တည်းမသွားချင်လို့"

Woo. .။ကိုယ်ဖြစ်ချင်သလိုပါလား၊ ဒါဖြင့် မဆိုးသေး။

ရင်ခုန်သံက တရုတ်ဘင်ခရာတီးဝိုင်းလို ဆူညံပြီး နဂါးအကများပင် ခုန်ပေါက်ကချင်သွားမိသည်။ တူနှစ်ကိုယ် ကန်တင်းဆိုင်မှာ ကော်ဖီရည် အတူတူမှုတ်သောက်ရ..သောက်ရပေါ့လေ။

ကိုယ်..မကြာခဏ ချစ်ခွင့်ပန်စာပေးတာကို ယူသာယူသည်။ တုံ့လှယ်မှုမရှိ။
တွေ့လျှင် ရှောင်မပြေးတတ်သော်လည်း ပြောခွင့်မကြုံအောင် သူငယ်ချင်းတွေနှင့်သာ ကပ်နေသောသူသည် ယနေ့မတော့..ကန်တင်းအတူသွားကြမည်ဆိုတော့ မပျော်ရိုးခံနိုင်မလား။

မီးစိမ်းပြလာသည့်သဘောလားဟု ရှေ့တိုးဖို့ကိုနောက်ဆုတ်ဖို့မကြိုးစားဘဲ တွေးမိသည်။

သူမနှင့်ကိုယ်သည် မေဂျာမတူသော်လည်း အခန်းချင်းက ကပ်ရပ်သား။

ထို့ကြောင့် ကိုယ်သည် ကိုယ်အတန်းအားချိန်ဖြစ်၊ သူမ အတန်းတက်နေရချိန်မျိုးဆိုလျှင်တောင် ဝေးဝေးလံလံမသွား။

သူမအခန်း မှန်ပြတင်းဝအနီးရှိ ကော်ရစ်တာ လက်တန်းလေးမှာ ထိုင်ပြီး ကိုယ် အလွတ်ရနေသည့် သူမ၏အလှတရားကိုပင် နှလုံးသားနှင့်ကြည့်ကာ ကိုယ့်အမြင်တွင် အေးစက်မှုရှိမနေအောင် တအုံ့နွေးနွေး ပြန်နွှေးနေမိတတ်သည်။

ဒါကို သူမ တခန်းလုံးပင် ရိပ်မိသည်။ ကောင်မလေးတယောက်ဆိုလျှင်.. မျက်မှန်းတန်းမိရာကတဆင့် ခင်မင်မှုပါရှိသွားပြီး သူနှင့်ပတ်သက်လျှင် လိုလိုလားလားကူညီပေးတတ်သည်။

ဥပမာ..ရည်းစားစာပေး..ပေးတတ်တာမျိုးပေါ့။

ကိုယ့်ရည်းစားစာသည် တခါတရံ တဖွဲ့တနွဲ့ စာစီထားသလောက် တခါတလေကျရင်တော့ ကြားခံ လူပင်ဖတ်ရှုမရအောင် အထူးစီမံပြုလုပ်ထားသည့် စတန့်ဆန်ဆန်ပုံစံနှင့် ဆန်းပြားသည်။

မည်သို့ စတန့်မျိုး ဖြစ်ပါသလဲ။
စတန့် ဆိုတာ စလိုက်ကတည်းက ရပ်တန့် သွားရမယ့်ပုံစံမျိုး ပြုမူထားတာတော့ မဟုတ်ဘူးပေါ့။

စိတ်ကူးလို့ပြောရင် ပိုမှန်မယ်တူပါရဲ့။ ချစ်ခြင်းတရားက စိတ်ကူးတွေကိုလည်း ဆန်းသစ်စေနိုင်သတဲ့လား။

သူ၏တန်ခိုးကြောင့်ပင် လူကသာ မွဲချင်မွဲနေမည်၊ ချစ်သူကိုတော့ စိတ်ချမ်းသာစေချင်လို့ လှိမ့်ကြိုးစားတတ်သလိုမျိုးလည်း ရှိသေးရဲ့မဟုတ်လား။

လူက ဘွန်ဇိုင်းလို သေးသေးလေး ဖြစ်ပါစေ၊ အချစ်ကတော့ ဆူမိုနဗန်းသမားရဲ့ဗလလို ကြီးထွားသန်မာတာမျိုးကိုး။
ဘဝကကြည့်ရင် ဗလ ဇရှိတယ်ပေါ့။

လူ..ဘွန်ဇိုင်း၊အချစ်..ဆူမိုနဗန်း လို့ဆိုရမယ်။
ရေထဲကျရင်တောင် အလေးချိန်က
လူ ပလုံ..အချစ်..ဗွမ်း ဆိုတဲ့ပုံလေ။

ကိုယ့် ..ရည်းစားစာစိတ်ကူးကတော့ ရှေ့မှာဆိုခဲ့မိသလို စာကို သကြားလုံးလေးအသွင် ဖန်တီးလေ့ရှိတတ်တာပါပဲ။

စာသားက အင်္ဂလိပ်လို အများဆုံးဆိုမှ နှစ်ကြောင်းလောက်ပဲ ပါတယ်။
စာရွက်သေးသေးလေးမှာ ရေးထားတာ။

စာရွက်သေးမှာ လိုရင်းကို ဝင်ဆန့်အောင်ရေးဖို့ဆိုတာ..အင်္ဂလိပ်စာလုံးတွေကမှ ပိုရှင်း ပိုလွယ်ကူစေတာလေ။

ဥပမာ..မင့်ကိုချစ်တယ် ဆိုပြီး မြန်မာလိုရေးရင် စာသားကရှည်တယ်၊ အင်္ဂလိပ်လိုမှာတော့ love you ဆို ရပြီ၊ အတိုချုံ့တယ်။

အဲ့လိုစာရွက်လေးကို ခေါက်ပြီး ကိုယ်က မီးပူနဲ့ သေသပ်ပိပြားအောင် တိုက်တယ်။

ဘယ်လောက်အထိလဲဆိုရင်..
သကြားလုံးအိတ်ကလေးထဲကို ထည့်ဖို့ ဝင်ဆန့်နိုင်တဲ့ ပမာဏအထိပဲ။

ကိုယ်က ဦးဆုံးအနေနဲ့ love တို့ kiss တို့ တံဆိပ်နဲ့သကြားလုံးလေးတွေကို ဝယ်ထားတယ်။ ဝယ်ပြီး သူ့ပါကင်ပိတ်ထားတဲ့လိုင်းအတိုင်း ဂရုတစိုက် ခွာတယ်။
ပြီးတော့မှ သကြားလုံးကို ဖယ်ထုတ်၊ ရေးထားတဲ့ စာလေးကို လိုင်းအပွင့်လေးထဲကနေ အိတ်လေးထဲကို ထည့်၊ နောက်.. လိုင်းအတိုင်းပဲ မီးပူလေးတစ်ချက်ဖိတိုက်၊ အဲ့ဒီ့မှာ..သကြားလုံးအိတ်လေးနဲ့ ထည့်ပိုးထားတဲ့ ရည်းစားစာအတိုလေး ရပါပြီ။

ဒီတော့ ပေးတဲ့အခါ တဖက်လူက သကြားလုံးလို့ထင်တယ်။ လူကြားထဲ ပေးရင်တောင် မြင်တဲ့သူက မရိပ်မိဘူး။ သကြားလုံးပဲကျွေးသလိုလိုနဲ့ပေါ့။

ကြားခံလူကနေ တဆင့်ပေးခိုင်းရင်လည်း ဟန်မပျက်ရောက်သွားဖို့ ပိုပြီး စိတ်ချရတယ်။
ဖွင့်ဖောက်ကြည့်ရင် ပုံပျက်သွားမယ့်အနေအထားမျိုးဖြစ်နေလို့လေ။

ရည်းစားစာဆိုတာကလည်း ကာယကံရှင်တွေအတွက်ပဲ ခံစားမှုကသက်ဝင်တာ။ ကြားကတယောက်ယောက်ဝင်ဖတ်ရင် ဟာသဆန်နေတတ်တာဗျ။
ရယ်ရွှင်စရာ၊ ဟားစရာ၊ သရော်ချင်စရာမျိုးလေ။

ဒီနည်းကို ကိုယ်လည်းသုံးတယ်၊ သူနဲ့မတွေ့တဲ့အခါရှိရင် ကိုယ့်ကို စာပေး..ပေးနေတဲ့ ကောင်မလေးကိုလည်း သုံးခိုင်းတယ်။

အဲဲ့ဒီ့ကောင်မလေးက သနပ်ခါးကို ပါးပြင်မှာ နှစ်ဆယ့်လေးနာရီ ကန်ထရိုက်ဆွဲထားလေ့ရှိသူပါ။ အခုလို ကိုယ်ထွင်တဲ့နည်းကို သနပ်ခါးမလေးဆိုရင် ကြားကနေ အမတန်မှ သဘောကျတတ်တယ်။

..................................................

(၃)

ကန်တင်းကို ရောက်တော့
ကိုယ်က စူပါကော်ဖီမစ် တခွက်ပဲမှာယူတာပါ။
သူမ မှာတာကမှ..တော်တော့်ကိုစုံတယ်။
ပြီးတော့..ဘာအကျင့်လည်းမသိဘူး။
တခုဆိုတခုပဲ မစားဘူး။
ဟိုတတို့..ဒီတတို့ပဲစားတာ။
နောက်...ကိုယ်က စကားစရတော့တာပေါ့။

"စိုင်းစိုင်းခမ်းလှိုင် အသဲကွဲနေတာသိလား.."

"မသိဘူးလေ..ဒါနဲ့..သူကဘယ်သူလဲ... ဘာလုပ်တာလဲ"

"Hip-hop အဆိုတော်လေ..၊ လုပ်ဇာတ်မဟုတ်ပါဘူး..ပရိသတ်ကြီးရယ်လို့ သူပြောနေတာ..မကြားမိဘူးလား"

"အာ..ဒီက Rock ပရိသတ်ရှင့်၊ အခု တေးရေး မောင်သစ်မင်း နှစ်ငါးဆယ်ပြည့်အနေနဲ့ထွက်ထားတဲ့ တေးမြုံငှက် အခွေထဲက မျိုးကြီးဆိုထားတဲ့ မင်းသိဖို့ကောင်းတယ်နဲ့ ဦးငဲကြီးရဲ့ ဇာတ်တော်ထဲမှာ အလွမ်းဆုံးသီချင်းတွေကိုပဲ ခိုက်နေတာ..အု.."

"အု....ဘာအုလဲ ၊ ဇာတ်တော်ထဲမှာ အလွမ်းဆုံးတေးထဲက အငဲဆိုထားသလို အု လား.."

ကိုယ့် အဖြစ်ကလည်း ကလင်တာကျ အပိုင်တကွက်တည်းထိုးပါမှ တက်တက်စင်အောင်လွဲတဲ့ ချဲထီသမားလိုပဲ။

မိန်းကလေးအများစုက စိုင်းစိုင်း ဆိုရင် သဲသဲလှုပ်ဖြစ်နေလို့ သူမလည်း စိတ်ဝင်စားမလားမှတ်ပြီး စကားလမ်းကြောင်းခင်းပါတယ်။ သူမက..အု တဲ့။

ကိုယ်တွေးထားတာက ကိုယ့်အစီအစဥ်နဲ့ကိုယ်လေ။

ဘယ်လိုဖြစ်တာလဲလို့ သူမသာ ပြန်မေးရင်...

"စိုင်းစိုင်းက အသဲကွဲပြီး ဝမ်းနည်းမှတ်တမ်းသီချင်းကို .. ဆိုထားတယ်လေ၊ ကိုယ်ကတော့ သူ့လို အသဲမကွဲချင်ဘူး...၊ ဝမ်းနည်းမှတ်တမ်းလည်းမရေးချင်ဘူး၊ ဒီလိုမဖြစ်အောင်လည်း မင်းအပေါ်မူတည်နေတာ.."

ဆိုပြီး ရည်းစားစကား ဘာညာ စတင် ပွားဖို့ တည်ထားတာကိုး။

ခုတော့
လမ်းကြောင်းကိုပိတ်ကရော..။
Rockerမလေးနဲ့ လာတွေ့နေတော့တာပါပဲ။

ဒါကြောင့်မို့ ဘိုးတော်ဦးစိုင်းကလည်း တခါတည်း ဆိုပေးထားတာထင်ပါရဲ့။
ဘာရယ်..Hip-hop သီချင်းများကို စိတ်မဝင်စားတဲ့ ကောင်မလေးဆိုတဲ့ သီချင်းလေ။

သူမက စိတ်မဝင်စားဟန်သာပြတာ။
ကိုယ်ကလည်း ဘာရမလဲ ငါကွပဲ။
သီချင်းစုံအောင်နားထောင်တတ်သူဖြစ်တာကြောင့် သူ့စကားအလိုက်အတိုင်းပဲ...

"ဒါဆိုလည်း ကိုယ် မင်းကို သိပ်ချစ်နေမိတာကို မျိုးကြီးလို မင်း သိဖို့ကောင်းတယ်၊ အငဲ လို ဇာတ်တော်ထဲမှာအလွမ်းဆုံးထက် အပြင်မှာ ကိုယ်အဆွေးဆုံးမဖြစ်ရအောင် မင်း အခုပဲ စဥ်းစားပြီး အဖြေပေးသင့်ပါတယ်ကွာ.."

တောင်းဆိုမိလိုက်သည်။

ကန်တင်းလေးသည် ကျောင်းသားကျောင်းသူ စားသုံးသူများဖြင့် သက်ဝင်လှုပ်ရှားလျက်ရှိ၏။

ကိုယ့် နှလုံးသားကတော့ သူ့အဖြေနှင့်မှသာ သက်ဝင်ပေလိမ့်မည်။

................................................

(၄)

ဘဝမှာ ရင်အနာရဆုံးတခုကတော့..
Hip-hop သီချင်းများကိုစိတ်မဝင်စားတဲ့
Rocker မလေးတဦးက ကိုယ့်ကို မြန်မာသံစဥ်တေးထဲက စာသားနဲ့ အဖြေပြန်ပေးတာပဲဗျာ..။

ခင်ဗျားသိလား..။

'ကျွန်မမှာ ချစ်သူရှိတယ်..ရှင် ငရဲကြီးလိမ့်မယ်' တဲ့။

"ဘာရယ်..တကယ်ကောဟုတ်လို့လား၊ တခါမှ တွဲသွားတွဲလာလည်းမတွေ့ဖူးပါလား.. "

"တို့က အတတ်နိုင်ဆုံး silentပဲ၊ အိမ်ကသိရင် ဆူမှာစိုးလို့"

"မယုံဘူး..ကိုယ်ကတော့ ယောကျ်ားတို့ဇွဲနဲ့အညီ ဆက်ကြိုးစားမှာပဲ"

"မယုံလည်း..ပုံပြင်မမှတ်နဲ့၊ သက်သေပြစရာလည်းရှိတယ်၊ တို့ကို သူငယ်ချင်းလိုပဲ ဆက်၍ ပိုက်ဆံချေး..အဲ..ခေါ်ပါကွယ်၊ ရှေ့ကို..သူငယ်ချင်းလိုသာ နေကြပါစို့"

"အု.."

ချစ်သူပြောပြသောဇာတ်လမ်းကို မထင်မှတ်ဝံ့ဝံ့ မသိချင်ချင်...။

..............................................

(၅)

သူမ ရှိရာ စာသင်ခန်းဆီသို့ ရီဝေဝေနှင့် ကိုယ်လျှောက်လာခဲ့သည်။
စာသင်ခန်းဝကနေ စတိုးဆိုင်ဝကလာဘ်ခေါ်ကောင်အရုပ်လေးလို လက်လှုပ်၍ လှမ်းအချက်ပြမိသည်။

သူမ အပြင်ထွက်လာသည်။

"နင့်ကို..နင့် ရည်းစားစောင့်နေတယ်၊ အဲဒါ ငါ လာခေါ်ပေးတာ.."

လေသံကို ဓမ္မပလ္လင်ထက်မှ ထေကြီးဝါကြီး သိက္ခာတော်ရ ဘုန်းဘုန်းတပါးဟန်ဖမ်းကာ အတတ်နိုင်ဆုံး တည်တည်ငြိမ်ငြိမ်ထားလျက် ပြောပြလိုက်သည်။

သူ၏ဝမ်းသာသွားသည့်ပုံသည် သိပ်ချစ်စရာကောင်းနေသည်။ ထိုတပြိုင်နက်ပင် ကိုယ့် ဝမ်းနည်းမှုသည် ပြိုတော့မည့်မိုးတိမ်လို ရင်ထဲအုံ့စိုင်း၍လာသည်။

"ဟိုမှာ.."

သူမကို လက်ညှိုးထိုးပြလိုက်သည်။

သူများတွေ အသဲကွဲလျှင် အရက်သောက်ကြသည်။
ကိုယ့်ဖြစ်ပုံများတော့...
အရက်သောက်ပြီးမှ..အသဲကွဲရသည့်အဖြစ်။

သူမထွက်ခွာသွားသည့် နောက်ကျောပြင်ကို ငေးကြည့်မိသည်။

မွန်းလွဲချိန်ဆိုပေမယ့် ကိုယ့်ခမျာက နေဝင်သည်။

တဖက်မှာ ဖောင်ဖြစ်ဖို့ တဖက်မှာ ဝါးခုတ်ခံရသည်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း။

ခေါင်းကိုငုံ့ရင်း တဖက်သို့လှည့်လိုက်သည်။

စိုသောမျက်ဝန်းကို ထိန်းကာ ပြန်အခေါင်းကိုမော့...။

ဝေဝါးနေသော မျက်ဝန်းအစုံကြား မိမိကို နှင့်သိမ့်ပြုံးနှင့်ကြည့်နေသော
တက္ကသိုလ်၏သမီးပျိုတဦးကို တွေ့လိုက်ရ၏။

သည်မျက်နှာပိုင်ရှင်သည်ကား..သနပ်ခါးမလေး။

ကိုယ်..အားခဲ ပြုံးပြလိုက်၏။

သနပ်ခါးမလေးက ကိုယ့်ကို သကြားလုံးလေးတလုံး ပြန် ကမ်းလင့်သည်။

ထိုသကြားလုံးထဲတွင် 'love you'ဟု ပါရှိမှန်း ကိုယ်သိလေသည်။

-တော်တော်တည်

Keep Reading

မျက်နှာကို တော်တော်တည် ထားသည်လွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့ အမှတ်တရသစ်ပင် -------------------