Author's Profile Photo

KhatSit

16/12/2024

အမျိုးသားစာပေဆုရ ဇနီးမောင်နှံများ (၁)

2 mins read
Life Style
အမျိုးသားစာပေဆုရ ဇနီးမောင်နှံများ (၁)'s photo


အိမ်ထောင်တစ်ခု ထူထောင်တဲ့အခါ အမျိုးသမီး နဲ့ အမျိုးသား ဝါသနာတူဖို့ ( သို့ ) ဝါသနာထပ်တူညီတဲ့ ဇနီးမောင်နှံတွေ ဖြစ်ဖို့ဆိုတာက တော်တော့်ကို မလွယ်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ် ။ ဒီထဲမှာမှ ကျွန်တော်တို့ စာပေပညာရှင်တွေထဲမှာတော့ ရှားရှားပါးပါး ရှိခဲ့ပါတယ် ။ ကျွန်တော်အခု ဖော်ပြပေးမဲ့ ဇနီးမောင်နှံတွေဟာ ဝါသနာတူရုံတင် မဟုတ်ပါဘူး အမျိုးသားစာပေဆုတွေကိုပါ အပြိုင်ရရှိထားတဲ့ စာရေးဆရာနဲ့ ဆရာမကြီးတွေပဲဖြစ်ပါတယ် ။

၁ ။ ဆရာနေဝင်းမြင့် + ဆရာမခင်ခင်ထူး
ပထမဆုံးဖော်ပြပေးချင်တဲ့ ဇနီးမောင်နှံကတော့ ဆရာနေဝင်းမြင့် နှင့် ဆရာမခင်ခင်ထူးတို့ ဇနီးမောင်နှံပဲဖြစ်ပါတယ် ။ ဆရာနေဝင်းမြင့်ကို ၁၉၅၂ ခုနှစ် ၊ ဖောဖော်ဝါရီလ ၆ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ၊ ကုန်းဇောင်းရွာမှာ အဖဦးဘရွှေ ၊ အမိ ဒေါ်သိန်းတို့က မွေးဖွားခဲ့ပါတယ်။ အမည်ရင်းမှာ ဝင်းမြင့် (ခ) ခင်မောင်ဝင်း ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်တွင် “ဆယ့်နှစ်ကြိုးဝတ္ထုတိုများ” ၊ ၂၀၀၇ ခုနှစ်တွင် “အိမ်ကလေး ၁၆ လုံး” ၊ ၂၀၁၀ ခုနှစ်တွင် “ရေကန်သာ ကြာတိုင်းအေး” ဆိုတဲ့ စာအုပ်တွေနဲ့ အမျိုးသားစာပေဆုကို ၃ ကြိမ်တိုင်တိုင်ရရှိထားသူပဲဖြစ်ပါတယ် ။

ဆရာမခင်ခင်ထူးကိုတော့ ၁၉၆၅ ခုနှစ် ၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ တွင့် မြင်းခြံမြို့၌ အဖ ဦးညို ၊ အမိ ဒေါ်မြတင်တို့က မွေးဖွားခဲ့ပါတယ် ။ အမည်ရင်းမှာ ဒေါ်ထူးထူး ဖြစ်ပါတယ် ။ ၁၉၈၅ ခုနှစ်မှာ မန္တလေးတက္ကသိုလ်မှ ဓာတုဗေဒဘာသာရပ်ဖြင့် ဘွဲ့ရရှိပြီး ၁၉၈၉ ခုနှစ်တွင် မူလတန်းဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ် ။ ဆရာမကြီးရေးတဲ့ “ မအိမ်ကံ ၊ ပန်းကြာဝတ်မှုန် ၊ တောမင်းသမီး ၊ ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ဆိုတဲ့ ဝတ္တုတွေက အခုထက်ထိကို ကျော်ကြားနေဆဲ ဖြစ်ပါတယ် ။ ဆရာမ ခင်ခင်ထူးကတော့ ၂၀၀၃ ခုနှစ်မှာတော့ “ ဖက်စိမ်းကွမ်းတောင်ရွှေဝတ္ထုတိုများ” စာအုပ်ဖြင့် အမျိုးသားစာပေဆုကို ရရှိခဲ့ပါတယ် ။ ဆရာမကြီးက အညာဒေသကို အတော်ချစ်ပုံရပါတယ် ။ အညာဒေသ အညာလှကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ပုံဖော်နိုင်တဲ့ စာရေးဆရာတစ်ဦးလည်းဖြစ်ပါတယ် ။

၂ ။ ဆရာတိုက်စိုး + တက္ကသိုလ်မြစိမ်း

ဆရာ တိုက်စိုး ကိုတော့ အဖဦးဖိုးဝ နှင့် အမိ ဒေါ်ငွေနု တို့မှ ၁၉၂၀ ခုနှစ် ၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံမြို့ ၊ သမိန်ထော ကျေးရွာမှာ ဖွားမြင်ခဲ့ပါတယ် ။ မွေးချင်း ၄ ယောက်တွင် အကြီးဆုံးဖြစ်ပြီး အမည်ရင်းမှာ ဦးသန်းထွတ် ဖြစ်ပါတယ် ။ ဆရာ့ရဲ့ “ တိုက်စိုးစာတိုနန့်နန့်” ဆိုတဲ့စာအုပ်ကတော့ အထူးထင်ရှားပါတယ် ။၁၉၉၆ ခုနှစ်တွင် ဘာသာပြန်(ရသ ) ဆုကို “မင်္ဂလာပါ ဆရာမ” စာအုပ်ဖြင့်ရရှိပြီး ၊ ၂၀၀၀ ပြည့်နှစ် အမျိုးသာစာပေဆု ( စာပဒေသာဆု) ကို “ဇေယျ အတ္ထုပ္ပတ္တိ” စာအုပ်ဖြင့် ထပ်မံရရှိခဲ့ပါတယ် ။ ဆရာကြီးကတော့ ၂၀၀၃ ခုနှစ် ၊ မေလ၄ ရက်၊ တနင်္ဂနွေ့နေ့ ညနေ့ ၅ နာရီအချိန်တွင် တောင်ဥက္ကလာပမြို့နယ် နေအိမ်တွင် ကွယ်လွန်ခဲ့ပြီး လုံးချင်းစာအုပ်ပေါင်း ၂၃ အုပ်အထိ ရေးသားပြုစုခဲ့ပါတယ် ။

ဆရာမ တက္ကသိုလ်မြစိမ်းကိုတော့ ၁၉၃၇ ခုနှစ်တွင် အငြိမ်းစားတိုင်းမင်းကြီး ဦးအုန်းဖေနှင့် ဒေါ်မြခင် တို့က ဧပြီလ ၂၄ ရက်နေ့တွင် ဖွားမြင်ခဲ့ပါတယ် ။ အမည်ရင်းမှာ ဒေါ်မြင့်မြင့်သန်းဖြစ်ပါတယ် ။ ဆရာမကြီးကတော့ ၁၉၆၅ ခုနှစ်မှာ “မိုးရွာသောညများနှင့် အခြားဝတ္ထုတိုများ” စာအုပ်ဖြင့် ဝတ္ထုတိုပေါင်းချုပ်ဆုကို ရရှိခဲ့ပြီးနောက် ၁၉၇၈ ခုနှစ်တွင်း “ နောက်တိုး” စာအုပ်ဖြင့် ဝတ္ထုရှည်ဆုကို ထပ်မံရရှိခဲ့ပါသည် ။ ဆရာမကြီးသည် ၂၀၁၀ ပြည့်နှစ် မတ်လ ၄ ရက်နေ့တွင့် ရန်ကုန်မြို့တွင် ကွယ်လွန်ခဲ့ပါတယ် ။

၃ ။ ဆရာကြီးမင်းယုဝေ + ဆရာမကြီးငွေတာရီ

ဆရာကြီးမင်းယုဝေကိုတော့ ပုသိမ်ခရိုင် ၊ ကန်ကြီးထောင့်မြို့တွင် အဖ ဦးထွန်းဆိုင် ၊ အမိ ဒေါ်သင်တို့မှ ၁၉၂၈ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်ခဲ့ပါတယ် ။ မွေးချင်း ၈ ယောက်ရှိသည့်အနက်မှ အထွေးဆုံးဖြစ်ပြီး အမည်ရင်းမှာ ဦးဝင်းမောင်ဖြစ်ပါတယ်။ ၁၉၅၁ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိပါတယ် ။ ၁၉၅၂ ခုနှစ်မှာတော့ ဆရာမကြီး ငွေတာရီနှင့် အိမ်ထောင်ပြုခဲ့ပါတယ် ။ ၁၉၅၄ ခုနှစ်တွင် “အီစွတ်ပုံပြင်များ” စာအုပ်ဖြင့် စာပေဗိမာန် ဘာသာပြန်စာပေဆု နှင့် ၁၉၇၂ ခုနှစ်တွင် “ ရေခပ်ချိန်ကဗျာများ” စာအုပ်ဖြင့် အမျိုးသားစာပေဆု ( ကဗျာဆု) ကို ရရှိခဲ့ပါတယ် ။ ဆရာကြီး မင်းယုဝေသည် ကလောင်အမည်ကွဲများစွာဖြင့်လည်း စာပေများကို ရေးသားပြုစုခဲ့ပါတယ် ။ ၂၀၂၁ ခုနှစ် ၊ ဇူလိုင်လ ၂၉ ရက်နေ့ ၊ ညနေ (၃) နာရီခန့်တွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်မှာတော့ အသက် (၉၃ ) နှစ်ရှိပြီ ဖြစ်ပါတယ် ။

ဆရာမငွေတာရီကိုတော့ ကိုလိုနီခေတ်နှင့် လွတ်လပ်ရေးခေတ်ဦး မြန်မာ့စီးပွားရေးလောကတွင် ထင်ရှားသည့် ဟံသာဝတီသတင်းစာပိုင်ရှင် ဗြိတိသျှဘားမား ဦးညွှန့်နှင့် အမိဒေါ်ချစ်တင်တို့မှ ၁၉၂၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ဖွားမြင်ခဲ့ပါတယ် ။ မွေးချင်း ငါးဦးရှိသည့်အနက် တတိယမြောက်ဖြစ်ပါတယ် ။ အမည်ရင်းမှာ ဒေါ်ခင်ရီဖြစ်ပါတယ် ။ ဆရာမကြီးရေးသားခဲ့တဲ့ ကဗျာတွေထဲမှာ ကျွန်တော်တို့ ကျောင်းစာမှာ သင်ခဲ့ရတဲ့ “ ထိပ်ဆုံးသို့” ဆိုတဲ့ကဗျာနှင့် “ သူရဲကောင်းသုံးယောက်နှင့်ခရီးသည်” ဆိုတဲ့ ကဗျာလေးကတော့ ကျွန်တော့်အကြိုက်ဆုံး ကဗျာနှစ်ပုဒ်ပဲဖြစ်ပါတယ် ။ ၁၉၅၄ ခုနှစ်တွင် “အီစွတ်ပုံပြင်များ” စာအုပ်ဖြင့် စာပေဗိမာန် ဘာသာပြန်စာပေဆု နှင့်၁၉၆၀ ခုနှစ်မှာ “ ငွေတာရီကဗျာ ၁၀၀” စာအုပ်ဖြင့် အမျိုးသားစာပေဆုတို့ကို ရရှိခဲ့ပါတယ် ။ ဆရာမကြီးသည် ကွယ်လွန်ချိန်မှာ အသက် ၃၃ နှစ်သာရှိသေးတဲ့အတွက် ဆရာမကြီး ကွယ်လွန်ခြင်းဟာ စာပေလောကအတွက်တော့ နစ်နာမှုတစ်ခုပဲဖြစ်ပါတယ် ။


#khatsit

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)