အက္ခရာ - Haruki
ကျွန်တော့်ရဲ့ "Feedback တိုင်းကို မှန်တယ်လို့မပြောနိုင်ဘူး။ ဒါပေမယ့်..." ဆိုတဲ့ဆောင်းပါးလေးထဲမှာ Feedback တွေအကြောင်းကို ရေးသားမျှဝေပြီးဖြစ်ပါတယ်။ ဒီကနေ့ ဒီဆောင်းပါးလေးမှာကတော့ Feedback တွေကို တုံ့ပြန်ဖို့ နည်းလမ်းတွေမျှဝေပေးသွားမှာပါခင်ဗျာ။
လက်တွေ့မှာ Feedback တုံ့ပြန်မှုတွေဟာ အများကြီးရှိပါတယ်။ တချို့နည်းတွေက ကိုယ့်ကိုရည်မှန်းချက်ပန်းတိုင်နဲ့ နီးသွားစေတယ်။ တချို့နည်းတွေကျပြန်တော့ ရည်မှန်းချက်ပန်းတိုင်ဆီသွားတဲ့ လမ်းကြောင်းကနေ ချော်ထွက်သွားစေပြီး ရည်မှန်းချက်ပန်းတိုင်နဲ့ ဝေးကွာသွားစေပါတယ်။ စာဖတ်သူလေးနားလည်ရပိုလွယ်အောင် အောက်ကဥပမာလေးကို ဆက်ဖတ်ကြည့်လိုက်ပါနော်။
ဒီဥပမာလေးဟာ On Course, Off Course, On Course, Off Course,... လို့အမည်ရပါတယ်။
တစ်ခါမှာ Motivat၀r တစ်ယောက်က စိတ်ဓာတ်မြှင့်တင်ရေးနဲ့ ပတ်သက်ပြီး သင်တန်းတစ်ခုပေးပါတယ်။ သင်တန်းချိန်အတွင်းမှာ သူ့ရဲ့သင်တန်းသားတွေကို feedback တုံ့ပြန်နည်းတွေအကြောင်း သရုပ်ပြပွဲတစ်ခုလုပ်ပါလေရော။ အဲ့ဒီသရုပ်ပြပွဲမှာ ထိုင်နေကြတဲ့သင်တန်းသားတွေထဲက တစ်ယောာက်ကို Motivator က သူ့ကိုကူညီ ပေးဖို့ ရှေ့ထွက်လာဖို့ခေါ်လိုက်ပါတယ်။ ဂျင်မီဆိုတဲ့ လူငယ်တစ်ယောက် ရှေ့ထွက်လာတယ်။
Motivator က သူ့ကို ခပ်လှမ်းလှမ်းက သင်တန်းခန်းမထောင့်မှာသွားရပ်ခိုင်းလိုက်တယ်။ သူအဲဒီကိုသွားပြီး ရပ်နေလိုက်တယ်။ Motivator က သူဘာလုပ်မယ်ဆိုတာ သင်တန်းသားတွေကို စရှင်းပြပါတယ်။ ရပ်နေတဲ့ဂျင်မီဟာ သူ့ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ကိုယ်စားပြုတယ်။
သူအခုရပ်နေတဲ့နေရာကနေ ဂျင်မီဆီကိုလမ်းလျှောက်သွားမယ်၊ ဂျင်မီဆီရောက်သွားရင် သူရည်မှန်းချက်ပန်းတိုင်ဆီရောက်တာနဲ့ အတူတူပဲလို့ပြောပြတယ်။ ပြီးတော့ ဂျင်မီကိုလည်း Motivator က ခုလိုလှမ်းအော်ပြောလိုက်ပါတယ်။ " မင်းကိုယ်မင်း feedback ထုတ်ပေးတဲ့ စက်တစ်ခုလို သဘောထားပါ။ ငါခြေတစ်လှမ်းလှမ်းလိုက်တိုင်း မင်းရှိရာဘက်ကိုဦးတည်နေရင် On Course (လမ်းကြောင်းမှန်တယ်)၊ ငါ့ခြေလှမ်းဟာ မင်းဆီဦးမတည်ဘဲလွဲနေရင် Off Course (လမ်းကြောင်းမှားတယ်) လို့ ပါးစပ်ကနေ အော်ပေး" ဆိုပြီးတော့ပါ။
သင်တန်းသားအားလုံးဟာငြိမ်သက်နေကြပြီး စိတ်ဝင်စားစွာနဲ့ Motivator လုပ်ပြမှာကို စောင့်ကြည့်နေကြတယ်။ အခု Motivator ဟာ ဂျင်မီရှိရာဆီ ခြေတစ်လှမ်းချင်း စလျှောက်လိုက်ပါပြီ။ ဂျင်မီလည်း သူခြေတစ်လှမ်းလှမ်းတိုင်း ပါးစပ်က On Course, On Course တို့ အော်နေတယ်။ ရုတ်တရက် Motivator က သူ့ခြေလှမ်းကို (တမင်သက်သက်) ဘေးဖက်ကို လှမ်းလိုက်တယ်။
ဂျင်မီက Off Courie (လမ်းကြောင်းမှားတယ်)လို့ လှမ်းအော်လိုက်တယ်။ ဒါနဲ့ ခြေလှမ်းကို ဂျင်မီရှိရာဖက်ကိုပြင်ပြီး သူလျှောက်လိုက်တယ်။ ဒီလိုနဲ့ motivator လျှောက်လိုက်၊ ခြေလှမ်းကို ပြင်လိုက်နဲ့ ဂျင်မီဆီကို မြွေလိမ်မြွေကောက်လိုသွားတယ်၊ ဂျင်မီကလည်း On Course, Off Course, On Course, Off Course လို့ ဆက်တိုက်အော်နေရတယ်ပေါ့။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာ Motivator ဟာဂျင်မီဆီကို ရောက်သွားပါတယ်။ သူဂျင်မီကိုပွေ့ဖက်လိုက်ပြီး "ငါ့ရည်မှန်းချက်ပန်းတိုင်ကို ရောက်ပြီကွ” လို့ အသံကျယ်ကြီးနဲ့ အော်လိုက်တယ်။ သင်တန်းသားတွေလည်း လက်ခုပ်တီး သြဘာပေးကြတယ်။"
ဒီဥပမာလေးဟာ ကျွန်တော်အင်္ဂလိပ်စာအုပ်တစ်အုပ်မှာဖတ်ဖူးခဲ့တာလေးပါ။ ဒီသရုပ်ပြပွဲကနေ ကျွန်တော်တို့ဘာသင်ခန်းစာယူနိုင်ပါသလဲ။ ဟုတ်ကဲ့.... ဒီသရုပ်ပြပွဲလေးကနေ "ကျွန်တော်တို့ဟာရည်မှန်းချက်ပန်းတိုင်ဆီရောက်ဖို့ feedback တွေကိုနားထောင်ဖို့လိုတယ်။ feedback ကို နားထောင်တဲ့အတွက် ကျွန်တော်တို့ရဲ့အမှားကိုတွေ့ရင် ပြင်လိုက်မယ်။ ကျွန်တော်တို့မှန်နေရင် ဆက်လုပ်မယ်။ ဒါဟာ ကျွန်တော်တို့ကို သေချာပေါက် ရည်မှန်းချက်ပန်းတိုင်ဆီ ရောက်စေမယ့်နည်းတစ်ခုပဲ"ဆိုတဲ့ သင်ခန်းစာလေးရယူနိုင်တာပေါ့။
နောက်ပြီး မလုပ်သင့်တဲ့ Feedback တုံ့ပြန်ပုံတွေကိုလည်း တခါတည်းမျှဝေပေးပါရစေ။ ဆောင်ရန်ရှောင်ရန်သိထားတာက ကိုယ့်ကိုပိုပြီး အကျိုးများစေပါတယ်။
မလုပ်သင့်တဲ့ feedback တုံ့ပြန်နည်းများ
၁။ အလျှော့ပေး ရပ်ဆိုင်းလိုက်ခြင်း
စာဖတ်သူလေးဟာ အပျက်သဘောဆောင်တဲ့ feedback တွေကိုသည်းမခံနိုင်လို့ ကိုယ်လုပ်နေတာကို ရပ်ဆိုင်းလိုက်တာမျိုးဖြစ်ဖူးပါသလား။ အဲဒီလိုလုပ်လိုက်ရင် ကိုယ့်ရည်မှန်းချက်ပန်းတိုင်ဆီ ရောက်မှာမဟုတ်ပါဘူး။ အဲဒီလိုမဖြစ်အောင် ဘာလုပ်သင့်ပါသလဲ။ feedback ဆိုတာ ကိုယ့်ကိုပြုပြင်ပေးချင်တဲ့ စေတနာနဲ့ အချက်အလက်ပေးတာ၊ ကိုယ့်အမှားကိုပြင်ဖို့ လမ်းညွှန်ပေးတာဖြစ်တယ်။ ကိုယ့်ကို အပြစ်ပြောတာ၊ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာကို ဝင်စွက်တာ၊ ဆရာလုပ်တာ၊ စော်ကားတာမဟုတ်ဘူးလို့ သဘောထားလိုက်ပါ။ ဒါဆိုရင် feedback ကို နားမခံနိုင်လို့ ဒေါသထွက်ပြီးလုပ်နေတာကို ရပ်ဆိုင်းလိုက်တာမျိုး လုပ်မိမှာမဟုတ်တော့ဘူး။
၂၊ feedback ပေးသူကို ဒေါသထွက်ခြင်း
စာဖတ်သူလေးဟာ ကိုယ့်အတွက်အသုံးဝင်တဲ့ feedback ပေးနေသူကို စိတ်ဆိုးဖူးပါသလား၊ ဒေါသထ္ပက်ဖူးပါသလား။ သေချာစဥ်းစားကြည့်ပါ။ အမှန်တော့ အဲဒီလိုလုပ်လိုက်ခြင်းဟာ ရိုးရိုးသားသားနဲ့ ကိုယ့်ရဲ့အခြေအနေမှန်ပြောပြပေးနေသူကို စော်ကားလိုက်တာနဲ့အတူတူပါပဲ။ အဲဒီလို တုံ့ပြန်လိုက်ခြင်းကြောင့် ကိုယ်ဟာ သူ့ဆီကနေ နောက်ထပ်အသုံးကျမယ့် (feedback) တွေကို လက်လွှတ်ဆုံးရှုံးသွားနိုင်ပါတယ်။
၃။ feedback ကို လျစ်လျူရှုခြင်း
တချို့လူတွေဟာ တခြားသူတွေရဲ့အမြင်ရှုထောင့်တွေကို အလေးမထားတတ်ကြဘူး။ သူများတွေ ဘယ်လိုစဉ်းစားတယ်ဆိုတာကိုလည်း စိတ်မဝင်စားကြဘူး။ သူများတွေပြောတာကိုလည်း နားမထောင်ကြဘူး။ ဝမ်းနည်းစရာကောင်းတာက သူတို့ဟာ feedback ကိုနားထောင်ပြီး သူတို့အတွက်အကျိုးရှိစေတဲ့အရာကို ယူတတ်ကြမယ်ဆိုရင် သူတို့ရဲ့ဘဝဟာ ထူးထူးခြားခြားပြောင်းလဲတိုးတက်သွားမယ်ဆိုတာကို မသိကြပါဘူး။
အခု တစ်တစ်ယောက်က feedback ပေးလာရင် မလုပ်သင့်တဲ့တုံ့ပြန်နည်း ၃ မျိုးရှိတယ်ဆိုတာကို သိပြီဖြစ်မှာပါ။ အဲ့ဒီထဲက ဘယ်တုံ့ပြန်နည်းကိုပဲသုံးသုံး သေချာတာကတော့ ရည်မှန်းချက်ပန်းတိုင်ဆီ ရောက်မှာမဟုတ်ပါဘူး။ တကယ်လို့ အဲဒီအလုပ်မဖြစ်တဲ့တုံ့ပြန်နည်းတွေကို သုံးဖို့စိတ်ကူးမိရင် ခုလိုစဉ်းစားလိုက်ပါ။
feedback ဆိုတာ သတင်းအချက်အလက်ပေးခြင်းဖြစ်တယ်။ အပြစ်တင်တာ၊ ဆရာလုပ်တာ၊ စော်ကားတာ မဟုတ်ဘူး။ ဒါကြောင့် feedback ပေးလာတာကို စိတ်ဆိုးတာ၊ စိတ်ပျက်တာ၊ ဝမ်းနည်းတာ စတဲ့ စိတ်ခံစားမှုမထားဘဲ feedback တွေကို ကြိုဆိုလက်ခံပါ။ feedback ပေးလာသူကိုလည်း ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါ။ ဘာကြောင့်လဲဆိုတော့ သူဟာ ကိုယ့်ကိုချစ်လွန်း၊ ခင်လွန်းလို့သာ feedback ပေးပြီး ရည်မှန်းချက်ပန်းတိုင်ဆီရောက်အောင် လမ်းညွှန်ပြပေးနေတာဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ပြောချင်တာက feedback ပေးဖို့ တောင်းဆိုဖို့ပါ
လူတွေဟာ အားအားယားယား feedback ပေးနေကြတာ မဟုတ်ဘူးဆိုတာကိုသိထားပါ။ နောက်ပြီး လူအများစုဟာ သူတို့ဆန္ဒအရ feedback တွေမပေးတတ်ကြပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ feedback ကြောင့် စာဖတ်သူလေးနဲ့ စကားများရန်ဖြစ်မှာကိုမလိုလားကြလို့ပါ။ စာဖတ်သူလေးကိုလည်း စိတ်မထိခိုက်စေချင်ဘူး။ စာဖတ်သူလေးဝမ်းနည်း စိတ်မကောင်းဖြစ်မှာကိုလည်း မကြည့်ရက်ဘူး။
ဒါကြောင့် လူတွေဆီက feedback ကိုရဖို့ မလွယ်ပါဘူး။ ဒါဆိုရင် ဘာလုပ်ရမလဲ။ သူတို့ကို feedback ပေးပါလို့တောင်းဆိုပါ။ ဒါဆိုရင် တစ်ဖက်သားကလည်း လိုလိုလားလား စိတ်သန့်သန့်နဲ့ feedback ပေးလာမှာ ဖြစ်ပါတယ်။ Feedback တိုင်းကို ကောင်းမွန်စွာတုံပြန်နိုင်တဲ့သူလေးများ ဖြစ်ကြပါစေခင်ဗျာ။
ᏂᏗᏒᏬᏦᎥ
Keep Reading