Author's Profile Photo

Reviews by Benevolent

13/12/2024

မျှော်လင့်ချက်တို့ရှင်သန်ရာ စာကြည့်တိုက်

4 mins read
Book Review
General Knowledge
Fiction
မျှော်လင့်ချက်တို့ရှင်သန်ရာ စာကြည့်တိုက်'s photo


ဒီစာအုပ်က ပုံစံအမျိုးမျိုးဖြင့် ထိမိလွန်းလှတယ်။ စာအုပ်ထဲ ထည့်သွင်းထားတဲ့ အဓိကဇာတ်ကောင်ငါးဦးရဲ့ အတွင်းဘဝများနှင့် သူတို့ကြုံတွေ့ရမှုတွေက ကျွန်တော်တို့ ခံစားဖြစ်ပျက်နေတာနဲ့ ထပ်တူကြနေတယ် ပြောရမယ်။ဘယ်အရာလဲဆိုရင်အလုပ်ရှိတယ် ဒါပေမယ့် မပျော်ဘူးဆိုတဲ့လူ။ဘဝရပ်တည်နိုင်ဖို့ အလုပ်တစ်ခုမှ မရှိသေးတဲ့အတွက် မပျော်ဘူးဆိုတဲ့လူ နှစ်မျိုးတွေ့ရတယ်။စိတ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှု ရှာမတွေ့တဲ့အခါ အပြစ်ရှိသလို ခံစားနေရတဲ့အချိန်မျိုးတွေ ရှိဖူးလိမ့်မယ်။ကြိုးစားလေ တုံခနဲ့ ရပ်သွားစေတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံရလေ ၊ ကြာတော့ အရှုံးသမား၊ အသုံးမကျသူ၊ အမှိုက်ထုပ် အဖြစ် ကိုယ်တိုင် မြင်လာမိကြတယ်။ အမှားလို့ မြင်လာတဲ့ ကြားမှာ ငါလုပ်နိုင်စွမ်းနိုင်တဲ့ အလုပ် မရှိတော့ဘူးလားလို့ ထင်လာမိတယ်။

တိုမိုတာ - အသက်၂၁ (အမျိုးသမီးဝတ် အရောင်းစာရေး)၊ယို - အသက် ၃၅ ( ပရိဘောဂထုတ်လုပ်ရေး စာရင်းကိုင်)၊နာစုမိ - အသက် ၄၀ (မဂ္ဂဇင်းအယ်ဒီတာဟောင်း)၊ဟီရိုယာ - အသက် ၃၀ (အလုပ်မရှိ)၊ မာဆာအို - အသက် ၆၅ (အငြိမ်းစား) ပိတ်မိနေတဲ့ လူငါးယောက်ရဲ့ ခံစားချက်နှင့် အတွေးများကို စူးစမ်းရမယ်။ ဟီရိုယာ တစ်ယောက်ကလွဲရင် ကျန်တဲ့ ၄ ယောက်က ဝန်ထမ်းအလုပ်လုပ်ကြသူတွေသာဖြစ်တယ်။ဝန်ထမ်းဘဝအတိုင်း ဖိအားတွေ၊ မညီမျှမှုတွေ ခံရမယ်။ အခြားသူတွေနဲ့ နှိုင်းယှဉ်ကြည့်မိတဲ့အခါ လက်ရှိအလုပ်က စိတ်ပျက်စရာကောင်းလာတယ်၊ ကိုယ်တိုင် အသုံးမကျ၊ အ‌ရာမဝင်သလို ခံစားလာရတယ်။အသက်အရွယ်၊အလုပ်အကိုင်မတူကွဲပြားတဲ့ ဇာတ်ကောင် ၅ယောက်ကို အသင်းတိုက်ရပ်ကွက်စာကြည့်တိုက်ကလေးနဲ့ချိတ်ဆက်ရေးသားထားတယ်။မမြင်နိုင်တဲ့ စိတ်အတွင်းဘဝထဲကို လစ်ဟပြထားတယ်။စာအုပ်ကြေးမုံပြင်မှာ ကိုယ့်အဖြစ်အပျက် ကိုယ်ပြန်ကြည့်နေသလို တွေ့ရလိမ့်မယ်။ယုံကြည်ခြင်းစွမ်းအား ၊ ဖြေရှင်းလို့ရနိုင်တဲ့နည်းလမ်းတွေကို ဇာတ်ကောင်တွေနဲ့ ပြောပြထားတယ်။ဇာတ်ကောင်တိုင်းရဲ့ကိုယ်ရေးကိုယ်တာခရီးတွင် ကျွန်တော်တို့နဲ့ဆက်စပ်မှုရှိတဲ့အရာတွေကို တွေ့ရလိမ့်မယ်။

ပထမဆုံး ဇာတ်ကောင် တိုမိုတာ အကြောင်းဖွင့်ဟကြည့်ရင် လက်ကျန်တစ်ဘဝလုံးကို အေဒင်ကုန်တိုင်မှာ အမျိုးသမီးဝတ်ရောင်းသူအဖြစ်အလုပ်လုပ်ရင်း ငါ့ဘဝ အဆုံးသတ်တော့မှာလား လို့ အမြင်နဲ့ စိတ်ဓာတ်ကျနေသူ၊လက်ရှိအလုပ်မှာမပျော်ဘူး၊ ကျေးလက်ကိုလည်းမပြန်ချင်ပြန်ဘူး။စာကြည့်တိုက်မှူးညွှန်းပေးလိုက်တဲ့ ဂူရီနဲ့ဂူရာ စာအုပ်လေးဖတ်ပြီးနောက် ဝါသနာကိုရှင်သန်တယ်၊ အလုပ်ကို တန်ဖိုးထားလာတယ်။

"ကြွက်နှစ်ကောင်က ရွေးစရာတွေကို စဉ်းစားတယ်။ငါတို့ ဒါလုပ်သင့်လား။ ဟိုဟာ လုပ်သင့်လား၊ အဆုံးမှာတော့ သူတို့ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်တယ်။"

"အလုပ်ရအောင်ရှာပြီး နေ့တိုင်းအလုပ်သွားတယ်။
ကိုယ့်ကိုယ်ကိုယ် ကျွေးမွေးနိုင်တယ်။
ဒါက ကောင်းတဲ့ အောင်မြင်မှုပဲလေ။"

နာစုမိ ဘဝကိုကြည့်မယ်ဆို ကလေးမွေးပြီးကတည်းက သောင်မတင်ရေမကျ အခြေအနေ ခံစားလာရတယ်။သမီးလေး "ဖူတာဘာ"တဖက်နဲ့ ရာထူးအပြောင်းအလဲ လုပ်တာခံလိုက်ရတယ်။လုပ်ချင်တာတွေ မလုပ်နိုင်လို့ အားမလို အားမရဖြစ်ပြီး သားသမီးပြုစုပျိုးထောင်ရတာ စိတ်ကူးထားတာထက် အများကြီး ပိုခက်နေတယ်လို့ ထင်နေမိသူတစ်ယောက်ဖြစ်လာတယ်။မစ်ကိုမာချီပေးလိုက်တဲ့ လဝန်းဆီသို့တံခါးပေါက်ဆိုတဲ့ နက္ခတ္တဗေဒဆိုင်ရာ စာအုပ်လက်ဆောင်လေးကြောင့် ထင်မြင်ယူဆချက်တွေ ပြောင်းလဲလာတယ်၊ တိုးတတ်လာတယ်။

အသက်၆၅ နှစ်အရွယ် မာဆာအို က အသက်အရွယ်တစ်ခုရောက်လာတဲ့အခါ အနားယူရမယ့်အချိန်နဲ့ကြုံလာတယ်၊ လူ့ဘောင်စည်းကမ်းအရ အသက်အရွယ်တွေကို ပိုင်းခြားထားတယ်။ အသက်အရွယ်ကြီးရင့်လာတဲ့အခါ လူတွေမှာဖြစ်တတ်တဲ့အမြင် "ငါဘေးကိုရောက်သွားတယ်" ဆိုတဲ့ အထီးကျန်မှုဆန်ဆန်ရှုထောင့်ကို စာအုပ်လေးတစ်အုပ်နဲ့ အသွင်ပြောင်းလိုက်တယ်။Genge နှင့်ဖားများကဗျာစာအုပ်လေး ကြောင့်အတွေးအမြင်တွေ ပိုကျယ်လာတယ်။

"ကျွန်တော့်အစီအစဥ်က နေ့သစ်တိုင်းကို အသိအမှတ်ပြု တန်ဖိုးထားဖို့။ ပြီးတော့အရာရာကို အမြင်ကျယ်ကျယ် ကြည့်ဖို့ပေါ့လေ"

ဟီရိုယာက အလုပ်လက်မဲ့တစ်ယောက်၊အဆင်ပြေနိုင်တဲ့အလုပ်ကို ရှာမတွေ့သူတစ်ယောက်သာဖြစ်တယ်။အလုပ်မရှိ‌ တော့ စိတ်လေတယ်၊ စိတ်ဓာတ်ကျတယ် ဒါ‌တွေက အပေါင်းအသင်းနဲ့ ရောက်လာတယ်။စာကြည့်တိုက်မှူးကသူ့ကို ဆင့်ကဲဖြစ်စဥ် မျက်မြင်မှတ်တမ်းစာအုပ်ကိုညွှန်းပေးလိုက်တယ်။ပစ္စုပ္ပန်မှာ နေထိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်လိုက်တဲ့အခါ လုပ်နိုင်စွမ်းတွေက အကန့်အသတ်မရှိတော့ဘူး ဆိုတာ ရှာတွေ့သွားတယ်။

ယို ဆိုတဲ့တစ်ယောက်ကျတော့ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ အိမ်မက်ရှိတယ်။ ဒါပေမယ့်ဝန်ထမ်းဘဝနဲ့ ကျင်လည်နေရတယ်၊ အိမ်မက်လုပ်ငန်းစတင်ဖို့အတွက် ခြေရာပျောက်နေတယ်။သူလုပ်နိုင်တဲ့ကိုယ်ပိုင်လုပ်ငန်းတစ်ခု၊ စာကြည့်တိုက်မှူးဆီက ရှာတွေ့ခဲ့တယ်။ ဥယျာဥ်နဲ့ပတ်သက်တဲ့စာအုပ်တစ်အုပ်သာဖြစ်တယ်။ပိုးကောင်များဘယ်လို အလုပ်လုပ်ပုံကို‌ လေ့လာပြီးပြိုင်တူအသက်မွေးဝမ်းကြောင်းအလုပ်ကို စတင်တယ်။

"လုပ်စရာတွေများပေမယ့် အချိန်မရှိဘူးဆိုပြီး ဆင်ခြေ ထပ်မပေးတော့ဘူး။အဲ့ဒီအစား ရတဲ့အချိန်မှာ ဘာတွေလုပ်နိုင်လဲ ဆိုတာကိုပဲ စဥ်းစားတော့မယ်"

ဖော်ရွေပြီး ဒဿနဆန်တဲ့ စာကြည့်တိုက်မှူးမစ်ကိုမာချီ ရဲ့ လျှပ်တစ်ပြက်အတွင်း အချိန်၊ ဘဝ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေက ဇာတ်ကောင် တိုင်းကို ပြောင်းလဲ‌စေတဲ့အရွေ့တစ်ခုဖြစ်စေတယ်။နှလုံးသားနဲ့ အလွန်နီးစပ်တဲ့ ဝိရောဓိမေးခွန်းတွေကို အမိုက်စားအသွင်အပြင်အဖြေ နဲ့ ပြန်လည်ချေပတတ်သူလို့ပြောရမယ်။လမ်းပျောက်နေသူတွေအတွက်လမ်းစတစ်ခု အစဆွဲထုတ်ပေးတယ်၊တူး‌ဆွပေးတယ်။ဒါ‌ပေမယ့် ဆက်လက်ရှင်သန်ဖို့လမ်းဖောက်တဲ့သူက ကိုယ်ပဲ ဖြစ်လိမ့်မယ်။စာကြည့်တိုက်မှူး မစ်ကိုမာချီ က မှော်ဆန်းတယ်။ကမ်း‌ခြေပေါ်ကက်ဖကာစာအုပ်ထဲက စာကြည့်တိုက်မှူအိုရှီးမားတောင် သွားသတိရမိတယ်။

"လူတွေဟာ မေတ္တာလက်ဆောင်ကို သူတို့ဘာသာ အဓိပ္ပါယ်ဖော်ဆောင်ကြတာ။စာအုပ်တွေနဲ့ ထပ်တူပေါ့ရှင်။စာဖတ်သူတွေဟာ စာရေးဆရာရဲ့ ရည်ရွယ်ချက်ကို
ဂရုမထားဘဲ စကားလုံးတွေကို သူတို့ ကိုယ်ရေးကိုယ်တာ ဆက်နွှယ်မှုတွေ ပြုလုပ်ကြတယ်။စာဖတ်သူတစ်ယောက်ချင်းစီက ထူးခြားဆန်းပြားတာ တစ်မျိုးမျိုး ရရှိသွားကြတာပေါ့ရှင်"

လူတိုင်းမှာ ပြဿနာကိုယ်စီရှိကြတယ်။အများစုက
ကိုယ့်ဘဝကို မကျေနပ်နေကြတဲ့သူတွေသာဖြစ်တယ်။
ဒီစာအုပ်ထဲက ဇာတ်ကောင်ငါးဦးမှာ ဘယ်တစ်ယောက်က ကိုယ်နဲ့ ထပ်တူကျနေလဲဆိုတာ ပြန်လေ့လာလို့ရနိုင်တယ်။အပင်တွေဟာ မြေပေါ်၊ မြေအောက် ရှင်သန်ဖို့ အလုပ် လုပ်ကြရတယ်။ မြေပေါ် မြေအောက်အပင်ကမ္ဘာ လိုပဲ၊ ရှင်သန်တဲ့ပုံစံတော့မတူကြဘူး။ဘယ်လောက်ပဲ ကြိုးစား ကြိုးစား‌ ကြီးမားတဲ့အရာတွေကနေ သေးငယ်တဲ့အရာတွေအထိ အစီအစဉ်တကျ ဖြစ်ဖို့ဆိုတာ ရာခိုင်နှုန်းနည်းပါတယ်။ ဒါပေမယ့်တွန်းအားဖြစ်စေနိုင်တဲ့အရာတွေကိုအမှီပြုပြီးတော့ လည်ပတ်နေရမယ်။ ဒီစာအုပ်က တွန်းအားတစ်ခုဆိုလည်း မမှားဘူး။စာကြည့်တိုက်ဆိုရင် စာအုပ်ဖတ်ဖို့ သွားကြတယ်ဆိုတာသမားရိုးကျဖြစ်စဥ်တစ်ခု ဖြစ်ပေမယ့် အခြားနိုင်ငံတွေမှာတော့ အဲ့အရာထက်ပိုနေလိမ့်မယ်။ဒီစာအုပ်မှာစာကြည့်တိုက်တွေရဲ့ အရေးပါပုံကိုမျက်ဝါးထင်ထင် မြင်ရမယ်။ စာဖတ်ရုံတင်မကဘဲ ပျောက်ဆုံးနေတဲ့ အိမ်မက်၊ဘဝဦးတည်ချက် ရှင်သန်ရာတွေကိုပါ ရှာဖွေနိုင်တဲ့ နေရာတစ်ခုအဖြစ်မြင်ရမယ်။

စာမျက်နှာတိုင်းက ကြင်နာတဲ့စကားလုံး၊ အကြံပြုချက် ၊ အားမငယ်နဲ့ အဖြေရှိပါတယ်ဆိုတဲ့ သရုပ်ပြခြင်းဖြင့် ပုံဖော်ထားတယ်။ သေးငယ်တဲ့ခြားနားချက် လေးတွေကို အသုံးပြုပြီး ဖန်တီးပေးထားတယ်။ကြင်နာမှုနှင့် ကောင်းတဲ့ စိတ်ခံစားမှုများက ယခုအချိန်မှာလိုအပ်နေတာတော့အမှန်ပဲ။စာကြည့်တိုက် လမ်းကြောင်းတစ်ခုဆီကို လင်းလက်စေတဲ့ ဇာတ်ကောင်တွေနဲ့စာဖတ်သူကိုယ်တိုင်အပြန်အလှန်ချိတ်ဆက်ရောင်ပြန်ဟပ်မှုကို ခံစားရမယ်။ ဒီစာအုပ်ထဲမှာစာကြည့်တိုက်တွေနဲ့ ဘဝတွေကို အချိန်ကြာကြာ တွေးနေစေနိုင်တဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိတယ်။ဂျပန်စာ‌ရေးဆရာမMichiko Aoyama ရဲ့ What You Are Looking For is in the Library ကို ဆရာမစုမြတ်ချစ်က မျှော်လင့်ချက်တို့ရှင်သန်ရာ စာကြည့်တိုက် အမည်နဲ့ဘာသာပြန်ထားတယ်။စာအုပ်က စာမျက်နှာ ၂၄၈ ရှိပါတယ်။စိတ်ကို အေးချမ်းစေသလို သင်ခန်းစာယူစရာလေးတွေလည်းပါတယ်။မစ်ကိုမာချီရဲ့ သိုးမွေးလက်ရာကလေးတွေလိုပါပဲ၊ ဖတ်ရတာ ပေါ့ပါးရှင်သန်တဲ့စိတ်နှလုံးရတယ်၊ ရသနဲ့ပေါင်းစပ်ထားမှုကို ခံစားရမယ်။

❌(ခွင့်ပြုချက်မတောင်းဘဲ
ပြန်လည်ကူးယူဖော်ပြခြင်း ခွင့်မပြုပါ)❌

?????? ????????
https://youtube.com/@ReviewsbyBenevolent?si=WusMbsWGmcyPAiFu

?????? ???????? ?
https://t.me/reviewsbybenevolent

?????? ?iktok ?
https://www.tiktok.com/@reviewsbybenevolent?_t=8rgG7JMDNkv&_r=1

စာဖတ်ခြင်းက အတွေးကို ပြောင်းလဲစေတယ်။?

Reviews by Benevolent

Keep Reading

အချိန်ဆွဲတာကိုကုစားမယ် ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်အချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးအင်တာနက်နဲ့ လူနေမှုဘဝ ပေးဆပ်သူရဲ့ နှလုံးသားဝိညာဉ်လိုမှသုံးပါရှောင်တာက ကြောက်ခြင်းမဟုတ်