Author's Profile Photo

မောရိသျှ

13/12/2024

ပိုက်ဆံထက် အရေးကြီးတဲ့အရာ ဘာဖြစ်မလဲ

3 mins read
Book Review
ပိုက်ဆံထက် အရေးကြီးတဲ့အရာ ဘာဖြစ်မလဲ's photo

တန်ဖိုးထားသင့်ဆုံးလို့​ ထင်ထားတဲ့အရာကိုမှ​လိုလားစိတ်ပိုတတ်ကြတာကလူတွေရဲ့ထုံးစံပါ။ကိုယ့်အတွက် “ပိုက်ဆံ”ကတန်ဖိုးအထားသင့်ဆုံးလို့တွေးထင်၊ မှတ်​ယူ၊ လက်ခံထားခဲ့ရင်၊ အရာအားလုံးထက် “ငွေ” ကိုပဲ လိုက်ချင်စိတ်​ ပေါက်နေကြမှာပါ။ အလုပ်သင်၊ ပညာ​သင်အဆင့်မှာ လိုအပ်တဲ့ အခြေခံ အရည်အချင်းတွေ လေ့ကျင့်နေပေမယ့်၊ စိတ်နေစိတ်ခံက“ငွေ”ကိုပဲ မက်​မောနေခဲ့ရင်တော့၊ သင်ယူလေ့လာမှုနဲ့ငွေအကြား ငွေဘက်ကိုပဲစိတ်ရောက်နေပါလိမ့်မယ်။ အဲဒီလိုပဲ ပညာ​သင်၊ အလုပ်သင်အဖြစ်​ နေရာ​ ရွေးချယ်ရတဲ့အခါမှာ၊ “သင်ယူခွင့်၊လေ့လာခွင့်၊ ပညာအရည်အသွေး” စတာတွေထက်“ငွေပိုရ”နိုင်မယ့် ဘက်ကို မှားယွင်းပြီး ရွေး​ချယ်မိတတ်ပါတယ်။

ငွေနောက်လိုက်တာက မမှားပေမယ့်၊ ပညာထက် ငွေကို ရှေ့တန်းတင်မိရင်၊ငွေရသလောက် ပညာမပြည့်စုံဘဲ၊ ဖြစ်သင့်၊ ရှိသင့်တဲ့​ အရည်အချင်း​ မရနိုင်တာ​
ကြောင့်ကြိုးစားအားထုတ်ရ​ကျိုး​ မနပ်ဘဲ၊ လူဖြစ်ရှုံးရ​တတ်ပါတယ်။ ငွေမက်သူတွေကငွေကိုမက်တာထက်၊ ငွေကြောင့် ဖန်တီးလို့ရနိုင်မယ့် အရာတွေကို မက်ကြတာ​ များပါတယ်။ ကိုယ့်ဖြစ်တည်မှုကို အလွယ်လမ်းလိုက်ပြီး၊ ဖြစ်သလို ကြံရွယ်ကြတာကြောင့်၊ ငွေပျက်တာနဲ့ဘဝပျက်ပြီး၊ စိတ်မလုံခြုံမှုများစွာကြောင့် သိမ်​ငယ် နေရတတ်ပါတယ်။ ရှိသင့်တဲ့ အခြေခံ အရည်​အ​ချင်းတွေလည်း​ မရှိတဲ့​ အပြင်၊ ကိုယ်ရည်​ ကိုယ်သွေး ညံ့ဖျင်းမှုတွေကြောင့်​ ကိုယ့်ဘဝ​ အတွက်​ အခွင့်​ အလမ်း​ကောင်းတွေနဲ့​ ထိပ်တိုက်​ တွေ့ဆုံလာတောင်မှလည်းရွေးချယ်နိုင်စွမ်း မရှိဘဲ၊အောက်ကျ၊ နောက်ကျ ဖြစ်သွားတတ်ပါတယ်။

တော်ရုံအမှားအယွင်းရဲ့နောက်ဆက်တွဲ အကျိုး​ဆက်ကိုရင်ဆိုင်နိုင်စွမ်း​ မရှိတော့တဲ့အပြင်၊ ဘာပဲလုပ်လုပ် လွဲလို့မရ၊ မှားလို့မရတဲ့ ကျဉ်းထဲကျပ်ထဲ ရောက်သွားနိုင်ပါတယ်။ နည်းသစ်လမ်းသစ်ထွင်ပြီး ဆန်းသစ်ခွင့် မရတော့ဘဲ၊ သမားရိုးကျ နည်းဟောင်းနဲ့သာ စွန့်စားခွင့် ကင်းမဲ့စွာ သာမှန်အဆင့်လောက်နဲ့တင် ကျေနပ်ရတတ်ပါတယ်။ ငွေနောက်ကိုပဲ​ လိုက်ခဲ့တဲ့​ အတွက်၊ ငွေ​မရှိရင် မဖြစ်တော့ဘဲ၊ဘဝတသက်လုံးငွေမှငွေ၊ အ​ရူးရူး အမူးမူးနဲ့ ရလေ လိုလေ ဖြစ်သွားတတ်ပါတယ်။ အကြောင်းကတော့ ကိုယ့်လိုအပ်ချက်ဟူသမျှကို ငွေနဲ့ ဖာနေရတာကြောင့်ပါ။ ငွေမက်ခြင်းက ဘယ်တော့မှ အကျိုးမရှိပါဘူး။ အရည်အချင်းနဲ့ နည်းပညာ မက်ခြင်းကသာ လက်တွေ့ အကျိုးရှိတာပါ။

ဒါကြောင့် အရာအားလုံးထက် လေ့ကျင့်သင်ယူမှုကို တန်ဖိုးထားတတ်ရပါမယ်။ လေ့ကျင့်သင်ယူမှုကို တန်​ဖိုးထားသူတွေဟာမှန်ကန်တဲ့ ရွေးချယ်မှုတွေကို လုပ်​နိုင်ကြပါတယ်။ အခြေအနေအလိုက်​ ကိုယ့်ရဲ့ လိုအပ်​ချက်ကို လွယ်လင့်တကူဖြည့်ကျင့်ဖြည့်ဆည်းနိုင်စွမ်း ရှိကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မှားယွင်းခဲ့တောင်မှလည်း​ နည်းစဉ်ကြောင့်​ ဆိုးကျိုးတွေကို ခံ​နိုင်ရည်ရှိပြီး၊ ဆိုးကျိုးတွေကြောင့်​ အခက်​ အခဲတွေ ဖြစ်လာရမယ့်​ အစား၊ နောက်ထပ်​ သင်ယူမှုအဖြစ် ပြောင်း​ လဲလက်ခံနိုင်တဲ့ အားသာချက်ရှိပါတယ်။

ကျွမ်းကျင်ပိုင်နိုင်တဲ့ဆရာ့ဆရာတွေဆီမှာ စနစ်တကျ လေ့ကျင့်ခွင့်ရကြတဲ့​ အတွက်၊ တန်ဖိုးရှိတဲ့ အရည်အ
ချင်း​ကောင်းတွေကို၊ ထိုက်တန်တဲ့ တန်ဖိုးခံစားခွင့်နဲ့အတူ၊ ပညာရှင် ပီသစွာ လုပ်ကိုင်ခွင့် ရကြပါတယ်။ 

ငွေကြေးစတဲ့ ခံစားခွင့်တွေထက် လေ့ကျင့်သင်ယူမှုကသာ အခရာကျပါတယ်။ ပညာကောင်းရှိသူအတွက် အလုပ်ကောင်းအမြဲရှိပါတယ်။ အရည်အချင်းရှိရိုးမှန်ရင် အရည်အချင်းနဲ့ သင့်လျော်တဲ့ အလုပ်ကောင်း အမြဲရှိပါတယ်။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လေ့ကျင့်ထားသူ ဖြစ်ပါစေဦးတော့၊လေ့ကျင့်ထားတဲ့ အရည်​အချင်းတွေသာ စစ်မှန်နေလို့ကတော့၊ အလုပ်မရှားပါဘူး။

အမှန်တကယ် တတ်သိကျွမ်းကျင်တဲ့ ဆရာဖြစ်နေခဲ့ရင် ငွေရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ “အပင်ပန်းခံပြီး” တပည့်ခံ နည်းခံပါ။ ပညာကို တန်ဖိုးဖြတ်လို့ မရပါဘူး။ တန်ကြေးနဲ့ သတ်မှတ်ထားတဲ့ ပညာဟူသမျှ အကန့်အသတ်ရှိပါတယ်။ ဘောင်ရှိပါတယ်။ အဲဒီ အကန့်အသတ် ဘောင်တွေကို ကျော်လွန်ပြီး အသုံးချလို့ မရပါဘူး။ဒါပေမဲ့တန်ဖိုးဖြတ်လို့ မရတဲ့ ပညာတွေကတော့ အကန့်အသတ် မရှိပါဘူး။

နေရာတိုင်းမှာ​ အသုံးချလို့ရပြီး၊ နယ်ပယ်တိုင်းနဲ့ ဆီ​လျော်နေပါလိမ့်မယ်။ အကန့်အသတ်မရှိဘဲ၊ ဖန်တီးနိုင်မှုကို လွတ်လပ်စွာ ပေးထားတဲ့ နည်းစဉ်ရှိမယ့် ဆ​ရာကောင်းဆီမှာ တပည့်ကောင်းပီသစွာ ပညာတန်ဖိုးထား လေ့ကျင့်ပါ။ပညာကောင်းကို ကျွမ်းကျင်ထားသူ မှန်ရင်၊ အတတ်ကောင်းကြောင့် အလုပ်ကောင်း မရှားပါဘူး။ အလုပ်ကောင်း လုပ်နိုင်မှတော့ ခံစားပိုင်ခွင့်လည်း ထိုက်တန်စွာ ရမှာပါပဲ။ 

လူတိုင်းတော့ မဆိုလိုပေမဲ့၊ လူများစုအတွက် အလုပ်​သင်အဆင့်ဆိုတာထင်ထားသလောက်မရိုးရှင်းပါဘူး။ ဒါကိုလုပ်၊ ဒါကို မလုပ်နဲ့၊ ဟိုလိုလုပ်၊ ဒီလိုလုပ်ဆိုပြီး လမ်းညွှန်ပေးမယ့်​ သူတွေ ရှိချင်မှ ရှိပါလိမ့်မယ်၊ အဲတာထက်လမ်းရိုးကြီးအတိုင်းဘာလုပ်ရင်ဘာဖြစ်မယ် ဆိုပြီး အဖြေမျိုးစုံ ရချင်မှလည်း ရပါလိမ့်မယ်။

အများအားဖြင့်ကတော့ နည်းခံဆရာသမားရဲ့ စေခိုင်းမှုအတိုင်း လက်တွေ့လုပ်ရင်း၊ အလုပ်ကနေ တဆင့် ပြန်သင်ယူရတာမျိုးပါ။ ဆရာဆီကနေ အဖြေအားလုံး မျှော်လင့်နေလို့တော့ မရပါဘူး။အလုပ်သင်လုပ်တယ် ဆိုတာက​ ဆရာသင်ထားတဲ့​ သူဆီကနေ​ သိလိုသမျှ အားလုံး သိနိုင်ခွင့် ရမယ့် “အပေါ်ယံ” အလုပ်မျိုး လုံးဝ မဟုတ်ပါဘူး။

တကယ့် လက်တွေ့ စမ်းသပ်လုပ်ကိုင်ပြီး ကျရှုံးမှုများစွာကနေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သင်ယူရတဲ့ အလုပ်မျိုးဖြစ်ပါတယ်။ နည်းခံမယ့် ဆရာကတော့ သူ့အပိုင်းဖြစ်တဲ့ နည်းပေးမှုကို နည်းစဉ်အတိုင်း သူ့အတွေ့​အကြုံကို အခြေခံပြီးကိုယ်နဲ့ အဆင်ပြေမယ့်အရာ လမ်း​ပြမှာပါပဲ။ သူပြလိုက်တဲ့ လမ်းအတိုင်း လျှောက်ဖြစ်အောင် လျှောက်ဖို့ကတော့ တပည့်ကောင်းရဲ့ တာဝန်ပါ။

ဘယ်သူမဆို အောက်ခြေ အနိမ့်ဆုံး အဆင့်ကနေ စ​တင်ကြရမှာပါ။ အဆင့်ကျော်ပြီး​ လူစွာလူတတ်ကြီး လုပ်​ချင်လို့ မရပါဘူး။ ဘယ်လောက်ပဲ သိနေခဲ့ပါစေ၊ တတ်နေခဲ့ပါစေ၊ရင်းနှီးကျွမ်းဝင်မှုတွေရှိခဲ့ပါစေ၊ နည်းခံဆရာရဲ အသိ၊ အတတ်နဲ့ အရည်အချင်းတွေကို နီး​စပ်နိုင်မှာ မဟုတ်ပါဘူး။

ထင်ဟပ်မှု​မရှိနိုင်သလို၊ သိထားတတ်ထားသမျှက တ​ကယ်လက်တွေ့မှာကိုယ်နဲ့ မကိုက်ဖြစ်ဖို့ များပါတယ်။ ဘာပဲလုပ်လုပ်​ ဆရာဖြစ်သူရဲ့​ စေခိုင်းမှု​ အတိုင်းသာ လုပ်နေရပေမယ့် စိန်ခေါ်မှုတွေကတော့ ထုံးစံအတိုင်း ရှိနေမှာ ဖြစ်တဲ့အတွက်၊ အဖြေရှာ ဖြေရှင်းရမှာပါ။

ထင်မထားတဲ့ အသိတွေ၊ ပညာတွေ၊ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ အချိန်မရွေး ထိပ်တိုက် ရင်ဆိုင်ဖို့ အ​ကြောင်းဖန်လာနိုင်သလို၊ မလွဲမသွေ အသေ​အ​ကြေ ကြိုးစားဖြေရှင်းရတာမျိုးတွေနဲ့ကြုံကို ကြုံကြရမှာပါ။ဒါကြောင့်စာတွေ့ ၊လက်တွေ့ရနိုင်သမျှ အတွေ့​အကြုံကိုမပျင်းမရိ လက်ခံလေ့ကျင့်ပါ။ မမေ့မလျော့ ဝီရိယ​စိုက်ထုတ်ပါ။ 

မသိတဲ့အချက်၊ မတတ်တဲ့အလုပ်အတွက် လိုအပ်သ​မျှကို နည်းခံဆရာဆီမှာ သေချာ မေးမြန်း သင်ယူပါ။ အဖြေအားလုံးကိုဆရာ့ဆီကနေ ရလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ လုပ်ဖော်ကိုင်ဖက်တွေ၊ ပြိုင်ဘက်တွေ၊ ရန်​သူတွေ စသဖြင့် တခြားနေရာ၊ တခြား ဒေသ၊ တခြားနယ်ပယ်ကနေရှာသင့်ရင်ရှာရပါလိမ့်မယ်။စာအုပ်ကြီးအတိုင်း​ လုပ်တာမျိုး​ မဖြစ်စေဘဲ၊ နည်းရှာပြီး လက်​တွေ့ စမ်းသပ်တာမျိုး လုပ်ပါ။ မတူညီတဲ့ နယ်ပယ်တွေမှာ နည်းစနစ်တွေ လိုက်ရှာပါ။ တမျိုးတည်းကိုပဲ လုပ်တာမျိုး မဖြစ်ပါစေနဲ့။ ကိုယ်သိ​ ကိုယ်တတ်ထားတာတွေကို အမြဲ နယ်ချဲ့နေပါ။

နားလည်သိမြင်ထားတဲ့ စက်ဝန်းတခုလောက်နဲ့တင် သာယာနေတာမျိုး မဖြစ်ပါစေနဲ့။ စက်ဝန်းတခုပြီး တခု ချဲ့ထွင်ပြီးတဖက်နဲ့တဖက်အချိတ်အဆက်မိအောင် လုပ်ထားပါ။စိန်ခေါ်မှုတိုင်းကို ကျေနပ်စွာ ရင်ဆိုင်ပြီး၊ ကျရှုံးမှုတိုင်းကို သင်္ခန်းစာယူပါ။ နားလည်​ သိတတ်မြော်မြင်နိုင်စွမ်းကိုတိုးမြင့်နေသူထက် ထူးချွန်ပြောင်မြောက်နိုင်မယ့် အောင်နိုင်သူ မရှိပါဘူး။နည်းခံလက်​သင်အလုပ်သင်ဆိုတာကနည်းစဉ်ကိုလက်ခံပြီး နည်းပေါင်းများစွာရှာရတဲ့အလုပ်ဖြစ်ပါတယ်။ နည်းခံဆ​ရာရဲ့​ သမားရိုးကျ​ နည်းဟောင်းတွေကို​ အခြေခံပြီး အ​တွေး​ သစ်၊ အကြံသစ်၊အလုပ်သစ်၊ အကိုင်သစ်၊ နည်းသစ်၊ လမ်းသစ်တွေကို ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။

မရမနေအတင်းကြိုးစားလိုတဲ့စိတ်ခံဓါတ်ခံနဲ့ ကြိုးစားလေ့ကျင့်နိုင်ခဲ့ရင်ဘယ်လို အတတ်ပညာ၊ အသိ​ပညာပဲဖြစ်နေပါစေ၊ဆရာမကျနိုင်စရာအကြောင်းမရှိတော့ပါဘူး။ အချိန်တန်​ ပညာပါးဝနိုင်မှာ​ မုချ​ သေချာပါတယ်။ 

#မောရိသျှ
⸻ပလ္လင်ပေါ်အလွယ်တက်နည်း- အနှစ်ချုပ်

Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးလိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ မေတ္တာမဏ္ဍိုင်ရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)