Author's Profile Photo

SarPhat Author

29/03/2024

"အတွေ့အကြုံထဲမှ စာတိုပေစ - (၂)"

3 mins read
General Knowledge
Culture
18 Again
"အတွေ့အကြုံထဲမှ စာတိုပေစ - (၂)"'s photo

ခုလိုခေတ်ကြီးထဲမှာ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများပင်ဖြစ်စေ၊ ဝန်ထမ်းတွေပဲ ဖြစ်စေ၊ လုပ်ငန်းသဘောသဘာဝပေါ်မှာ မူတည်၍ သွားရလာရ ခရီးထွက်ရတာများ ရှိပြီး၊ တချို့မှာလည်း မြို့ပေါ်၊ တချို့မှာလည်း နယ်ဘက်၊ တချို့ကြတော့လဲ တောတောင်တွေထဲပေါ့။

ပုံမှန်မဟုတ်တဲ့ အ​ခြေအနေတွေကြား သွားလာရင်းက ကျွန်တော် ကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်လေးတွေ မျှဝေပေးချင်ပါတယ်။

ရှမ်းပြည် (တောင်ပိုင်း) မှာ တာဝန်ကျစဥ် အလုပ်မှ ဝန်ထမ်းများတောင်းဆိုမှုကြောင့် "မိုင်းရှူး" ရှိ "ဟိုက်ပါ ရေတံခွန်" သို့ ကျွန်တော့် အဖွဲ့သားများကို တစ်ရက်မှာ လိုက်ပို့ဖြစ်ခဲ့ပါတယ်။ နယ်မြေ လမ်းကြောင်းအရ သိပ်မကျွမ်းကြင်တာကြောင့် Google Map သုံးရင်း "မိုင်းရှူး" သို့ ခရီးနှင်ခဲ့တာ၊ မြို့လေးများ တစ်ခုပြီး တစ်ခု ဖြတ်ရင်းပေါ့။ မြို့တစ်ခုနှင့် တစ်ခု အကြားမှာလဲ စစ်တပ်ဂိတ်နှင့် တိုင်းရင်းသားလက်နက်ကိုင်ဂိတ်တွေ စုံလို့ပါပဲ။ ရှမ်းပြည်ဆိုတော့ အဖွဲ့အစည်းပိုပေါပါတယ်။ ဖြစ်ချင်တော့ ကျွန်တော်တို့သွားတဲ့ ကာလမှာ ဒီဇင်ဘာဖြစ်ပြီး လက်နက်ကိုင်တွေ စပ်ကြေးကောက်တဲ့အချိန်လည်း ဖြစ်နေတာပါ။ "မိုင်းရှူး" မရောက်ခင် တစ်နေရာဖြစ်တဲ့ "မိုင်းနောင်" နှင့် "ကွန်ဟိန်း" အကြား "ဝမ်းဆင်းလမ်း" ကို ဖြတ်ကြတော့၊ လမ်းချိုးတစ်ခုမှာ ကားများသွားတဲ့ လမ်းမပေါ်ကိုဖြတ်ပြီး သစ်တုံးများဖြင့် တားထားတာတွေ့ရတော့၊ ကျွန်တော်တို့သိလိုက်ပြီ လက်နက်ကိုင် တစ်ဖွဲ့ရှိနေပြီ ဆိုတာကိုပါ။ တောကိုဖြတ်ပြီး ဖောက်ထားသောလမ်း ဖြစ်တာကြောင့် မြို့နှင့်ဝေးပြီး ကျွန်တော်တို့ ဖုန်းများမှာ ဘာတိုင်မှ မပေါ်ပဲ အကုန်ကြက်ခြေခတ်တွေ ဖြစ်လို့နေပါပြီ။

ကျွန်တော်တို့ ကားရပ်လိုက်တဲ့အချိန်မှာ တပ်သားနှစ်ဦးရောက်ရှိလာပြီး သူတို့သိချင်တာများ မေးမြန်းကာ ပြန်လည်​ဖြေပေးခဲ့ရပါတယ်။ ဖြေပြီးရင် ခရီးဆက်လို့ရပြီ ထင်ခဲ့ပေမဲ့၊ ကျွန်တော်တို့ကို မေးမြန်းနေသော တပ်သားအပြင်၊ အပင်တွေအောက်မှ တပ်သားနောက်တစ်ဦး ထပ်ထွက်လာပြီး "ခေါင်းဆောင်ဘယ်သူလဲ၊ ခနလောက် ဗိုလ်ကြီးနဲ့ လာတွေ့ဖို့လိုမယ်" စသည့်ဖြင့် ပြောလာတာကြောင့်၊ ကျွန်တော်ကားထဲမှထွက်ခါ ဘေးက ညီလေးတစ်ဦးရဲ့ ကွမ်းထုတ်နှင့် ဆေးလိပ်တစ်ဘူး ကောက်ယူခဲ့ရင်း လိုက်သွားခဲ့ပါတယ်။ " အမှန်က ကျွန်တော့်စိတ်ထဲမှာ ဆေးလိပ်လေး၊ ကွမ်းလေး ပေးလိုက်ယုံဖြင့် ရမယ်ထင်တဲ့ စိတ်ကူးနဲ့ ယူခဲ့တာပါ။"

ဒီနေ့ရာမှာ သူတို့ရဲ့ ပုံစံကို ထင်သာမြင်သာရှိအောင် တစ်ချက်လောက် ပြောပြချင်ပါတယ်။ ရှမ်းပြည်မှာ စစ်ကောင်စီအပြင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအလွန်ပေါပြီး ထိုအဖွဲ့များနှင့် တွေ့ခဲ့ရင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့က အပြန်အလှန်ပြောဆိုရတာပို အဆင်ပြေပါတယ်။ သူတို့က လေသံအေးအေးလေးနဲ့ ယဥ်ကျေးတယ်ဆိုတဲ့ ခံစားမှုမျိုး တစ်ဖက်လူဘက်က ခံစားရပါတယ်။ လိုအပ်တဲ့ စကားသာပြောပြီး တခြားအပိုစကားများ ပြောလေ့မရှိပါဘူး။ ကျွန်တော့် အတွေ့အကြုံပေါ်မှာ အခြေခံပြီး ပြောခြင်းသာဖြစ်ပါတယ်။ တပ်သားမှ စလို့ ဗိုလ်အဆုံး စကားပြောရာမှာ ငြင်သာကြပါတယ်။ သူတို့ရည်ရွယ်ချက်က တစ်ဖက်လူအတွက် လက်ခံလို့မရတဲ့ အခြေအနေပဲထားဦးတော့ စကားပြောရာမှာ အေးအေးဆေးဆေးရှိကြတာ သတိထားမိပါတယ်။

စောစောက ကိစ္စ ဆက်ရလျှင် ကျွန်တော် ကွမ်းထုတ်နဲ့ ဆေးလိပ်ဘူးလေးယူကာ ကားထဲကထွက်ထွက်ခြင်းဘဲ ရှိနေတဲ့ တပ်သားတွေကို ဆေးလိပ်တစ်လိပ်စီ ကမ်းပေးရင်း ဗိုလ်ရှိတဲ့နေရာ လိုက်သွားခဲ့ပြီး၊ သူတို့ပြောတဲ့ ဗိုလ်ဆိုတဲ့လူမှာ အပင်အောက်၌ ရှမ်းဓားတိုတစ်ချောင်းနှင့် အရက်နဲ့မည်းဖို့ သရက်သီးလှီးရင်း၊ ခါးတွင်လဲ ပစ်စတိုရှိနေတာ သတိထားမိခဲ့ပါတယ်။ သရက်သီးကို ငပိထောင်းနှင့်တို့ကာ မည်းရင်း အရက်သောက်နေတာပါ။ သူနားရောက်တော့ ကျွန်တော်က "ဗိုလ်ကြီး ဆေးလိပ်သောက်မလား၊ ကွမ်းလဲပါတယ်" ပြောပြောဆိုဆိုနှင့်ပင် ဆေးလိပ်တွေ ထုတ်တိုက်တော့ ဆေးလိပ်ကိုယူသောက်ရင်း "မင်းတို့ကို ဖမ်းလိုက်ပြီ" "ပိုက်ဆံ 150,000 Ks ပေးမှ ဆက်သွားလို့ရမယ်" တဲ့။ 150,000 Ks ဆိုတာ အရမ်းများတဲ့ Amount မဟုတ်ပေမဲ့ ကျွန်တော်မပေးချင်ခဲ့ဘူး။ "ကျွန်တော်တို့က လူငယ်တွေပါ" "ဟိုက်ပါ ရေတံခွန်ကိုသွားလည်ကြတာ" "ပိုက်ဆံလည်း အများကြီးမပါကြလို့" "50,000 Ks လောက်ဆို အဆင်ပြေလား ဗိုလ်ကြီး" "ကားဆီဖိုး အတွက်လဲ ချန်ရဦးမှာ မို့ပါ" ပြောတော့ "မရဘူးတဲ့"။

အမှန်က သူတို့တောင်းတဲ့ Amount ကိုပေးဖို့ ကျွန်တော့်တွင် ပိုက်ဆံ အလုံလောက်ပါပေမဲ့ မပေးချင်ခဲ့တာပါ။ "ကျွန်တော်တို့က လခစား ဝန်ထမ်းတွေပါ ဗိုလ်ကြီး၊ လကုန်ရက်လဲဖြစ်လို့ ပိုက်ဆံလဲ အများကြီး မပါကြဘူး၊ ဆီဖိုးလေးမကျန်ရင် ကျွန်တော်တို့လဲ ဆက်သွားလို့ မရတော့ဘူး၊ လာလမ်းအတိုင်းပဲ ပြန်လှည့်တော့မယ်" ပြောတော့၊ ဗိုလ်ကနေ "ပြန်လဲ လှဲ့လို့မရဘူး၊ ပိုက်ဆံပေးပြီးမှ ဒီကထွက်လို့ရတော့မှာ၊ Company ဝန်ထမ်းတွေဆိုတာ ခုမှသိလိုက်လို့၊ ပုံမှန်လူတွေအမှတ်နဲ့ 150,000 Ks ပဲတောင်းလိုက်တာ၊ ဝန်ထမ်းဆို ပိုက်ဆံပိုကောက်တယ်၊ ပိုက်ဆံမပါရင် သူငယ်ချင်းတွေဆီက လှန်းချေးလိုက် Kpay နဲ့လည်းရတယ်" ပြောလာချိန် ကျွန်တော် အလွန်ကို အံ့သြသင့်သွားတယ်။ တောကြီးထဲမှာ ကျွန်တော်တို့ဖုန်းတွေအကုန် Internat ရဖို့ အသာထား၊ ဖုန်းလိုင်းတွေတောင် ပျောက်နေကြတာ သူက ဆပ်ကြေးကို Kpay နဲ့တောင် လက်ခံတယ်ပြောတော့ အတော်ကို အံ့သြသင့်ခဲ့ရပါတယ်။

ဗိုလ်ကနေ ဖုန်းလိုင်းမမိရင် သူ့ဖုန်းနဲ့ဆက်ပြီး အကူအညီတောင်းလို့ရတယ် ပြောလာတော့၊ ကျွန်တော် အကြံရသွားတယ်။ ကျွန်တော်နဲ့ ရင်းနီးတဲ့ ရှမ်းလက်နက်ကိုင် ဗိုလ်တစ်ဦး ရှိတာကြောင့် အကူအညီ ရလိုရငြား၊ သူ့ဖုန်းခနငှားပြီးဆက်ရင်း အကျိုးအကြောင်း ပြောပြတော့ ကျွန်တော့်အသိ ဗိုလ်တစ်ဦးကနေ ပြန်ပြောလိုက်တဲ့ စကားက "အဲဘက်အခြမ်းက ကျွန်တော်တို့အပိုင် မဟုတ်ဖူးဗျ၊ နောက်ပြီး သူတို့နဲ့က အဖွဲ့ချင်းမတူဘူး၊ ကူညီလို့မရလို့ပါ" ဆိုတော့ ကျွန်တော်လည်း အကြံကုန်ပြီ၊ ကျွန်တော်ယူလာတဲ့ ဆေးလိပ်နဲ့ ကွမ်းတွေလဲ သူတို့စားလို့ ကုန်ပြီ။ ထိုအချိန်မှာဘဲ ကျွန်တော်နဲ့ ဘဝတူကားတွေ အသီးသီး ထပ်ရောက်လာကြပြီး သစ်တုံးဖြတ်တားထားတဲ့ နေရာမှာ ကားတွေရပ်ကြကာ မျက်လုံးလေးတွေ ဟိုကြည့်ဒီကြည့်နဲ့ဖြစ်နေချိန်၊ လက်နက်ကိုင်အဖွဲ့ထဲက တပ်သားလေး တစ်ဦးက ပြုံးရွှင်ကာ ထအော်လိုက်တယ်။ "မိုင်ဆုန် ဘဲဟေ့၊ ခုမနက်တော့" " မိုင်ဆုန်" ဆိုသည်မှာ ရှမ်းစကားဖြစ်ပြီး၊ အပြည့်အစုံက "မိုင်ဆုန်ခ" ဗမာလို "မဂ်လာပါ" လို့ အဓိပ္ပါယ်တယ်။ သူတို့တွေအတွက် ခုမနက် အရမ်းကို မဂ်လာရှိတယ်ပေါ့၊ ခရီးသွားကားတွေ များများရောက်လာလို့ ပြောလိုက်ခြင်းဖြစ်ပါတယ်။

သူတို့ပိုက်ဆံကောက်ပုံက "စီးလာတဲ့ ကားအမျိုးအစား၊ လူတွေရဲ့ လုပ်ငန်းအချေအနေ" တွေကို သုံးသပ်ခါ ပိုက်ဆံကောက်တဲ့ Amount တွေ ကွာခြားပါတယ်။

နောက်ဆုံးတော့ ကျွန်တော်လည်း သူတို့တောင်းတဲ့ ပိုက်ဆံ 150,000 Ks ပေးလိုက်ကာ၊ "ဟိုက်ပါ" သို့ မလျှော့သောဇွဲနဲ့ ခရီးဆက်ခဲ့ပါတယ်။

#သားပေါက်

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတန်ဆေးလွန်ဘေးနည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်အချိန်ဆွဲတဲ့အကျင့်ဆိုးပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအင်တာနက်နဲ့ လူနေမှုဘဝ လိုမှသုံးပါဒေါင်လိုက်ဒရာမာ (Vertical Drama)ရှောင်တာက ကြောက်ခြင်းမဟုတ်