the IX
(၂)
သင်္ကြန်အကျနေ့
" မောင့်အသည်းဦးလေးရေ .... ထတော့လေဗျာ .... နေမြင့်နေပြီဗျ "
ဟူသော တူးပို့၏အသံကိုကြားသော်လည်း ထက်မြတ် မသိဟန်ဆောင်ကာ ဆက်အိပ်နေလိုက်သည် ။
သို့သော် ...
တူးပို့က လက်မလျှော့ ။ မိမိဘေးတွင်လာဝင်လှဲကာ နဖူးကိုဖွဖွနမ်းသည် ။ ထို့နောက် မျက်လုံးများကိုလာနမ်းသည် ။ တူးပို့၏ ထင်မှတ်မထားသောအပြုအမူကြောင့် အိပ်ချင်ဟန်ဆောင်နေသောမျက်လုံးများက လှုပ်ရှားသွားမိသည် ။ ဤသည်ကိုမြင်သွားဟန်တူသောတူးပို့က
" ဟားဟား .... မောင့်ဦးလျှံက အိပ်ချင်ယောင်ဆောင်နေတာပဲ .... ထတော့လေ .... မောင်တို့မာမားဆီသွားလည်ကြမယ်ဆို "
ဟု ပြောသည် ။ ထို့ကြောင့် အနီးတွင်တွေ့သောခေါင်းအုံးနှင့် တူးပို့ကိုပေါက်လိုက်ပြီး
" မကောင်းတဲ့လူ .... လူကိုအခုလိုလုပ်ထားပြီးဘယ်ကိုသွားမှာလဲ "
ဟု ပြောလိုက်သည် ။ ဤစကားကို တူးပို့က
" မောင့်အသည်းဦးလေးကလည်း .... ကိုယ့်ယောက်ျားကိုယ်ချစ်တာ ဘယ်သူ့ကိုကြောက်နေရအုံးမှာတဲ့လဲ "
ဟု တုံ့ပြန်သဖြင့် စောင်ကိုခေါင်းအထိလုံအောင်ဆွဲခြုံလိုက်ပြီး
" ဘယ်သူကမင်းကိုချစ်လို့လဲ "
ဟူ၍ ရေရွတ်လိုက်သည် ။
◾
" ဘယ်သူကမင်းကိုချစ်လို့လဲ "
ဟူသောစကားကိုဆိုခဲ့သောဦးလျှံက တူးပို့နှင့်အတူ မိခင်ဖြစ်သူထံသို့ အတူလိုက်လာသဖြင့် ဦးလျှံ၏နဖူးကို မြတ်နိုးစွာနမ်းလိုက်ပြီး
" အဲ့ဒါတွေကြောင့် မောင့်အသည်းဦးလေးကိုမောင်ကအချစ်ပိုနေရတာ "
ဟု ပြောလိုက်သည် ။ ဦးလျှံက ဤစကားကို
" မာမားကိုကတိပေးထားပြီးပြီမို့လို့လိုက်လာတာ .... မဟုတ်ရင်ယောင်လို့တောင်မလိုက်ဘူး "
ဟု ပြောပြီး မိမိကားတံခါးဖွင့်ပေးသည်ကိုပင်မစောင့်ပဲ ကားတံခါးကိုဆောင့်ဖွင့်သဖြင့်
" ရရဲ့လား .... မောင်ကျောပိုးပေးရမလား "
ဟူ၍ ရယ်ကြဲကြဲနှင့်မေးလိုက်သည် ။ ဤမေးခွန်းကြောင့် ဦးလျှံ၏နားရွက်ဖျားများက နီရဲလာပြီး
" မကောင်းတဲ့လူ "
ဟူသော စကားသံကိုပါ ကြားရသည် ။ ထို့ကြောင့် ဦးလျှံ၏လက်ကို ဆွဲထားလိုက်ပြီး
" ချစ်တယ်နော် .... မောင့်အသည်းဦးလေး ဦးထက်မြတ်လျှံရေ "
ဟု ပြောလိုက်သည် ။
◾
" မာမားတို့ဆီမရောက်တာကြာပြီ ဦးလျှံ .... သွားလည်ရအောင် "
ဟူသော စကားကိုပြောခဲ့သူမှာ တူးပို့ပင်ဖြစ်သော်လည်း အိမ်ရောက်သည်နှင့် လူပျိုဘဝကနေခဲ့သည့်အခန်းထဲတွင်အောင်းကာ ဗီဒီယိုဂိမ်းကို အသည်းအသန်ဆော့နေသူမှာလည်း တူးပို့ပင်ဖြစ်သောကြောင့် ထက်မြတ်လည်း ပျင်းရိလာကာ အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည် ။
အောက်ထပ်သို့ရောက်သောအခါ တူးပို့၏မိခင် မိမိ၏ယောက္ခဖြစ်သည့်မာမားက အိမ်အကူများနှင့်အတူ မုန့်လုံးရေပေါ်လုံးနေသည် ။ ထို့ကြောင့်
" ကျွန်တော်လည်းကူပေးမယ်လေ မာမား "
ဟု ပြောကာ ထမင်းစားခန်းထဲရှိဘေစင်၌ လက်ကိုဆပ်ပြာနှင့်ပြောင်စင်နေအောင်ဆေးပြီး မုန့်လုံးရေပေါ်လုံးသည့်အဖွဲ့ထဲသို့ဝင်လိုက်သည် ။
မာမားက အချိန်အတော်ကြာအောင် မုန့်လုံးရေပေါ်လုံးခြင်း၌အာရုံစိုက်နေပြီးမှ
" တူးပို့တစ်ယောက် ဂိမ်းဆော့နေပြန်ပြီလား သားလျှံ "
ဟူ၍ မေးလာသည် ။ မာမားကို အမှန်အတိုင်းဝန်ခံလိုက်လျှင် တူးပို့တစ်ယောက် အဆူခံရမည်စိုးသောကြောင့် ပြုံးရုံသာပြုံးပြလိုက်သည် ။ မာမားက ဤသည်ကိုကြည့်ပြီး
" သားလျှံနဲ့တွေ့တိုင်း မာမားဘက်ကဒီစကားပဲပြောနေရတာအားနာပေမဲ့ ထပ်ပြောပါရစေအုံး .... တူးပို့ကအိမ်မှာအငယ်ဆုံးဆိုတော့ အခုအရွယ်အထိကလေးလုပ်ချင်နေတာ သားရယ် .... အဲ့ဒါကြောင့် သူသားအပေါ်မှာမလိမ္မာတာတွေရှိရင် သားကခွင့်လွှတ်ပေးပါ .... ဆုံးမသင့်တာတွေရှိရင်လည်း ဆုံးမပေးပါလို့ မာမားတောင်းဆိုပါတယ်ကွယ် "
ဟု ပြောသည် ။ ပြီးမှ
" အခုမှကြုံလို့မေးရအုံးမယ် .... သာတို့ကအိမ်ခွဲနေတော့ အရင်လိုမာမားကတစ်ချိန်လုံးတူးပို့ကိုလိုက်ဆူပြောမနေနိုင်တော့ တူးပို့လွင်တစ်ယောက်အရင်လိုဆိုးသေးလား .... အဲ့ဒီကလေးက လုပ်လိုက်ရင်အမြဲတဇွတ်ထိုးဆိုတော့ သားစိတ်ပျက်သွားမှာ မာမားစိုးရိမ်တယ် "
ဟု မေးသည် ။
တူးပို့က မိမိနှင့်လက်မထပ်ခင်ကလို အပေါင်းအသင်းတရုန်းရုန်းနှင့် အလုပ်လက်မဲ့မဟုတ်တော့သော်လည်း အခြားနေရာများတွင် မာမားထင်ထားသည်ထက်အဆပေါင်းများစွာဆိုးကြောင်းကို မာမားသိသွားလျှင် ချက်ချင်းလက်ငင်း ဆေးရုံသို့ပြေးရမည့်အခြေအနေသို့ရောက်သွားမည်ဖြစ်သဖြင့် ပြုံးပြလိုက်ပြီး
" အရင်ကလောက်မဆိုးတော့ပါဘူး မာမား .... လိမ္မာလာပါပြီ "
ဟု အဖြေပေးလိုက်သည် ။
◾
ထက်မြတ် မာမားတို့နှင့်ရောက်တတ်ရာရာစကားပြောရင်း မုန့်လုံးရေပေါ်လုံးနေစဥ်
" အန်တီရေ "
" အန်တီမေသီ "
ဟူသော အော်ခေါ်သံနှင့်အတူ တူးပို့နှင့်ရွယ်တူခန့်ရှိသော ယောက်ျားလေးသုံးယောက်နှင့် မိန်းကလေးနှစ်ယောက်က ဧည့်ခန်းထဲဝင်လာသည် ။ ယောက်ျားလေးသုံးယောက်ကိုမသိသော်လည်း မိန်းကလေးနှစ်ယောက်ကမူ မိမိနှင့်တူးပို့ သမီးရည်းစားဘဝကတည်းက တူးပို့နှင့်သိကျွမ်းခဲ့သူများဖြစ်သောကြောင့် ထိုမိန်းကလေးနှစ်ယောက်ကို မော့ကြည့်လိုက်မိသည် ။
ထိုမိန်းကလေးနှစ်ယောက်အနက် လီလီဟုခေါ်သောမိန်းကလေးက မိမိကိုတွေ့သောအခါ
" ဟာ .... အစ်ကိုတို့ရောက်နေတာလား "
ဟု နှုတ်ဆက်သော်လည်း ဝါနုဟုခေါ်သောမိန်းကလေးကမူ မာမားကိုသာပြုံးပြပြီး
" မေမေကကြာဆန်ချက်ပို့ခိုင်းလိုက်လို့ အန်တီ "
ဟူ၍ ပြောရင်း လက်ထဲတွင်ကိုင်လာသောချိုင့်ကို အိမ်အကူတစ်ယောက်အားလှမ်းပေးသည် ။ ပြီးမှ မာမားဘေးတွင်ဝင်ထိုင်ပြီး
" အန်တီ့ကိုပူဆာစရာလည်းရှိတယ် "
ဟု ပြောသည် ။
◾
" တူးပို့ကိုသမီးတို့နဲ့အတူလည်ဖို့ခေါ်သွားချင်လို့ "
ဟူသော စကားကို ဝါနုကမာမားကိုပြောလိုက်သောကြောင့် လီလီက ထက်မြတ်ကိုအားနာဟန်ဖြင့်ကြည့်လာသည် ။ ထို့ကြောင့် လီလီ့ကိုပြုံးပြလိုက်ပြီး မုန့်လုံးရေပေါ်လုံးခြင်းကိုလက်စသတ်ကာ မတ်တပ်ထရပ်လိုက်သည် ။ မာမားက ဝါနု၏စကားကို
" အရင်ကတူးပို့ရဲ့အုပ်ထိန်းသူက အန်တီဖြစ်ခဲ့ပေမဲ့ အခုသူ့အုပ်ထိန်းသူက သားလျှံဖြစ်နေပြီဆိုတော့ သားလျှံကိုမေးကြည့်လေ "
ဟူ၍ ပြောကာ မိမိထံသို့ ပြသနာထုတ်ကိုလက်ဆင့်ကမ်းပေးသည် ။
မိမိနှင့်လက်ထပ်ပြီးသည့်အချိန်မှစ၍ တူးပို့သည် လူပျိုဘဝကကဲ့သို့ သင်္ကြန်တွင်း၌ မဏ္ဍပ်တကာတွင်ပတ်၍မကဲတော့ပဲ နှစ်တိုင်းလိုလို လမ်းထဲမှကလေးများနှင့်ရေအတူဆော့ကာ သင်္ကြန်လေးရက်ကိုဖြတ်သန်းလေ့ရှိသော်လည်း ယခုနှစ်တွင်မူ ငြိမ်နေသည် ။
တူးပို့နှင့်မိမိသည် အသက်ဆယ်နှစ်ကွာသောကြောင့် မိမိက သင်္ကြန်တွင်းဆိုလျှင် အိမ်တွင်အေးအေးဆေးဆေးသာနားလိုသော်လည်း တူးပို့ကမူ လူငယ်ပီပီ ရေဆော့ချင်ရှာပေလိမ့်မည် ။ ထို့ကြောင့် ဝါနုကိုကြည့်လိုက်ပြီး
" မောင်ကလိုက်ချင်ရင်တော့ ခေါ်သွားလိုက်လေ ..... ရပါတယ် "
ဟု အဖြေပေးကာ နေရာမှထွက်လာခဲ့လိုက်သည် ။
◾
တူးပို့ ဦးလျှံကိုအိမ်ပြန်ရန် တစ်လနီးပါးဂျီကျခဲ့သည်မှာ မိဘနှစ်ပါးအားလွမ်းသောကြောင့်မဟုတ်ပဲ ဗီဒီယိုဂိမ်းဆော့လို၍ဖြစ်သောကြောင့် အိမ်သို့ရောက်သည်နှင့် မိမိလူပျိုဘဝကနေခဲ့သည့်အခန်းထဲသို့ဝင်ကာ ဗီဒီယိုဂိမ်းကစားရန်စတင်ပြင်ဆင်လိုက်သည် ။
မိမိတို့အိမ်တွင်ဆိုလျှင် ဦးလျှံက
" ဂိမ်းတွေအဲ့ဒီလောက်ကြီးမကစားနဲ့လေ တူးပို့ .... မျက်စိထိခိုက်မယ် "
ဟု ဆိုကာ နာရီဝက်ထက်ပို၍ပေးမဆော့သော်လည်း ယနေ့တွင်မူ ရောက်ကတည်းကဂိမ်းဆော့နေသောမိမိကိုမတားပဲ ဘေးတွင်လာထိုင်ကာ စာအုပ်ဖတ်နေသည် ။
သို့သော် ...
ကြာကြာမဖတ်ပဲ အနားမှထသွားသည် ။ စိတ်ကောက်နေသောဦးလျှံအား လိုက်ချော့သင့်သော်လည်း ဦးလျှံနှင့်မိမိ၏ဖခင်ဖြစ်သူသည် အလွန်လေပေးဖြောင့်ကြသူများဖြစ်သောကြောင့် အိမ်ပြန်ရောက်လျှင် ဦးလျှံကမိမိကိုမလိုအပ် ။ ထို့ကြောင့် လိုက်မသွားတော့ပဲ ဂိမ်းကိုသာ အသည်းအသန်ဆော့နေမိသည် ။
ဤသို့ဆော့နေရင်း နေ့လည်ဆယ့်နှစ်နာရီထိုးကာနီးသောအခါ အခန်းတံခါးခေါက်သံနှင့်အတူ မိမိ၏သူငယ်ချင်းများဖြစ်သည့် လီလီနှင့်ဝါနုဦးဆောင်သောအဖွဲ့က အခန်းထဲဝင်လာကြသည် ။ မတွေ့ရသည်မှာကြာပြီဖြစ်သောသူငယ်ချင်းများနှင့် ရုတ်တရက်ပြန်တွေ့လိုက်ရသောကြောင့် ဂိမ်းကိုပင်မေ့ကာ သူငယ်ချင်းများထံသို့ပြေးသွားမိသည် ။
◾
ဝါနုက
" ငါတို့နဲ့အတူသင်္ကြန်လည်ဖို့နင့်ကိုလာခေါ်တာ "
ဟု ပြောလာသောကြောင့် တူးပို့ ယခုအချိန်အထိ ပျောက်ချက်သားကောင်းနေသောဦးလျှံကိုသတိရသွားပြီး
" ငါဦးလျှံကိုမေးကြည့်လိုက်အုံးမယ် "
ဟူ၍ ပြောလိုက်သည် ။ ဝါနုကပင်ဆက်၍
" နင့်လူကနင်လိုက်ချင်ရင်ခေါ်သွားလို့ပြောတယ် "
ဟု ပြောလာသောကြောင့် ဝမ်းသာသွားပြီး
" ဒါဆို နင်တို့အောက်ထပ်ကစောင့်နေ .... ငါအဝတ်အစားပြေးလဲလိုက်အုံးမယ် "
ဟူသော စကားကို ပြောလိုက်သည် ။ အကုန်လုံးက
" ဘယ်လိုနေနေချောပြီးသားပဲဟာကို ဘာတွေထပ်ပြင်အုံးမလို့လဲ "
ဟု မိမိစကားကို တုံ့ပြန်ကြသော်လည်း အလိုက်တသိပင် အခန်းထဲမှထွက်သွားကြသောကြောင့် ဗီရိုရှိရာဆီသို့ အပြေးလာခဲ့လိုက်သည် ။
◾
တူးပို့ အဝတ်အစားလဲပြီး အခန်းထဲမှထွက်လာသောအခါ ဝရန်တာတွင်မတ်တပ်ရပ်ကာ ရှုခင်းငေးနေသော ဦးလျှံကိုတွေ့ရသည် ။
သို့သော် ...
ဦးလျှံက တစ်ယောက်ထဲမဟုတ် ။ စီးကရက်ကိုအဖော်ပြုနေသည် ။
ဦးလျှံစီးကရက်သောက်တတ်သည်ကို ယခင်ကတည်းကသိသော်လည်း ဦးလျှံက အခြားလူများကဲ့သို့ နေ့စဥ်သောက်လေ့ရှိသူမဟုတ် ။ ရေးလက်စစာမူများကို ဆက်ရေး၍မရတော့သောအခါတွင်မှ သောက်လေ့ရှိသည် ။ ထို့ကြောင့် သက်ပြင်းချလိုက်ပြီး
" ဦးလျှံ "
ဟု ခေါ်ကာ အနားသို့လျှောက်သွားလိုက်သည် ။ ဦးလျှံက မိမိကိုလှည့်ကြည့်လာသောကြောင့် ဦးလျှံ၏ခါးကိုဖက်လိုက်ပြီး
" မောင် သူငယ်ချင်းတွေနဲ့အပြင်ခဏလိုက်သွားလိုက်အုံးမယ်နော် "
ဟု ပြောလိုက်ကာ ဦးလျှံ၏နဖူးကို ဖွဖွနမ်းလိုက်သည် ။ ဦးလျှံက မိမိနမ်းသည်ကို ငြိမ်ခံနေပြီးမှ
" သောက်မလာနဲ့ .... စောစောပြန်လာ "
ဟု တုံးတိတိစကားကိုပြောသည် ။ ဤစကားက ယခုရက်ပိုင်းအတွင်းတွင် ဦးလျှံထံမှ ပထမဦးဆုံးပြန်ကြားရသည့် မိမိအားဂရုစိုက်သည့်စကားဖြစ်သောကြောင့် ကျေနပ်စွာပြုံးလိုက်ပြီး
" မောင့်အသည်းဦးလေးလည်း စီးကရက်ကိုတအားသောက်မနေနဲ့နော် "
ဟု ပြောကာ စီးကရက်နံ့စွဲနေသော ဦးလျှံ၏နှုတ်ခမ်းကို ဖွဖွနမ်းလိုက်သည် ။ ထို့နောက်
" စောစောပြန်လာမယ် ..... စောင့်နေနော် "
ဟု ပြောကာ ဦးလျှံ၏အနားမှ ခွာလာခဲ့လိုက်သည် ။
◾
တူးပို့ ဦးလျှံနှင့်လက်ထပ်ပြီးသည့်အချိန်ကတည်းက လူများ ၊ လူရှုပ်သည့်နေရာများကို ဦးလျှံအားခေါ်သွားရန်အားနာသောကြောင့် သင်္ကြန်တွင်းအပြင်မထွက်ဖြစ်ပဲ ရပ်ကွက်ထဲမှကလေးများနှင့်သာ ရေအတူဆော့ဖြစ်သည် ။
သို့သော် ...
ကလေးများနှင့်ဆော့ရသည့်အရသာက မဏ္ဍပ်တွင်ဆော့ရသည့်အရသာနှင့်မတူ ။ ထို့ကြောင့် ယနေ့အခွင့်အရေးရစဥ် မီးကုန်ယမ်းကုန် သောင်းကျန်းနေမိသည် ။ ထိုစဥ်
" တူးပို့ .... န
Unlock to read this premium article with 10 points.