Tawtawti
အခန်း(၁)
ယနေ့ ရန်ကုန်မြို့၏ ထူးခြားသောမြို့ပြ
မြင်ကွင်းကို မှတ်တမ်းရုပ်ရှင် ရိုက်ကူးထားမည်ဆိုကြပါစို့။ ထိုပုံရိပ်များထဲတွင် လူငယ်လေးတဦး၏ ထူးခြားထင်ရှားသည့်ဟန်ပန်လည်း ပါဝင်နေသည်ကို တွေ့မြင်ရပေမည်။
သူ၏ ကိုယ်ပိုင်ပေါ့ထရိတ်သွင်ပြင်ကိုလည်း ရှုကြည့်လှည့်ပါဦး။ တီရှပ်အင်္ကျီအဖြူနှင့် ဂျင်းဘောင်းဘီအပြာကို ပြောင်းပြန်လှန်လျက်ဝတ်ဆင်ကာ အတွင်းချုပ်ရိုးသားဘက်အား အပြင်ဘက်တွင် မြင်သာအောင်တမင်ထားလေ၏။ ခါးကြားတွင် ဟမ်းဖုန်းတလုံးကိုလည်း ဟန်ပါပါဖြင့် ထိုးထားသေး၏။
နောက်ပြီး...သူစီးလာသည့် အောစတားရှူးဖိနပ် အပေါ်ယံမျက်နှာပြင်၌လည်း သံမှိုတွေ စွဲကပ်ထားသေးသည်။
ဒါတွင်မကသေး..၊ သူခိုးကြီး ငတက်ပြားသားရေမျက်နှာဖုံးပုံစံနှင့် အလားသဏ္ဍာန်တူသည့် မျက်မှန် အမဲကြီးကိုလည်း ထင်းထင်းကြီးပေါ်လွင်အောင် တပ်ဆင်ထားသေးသည်။ သူ့ ဆံပင်ကိုမူ ပုံသွင်းဂျယ်နှင့်ထောင်'သ'ထားပြီး ခေါင်းတခါခါ လည်တခါခါဖြင့် အမောက်ရမ်း၍ မျက်မမြင်ဘလိုင်းတဦးလို လျှောက်လှမ်းလာ၏။ ဤသို့ဖြင့် သူ့ခမျာ မတ်တပ်လာရင်း လာရင်းမတ်တပ်ကနေ ဆူးလေပန်းခြံအနီးနားသို့ပင် ရောက်ရှိလာတော့သည်။
ထိုအချိန်လေးအတွင်း နေ့လယ်ခင်းအပူဒဏ်ကို အံတုရင်း လမ်းဘေးပလက်ဖောင်းတနေရာရှိ သစ်ပင်ရိပ်အောက်၌ ဆိုင်းဘုတ်တခုကို နောက်ခံပြုလျက် ခန့်ခန့်ကြီးထိုင်နေသော ဥပဓိရုပ် သန့်သန့်ပြန့်ပြန့်နှင့် ဘဲကြီးတဗွေ(ဗန်းစကားအရ)ကို တိုက်တိုက်ဆိုင်ဆိုင် ဘွားခနဲ တွေ့လိုက်ရသည်။
"နှလုံးသားရေးရာကိစ္စ သီးသန့်အဟောဗေဒင်
အကျိုးဆောင်အစစ် ဆြာဘိုးအောင်ချစ်"
သူ့ရှေ့တွင် ထောင်ထားသော ကြော်ငြာဆိုင်းဘုတ်မှ စာသားအချို့က လူငယ်လေး၏အမြင်အာရုံကို စွဲငင်ညှို့ယူ ဖမ်းစားလိုက်သည်။ စိတ်ထဲ၌လည်း ထီပေါက်သလိုမျိုး အတော်ဝမ်းသာသွား၏။ သို့နှင့် ရုတ်တရက် လူငယ်လေးမှာ ဘိုးအောင်ချစ်ဆိုသူ၏ ရှေ့မှောက်တွင် စွေ့ခနဲ ဝင်ရောက်ထိုင်မိလျက်သား ဖြစ်သွား၏။ ဘိုးအောင်ချစ်က သူ့အဟောအပြော စီးပွားရေးလုပ်ငန်းနှင့်အညီ ထင်ပါသည်။ ချစ်ခြင်းမေတ္တာတို့၏ သင်္ကေတအရောင်အဖြစ် မှတ်တမ်းဝင်ထားသော ပန်းနုရောင်ကာလာ အကျ..နှင့်လုံခြည်ကို အထက်အောက်ဝမ်းဆက်အဖြစ် အပီအပြင် ဝတ်ဆင်ထား၏။
ထို့နောက် သူက သူ့ရှေ့မှောက်တွင် ဆောင့်ကြွားကြွား ချိုချဉ်ရုပ်နှင့်ထိုင်နေသော လူငယ်လေး၏ အပေါ်ယံရုပ်ဆင်းသဏ္ဍာန်ကို အထင်သေးသလိုလို အသာအယာ မျက်ခုံးပင့်လျက် စောင်းငဲ့ကြည့်လိုက်ရင်း ကျဲပါးလှသောဆက်ဆံရေးဖြင့် ဘုတောသည့်စကားကို စတင်လေ၏။ လေအပြည့်တင်းတင်း မှုတ်ထည့်ထားသည့် ပူဖောင်းတလုံးလိုလည်း သူ့မျက်ခွက်ကို တမင်တင်းထားသေးသည်။ 'ဘာလဲဟ' အထာဖြင့် တခုခုဆိုလျှင် ထပြီး 'သမ' မည့်ဟန်ကိုလည်း အသင့်ပြင်ထား၏။
"ဒီမယ်..မောင်ရင်က..စိတ်တော့ကောင်းပါရဲ့နော်"
သူက မသင်္ကာသလို စိုးရွံ့သလို မေးလိုက်၏။
"ဗျာ.. ၊ ကျွန်တော်က မေးချင်လို့ ရောက်လာတာလေ ဆရာကြီးရဲ့..၊ ကျွန်တော့်ကိုဖြေပေးရမယ့် ဆရာကြီးက ပြန်မေးနေရတယ်လား..၊ စိတ်တော့ မကောင်းဘူးဗျာ၊ တကယ်မကောင်းဘူး..၊ မကောင်းဘူးဆို အိမ်ကထွက်လာကတည်းကပဲ"
လူငယ်လေးခမျာ အူကြောင်ကြောင်နိုင်သွားသလို၊ သူ့စကားကိုလည်း အူကြောင်ကြောင်ပင် ပြန်ဖြေပေးလိုက်သည်။
သို့အတွက်လည်း မယုံကြည်သလိုလို ဘိုးအောင်ချစ်၏ ငြင်းဆန်ခြင်းကို အလွတ်ဖဲ့ခံရသေး၏။
"ဟေ..ဒါက စိတ်ကျန်းမာရေးဆေးရုံမဟုတ်ဘူးလေ၊ မောင်ရင်လေး နေရာမှားလာပြီထင်ပါရဲ့"
"အဟီး... ဒါလောက်တော့ နားလည်ပါတယ် ဆရာကြီးရယ်။ ကျွန်တော်သိချင်တာလေးတွေ ဆရာကြီးထံ မေးမြန်းတိုင်ပင်ကြည့်ချင်လို့ပါ..။ ကျွန်တော့်ဖြစ်ပုံက နှလုံးသားရေးရာကိစ္စနဲ့ တိုက်ရိုက်ပတ်သက်နေမှုပါဘဲ။ ဒီလိုခင်ဗျ ကျွန်တော့်အချစ်ရေးနယ်ပယ်က အမြဲတစေ အရှုံးတွေနဲ့ကြုံနေရတဲ့ ပြဿနာပါဘဲ။ မိန်းမတယောက်ကို ကိုယ်ကသဘောကျလို့ ကြံရွယ်လိုက်တိုင်း သူများနောက် ရေစက်ကပါသွားလိုက်...၊ နောက်တယောက်ကို ထပ်ကြံရွယ်ပြန်တော့လည်း.. နောက်ထပ်သူများနောက် ရေစက်က ထပ်ပါသွားလိုက်နဲ့ ကျွန်တော့်မှာ ကြံရည်စက်ကြီးဖြစ်လို့နေရတယ်။ ဒါကြောင့်လည်း အမြဲတမ်းလိုလို စိတ်ညစ်ရတယ်ပေါ့။ အဲ..အဲဒါ ...ရှေ့ဆက်ပြီး..အဆင်ပြေအောင် ဘယ်လိုစီမံဆောင်ရွက်ရမလဲ..၊ ရှေ့ဘာတွေ ထပ်ဖြစ်လာဦးမလဲဆိုတာ ခရီးသွားဟန်လွဲ ကြုံကြိုက်တုန်းလေး ဆရာကြီးဆီမှာ အားကိုးတကြီးနဲ့ မေးမြန်းကြည့်ချင်တဲ့ စိတ်ဆန္ဒလေး ကောက်ကာငင်ကာ ပေါ်သွားမိလို့ပါ"
ထိုအခါမှ ဆြာဘိုးအောင်ချစ်မှာ မျက်နှာမှာ ပူဖောင်းလို တင်းနေရာမှ.. ရုတ်ချည်းလေလျော့သလို လျော့ကျသွားလေ၏။ ညို့နေသောမျက်နှာပြင်မှာလည်း စတီးသားလို ဝင်းပလာချေ၏။
"သြော်..ကလိုလား..တော်သေးတာပေါ့ကွာ..၊ မောင်ရင့်ကို ကြည့်ရတာ..အဖော်ကလည်းမပါ..၊ ဒီဇိုင်းကလည်း တမျိုးဆန်းဆိုတော့ တခုခုတော့ တခုခုဘဲဆိုပြီး အဆင်နဲ့အထင်မှားမိသွားလို့ပါကွာ။ အဟဲ.. ဟဲ.. ပြောပြီးသမျှ ဆောရီးပါကွာ...ဆောရီး"
"အာ...သမာဓိစိတ်လေးနဲ့တော့ အသာရှိတ်ကြည့်ပေးပါ ဆရာကြီးရယ်..၊ ကျွန်တော်ကို အပေါက်လမ်း မတည့်လို့ ဂေါက်နှမ်းနေတဲ့သူလို့ မြင်မိသွားတာများလားဗျ..၊ ဆရာကြီးထင်သလို မဟုတ်ရပါဘူးဗျာ..၊ တကယ်တော့ ကျွန်တာ်က တက္ကသိုလ်ကျောင်းသားတဦးပါ..၊ ကျောက်တွေစူးစမ်းရှာဖွေလေ့လာတဲ့အတတ် သင်ယူနေသူဘူမိဗေဒ( Geology ) ဒုတိယနှစ် ကျောင်းသားတဦးပါ"
"ရော်"
"ကျွန်တော်က အင်းစိန်ဘက်မှာနေတယ်ဗျ၊ အခုတောင် ကျောင်းမသွားဖြစ်တဲ့နေ့ရက်လေးမို့ ဒီဘက်ကို ခဏထွက်လာဖြစ်တာ၊ ဆရာကြီးစကားက ရန်ကုန်မြို့ထဲလာရင် စိတ်ကျန်းမာရေးကောင်းကြောင်း ထောက်ခံစာ ယူလာရမလိုတောင် ဖြစ်နေပြီ၊ အဟဲ..ဟဲ.. ကျွန်တော်က သူများထက် တမူကွဲထွက်နေတဲ့ စတိုင်ကိုပဲ သဘောကျတတ်လို့ပါ..."
"အိမ်း..အေးပါကွာ..၊ ငါကလည်း အသားငါးပဲစားရတဲ့ အဓိဌာန်အကျင့်နဲ့ အဆင့်မြင့်မြင့် ဟောနေတဲ့ ဆရာတဆူပါကွ၊ ပညာရှိ သတိဖြစ်ခဲဆိုသလို တခါတရံ သတိလက်လွတ် ရစ်မိသွားတာပါကွာ''
ဆြာဘိုးအောင်ချစ်က သူ့ကိုယ်သူ ပဏ္ဍိတဂိုက်ဖမ်းရင်း မသိမသာ အသားလွတ် ကြွားလုံးထုတ်နေပြန်သေး၏။
"ဟင်..ဆရာကြီးကလည်း သက်သက်လွတ်စားတဲ့အဓိဌာန်အကျင့်ဆို ဟုတ်သေး..၊ ခုဟာက.. ''
"တယ်...မဟုတ်ဘူးဟ ၊ ငါ့ကိုစောင့်ရှောက်နေတဲ့ပုဂ္ဂိုလ်က နတ်ဘီလူးကွ..၊ ဒီတော့ ..ဘီလူးစည်းမပျက်အောင် အသီးအရွက်ဆို ရှောင်ကျဉ်ရတယ် မောင်ရင်လေးရဲ့..။ ငါ့ရဲ့ပုဂ္ဂိုလ် နတ်ဘီလူးကလည်း ဇာတ်တော်လာထဲက အမည်နာမအတိုင်းဘဲ အချစ်ရှုံးသမား ဒဿဂီရိတဲ့.. ၊ သူက လူသားတွေ သူ့လို အချစ်ရေးနယ်မှာ အဆင်မပြေ ဖြစ်ကြမှာစိုးရိမ်လို့ဆိုပြီး ကူညီစောင့်ရှောက်ပေးခိုင်းနေတာ.. "
"အယ်...အဲ့သလို..."
ဟုတ်သော်ရှိ မဟုတ်သော်ရှိ၊ အကြံအဖန် ဂွင်ရှာမှန်တဲ့ ဖိန့်လုံးလှိမ့်လုံးပင် ဖြစ်ပါစေဦး..၊ အလုပ်သဘောအရ.. ဗေဒင်ဟောပြောသူတဦးရှေ့ရောက်သွားသူသည် အစည်းအဝေးတခု၏ ရှေ့ဆုံးခုံတွင်ထိုင်နေမိသူလို ထပြန်သွား၍လည်းမဖြစ်၊ တင်ပါးပိတ်၍ တဖန် ပြန်ငြင်းဆန်၍လည်းမရ၊ လုံးဝဥဿုံ အားလုံးလက်ခံသည်.. မခံသည်က နောက်မှ..၊ အခုတော့.. ခေတ္တကျောက်ချထားသလို နားထောင်ရမည်ပင် ဖြစ်လေသည်။ သို့သော်လည်း ထိုနှလုံးသားရေးရာ ဆြာဘိုးအောင်ချစ်၏ တော်ကီလွတ်စကားသံတွေအောက်မှာတော့..လူငယ်လေးခမျာ မျောပါ စိတ်ဝင်စားမိသွားသည်ကား အမှန်ဖြစ်ပေတော့သည်။
ထိုနေ့.. သူ့အတွက်တော့ ကြံရေစက်အခြေအနေမှ တမူထူးဆန်းတွေ့ကြုံရသည့် သူ့အကြိုက် ဗေဒင်ကြော်ငြာရှင် ဘိုးအောင်ချစ်နှင့် တည့်တည့်ကြီးကိုတိုးကာ ဆွေးနွေးမိလေသည်ပေါ့။ သည်လို ချစ်မှုထွေလာအတွက် နှလုံးသားရေးရာ ဗေဒင်သီးသန့်အဟောဆိုပြီး လမ်းပေါ်ထွက်၍ ကြော်ငြာရဲ.. ဟောရဲသည့်သူမှ မရှိသလောက် ရှားသည်ပဲကို..။ ကိုင်း..ဆြာဘိုးအောင်ချစ် 'မ' မည့်ကိန်းစိုက်မည်လား... မသိ။
.......................... ...................
"ကဲ..မောင်ရင့်ကို စဟောရမယ်ဆိုရင်တော့ မောင်ရင့်လက် အရင်ပေး "
"ဟင်..ဆရာကြီးကလည်း လက်ပေးရအောင် ကျွန်တော်က ခွေးမှမဟုတ်တာဗျ "
" ဟ ..လက္ခဏာကို အခြေခံကြည့်ပြီး ဟောမှာမို့လို့ လက်ပေးလို့ ပြောတာကွ.. အူကြောင်ကြောင်တွေ မလုပ်စမ်းပါနဲ့ မောင်ရင်လေးရဲ့... ငါပါ ရောပြီး ကြောင်ကုန်လိမ့်မယ်... ''
"သြ.. ဒါများ.. ဒီမှာ..လွယ်သလား..ခက်သလား ရာမ.. အဲ ဟုတ်ပေါင် အဟဲ.. ယောင်လို့..၊ လက္ခဏာ..လက္ခဏာ..၊ နဂိုရုပ်အရှိနဲ့ အပျိုရှုပ်ကြည့်ချင်တဲ့ကောင်ဆိုတာ.. လက်ပေးရမှာပေါ့နော်"
"ဒါပေါ့...အချစ်ရေးမှာ မင်း အပြစ်ဘေးကင်းရအောင် ငါကလည်း မင်းလက်ယူ ကြည့်ရမယ်..၊ လက်ပေး လက်ယူ တို့ကြည်ဖြူပေါ့ကွာ"
မေးသူဟောသူ အောင်ကြူကြူ အသံတူနေလေပြီ။ ဆြာဘိုးအောင်ချစ်က လက်ကို ကိုင်ကြည့် ငုံ့ကြည့် ပွတ်သပ်ကြည့်ရင်း အပီ စတင်ရွှီးလေတော့၏။
"အေးလေ.. မင်းကံကြမ္မာက..ကြံရည်စက် အပြင် သားရေကွင်း..ဥပမာမျိုးလို့ခေါ်ရမယ်။ ကိုယ့်လက်ထဲမှာ ကိုယ်လိုသလိုသုံးလို့ ရတာမျိုးတော့ မဟုတ်ဘူး၊ မိန်းမလေးတယောက်ကို လှမ်းမြင်လို့ သွားရည်ကျမိလိုက်ရုံနဲ့တင်..ဟိုက ကြိုရိပ်မိပြီး ကွင်းရှောင်သွားတတ်တဲ့.. သရေကွင်း မျိုးပဲကွ၊ ဘာလို့လဲဆိုရင် ..မင်းမှာက အိုင်စီ(ic) နဲ့ အကျိုးမပေးဘူး ဖြစ်နေတာကိုး"
ဆြာဘိုးအောင်ချစ်၏ မင်သေသေ၊ ရုပ်တည်တည်၊ အသံအနိမ့်အမြင့်ပါဝါကြီးနှင့် အဟောအပြော အရွှီးကောင်းသည့်အစွမ်းကြောင့် လူငယ်လေးလည်း စိတ်ချာလည်ပတ် ဖြစ်သွားဟန်ရှိ၏။
"ဗျာ..ကျွန်တော့် ကိုယ်ရေးကိုယ်တာအချစ်ရေးက အိုင်တီ(it) စက်ပစ္စည်းတွေလိုဘဲ ထင်ပါရဲ့..၊ အိုင်စီ(ic) လောင်ပြီး သုံးမရသလို ဖြစ်နေတာများလားဗျာ၊ ဒါမှမဟုတ်.. Iron Cross တီးဝိုင်းနဲ့ တီးခတ်ထားတဲ့ အသဲကွဲသီချင်းတွေကို နားအထောင်များပြီး ပညတ်သွားရာ ဓာတ်သက်ပါဆိုသလို..အလွမ်းအဆွေးသမားဖြစ်နေရတာများလား"
" နိုး ..နိုး ..မဟုတ်ဘူးကွ"
"ဒါဖြင့်..ကျောင်းမှာ..ကုန်ထုတ်ဓာတုမေဂျာ (Industrial Chemistry) ကို သင်္ကေတ အတိုကောက်အဖြစ်ခေါ်ကြတဲ့ အိုင်စီ( ic ) က ကောင်မလေးတွေကို ကြိုက်မိသွားရင် ဆရာကြီးပြောတဲ့ သရေကွင်း ဥပမာမျိုး အသေအချာ ဖြစ်တော့မှာများလား"
" နေပါဦးဟ.. မင့်ဟာ.. ငါ.. ပြောပြ..ရှင်းပြပါဦးမယ်''
" အာဟ .. အာဟ..လက္ခဏာဆရာက ပြောတယ်အမေရယ်၊ အမေ့သား..'တ'သမျှ.. နေ့မခြား သိရတော့မယ်တဲ့... "
လူငယ်လေးက ရုတ်တရက် သီချင်းထဆိုသလိုလို.. ငိုချင်းဘဲဟဲသလိုလို သူ့နှုတ်ဖျားဆီက ခပ်အုပ်အုပ် အသံသေး အသံကြောင်လေးဖြင့် နတ်သံကောက်နှောလိုက်သေး၏။ ဆြာဘိုးအောင်ချစ်ခမျာ အင်ဒိုနီးရှားရိုးရာဘာလီအက ကနေသူလို မျက်လုံးမျက်ဆန် ပြူးထွက်သွား၏။
"ခလုတ်ထိမှ အမိတပဲကြားဖူးပါတယ်ကွာ၊ ဘယ့်နှယ်.. မင်းနဲ့ကျမှဘဲ..လက္ခဏာကြည့်မှ အမိတဆိုသလို ဖြစ်နေပြီ"
''ဆရာကြီးခင်ဗျား...''
"ကံဆိုးတာတွေချည်း ကြုံနေရမှာလား.."
"နောက်ပြီး အိုင်စီ (ic) ဆိုတာ..."
ဆြာဘိုးအောင်ချစ်က စကားကိုဆက်ရန်ပြင်နေသော်လည်း...ဒါကို လူငယ်လေးကအလိုက်ကမ်းဆိုးမသိ။ နှုတ်က အငြိမ်မနေ။ လက်ကာပြလည်း နားမလည်..။ သူ့ခမျာ ဇာတ်ကြီးဆယ်ဘွဲ့ထဲက တေမိယဇာတ်ကိုတောင် အပျင်းပြေပင် ဖတ်ဖူးထားဟန် မတူ။
"Ice Coffee လည်း မဟုတ်လောက်ပါဘူးနော် "
ပြောမရ တားမရသည့်အဆုံး စောဒက တက်ပြီးရင်း တက်လာသည့်အခါ ဘိုးအောင်ချစ်လည်း စိတ်မရှည်တော့သလိုလိုဖြင့် ဖရုဿဝါစာ စကားကို ချစ်စဖွယ် ရွဲ့ဆိုနှင်းလေတော့၏။
"Idea Cat ဟေ့..''
"ဟင်.. အဲ့ဒါ... ဘာပြောတာလဲခင်ဗျ.."
"အတွေးကြောင်လိုက်တာလို့ ပြောတာ "
"အာ...မကြောင်ရပါဘူးဗျာ၊ ချက်ဆို...နှာခေါင်းကမီးတောက်ပြီးသားပါ"
"နားခွက်ကမီးတောက်လုပ်ပါကွ၊ အေးလေ...မင်းကတော့ ကာလသားကိစ္စလာမေးကတည်းက ဒီလိုမျိုးဖြစ်ရင်လည်း ဖြစ်မှာပေါ့..၊ နှာခေါင်းမီးတောက်တာတို့.. အဝှာ မီးတောက်တာတို့.. ''
"အာ..."
"မအာနဲ့.. ဒီလိုကွ...၊ အိုင်စီ (ic)ဆိုတာ... မင်းနှလုံးလမ်းကြောင်းမှာ Island ဆိုတဲ့ ကျွန်းခံနေတဲ့ လက္ခဏာဘဲ။ အချစ်ရေးနဲ့ပတ်သက်ရင် မင်းဘယ်လိုပဲ.. ဘယ်လောက်ပဲ ကြိုးစားစမ်းပါစေ၊ မင်းဘက်က အားနည်းချက်တွေနဲ့ အမှားအယွင်းရှိနေတယ်လို့ တဖက်သတ်အမြင်က သတ်မှတ်ကြပြီး၊ ကြက်ခြေခတ် Cross တွေပဲ အပြီးအပြတ် အငြင်းပယ်ခံထိနေရဦးမှာဆိုတဲ့ အဓိပ္ပာယ်ဆောင်မယ့် သဘောပဲကွ"
ဆြာဘိုးအောင်ချစ်၏ ဘာမှန်းမသိ ပြတ်ပြတ်သားသား လွှတ်ဟောချက်ကြောင့် လူငယ်လေး၏ မျက်နှာလေးခမျာ မန်ကျည်းရွက်လောက်မျှ ဆိုသလို ငယ်သွားသည်။ ဒါကိုပင် ဆြာဘိုးအောင်ချစ်က ယောကျ်ားချင်း နားလည်မှုရှိစွာဖြင့် အပီဒဲ့ရှိတ်ကာ..အားမနာစတမ်းပင် ဆက်လက်၍ ဖွင့်ဟောချလိုက်ပြန်သည်။
"အဟင်း..ဟင်း.. မင်းမှာက လက္ခဏာအပြင် မျက်ခဏာပါ အမြင်မကောင်းတာပါလားကွ၊ မင်း မျက်ခမ်းစပ်ထောင့်နားမှာ နှမ်းစေ့လောက်ရှိတဲ့ မျက်ရည်ခံမှဲ့ ရှိနေတာကိုလည်း တွေ့ရတယ်၊ နှမ်းတစေ့နဲ့ မျက်ရည်ဖြစ်ပြီဆိုတဲ့ ဥပမာလိုပေါ့ကွာ။ ဒီလိုမျိုး မှဲ့ပါတဲ့သူဆိုရင် ချစ်တဲ့သူရဲ့ ကတိသစ္စာပျက် လစ်လျူရှူမှုတွေကြောင့် မကြာခဏ ကြိတ်မှိတ် မျက်ရည်ကျမယ့်ကိန်းဆိုက်တဲ့ သဘောသဘာဝပဲကွ"
"ဗျာ"
"မဗျာနဲ့ဦး..မဗျာနဲ့ဦး.. ဒါ့အပြင်..မင်းနှာခေါင်းအောက်က နှပ်ရည်စီးကြောင်းတည့်တည့်မှာ..သန်းခေါင်းလောက်ရှိတဲ့ နှပ်ရည်ခံမှဲ့ကိုပါ ထပ်မြင်ရသေးသကွ၊ အဆွေးကောင်းရင် သန်းခေါင်းတဲ့၊ အချစ်ရေးမှာ မင်းတမြေ့မြေ့ ဆွေးလို့ကောင်းပြီပေါ့ကွာ"
ဆြာဘိုးအောင်ချစ်က မင်မောင်းကောင်းကောင်းဖြင့်လူငယ်လေး၏ ခန္ဓာဗေဒအလိုအရ ရုပ်လက္ခဏာ အသွင်အပြင်အကြောင်းကို ဆက်ပြီးဖောကိန်းကော ဟောကိန်းပါထုတ်နေပြန်သည်။
" အဲ..မင်းက..ဖက်ခေါင်းအုံးကိုပဲနာနာခွရမယ့် ဇာတာပြနေတာ၊ ငှက်ပျောတောကို လေလံဆွဲ အောင်ထားရမယ့် သူမျိုးပဲကွ "
"အာ...ဘယ်ဘဝက အငြိုးအတေးတွေနဲ့များ ဟောရက်လိုက်တာလဲဆရာကြီးရာ..၊ ဂုဏ်ထူးတွေ တသီတတန်းကြီး တယ်များလှချည်လားဗျ..။ ကြုံဖူးသမျှ ဆုံဖူးရတဲ့ အချစ်ရေးက တစေ့စေ့တွေးကြည့်ရင် မဖြစ်မြောက်တာတော့မှန်ပါရဲ့..၊ ဒါပေမဲ့ ဒီ့လောက်ဆိုးတဲ့အခြေအနေလို့တော့ ကိုယ့်ကိုကိုယ်ထင်မထားမိခဲ့ဘူး။ ဆရာကြီးတွေ့လိုက်မှ တကယ့်အမေးဇင်းဘဲ။ အံ့အံ့သြသြ လင်းကနဲ ရှင်းကနဲ ထင်းကနဲ အရာရာကိုသိလိုက်ရတော့တယ်။ တော်သေးတာပေါ့..ဒေါ်အေးသာကျော့.. ။ ဒါဆို ဒါကိုရှေ့ဆက်ပြီး ဒီဓလေ့ပျက်သွားရအောင်တော့ အမြစ်ဖြတ်ပစ်ရမယ်။ ဘယ်လိုလုပ်ကြမလဲ ဆရာကြီးရဲ့..၊ အဆောင်ယတြာလေးဖြစ်ဖြစ်၊ ဓာတ်ဆင်ဓာတ်ရိုက်လေးဖြစ်ဖြစ် အဆင်ပြေချောမွေ့သွားအောင် ပြုပြင်ဖန်တီးယူပေးလို့ ရနိုင်ကောင်းပါရဲ့နော ဆရာကြီး.."
လူငယ်လေးခမျာ စိတ်ဓာတ်က အဇာတသတ်ငယ်ထိပ်လောက်အထိကျသွားသော လေသံဖြင့်... သေငယ်ဇောလူနာက ဆေးကုသပေးသူ သမားတော်ကို အားကိုးသလို အကြည့်မျိုးကြည့်ကာ မေးလိုက်ပြန်လေ၏။
"အိမ်း.. အဲဒါဘဲ.. ငါညွှန်ကြားပေးတဲ့အတိုင်းသာ တသွေမတိမ်း လိုက်နာနိုင်ရင်တော့ အဆင်ပြေသွားမှာပါ၊ မင်းဘက်က အစစအရာရာ တတ်နိုင်ပါ့မလား"
"ဟား တတ်နိုင်ပါတယ် ဆရာကြီး..၊ သိပ် တတ်နိုင်တာပေါ့..။ အဆင်ပြေမယ့် ဘယ်ကိစ္စမဆို လူအားကော ငွေအားကော မတွန့်မဆုတ် စိုက်ထုတ်နိုင်ပါတယ်ခင်ဗျ..။ "မ"ဘက်လိုက်မှတော့ မိုက်ဘက်ပါရမှာပေါ့၊ 'မိုက်တယ်' ဆိုတာက ကောင်းတာဘဲလို့ ဗန်းစကားအရ ဆိုလိုတာဘဲ မဟုတ်ဘူးလား"
"အံမယ် တယ်စာတဲ့ဆို.. အဲ.. တယ်ဆိုတဲ့စာပါလား"
"ကိုယ်ကောင်းမယ့်အရေးပဲ။ ဒီ့အတွက်တော့ လူလည်း ဘာပဲအားစိုက်လုပ်ရလုပ်ရ၊ ဗေဒင်ဖိုးထက် ယတြာဖိုးကဘဲ ပိုကြီးကြီး..ပိုကုန်ကျကျ..၊ အကုန်လိုက်နာပါ့မယ်၊ လက်မခံရင်..ဘဝမှာ ရင်ခံရမယ်မို့လား..၊ ဒါ့ကြောင့် ရယျဒိီပါဘဲ ဆရာကြီးရေ..''
လူငယ်လေးကလည်း ခေသူမဟုတ်။ လောကတွင် သူ့ စွံဖို့ထက် အရေးကြီးသည့်အရာ မရှိလေဟန်ဖြင့် ပြောချေ၏။
"ကိုင်.. ဒါဆို မင်းလိုအပ်တာတွေတော့ ရှာဝယ်ကွာ။ ဒါတွေနဲ့ ဘယ်လိုအသုံးပြုလုပ်ဆောင်ရမဲ့နည်းကိုလည်း ငါတခါထဲ လမ်းပြပေးလိုက်မယ်၊ ကဲ.. စွံပြီလို့သာမှတ်လိုက်ပေရော့"
"အဟဲ.. မျက်လုံးစွံမှာတော့မဟုတ်ပါဘူးနော်.."
"ဟေ့ကောင်..ဂေါ်.. ဂေါ်စွံမှာပါကွ"
ဆြာဘိုးအောင်ချစ်၏ အပီခိုင်လုံလှသည့် ဟောကိန်းထုတ်မှုကြောင့်ဖြစ်မည်၊ လူငယ်လေးလည်း ပါးစပ်အတွင်းမှ တံတွေးကို မရွံမရှာ ဂလုခနဲ အသံမြည်အောင် တချက်မျိုချလိုက်ရင်း လှိုက်ခနဲ အားရဝမ်းသာဖြစ်သွားပုံရသည်။
"ဒါဆို..တကယ် စွံတော့မှာပေါ့နော်၊ ဟေး.. တွေ့ကြပြီပေါ့ကွာ..၊ အရင်ကဆို ကိုယ်က ချစ်ချစ်ခေါ်တိုင်း.. ရှင် မထူးချင်
တဲ့ကောင်မလေးတွေ အခုတော့..တပွဲတလမ်း အကဲစမ်းရတော့ပေမပေါ့"
လူငယ်လေးက သူ့လက်မောင်းသားကိုပင် ကြွက်သားညှစ်ထုတ်ကွေးညွတ်ကာ ဘာရမလဲ..နှာပွတဲ့ ငါကွ ဟု ဗလပြ ကြုံးဝါးလိုက်၏။ ထို တဆက်တည်းမှာပင်
"ဖိုက်တင်း"
အားတင်းဟန် ပြုလိုက်ပြန်သေး၏။
..............................................
ကားရောင်စုံတို့သည် မောင်းနှင်သူတို့၏ စေခိုင်းနှင်ရာအတိုင်း လမ်းမပေါ်၌ မျက်စိရှုပ်စရာ ဥဒေဟိုရွေ့လျားနေကြ၏။
"ကဲကဲ... မင်းလုပ်ဆောင်ရမယ့် ဓာတ်ရိုက်ဓာတ်ဆင် ယတြာနည်းနာနိဿရည်းတွေကို သေချာမှတ်တော့ကွဲ့"
ဘိုးအောင်ချစ်ကလည်း လူငယ်လေးကို သူညွှန်းစေရာအတိုင်း လိုက်နာမှတ်သားရန် သတိပေးစကားဖြင့် ဟန့်လိုက်၏။
"မင်းအချစ်ရေး ကံဇာတာမြင့်လာအောင် ပထမဆုံး အကျိုးမျှော်တဲ့အနေနဲ့.. အရင် မိုးပေါ်ကိုမော့ကြည့်ရမယ်..။ ပြီး ..အစွံထုတ်တဲ့ကိစ္စ အမြန်ထမြောက်စေဖို့အတွက်တော့ စွန်တစွန်ပေါ်ကို 'စွံ' လို့အစွဲအမှတ်ယူရေးသားပြီး ကောင်းကင်ထဲ စွန်ကို အမြင့်ဆုံး လွှတ်တင်ရမယ်။ လွှတ်တင်တဲ့အခါ lucky seven သင်္ကေတ
အယူအဆအရ (၇) ခါ..(၇) ကြိမ် တိတိလွှတ်တင်ရမယ်..။ စွန်လွှတ်တင်နေတုန်းအချိန်တွင်းမှာဘဲ စွံခြင်းအမှု အောင်ခြင်းမင်္ဂလာနဲ့အညီ စွန်ပလွန်သီး (၇) လုံးကိုလည်း နိမိတ်ဆောင်ပြီး စားရမယ်။ စွန်လွှတ်စွန်စား လုပ်ရပ်မျိုးပေါ့ကွာ"
ဆြာဘိုးအောင်ချစ်က သူ့စကားကို ပိုမိုလေးနက်သွားစေလို၍ ထင်သည် ။ မော်တော်ပီကယ်ဝီစီရှေ့က ဘရိတ်တုံးလို တုံ့ခနဲ ခေတ္တခဏ ရပ်လိုက်သေး၏။ လူငယ်လေးက စိတ်ပါဝင်တစား အသေအချာဖြစ်ပုံရသည်ဟု အထင်ရှားရှိလေမှ သူ့စကားကိုပြန်ဆက်လေသည်။
"မှတ်ထား.. ဒါတွေကို သေချာအောင် စိတ်ထဲမှာ စွဲမှတ်ထားကွ..။ ဂရိဒဏ္ဍာရီလာ အချစ်အလှနတ်သမီး ဗီးနတ်စ် (Venus) ဒါမှမဟုတ် သောကြာဂြိုလ်ကို အစွဲပြုမှည့်ခေါ်ထားတဲ့ သောကြာနေ့ တမနက်ခင်းမှာ စိီစဥျဆောငျရှကျရမယျ။
အချစ်ရေးမှာ မင်းအလိုကျဖြစ်စေဖို့ သူက ကူညီမှိုင်းမပေးနိုင်လိမ့်မယ်။ ဒါကြောင့် သူ့နေ့နာမ် ရက်မှန်ကို အလေးထားပြီး မင်္ဂလာချိန်ခါ ရွေးယူစီမံရတဲ့ ဓာတ်ရိုက်ဓာတ်ဆင် ယတြာသဘောပေါ့...''
"ဝါး...ဆရာကြီးနဲ့တွေ့ရတာ မြှားနတ်မောင်နဲ့တွေ့ရတယ် မှတ်လိုက်ပါမယ်ဗျာ၊ ကျေးဇူးအထူးပါဘဲ ဆရာကြီးရယ် "
မြို့ပြ၏ရနံ့ပေါင်းစုံကို မသတီစရာ သယ်ဆောင်လာသော ခေတ်ပေါ်လေပြေလေညင်းထဲ၌ သူတို့၏ စကားသံများသည်လည်း စည်းဝါးကိုက် ညံညံစီစီ အတူစီးမျောလျက်ရှိ၏။
"အေး..ဒါတင်မပြီးသေးဘူး၊ ဖေဇော်ဂျီရဲ့တန်ခိုးသိဒ္ဓိအစွမ်းက သူယောင်မယ်အလှလေးကို ဖန်တီးစွမ်းဆောင် ရယူနိုင်သလို.. မင်းကလည်း မိန်းမပျို အလှပဂေးလေးတဦးကို အပိုင် ကြံဆောင်ရနိုင်လေ
အောင်..ဖေဇော်ဂျီရဲ့ သိဒ္ဓိဓာတ်အစွမ်းတင်တာလည်း ခံယူရပေဦးမယ်ကွဲ့ "
"သြော်..ဟုတ်ကဲ့..ဟုတ်ကဲ့..၊ ဘယ်လိုများ ခံယူရမလဲဆိုတာ ညွှန်ပြပါဦးခင်ဗျ..၊ စွံမယ် စွမ်းမယ်ဆိုရင် ဘာမဆို..ပညာကုန်သာ သုံးပစ်လိုက်စမ်းပါ ဆရာကြီးရယ် "
'မ'အပျိုဓာတ် 'စ'လိုအပ်နေသော လူငယ်လေးခမျာလည်း ပုတ်သင်ညိုပင် အာစရိခေါ်ရလောက်အာင် ခေါင်းကို တွင်တွင်ညိတ်ရင်း အာမဘန္တေခံ၏။ ဇာတာစန်းလက်ထဖို့ အာသာငမ်းငမ်းတက် ဖြစ်နေရရှာသည်ကိုး။
"မင်းက ကိုယ်နှစ်သက်တဲ့မိန်းကလေးကို ချစ်စကားကြိုက်စကား လိုက်ဆိုနှင်းတော့မယ်ပေါ့.. အဲဒီ့အခါ.. ဝိဇ္ဇာထို ဖေဇော်ဂျီတို့ဝတ်ဆင်တဲ့ စတိုင်အတိုင်း အတတ်နိုင်ဆုံးတူအောင် ဝတ်စားဆင်ယင် စီမံထားရမယ်။ လက်ထဲမှာလည်း ဇော်ဂျီတောင်ဝှေးအစား အလားသဏ္ဍာန်တူတဲ့ ချာလီထီးတချောင်းကို ပခုံးပေါ်မှာ ထမ်းထားရမယ်၊ လမ်းလျောက်ထွက်တဲ့အခါမလည်း လူသာမာန်တွေလို ရိုးရိုးလျောက်လို့တော့မရဘူးကွ..။ ဝိဇ္ဇာထိုတွေလို ခပ်ကားကား ခပ်ကွတတလေးပုံစံနဲ့ လျောက်လှမ်းရမယ်"
"သြော်..ဟုတ်ကဲ့"
"အဲ.. အခုပြောခဲ့တဲ့ အချက်တွေအတိုင်းသာ မှန်အောင်စီရင်ပြီး သတ်မှတ်ထားတဲ့ အချိန် နေ့နံရက်အတိုင်း မင်း တိတိပပလိုက်နာဆောင်ရွက်မယ်ဆိုရင်တော့ဖြင့်ကာ.. လုံးဝဥဿုံ မင်းအကြံစည်မှန်သမျှ အောင်မြင်ချောမွေ့ အဆင်ပြေသွားနိုင်ပြီပေါ့ကွာ"
"အို..ကြက်သီးဖြန်းဖြန်းထ ကြည်နူးပီတိ ဖြစ်လိုက်တာ ဆရာကြီးရယ်..။ ကျွန်တော့်နှလုံးသားရေးရာကိစ္စအတွက် ဆရာကြီးစီမံပေးတဲ့ မဟာဗျူဟာ အစီအစဉ်အတိုင်း လိုက်နာပြီး အကောင်အထည်ဖော်ပါ့မယ်..၊ ကြိမ်းသေပေါက် ချစ်တဲ့သူ ရခဲ့လို့များကတော့ ဆရာကြီး ကျေးဇူး..သားဦးရတောင် မမေ့ပါဘူးခင်ဗျာ့ "
"အိမ်း.. ဒါနဲ့..စကားမစပ်.. မောင်ရင့်နာမည်က.."
"ကျော်ကြီးပါ...ဆရာကြီး၊ ကျော်ကြီးလေ..ကျော်ကြီး"
.............................................
Keep Reading