Author's Profile Photo

Tawtawti

10/12/2024

ချစ်သူနဲ့ခုနစ်စဥ်ကြယ် ( ဝတ္တုရှည် စ-ဆုံး )

20 mins read

"ချစ်သူနဲ့ခုနစ်စဥ်ကြယ်

(၁)

ဝတ္တုအစတွင်တော့ နံရံတွင် သေနတ်တလက် မချိတ်ဆွဲထားပါ။ နံရံမှီ စာအုပ်စင်တွေမှာ စာအုပ်များ စီရီထားသည်ကိုသာ တွေ့ရပါမည်။

ဟုတ်သည်။

အေဒီသက္ကရာဇ် ၂၀၀၀ ပြည့်နှစ်ကျော်ပိုင်းလောက်က ရန်ကုန်ဘူတာကြီး၏ ပရဝဏ်အတွင်းရှိ စာအုပ်အရောင်းဆိုင်ထဲတွင် ကိုယ် ရောက်နေမင့်သည်ကိုး။

ဆရာနန္ဒသိန်းဇံ ရေးသားသော 'ဖြေဆည်ရာ' အမည်ရှိ စာအုပ်ငယ်တအုပ်ကို ရထားစီးရင်း ဖတ်ရန် ဝယ်ယူလိုက်ပါ၏။

နောက်..လန်ဒန်စီးကရက်၏ မွှေးသောရနံ့ ပေါ့သောအဖွာ ထိသောအရှိုက် အရသာကို ခံစားရင်း ကျောပိုးအိတ်လေး လွယ်ကာ..လွယ်ကာနှင့် မိမိကိုယ်ကို လန်ဒန်လေဆိပ်ထဲပဲရောက်နေသလိုလို စတိုင်ဖမ်းပြီး လျှောက်လှမ်းလာခဲ့ပါသည်။

တကယ်က..
ဟန်ကိုယ့်ဖို့သာပါ။

ကိုယ့်မှာ..

"ငါ..ဦးလေးကို ဘယ်ထိုင်ခုံမှာ ထားခဲ့တာပါလိမ့်"

ဟု အူတူတူဖြစ်ကာ ဘူတာညဦးပိုင်းမီးအလင်းရောင်ထဲတွင် ကျီးကန်းတောင်းမှောက် ပြန်လိုက်ရှာနေမိရသည်မှာ စိတ်ထဲ ဇဝေဇဝါကိုဖြစ်လို့...။

ဘူတာရှိ ခရီးသည်များ ရထားစောင့်ရာ ခုံတွေကများ၊ ကိုယ်ကလည်း အနီးဝန်းကျင်ကို ခဏတာမျှ လှည့်ပတ်လေ့လာလိုက်ဦးမည်ဆိုကာ ထွက်လာခဲ့သည်မှ အနည်းငယ်ခြေများမိသွား၏။

တကယ်က ကိုယ်သည် မျက်စိအားနည်း၍ ပါဝါမျက်မှန်ထူထူသမားလည်းဖြစ်၊ ညဘက်ကလည်းဖြစ်၊ ယခု တက္ကသိုလ် ပထမနှစ်ကျောင်းသားဘဝအထိ ရန်ကုန်ဘူတာကြီးကိုပထမဦးဆုံးအကြိမ်ရောက်ဖူးခြင်းလည်းဖြစ်သည်ကြောင့် မျက်စိလည်း လည်နိုင်ပါသည်။

ငယ်စဥ်ကပင် ကိုယ့်ဇာတိ မှော်ဘီမြို့နယ်နှင့် မိုင် (၃၀)ကျော်ဝေးသော ရန်ကုန်ကို ရောက်ခဲလှခြင်းကြောင့်လည်း အမြင်စိမ်း၏။
မှော်ဘီသည် ရန်ကုန်တိုင်းထဲတွင် ပါဝင်ရာ ဒေသမြို့နယ်ဖြစ်သော်လည်း ခရီးမိုင်တာအကွာအဝေးက ရန်ကုန်မြို့ပြအလယ် ဆူးလေစေတီတည်ရှိရာနှင့်ဆိုလျှင် လိုင်းကားကို အနည်းလေး နှစ်နာရီခွဲခန့်စီးရသေးသည်။

ထို့ပြင် ရထားလည်း သည်အသက်အရွယ်အထိ တခါသားမျှ မစီးဖူးပါ။ သွားစရာလည်း ရှိမှမရှိသည်ကိုး။

သြော်...
ရထားချိန်ကနီးပြီထင်သည်။
လွန်ပြီလားပင်မသိ။
ဦးလေးနှင့်လွဲလျှင်တော့ ကွိုင်ပြီပေါ့လေ။
အိတ်ကပ်ထဲမှာဖြင့် ငွေသားက လေးထောင်ကျပ်မျှရှိဦးမည်။

လာမည့် ရထားနှင့် သွားရမည်မှာက
မန္တလေးအထိ...။

ဟော..။

............................................

(၂)

ဟော..။
ထိုင်ခုံတနေရာမှလှမ်းခေါ်သံ။

"ဟေ့ရောင်..ဒီမှာ..ဒီမှာ.."

ခွေသောမြွေက နောက်မလုံသဖြင့် လည်ကို ကျောဘက် ညွတ်တိမ်းသလို တဆန့်ဆန့်ရှိနေရှာသော ဦးလေး၏ ပါးပြင်းကြီးကို လှမ်းတွေ့လိုက်သည်။

"ရထားက လာချိန်ကပ်နေပြီကွ၊ မင်းကလည်း ကြာလိုက်တာကွာ၊ ထပဲလိုက်ရှာရတော့မလိုနဲ့"

"မျှော်တုန်း တူဘုန်းရောက်လာသလို ဦးကို ပျော်စေချင်လို့ပါဗျာ"

အံမယ်..
ဘာမှမဖြစ်သလို မင်သေသေနှင့်...စကားကို ထွန်ခြစ်လို ကိုယ့်ဘက်ကိုယ်ဆွဲ ခွန်းတုံ့ပြန်လိုက်သေး။
သို့သော် မြန်မာ့မီးရထားပဲဟာကို..၊ ဂျပန်ရောက်နေတာမင့်မဟုတ်တာ။ ရထားဝင်လာချိန်သည် ဆိုက်ကပ်ရမည့်ချိန်ထက် နောက်ကျနေလေရာ ကိုယ့်ခမျာ..ထိုင်ခုံမှာ တင်ပါးကျက်အောင် စောင့်နေလိုက်ရသေးသည်။

သည်ခရီးကို စတင်စေသူမှာ
ကိုယ့် ဒက်ဒီဖားသားဖေဖေရယ် ပါ။
ဆိုရလျှင်...
အသွားစေခိုင်းသူ ဖခင် ။
ခေါ်ခံရမည့်သူက ကိုယ်။
ခေါ်သည်က..အဖေ့ ညီအငယ်ဆုံး ကိုယ့် ဦးလေးအရင်း။

ဘယ်ကိုခေါ်မည်တုန်း။
ရှမ်းပြည်နယ် မြောက်ပိုင်း
မူဆယ်မြို့လေးအထိ။

မူဆယ်မရောက်မီ စပ်ကြား ကိုယ်တို့ခရီးစဥ်က...ရန်ကုန်မှ မန္တလေးသို့ ရထားစီးရမည်၊ မန္တလေးမှ..ကားဖြင့် ပြင်ဦးလွင်ကို ဖြတ်ကာ လားရှိုးအထိတက်ကြမည်ဖြစ်သည်။

လားရှိုးတွင် တညဝင်အိပ်စရာ အဖေ့ညီ နောက်ထပ်တယောက်အိမ်ရှိသေးသည်။

ထိုလားရှိုးမှ မူဆယ်အထိ ဆက်သွားကြရမည်ဟု သိရသည်။

မူဆယ်သည် ရှမ်းမလေးတွေချောတယ်ပေါတယ်ဆိုသော အရပ်ဒေသများထဲမှတခု။

ရှမ်းခေါက်ဆွဲဆိုင်နှင့်ပတ်သက်ပြီးလည်း

"သည်ဆိုင်လေးကောင်းလွန်းလို့စားတာလား..ဆိုင်ရှင်လေး ချောလွန်းလို့သွားတာလား"

ဟူသည့် တေးစာသားပါဝင်ရာ 'တရွာသားနဲ့ပဝါပါး'သီချင်းကိုသီဆိုခဲ့သော အဆိုတော်စိုင်းဆိုင်မောဝ်၏ နေအိမ်တအိမ် တည်ရှိမည့် အရပ်လည်းဖြစ်သည်။
ထိုသီချင်းရေးသူကမူ အဆိုတော် လွှမ်းမိုး(ခ)စိုးစိုး။

..............................................

(၃)

အဖေတို့ ညီအစ်ကို မောင်နှမတွေသည် မြန်ပြည် တနှံ့တပြားတွင် သူ့မိသားစုနှင့်သူ ပျံ့ကျဲနေထိုင်လျက်ရှိသည်။

သူတို့ဖခင်တိမ်းပါးပြီးနောက် မိခင်ဖြစ်သူ( ကိုယ့် အဘွား)သည် ရန်ကုန်တိုင်း မှော်ဘီမြို့နယ်မှာ အခြေချသည်။

ထိုမြို့တွင် ကိုယ့်အဖေတဦးသာ အနီးနားအဖြစ်ရှိသည်။
ကျန်သူများက အဝေးရောက် သားသမီးများ။

သူတို့သည် အဆင်ပြေချိန် ကာလများတွင် မိခင်ဆီသို့ မိသားစုကန်တော့ပန်းဆင် မျက်နှာလာပြလေ့ရှိသည်။

ယခုလည်း ကိုယ့်အဖေ၏ ညီငယ်သည် 'သားမောင်လူအေး မောင်ရွှေသွေး အလေးမူကြောင်း မာပါကြောင်း' ဟု သူ့အမေထံ ကိုယ်တိုင်ရောက်လာသည်။
သူနေထိုင်လျက်ရှိသည့် မူဆယ်ကပေါ့လေ။

သူနေရပ်သို့အပြန်..။
သူ့ကို ကိုယ့်အဖေကခေါ်ပြောသည်။
ကိုယ့်ကို အလည်အပတ် ခေါ်သွားစေချင်သည်။

စရိတ်စကနှင့်အတူ ရှမ်းမြေတောင်ခြေ ရစ်ထွေထွေတည့်သို့ အပို့ထည့်လိုက်သည်။

သွားမှာက မူဆယ်အထိဆိုသော်ငြား လားရှိုးကိုလည်းဝင်လည်ရန် အစီအစဥ်ထဲပါပြန်သည်။

ကိုယ်က တက္ကသိုလ် ပထမနှစ်၏နှစ်ဝက်ကို ဖြေဆိုအပြီး ကျောင်းအားနေချိန် ဒေသံသရ ဗဟုသုတလည်းရ၊ အခြားသွေးချင်းများနှင့်ပါ ဆုံရစေလိုခြင်း ရည်ရွယ်ရင်း ဟူ၏။

.............................................

(၄)

လေးညှို့မှ အဝေးသို့ ပြေးထွက်လာသည့် မြှားတဆင်း၏ အားနှင်းဆောင်ရာသဖွယ် အမြန်ရထားသည် ညလေဆန်ကို ခွင်း၍ ခုတ်မောင်းလျက်ရှိသည်။

ညအကာလအခါတွင် လမ်းနံဘေးဝန်းကျင်အိမ်များမှ ထွန်းညှိထားသော အလင်းစက်ဝန်းလေးများမှာ ရထားပြေးလမ်းတလျှောက်တရိပ်ရိပ်နှင့် မှိန်ပျပျ ကျန်ရစ်ခဲ့ကြသည်။

ဘေးဘီကို ရထား ပြတင်းမှ မြင်ရသမျှ အရသာခံငေးရင်း ကိုယ်လည်း စီးကရက်လေးတဖွာဖွာနှင့်..အတွေးအင်ပါယာချဲ့မိလာသည်။

ဦးလေးကတော့ ဘေးကပ်ရပ်မှာ 'ဒီလမ်းကြောင်းကို ရိုးနေပါပြီကွာ' ဟူသောအထာနှင့် ချက်ပေါ်လျှင်ပင်ပေါ်စေဟု စက်တော်အရင်ခေါ်နှင့်နေချေပြီ။

ကိုယ်သာလျှင် ခရီးဦးမည်သည်ကြောင့် အတွေ့အကြုံကို ရူးမူးနေမိ၏။ လေအတိုး အထိအတွေ့လေးကအစ ရထားအိမ်သာပေါ်ကနေ ရှူရှူးပေါက်ရသော ခံစားမှုအဆုံးအထိပါပဲ။

ရထားပေါ်ကနေ အပေါ့အပါးသွားရသော အခါ ထိန်းသွားရသည်။
ဆီးစက်များကတော့ ရထားအရှိန်ကြောင့် တပြေးညီမသွား၊ အောက်ကို ကစဥ့်ကလျားနှင့် အစက်များစွာ ကွဲထွက်ကျသွားကြသည်။
အသီးတရာ အညှာတခုလိုပါပဲ။ အဲလေ...။

သြော်..လူ့ဘဝဆိုတာကလည်း သို့အတိုင်းပါပင်လား။

လူမည်သော အဖြစ်ကို အားလုံးရောက်လာကြတာကတော့ အတူတူပါပဲ။ သို့သော်..ကိုယ်နှင့်ဆီလျော်ရာသို့ ကံအရှိန်ယိမ်းအတိုင်းသာ သက်ဆင်းကြရသည်။ ရှူးပေါက်ရင်းပင် သံဝေဂရနိုင်သည်။

ကိုယ်သည် ရထားစီးရသည့် အရသာကို အတော်လေး ခုံမင်မိသွားသည်။

ရထား၏သဘာဝသည် ကိုယ်ဦးတည်ရာသို့သာ တလမ်းသွားအနေနှင့် တစိုက်မတ်မတ်သွားသည်၊ သူ့ပြေးလမ်းကြောင်းအပေါ် မည်သည့်အတားအဆီးမှ အဝင်မခံ၊ ဖြတ်သန်းသွားမည်သာဖြစ်သည်။
သူ့ခရီးကို အတိမ်းအစောင်းမခံချေ။ ကိုယ့်လမ်းကိုယ်သွားသည်။
အခြားရထား၏တဖက်လမ်းလည်း ဝင်မရှုပ်။
မည့်သည့်နေရာတွင် အခြေအနေအရ ခေတ္တနားမည်ဟူသော အစီအစဥ်နှင့်အပြီးသတ်ခိုနားမည့်ဘူတာကို ဆုံးဖြတ်ထားတာ ကျိန်းသေရှိသည်။
နောက်ပြန်လှည့်ရိုး ထုံးစံကားမရှိချေ။
သူလာရာမှာလည်း အသံပေးလာသည်။ တိုးတိတ်မနေ။ ပွင့်လင်းသော သဘောဆောင်သည်။

ရထားသည် အကြောင်းမရှိအကြောင်းရှာပြီး သူ့ပြေးလမ်းမှာ ဆင်ခြေပေးရပ်တန့်လိုက်သည်မရှိ။
အားလုံးကို ကျော်လွှားလာသည်။

ရထားဆီမှ တက်ကျမ်းထက် အားအင်ရသလို ကြည်နူးမှုကိုစီးနင်းခွင့်ရ၏။
အများလိုရာအတွက် ဘာကိုမှ မငဲ့ဘဲ ရောက်အောင် ပို့ဆောင်ပေးသော ရထားကို 'ရကောက်ရထားကြီး ပျော်ပျော်စီး'ဟု ကလေးဘဝက အော်ဟစ်ရွတ်ဆိုခိုင်းစေခဲ့သော ဆရာများ၏ အာဘော်သည်လွန်အံ့မထင်။
ပျော်ရွှင်စရာဂုဏ်ကျေးဇူး မည်ပါပေသည်။

ရထားပေါ်တွင် ဖြေဆည်ရာ စာအုပ်ကို ထုတ်ဖတ်ခဲ့လိုက်သေး၏။ ရထားစီးရင်း စာဖတ်ရသော အနေအထားကလည်း ငြိမ့်လှသည်။ လှိုင်းပေါ်မှာဘီယာနှင့်လူးရသည်ထက် ပိုမိုစိတ်တွေ့ဖို့ကောင်းသည်။

ဟော..ရထားသည် လက်ရှိအရွယ်အထိ မစီးဖူးတော့လည်း မစီးဖူးလို့၊ စီးရတော့လည်း တညလုံးကို ရထားပေါ်တွင်အချိန်ကုန်ဆုံးလိုက်ရသည်အထိပင်။

မန္တလေးရောက်တော့ နေကလေးပင်ပြူလာနေပေပြီ။

..............................................

(၅)

အဆိုတော် မြန်မာပြည်သိန်းတန်၏ သီချင်းထဲက စာသားလို မြန်ပြည်၏ မန်းမြေမှာ လေးနှစ်မကြာပါ။
သို့သော်...လေးနှစ်လောက်စောင့်ရသည်ဟု ထင်မိသော အကြောင်းကိစ္စတခုနှင့်တော့ကြုံရသည်။

မန်းမြေတွင် ခြေချပြီး..ဘယ်နေရာမှ ကောင်းကောင်းမရောက်လိုက်ရ..။ ဦးလေးက ဆိုင်တဆိုင်တွင် ထိုးမုန့်လက်ဆောင်ဝင်ဝယ်သည်။

နောက်..လားရှိုးကို နေ့ချင်းကူး တက်မည်ဆိုကာ ကားလက်မှတ်ဝယ်ရမည့်ဂိတ်နေရာကိုသွားကြသည်။

ကားသမားက အခုပဲထွက်တော့မလိုနှင့်ရောင်းသည်။
ဦးလေးက 'ငါလူလည်ပါ' ဆိုသည့် စိုက်နဲ့ဂိုက်နဲ့ ဝယ်သည်။
အံမယ်..
ဟုတ်သဟပေါ့။
ကားက..သိပ်မစောင့်လိုက်ရ။
ထိုဂိတ်ကနေ ထွက်တော့ထွက်လာသည်။ ဘယ်အထိလဲဆိုရင် ကားဝန်းတခုအထိပဲခင်ဗျ။
ကားဝန်းအထိပို့ပေးပြီးကာမှ
ခဏနေထွက်တော့မလို..
တော်ကြာထွက်တော့မလို..
စိတ်ပေါက်တာနဲ့ ဘရိတ်မထောက်တော့ဘဲ တန်းပြေးတော့မလိုနှင့်က အချိန်ယူပြီး ကုန်စည်တင်တော့သည်။

အဲ့သည့်မှာပဲ..ကိုယ်တွေခမျာ လျှောက်သွားမိလို့ သူထွက်သွားတာနှင့်တိုးလျှင် မမှီလိုက်မှာစိုးရိမ်စိတ်ကြောင့် နေကုန်နေခမ်းသာ ထိုင်စောင့်နေရတော့၏။

BMလို ကားအသေးမျိုးကို နှစ်ယောက်ထိုင်ခုံ ဘယ်ညာအပြင် အလယ်ကြောတွင် ခုံထိုးထိုင်ခိုင်းသည်။ ဝန်စည်ဆန့်သမျှ အထုတ်တွေတင်သည်။ ထိုင်ခုံအောက်ထဲအထိ ထင်းရှူးပုံးတွေထိုးထည့်သည်။ ကိုယ်က ပြတင်းဘေးကခုံမှာကြောင့်သာ တော်သေး၏။
ဦးလေးကလည်း ကိုယ့်နေရာကောင်းယူမှုကို ဘာမှ စောဒကမဆိုပါ။
အဖေက စရိတ်စကအားလုံး အကုန်အကျခံပေးလိုက်သည်ကိုး။ ပြီးတော့..သူတို့ညီအစ်ကိုချင်းက အထက်နဲ့အောက် ရေရေလည်လည် ချစ်ကြောက်ရိုသေကြသည်။ အဖေ့ဆပ်ပြာကောင်းလို့ ကိုယ်ကလည်း ဦးထုတ်ဖြူနေသည်။ လမ်းခရီးတလျှောက် သူကလည်း အဖေ့လက်ဖက်နဲ့မျက်နှာလုပ်တာပဲ။
ကျွေးသမျှ..သူက စပွန်ဆာမှမဟုတ်တာ။

ဇိမ်ကမရှိပါဘူးဗျာ။ ကားက ထင်းရှူးပုံးတွေနဲ့ကြပ်ညပ်နေတော့ ဒူးကွေးစီးလာရတာ၊ ခေါင်းသုံးလုံးနှင့် လူပျိုပုံပေါက်နေသည်။

မန္တလေးကနေ ပြင်ဦးလွင်ကို နေကလေးညိုမှ စတက်လာရခြင်းဖြစ်သည်။

တောင်မြင့်ရာ ကားဝိုက်တက်ရင်း ညပိုင်းထဲကို ဝင်တိုးလာတော့..
အပေါ်စီးကနေငုံ့ကြည့်လိုက်ရင် အောက်ကနေ ခရုခွေခွေ ရစ်တက်လာတဲ့ ကားတွေရဲ့ ရှေ့မီးလင်းလာမှုကို မျက်စိပသာဒ ဖြစ်စရာ လှမ်းမြင်နေရသည်။ နီနီမြင်တိုင်းကားမီးထင်နေရတာပေါ့။
ပြင်ဦးလွင်ကို ဖြတ်သာနေရရဲ့။ တခြားရှုခင်းတွေကတော့ မဲမဲမြင်ရာ အကုန်ထိုးချစ်နေရတဲ့ဘဝပဲ။

နောက်..ထမင်းဆိုင်တခုမှာ ခေတ္တ ကားရပ်နား၏။
ရာသီဥတုကလည်း စိမ့်အေးအေးလေး။

ခရီးသည်တွေလည်း ဗိုက်ဆာလာကြပုံရပြီ။ စားစရာမုန်ထုတ်ဖောက်ပေးခံလိုက်ရသော ကလေးငယ်သဖွယ် မျက်နှာလေးများ ဝင်းပသွားသည်။ ပြီးတော့ ဟင်းမနည်းစေဘဲ ထမင်းပွဲတွေ မှာယူစားသောက်ဖို့ ဝင်ရောက်လာကြသည်ပေါ့။

..............................................

(၆)

ထမင်းဆိုင်ကနေ ကားက ဆက်လက်ထွက်ခွာ၊ တောင်ပတ်လမ်းတွေကို ဖြတ်သန်းလာပြီးနောက်မှာတော့...လားရှိုးမြို့နံနက်ခင်းရဲ့အမြင်ဦးနဲ့အာရုဏ်နေခြည်စူးစူးက မိတ်ဆွေသစ်လို ဆီးကြိုသည်။

လားရှိုးမြို့ကိုမရောက်ခင် သီပေါမြို့ကို ကားကဖြတ်လာသည့်အခါ

"ဒီမှာတော့..မင်းဦးကြီးအိမ်ရှိတယ်၊ ဒါပေမယ့် သူတို့က ဆောင်ကြဲကျေးရွာဘက်မှာ ၊ ဝင်လည်ရင် ဝေးတာမို့ လားရှိုးအထိပဲဆက်သွားကြဖို့ သတ်မှတ်လိုက်တာ "

ဟု အတူပါလာသူ မူဆယ်က ဦးလေးကပြောသည်။

ကားဝန်းမှတဆင့် လားရှိုးမြို့ခံ ဦးလေးအိမ်ကိုသွားရန် ကားငှားကြသည်။
ရောက်တော့... မောနီးဘရိတ်ဖတ် စားသုံးကြဖို့ လက်ဖက်ရည်ဆိုင် လိုက်ပို့သည်။

နေ့လယ်နေ့ခင်းဘက်တွင်မူ ပျင်းပျင်းရှိသည်နှင့် အိမ်ရှင်ညီဝမ်းကွဲနှင့်အတူ ဗီဒီယိုဆိုင်သို့ သွားရောက်ကာ အခွေငှားသည်။
(ဘဝရေစက်ဆိုသည်မှာ ညီအစ်ကိုပင်တော်သော်ငြား ယနေ့အထိ ထိုတကြိမ်သာ တွေ့ဖူးခဲ့ရပါသည်။ တချို့ဆိုလျှင် အမည်မျှပင် မသိရသည်များလည်းရှိသေး၏။)

ကြည့်ရှုခဲ့မိသည်မှာ
စာရေးဆရာ'တာရာမင်းဝေ' ၏ လုံးချင်းဝတ္တုတပုဒ်ကို တဖန်အသက်သွင်းထားသည့် ဇာတ်ကားတကားဟု၇ ပြန်လည်အမှတ်ရမိပါသည်။
'မှော်ဆရာရဲ့ကျောင်းစာအုပ်'ဖြစ်မည်။
ဇာတ်လိုက်မင်းသားအဖြစ် 'လူမင်း' ပါဝင်ထားမှန်းလည်း သတိတရရှိနေမိ၏။

သည်မှ...လားရှိုးမြို့၏ အထင်ကရတည်ရှိရာ မဟာမြတ်မုနိစေတီတော်ကိုလည်း သွားရောက် ဖူးမြော်ခွင့်ရသည်။

ညနေခင်းနေခြည်၏ နှုတ်ဆက်ချိန်တွင် လားရှိုးညနေစျေးအခင်းအကျင်းကို လှည့်ပတ်ငေးလိုက်သေးသည်။

ထိုစဥ်က ခေတ်စားလျက်ရှိသော ကြိုးခါးပတ်တချောင်းကို မြေစိုက်အဝတ်အထည်ဆိုင်တဆိုင်မှ အားပေးခဲ့၏။ ကြိုးခါးပတ်ကို ခါးရှေ့ကွင်းမှထုတ်ကာ တချက်ချိုး ခေါက်လျက် ဘောင်းဘီ အောက်သို့ တန်းလန်းချထားခြင်းသည် ထိုခေတ်လူငယ်တို့ ဆင်ယင်နေသည့် စတိုင်ဖြစ်သည်။
'စတိုင်ရှိမှ စတားဖြစ်မယ်' ဆိုသည့် စကားက ရေပန်းစားနေချိန်။

လားရှိုးမှဦးလေးသည် ရခိုင်တိုင်းရင်းသူနှင့် အိမ်ထောင်ကျ၏။
ယခုလာမှ တွေ့ဆုံဖူးသည်။
သားသမီး နှစ်ဦးထွန်းကားနေပေပြီ။
ကိုယ်နှင့် အတူလာသူ မူဆယ်မှ ဦးလေးက ကချင်တိုင်းရင်းသူနှင့် တူနှစ်ဖြာ ဂဟေဆက်ထား၏။
ထို့ပြင် နောက်ထပ်ရှိသေးသော အဖေ့၏ အကို သီပေါမှ ဦးကြီးတယောက်မှာမူ ရှမ်းတိုင်းရင်းသူနှင့် ဖူးစာရေစက်ဆုံသည်။
ထို့ကြောင့် ကိုယ့်ဦးလေးများမှာ
ဖယ်ဒရယ်ချစ်ခြင်းကို မြန်ပြည်အတွင်းထူထောင်ထားသကဲ့သို့ ရှိ၏။တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို
ကိုယ်စွမ်းသမျှ မိမိနိုင်ရာတာဝန် ဝင်ထမ်းထားကြသလိုလိုပင်။

..............................................

(၇)

နောက်တနေ့ ကျေးငှက်သရကာတို့ ဝမ်းစာအတွက် ဝဲပျံချိန်တွင်..ကိုယ်တို့ တူးဝရီးလည်း အငှားကားလေးတစီးနှင့် ချိတ်ဆက်မိကာ လားရှိုးမှ မူဆယ်သို့ တောင်တက်လမ်းအတိုင်း ဆက်လက် ခရီးဆက်နှင်ခဲ့ကြပြန်လေသည်။

ကားက..အမိုးဖွင့်ကားလေးဗျ..။
တောင်တက်လမ်းကို လေတဖြူးဖြူးနဲ့ဆန်လာရတာဗျာ..။
ကားမောင်းတဲ့သူက ဆံကေသာ မနက်မှောင်တော့တဲ့ အသက်တောင် အတော်ရနေ၊ အရွယ်ရနေပါပြီ။

ခေါင်းသာဖြူနေတာ၊ ဘယ်လောက်များ..ဒီလမ်း ဒီခရီးကို ကျွှမ်းကျင်သလဲဆိုရင် ဒရိုင်ဘာလုပ်ရင်း..မိန်းမသုံးယောက်ယူထားနိုင်တဲ့အထိလို့ ဦးလေးညွှန်းတာနဲ့ကြားသိမိရတာပဲဗျို့။ ကားမောင်းသက် သမ္ဘာက စကားပြောတာကိုဆိုလိုတာပါ။
ကျွမ်းကျင်ရာ လိမ္မာဆိုပေမဲ့ သူ့ကျွမ်းကျင်ရာကတော့ မိုက်လိုက်တာဗျား။

ကိုယ်တွေမှာတော့ မမိုက်ရပါဘူး။
လိမ္မာယဥ်ကျေး သီလရှင်တွေချည်းပဲ ကားထဲမှာ ပါလာတာကိုး။

ဘယ်မလဲ..။ 'လေတိုးကားက ဝေါခနဲကိုး' မှာ အရွယ်ကောင်းတုန်း မောင်ဘုန်း ငမ်းဖို့ အပန်းပြေစရာ ကောင်မလေးတွေ..။

တကားတည်းစီး တခရီးတည်းသွားခွင့်မရခဲ့ပါဘူးဗျာ့။
ကားထဲမှာက..ကိုယ်တွေနဲ့အတူ မယ်သီလလေးပါးပဲ အငြိမ်ပါလာတယ်။

တဖက်မှာ ချောက်၊ တဖက်မှာတောင်နံရံနှင့် အကွေ့အကောက်လမ်းများကို ဖြတ်သန်းရင်း သဘာဝလေကို ရှိုက်သွင်းခွင့်ဖြင့်သာ ကြည်နူးရ၏။

ကားအတွင်းညောင်းညာလာသောအခါ ကကိုယ်ကမတ်တပ်ရပ်လျက် စီး၏။
ဂါထာတော်များ ကျွမ်းကျင်ပိုင်နိုင်မည်ဟု ယူဆရသည့် သီလရှင်များပါလာသဖြင့် ဘေးကင်းမည်ဟုလည်း စိတ်ထဲတွေးမိ၏။

သို့နှင့် မူဆယ်သို့တိုင် ကားဦးနှင်ရာအတိုင်း လိုက်ပါလာခဲ့ကြလေသည်။
..............................................

(၈)

မူဆယ်ရောက်တော့လည်း ငြီးငွေ့စရာကြီးဗျ..။

တနေ့..တနေ့..လမ်းထိပ် စာအုပ်အငှားဆိုင်ကနေ စာအုပ်ကလေးငှား..၊ အိမ်ရှေ့မှာ ပလက်ကုလားထိုင်လေးခင်း၊ ထိုင်ဖတ် နဲ့ အချိန်ကုန်နေတာကများတာပါပဲ။

ပင်ကိုယ်ဗီဇကလည်း နဂိုကတည်းက စိတ်ပါလှမှ လိပ်စာအရ လျှောက်သွားလေ့ရှိသူဖြစ်ကြောင့် အနီးအနားလည်း ခဏတဖြုတ်ပဲ လည်ပတ်မိ၏။
ဝေးဝေးလည်းလိုက်ပို့မယ့်သူတွေက မအားသေးတာရယ်ကြောင့်ပါ။

သည်လိုနှင့်
လေးငါးရက်လောက်အကြာ။
မှော်ဘီအိမ်သို့ ပြန်ချင်လာသည်။

မှော်ဘီမှာလည်း ပျော်လှတယ်ရယ်တော့မဟုတ်။
နေရတာ..သပွတ်အူကို နေလှမ်းထားသလို
အတွင်းမှာ (လူနေမှု) ရှုပ်ထွေးပေမဲ့ (မယ်မယ်ရရ အူမြူးစရာနေရာမရှိတာကြောင့်)ခြောက်တီးခြောက်ကပ်လို့ပဲ ခံစားရတာပါ။ ရှုပ်ထွေးခြောက်ကပ်ကြီးပေါ့။

ဘာဖြစ်ဖြစ်..လူဆိုတာ ကိုယ့်ဇာတိကိုဖြင့် နေကလေးညိုလာတဲ့အခါ ဘာကလိုလို သတိလေးတော့ ရမိသားမဟုတ်လား။

သို့နှင့်...ဦးလေးကို ပြန်ချင်ပြီဟု ပူစာမိသည်။
ဦးလေးကို အဖေက အပြန်စရိတ်ပါထည့်ပေးပြီးသားဆိုတော့ သူ တွေဝေသွား၏။

ထင်မှတ်မထားဘဲ သူ့ဆောက်လုပ်ရေးကန်ထရိုက်လုပ်ငန်းအရှုံးပေါ်သည်ကြောင့် ကိုယ့်စရိတ်ကိုပါ အရေးပေါ်ငွေအနေနဲ့ သူ့ခမျာ ယူသုံးထားလိုက်မိသဖြင့် 'ခဏစောင့်ပါဦး'ဟု တောင်းဆိုမှုကို တားမြစ်ခံလိုက်ရ၏။

အဖေ့ကိုတော့
'နေပျော်ပါတယ်' လို့
ပြောပေးပါ ဟု အချိုသွေးနေသေးသည်။
သူတို့ချင်းက ရှိန်သည်လေ။
အဖေက မပျော်တာနဲ့ ပြန်လာဖို့စရိတ်ပါပေးပြီးပြောထားသည်ကိုး။

နေ့တိုင်းပင် သူ့အလုပ်ရုံးဖုန်းကနေ လှမ်းမေးလေ့ရှိပါသည်။ ကိုယ်ကလည်း လမ်းထိပ်ရှိ ကြိုးဖုန်းဆိုင်ကနေ တုံ့ပြန်စကားဆိုနှင်းရ၏။

စိတ်ချမ်းသာအောင် အဆင်ပြေပါတယ်ချည်း ပြောပါ၏။ အဖေက ကိုယ့်ကို ငယ်ကတည်းက ဂရုစိုက်မှုပိုရှာသည်။

အဲ့ဒါနဲ့ ဆက်လက် နေထိုင်ရတာပေါ့။
ဆိုပေမဲ့လို့ ကိုယ့်ရဲ့ ပြန်လိုတဲ့စိတ်၊ ရပ်တန့်စေလိုက်နိုင်ရာ စွမ်းအင်တရပ်ကို ဖန်တီးကြမ္မာ ပေးအပ်လာတာက အံ့စွာတကား မြန်ပုံများ..ကြည့်ပါဦးလေဗျား။

..............................................

(၉)

နောက်တနေ့ နေ့လယ်ခင်းအချိန်။
ထုံးစံကိုဗဟိုပြုလျက် ကိုယ်သည် အိမ်ရှေ့ပက်လက်ကုလားထိုင်ပေါ်တွင် မဂ္ဂဇင်းစာအုပ် ဖတ်ရှုနေပါသည်။

ထိုစဥ်..ကုလားထိုင်နံဘေးမှ ဖြတ်ဝင်လာသည်က ခြေဖခုံဖွေးဖွေးလေးတစုံရယ်လေကွယ်။ ခေါင်းကိုငုံ့ထားလျက်နှင့်ပင် ခိုးငဲ့ကြည့်မိ၏။ ဆံစမှသည် ခြေဖျားအဆုံးအထိ ရှည်ဖြာကျနေသော ကေသာပိုင်ရှင်မှန်း သိလိုက်ရ၏။
မျက်နှာပုံပန်းသဏ္ဍာန်ကို စုံစမ်းရန်လည်း မော့ကြည့်မိလိုက်သည်။

အလို...
အလှနတ်ဘုရားတပါးထံ မော်ဖူးခွင့်ကို ကိုယ့်ကိုယ်ကိုယ် ပေးလိုက်မိတာပါတကား။

သူကလေးသည် ကိုယ့်နံဘေးနားမှနေ ပင်လယ်ရေပြင်ပေါ် ဝေ့ဝဲတိုက်ခတ်သွားသည့် လေညှင်းလို ဖြတ်သန်းသွား၏။ အေးမြလိုက်တာ...။

အိမ်ထဲသို့ ဝင်ရောက်သွားသော သူကလေး၏ ကိုယ်သင်းရနံ့သည် နှလုံးသားဧရိယာတွင် စွဲကျန်ရစ်ခဲ့လေပြီ။

သူကလေးနှင့်အတူ..တယောက်သူလည်း လိုက်ပါလာသည်။
ထိုသူမည်သူနည်း။

..............................................

(၁၀)

ထိုသူသည် သူကလေး၏ ဦးလေးတော်စပ်လေသည်။

သူကလေးသည် တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူဖြစ်ပြီး အားလပ်ရက်များအတွင်း ဇာတိမြေ ကချင်ပြည်နယ် မိုးမိတ်မြို့ဆီကနေ အလည်အပတ်ရောက်ရှိလာခြင်းဖြစ်သည်။ အသက်ငယ်သော်ငြား အရွယ်တော်က တစိတ်ထွားနိုင်လွန်းလေသည်။
နှစ်စဥ်လိုလိုပင် ကျောင်းပိတ်ရက်များအတွင်းလာရောက်လေ့ရှိတတ်ကြောင်းလည်း နောက်ပိုင်းမှ သိရသည်။

သူကလေး၏ ဦးလေးနှင့် ကိုယ့်ဦးလေး၏ မိန်းမသည် မောင်နှမဖြစ်သည်။
ထို့ကြောင့် သူကလေးက သူ့အဒေါ်ဆီကို လာလည်ခြင်းဖြစ်သလို ကိုယ်ကလည်းကိုယ့်ဦးလေးထံသို့ အလည်လာခြင်းဖြင့် ဆုံမိကြလေပြီ။

ဆုံမိကြသည်မှ..သူ့အဒေါ်နှင့်ကိုယ့်ဦးလေးက လင်မယားဖြစ်သဖြင့် တအိမ်တည်းနေကြရရာ..အဟဲ..ထိုအိမ်ထဲတွင်ပင် ကိုယ်တို့နှစ်ဦးမှာ တည်းခိုရမည်က တမိုးအောက်တွင် အတူကြီးလေ။

ဆုံမိသည်ဆိုလို့ ရေစက်ဆုံမိရုံမက ဖူးစာကော ဆုံမိကြရမည်လေလား..ဒန့်တန့်တန့်ပေါ့ဗျား။

သူမ ဦးလေးက လိုက်ပို့ရုံသာဖြစ်ပြီး နေ့တွင်းချင်းပင် လာရာအရပ်သို့ ပြန်ထွက်ခွာသွားချေ၏။

..............................................

(၁၁)

ညနေခင်းထမင်းဝိုင်းတွင် သူကလေးနှင့် ရှက်ကိုးရှက်ကန်း ဆုံကြရခြင်းက ပထမဆုံးအမှတ်တရဖြစ်လာသည်။
ထမင်းလက်ဆုံကား အတူမစားဖြစ်ပါ။
သို့သော် ထမင်းဟင်းသည် သူကလေး၏ လက်ရာ။
ရည်စားပင်မမည်သေးဘဲ သူချက်ကျွေးရာ စားရသည်မှာ နည်းသည့်ချစ်ကုသိုလ်လားလေ။

သူကလေးသည် လက်ရှိနေအိမ်ကို လာလေ့ရှိနှင့်သူဖြစ်သဖြင့် ထင်၏။ ကြည့်ရသည်မှာဧည့်သည်လို ဖြစ်မနေ။
မီးဖိုချောင်ဝင်သည်။
ချက်ပြုတ်သည်။
ယခုမူ သူကလေးက စားနှင့်ပြီးပြီဆိုကာ...စားပွဲခုံမှာလာထိုင်နေပြီး ကိုယ့်ရှေ့တည့်တည့်ကနေ စိုက်ကြည့်နေသည်။

ထမင်းစားနေသူက ကိုယ်ရယ်.. ၊ အဒေါ်နှင့် ကလေးသုံးယောက်သာရှိသည်။
ဦးလေးနှင့်အဒေါ်တွင် သားသမီးများထွန်းကားနေပြီဖြစ်ရာ အကြီးမက ကိုးနှစ်၊အလတ်မက ခုနစ်နှစ်၊ အငယ်ဆုံးကောင်ကလေးက နှစ်နှစ် ရှိလေပြီ။
ဦးလေးက သူ့လုပ်ငန်းခွင်မှ အိမ်ပြန်မရောက်သေးချေ။

ကိုယ့်မှာ အနေရခက်လှသဗျာ။
မရင်းနှီးသေးတဲ့ ကောင်မလေးတယောက်ရဲ့ မျက်ဝန်းစူးစူးအောက်မှာ ထမင်းထိုင်စားရတာ လူ့ပျို့ဣန္ဒြေဘယ်လွတ်လပ်ပါ့မလဲ။
သူကတော့ လိုတာရှိရင် ထည့်ပေးမယ့်ပုံနဲ့ ရန်ကုန်က ဧည့်သည်လို့သတ်မှတ်ပြီး စိတ်ဝင်တစားရှိနေဟန်လား..ဘာလားတော့ မသိပေါင်ဗျား။

ကိုယ်လည်း ထမင်းတပန်းကန်ကုန်ချိန်တွင် အစားအစာနှင့်အဟာရတင်ဆက်နေမှုဆီက တခန်းရပ်လိုက်ပါ၏။

ဒါကို အနားက အဒေါ်က..

"ကိုကို..ထမင်းထပ်ထည့်ဦးလေ၊ အရင်က အနည်းဆုံး နင် နှစ်ပန်းကန်စားတာမဟုတ်လား"

အဖေ့ဘက် က အမျိုးမှန်သမျှက ကိုယ့်ကို 'ကိုကို' လို့ခေါ်သည်။
ကိုယ့်အမည် 'အောင်ကိုကို' ကို အဘွားက အနှစ်စနိုးနဲ့ အဖျားဆွတ်ပြီး 'ကိုကို'ဟုစခေါ်ရာက.. ခေါင်က ပညတ်ပြုတော့ အခြားသူများကလည်း လိုက်ခေါ်နှင့် ကိုကိုဟု တွင်သွားစေသတည်း။

ချစ်စနိုးမဟုတ်..အနှစ်စနိုး မည်သည်က သားအချစ်..မြေးအနှစ်ဆိုတာကိုးဗျ။ စနိုးအနှစ်ကတော့ ဖြူတာပါပဲ။

"ဗိုက်ပြည့်ပါပြီ..အန်တီ၊ အဲ့ဒါကြောင့်.. ထမင်းတော်လိုက်တာ"

ကိုယ်က ခေါင်းခါလက်ကာလျက် ဟန်ပန်တဆောင် ပြောလိုက်၏။ တကယ်ကား ဝဝမ်းမဝသေးချေ။

ချစ်သူ့မျက်နှာသည် ကြည့်မဝ ဟူ၍သာရှိသည်။ ကြည့်ရင်း ဝမ်းဝသည်ကား တကယ်တမ်းတော့ မဟုတ်ချေ။
ကိုယ့်ခမျာ ဆက်လက်စားစရာ လက်မရွံ့ ဘုန်းကြီးကျောင်းသားမဟုတ်သောကြောင့် လက်တွန့်နေ၍သာ လက်စသတ်လိုက်မိခြင်းဖြစ်၏။

အဒေါ်ဟုဆိုသော်လည်း မြို့ပြဓလေ့တွင် နှုတ်ကျိုးခဲ့မိသည့်အတိုင်း အန်တီဟုသာ သုံးနှုန်းမိသည်။ တကယ်ဆို..ဦးလေး၏အမျိုးသမီးကို ဒေါ်လေးဟု ခေါ်ရမည်ပင်ဖြစ်သည်။

အန်တီက သူတို့အိမ်ထောင်ကျခါစတွင်
ကိုယ်တို့အိမ်ဆီ လာဖူးသည်ကြောင့် သိကျွမ်းစွဲရှိနှင့်သည်။ သူမမျက်စိအောက်ကနေ ချာတိတ်ဘဝမှ လူလားမြောက်လာသည်ကြောင့် ချစ်ခင်မှုက ကိုယ့်အပေါ်မစိမ်းပါ။ မျက်မှောက်ကာလတွင်မူ ကိုယ်က အန်တီ၏တူမကို ပိုးပန်းလို့ရသည့်အရွယ်သို့တိုင် ကြီးကောင်ဝင်လာခဲ့လေပြီ။

သူက တိုင်းရင်းသူပီပီ ပွင့်ပွင့်လင်းလင်း မေးပြောသော်လည်း ကိုယ်က..ရှက်အမ်းအမ်းနှင့် လူဗိုက်ဝသလို မူပြလိုက်သဖြင့် ထိုညတွင် ဗိုက်ဆာသည့်ဒဏ်ကို ကြိတ်မှိတ်ခံရပါတော့သည်။

အမှန်စတမ်းဆိုလျှင် သူပြောသည့်အတိုင်း..ထမင်းစားပါက နှစ်ပန်းကန်မျှ အနိမ့်ဆုံးတွယ်နေကျ အစားစကေးကြမ်းသည့် ဗိုက်လစ်မစ်နှင့်သူ မဟုတ်ပါလား။

..............................................

(၁၂)

နောက်တရက်။
မီးဖိုဆောင်တွင် သူကလေး ထမင်းအိုးတည်နေသည့်အခိုက်။
ကိုယ်လည်း အနီးအနားမှာ နေချင်လှသဖြင့် အကြံထုတ်ရပါသည်။ သို့သော် ထိုအခန်းထဲ အန်တီကလည်း ကြားခံရှိနေသည်။ ဟင်းချက်ဖို့ ပြင်ဆင်နေသည်။
ထို့ကြောင့် အန်တီ့ထံသို့ ချဥ်းကပ်ကာ..

"အန်တီ..ဘာဟင်းချက်မှာလဲ၊ အာလူးတွေ နွှာပေးရမလား"

အန်တီက အာလူးခြင်းလေးလက်ကကိုင်ထားသဖြင့် မေးလိုက်သည်။

"ရပါတယ်..ကိုကိုရယ်..၊ ကိုယ့်ဘာသာ အရင်လို စာဖတ်နေပါ"

"အာလူးမနွှာရလည်း..ပြီးရင် ရေဆေးပေးမယ်လေ၊ ဖွေးနေအောင် ဘလက်နဲ့ပါတိုက်ပေးမယ်"

အနားရှိ သူကလေးက ရယ်သံလွင်လွင်လေးနှင့် တုံ့ပြန်လေသည်။

"မချိမဆန့် ပြေလည်တဲ့နေ့ကြရင်တော့
ဒီ့ထက်ကောင်းတဲ့ဟင်းတွေ ချက်စားကြမယ်နော်"

ဘေးကနေ ဟာသရှာကြံပြောရင်း
တစတစ ရင်းနှီးမှုပိုလာသလို ခံစားရ၏။

..............................................

(၁၃)

သို့နှင့်...
နံနက်စာထမင်းဝိုင်းတွင်တော့ သည်တခါ ကိုယ်မရှက်တော့ပါ။ ကြိုက်ရင်မရှက်နဲ့၊ငတ်ရင်မရှက်နဲ့တဲ့လေ။
သူကိုကြိုက်ကြိုက်နှင့်တော့ ကိုယ်ငတ်ဖူးခဲ့ရပါပြီ။

သူကလေးကလည်း ဖော်ရွေရှာသည်။
လက်မတိုစတမ်း ဟင်းခပ်ထည့်ပေးတာကိုပင် ပြုမူလာသည်လေ။

ရည်းစားပင် မမြည်သေးဘဲ သူကလေးနှင့် လက်ဆုံစားရသည်မှာလည်း ဒုတိယမိ နည်းတဲ့ ချစ်ကုသိုလ်ပေလား။

သူ့ထည့်ပေးရာ ဟင်းတဖတ်ကို စားရသော အာနိသင်သည်ပင်...ဂလူးကို့စ်များစွာ ချိတ်သွင်းခံလိုက်ရသလိုလို...။

အဆိုတော် စိုင်းထီးဆိုင်၏
'သည်တောင်ကို မောင်ဖြိုမယ် မြင်းမိုရ်မို့လား'ဟူသော တေးစာသားကို လက်ခမောင်းခတ် ကြွေးကြော်နိုင်လောက်သည့် အားအင်အစွမ်းကို ရရှိသလိုလိုပါပဲ။

"ကိုကို..စားနော်.."

ကိုယ်စိတ်ဝင်စားသူကလေး၏ နှုတ်ဖျားဆီက 'ကိုကို' ဟု ခေါ်သည်မှာပင် သူ့ဘာသူသာမန်ပဲခေါ်ခေါ် နှလုံးသားကလာသကဲ့သို့ကြည်နူးမိရ၏။

ရည်းစားပင်မမြည်သေးဘဲ ကိုကိုဟုခေါ်ခံရသည်ကလည်း နည်းတဲ့ တတိယမိ ချစ်ကုသိုလ်ပေလား။

မရိုးမသားစိတ်ကလေး ကိုယ့်မှာပေါ်နေသော်ငြား အပြင်လက်တွေ့စောင့်စည်းမှုအရာတွင်ကား ကိုယ့်လိပ်ပြာသန့်ဖို့အတွက်ကိုယ် ရိုးသားခဲ့ပါသည်။
ကြည့်လေ...။

..............................................

(၁၄)

အန်တီစျေးသွားသည့်အခါ အချိန်ကြာတတ်၏။ ကြာဆို..သူမက နေအိမ်နှင့် အလှမ်းမဝေးသည့် ရှမ်းစျေးဆီသို့ မသွား။
ကချင်တိုင်းရင်းသူဖြစ်သည်နှင့်အညီ..သူ့အစွဲလေးနှင့်သူ ကချင်စျေးဆီကိုသာ သွားသည်။ ကချင်စျေးသည် အိမ်နှင့် အလျင်ဝေးသည်။
ဒါကိုမှ တကူးတက အပင်ပန်းခံ သွားရောက်ဝယ်ယူ၏။
ရှမ်းစျေးလို ညနေစျေးမဟုတ်ဘဲ ကချင်စျေးက မနက်ခင်းစျေးဖွင့်သောကြောင့်ဖြစ်မည်ဟုလည်း ယူဆရ၏။

မူဆယ်မြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၏မြို့နယ်ဖြစ်သော်လည်း ရှမ်းတိုင်းရင်းသားချည်းနေကြသည်မဟုတ်၊ လူမျိုးစုံ၏။

ကချင်ဆိုလျှင်...သူတို့လူမျိုးများချည်းစုစည်းနေထိုင်ကြသော ကချင်စုရပ်ကွက် ဆိုသည်ကို သက်သက်ရှိသေး၏။
ထို့ကြောင့်.. မူဆယ်သို့ အလုပ်ထွက်ရှာလုပ်ကိုင်ရင်း ဦးလေးသည်ပင် ကချင်အမျိုးသမီးနှင့်တွေ့ဆုံ၊ ကြင်ယာဖက်ဖြစ်ခဲ့ကြခြင်းဟုဆိုနိုင်သည်။

အန်တီက ကချင်စျေးသို့သွားလျှင်..အိမ်တွင် ကလေးတွေနှင့် ကိုယ်ရယ်၊ သူကလေးရယ်သာ ကျန်ခဲ့၏။
ဦးလေးမှာ မနက် အာရုဏ်ဦးနေက အရှေ့အရပ်ကို သစ္စာရှိခြင်း စတင်လာသည့်အချိန်မှနေ အိမ်ကထွက်၍၊ ည.. လဦးသာချိန်ရောက်မှ အိမ်ပြန်လာတတ်၏။

သို့နှင့်..နံနက်ပိုင်းတချိန်လုံး
ကလေးတွေကလည်း သူတို့ဘာသာ ဆော့ကစားနေကြချိန်။
သူကလေးအနား ကိုယ်က အကြောင်းမရှိ အကြောင်းရှာ ကပ်နေ၍ကား..ရသည်။

သို့ငြား..သည်လိုဆိုပြန်တော့လည်း ကိုယ့်စိတ်က မဝံ့မရဲရှိသည်ကြောင့် နဂိုလိုပင် အိမ်ရှေ့တွင် စာဖတ်နေသူလေးသာ လုပ်မိခဲ့ပါသည်။ သူကလေးကတော့ မီးဖိုဆောင်ထဲ သူ့စိတ်ကြိုက် ချက်ပြုတ်စီမံနေတတ်သည်။
တခါတလေ.. အငယ်ကောင်လေးကို ချီပြီး ဘေးအိမ်သို့ တီဗွီသွားကြည့်မည်ဆိုကာ ကူးသွားလေ့ရှိတာကိုလည်း တွေ့ရသည်။

တခါသားကဖြင့် သူကလေးက စကားလာပြောသည်။
စပ်မိစပ်ရာကနေ ကျောင်းတက်ရသည့်ကိစ္စဘက်ရောက်သွားသည်။
ကျောင်းသားကတ်ကြည့်ချင်သည်ပြော၍ ထုတ်ပြမိသည်။ ဖြတ်ခနဲယူကြည့်ကာ..ပြန်ပေးသည်။

"နောက်နှစ်ကော..လာလည်ဦးမှာလား"
ဟု မေးသည်။
"အခြေအနေအရပါပဲ"
ပြန်လည်ဖြေမိ၏။

သည်ရက်များအတွင်း မူဆယ်မှာနေသည့် ယောက်ဖတဦးက ကိုယ်ရောက်နေသည်ကို သိပြီး အိမ်သို့လာခေါ်ကာ နေရာတချို့ဆီလိုက်ပို့ပေးသည်။
အသားဖြူဖြူ အသံဝဲဝဲ ရှမ်းမလေးများ၏ ဆိုင်ကယ်စီးသော ပေါင်တံသွယ်သွယ်လေးများကို ငမ်းခွင့်ရသည်။ နယ်စပ်မြင်ကွင်းများကို ဒေသန္တရ ဗဟုသုတရစေခဲ့ပါသည်။ မူဆယ်သည် နယ်စပ်မြို့လေးဖြစ်သည်ကိုး။ ဗမာအပြင် ရှမ်း၊ ကချင်၊ တရုတ်စသော စကားများတတ်မှ စျေးဝယ်ရင်း ဆစ်မည်ဆိုရင်တောင် သူများထက်တပန်းသာနိုင်သည်။

ထိုယောက်ဖသည် တရုတ်ပြည်နယ်စပ် ရွှေလီမြစ်ဆိပ်ကမ်းတွင် အလုပ်ဝင်နေသည်။ သူ့ကိုအမှူးပြုပြီး တဖက်ကမ်းဆီမှ တရုပ်ပြည်တွင်း ကြယ်ခေါင်၊ ရွှေလီမြို့ထဲအထိ သို့တိုင် လည်ပတ်ခွင့်ရခဲ့ပါသည်။
နို့...ကိုယ်လည်း နိုင်ငံခြားပြန်ကြီးဖြစ်ရပြီပေါ့နော်။ နောင်ဆိုလျှင် ချိုင်းနားပြန်တော်တော်တည် လို့ခေါ်ခိုင်းရလျှင်ကောင်းမလားပဲ။ အဟား။

တညသားတော့ ကိုယ်နေထိုင်သည့် အန်တီတို့အိမ်ကို လူတယောက်အလည်ရောက်လာသည်။
ထိုသူ မည်သူနည်း။

..............................................

(၁၅)

ထိုသူသည် အန်တီတို့နှင့် အိမ်နီးချင်းတဦးပါပင်။ ကပ်ရပ်တည်ရှိနေသည့် အိမ်နံဘေးကနေ အလွယ်တကူ ကူးသန်းလာခြင်းဖြစ်သည်။

ကိုယ့်ထက်ပင် အသက်နှစ်နှစ်ခန့်ကြီးပေမည်။
သူက ဦးလေးနှင့် စကားစမြည်လာပြောခြင်းဖြစ်ကြောင်း အကြောင်းပြသည်။
သူကလေးကတော့ အိမ်ရှေ့ခန်းကိုထွက်မလာပါ။

ကိုယ့်စိတ်ထဲမှာတော့..သူကလေးကို
လူပျိုလာလှည့်တာဟု ရိပ်မိသည်။ မြွေမြွေချင်း ခြေမြင်သလိုလိုပင်။ ပရိယာယ်၏ အငွေ့အသက်ကို ရနေ၏။

ထိုသူသည် နောက်တညတွင်လည်း လာလည်၏။ သူကလေးကလည်း ထွက်မတွေ့။

ကိုယ့်ကိုလည်း ခင်မင်လာအောင် အရောတဝင် စကားဆိုသည်။
သူကလေးနှင့် ဘာတော်လဲမေး၏။

ဆွေမျိုးစပ်ကြည့်လျှင် တော်လို့လည်းရသလို မတော်ချင်ရင်လည်း မတော်လို့ရပါသည်၊ အရင်းနှီးဆုံးသူစိမ်းအဖြစ် တော်သွားနိုင်ကြောင်းလည်း ပြောပြမိလိုက်၏။

နောင်အခါများမှာတော့ ပေါ်မလာတော့ချေ။

..............................................

(၁၆)

အန်တီသည် ပုံမှန်လိုပင် ကချင်စျေးမှ ပြန်မလာသေးပါ။
ထိုသော တနေ့။

ဗိုက်ဆာဆာရှိသည်နှင့် မီးဖိုဆောင်ထဲဝင်လာမိ၏။ သူကလေးက တစုံတခုကို အသုတ်ပြုလုပ်စားဖို့ ပြင်ဆင်နေသည်။
ဒါကို မြင်လိုက်ရတော့..

"ဘာအသုတ်လဲ"

"ပူစီနံသုတ်လေ..စားလို့ကောင်းတယ်.."

သူက ပူစီနံသုတ်ကို အစာပလာများနှင့် သမအောင်မွှေပြီးနောက် ကိုယ့်ကို အမြည်းကျွေး၏။

"ကောင်းတယ်..၊ ဒီလို..အဲဂျာ လက်ရာကို..တသက်လုံး စားချင်တာ"

သူကလေးမျက်နှာတွင် ပီတိရိပ်လေး
သန်းသွားလေသည်။ ရှက်ပြုံးချယ်ရီလေးလည်းဖူးပွင့်လာ၏။
သူကလေး၏ ကချင်နာမည်မှာ 'အဲဂျာ' ဟု ခေါ်ပါသည်။

..............................................

(၁၇)

"ကချင် စကား တတ်သလား..ညီမလေး"

"နည်းနည်းပါးပါးတော့တတ်တယ်၊ အမေ သင်ပေးထားတာ "

အိမ်ရှေ့ခန်းတွင် ကိုယ့်ညီမဝမ်းကွဲဖြစ်သူ အကြီးမလေးကို မေးလိုက်၏။

"ဒါဆို..ချစ်တယ်ကို..ကချင်လို ဘယ်လိုပြောသလဲ "

အကြီးမလေးက ပြောလုဆဲဆဲ...

"ဟဲ့..ကိုကို..ငါသိတယ်နော် "

အတွင်းခန်းထဲကထွက်လာသော အန်တီက ဟန့်လိုက်သောကြောင့် စကားစကပြတ်သွား၏။

အဟွန့်..။ ကိုယ်လည်း အမ်းတမ်းတမ်းနှင့် ရှက်ကိုးရှက်ကန်းရယ်မိသွား၏။

ငယ်ရာကကြီးလာသော အန်တီက ကိုယ် ဘာခွင်ဆင်မည်ကို ရိပ်မိသလိုလို..။ သူတို့အနေနှင့်လည်း အိမ်ကိုလာရောက်ရင်းက ကိုယ်တို့တွယ်ငြိသွားမှာကို စိုးရိမ်နေကြသည်လား။ နှစ်ဘက်မိဘများအား မဖြေရှင်းပေးချင်ကြဘူးလားမသိ။
ငယ်ပါသေး..အဲ..ငယ်သေးပါတယ်ဟုပင် ထင်နေကြသလားမပြောတတ်။

ထိုစဥ်က နောင်တွင် နိုင်ငံကျော်တေးသီချင်းတပုဒ်ဖြစ်လာမည့် ကချင်အဆိုတော်မလေး ရေဗက္ကာဝင်း၏ 'ငါ မင်းကို ဆောရအိုင်' ဆိုသည့် တေးသီချင်းကလည်း မပေါ်သေးသဖြင့် 'ချစ်တယ်'ကို 'စောရအိုင်'ဟု ပြောရမည်ဖြစ်မှန်းလည်း ကိုယ့်မှာဖြင့် မသိသေးဘူးရယ်လေ။

သည်တခါဖြင့် အခွင့်သာလျှင် အဲဂျာကို 'စောရအိုင်'ဟု ပြောဖို့ အထမြောက်ရန်အတွက် သင်ထားမှတ်ထားမည့်အကြံအစည်မှာ မပြောမီက ဝဇီပိတ်ရသည် ဖြစ်ရတော့သည်။

..............................................

(၁၈)

"ကဲ..မင်းက ပြန်ချင်နေပြီဆိုလို့ ငါမန္တလေးအထိ တိုက်ရိုက်ရောက်မယ့် ကားလက်မှတ် ဝယ်လာခဲ့ပြီးပြီ၊ သဘက်ခါ ပြန်လို့ရပြီ၊ လမ်းအသုံးစရိတ်ပါ ပေးလိုက်ဦးမယ်"

ညပိုင်း လူစုံချိန် ဦးလေးက ပြောလာသည်။
အခုအချိန်တွင်မှာတော့ ကိုယ့်အအေးဓာတ်နှင့်ကိုယ်မို့ ကိုယ့်ခမျာ ချက်ချင်းမပြန်လိုတော့။ သမုဒယသံလိုက်ဆွဲအားသည် မြွေတကောင်၏ ငြို့အားထက် သည်အရပ်စက်ကွင်းထဲမှ ရုန်းထွက်ရခက်နေချေပြီ။

"မပြန်သေးလို့က မရဘူးလား၊ နေသားကျလာတော့ ပျော်လာလို့.."

သို့သော်..

"မင်းယောက်ဖဝမ်းကွဲကိုလည်း သူအလုပ်နားချိန်မို့ ပြန်လိုက်ပို့ပေးဖို့လည်းပြောပြီးပြီ၊ မင်းအဖေကိုလည်း လှမ်းအကြောင်းကြားပြီးပြီ "

ဟိုက်..ဂရိတ်ဖွတ်ပါလား..။
ဒီကဖြင့်..'ဆောရအိုင်'ပင် မပြောပြနိုင်သေး၊ ပြန်ပို့နေပြန်ပါသကော။

..............................................

(၁၉)

"ပြန်ရတော့မယ်ဆို.."

အဲဂျာက တိုးတိုးညှင်းညှင်းမေးသည်။

"အင်း..ပြန်ရတော့မယ်"

သူ့နှလုံးသားနှင့် ကိုယ့်အဖြေစကားကို ကမ္ဘာခြားထားစေချင်သည်။
'ပြန်မယ်..ပြန်မယ်..မပြောခဲ့ချင်ပေမယ့်
ပြန်မယ်..ပြန်မယ်..သွားရမယ်'ဟူသည့် အဆိုတော်ဟေမာနေဝင်း သီချင်းကိုပင် အမှတ်ရမိသေးသည်။

"စာရေးနော်.."

အဲဂျာက အသင့်ရေးထားဟန်ရှိသည့် စာရွက်လေးတရွက်ကို ပေးသည်။
ကြည့်လိုက်တော့..သူ့နေရပ် မိုးမိတ်လိပ်စာလေး..။ ဆက်သွယ်ရန် ဖုန်းနံပါတ်တော့ မပါဝင်ရှာ။

"မိုးမိတ်ပြန်ရောက်ရင် စာရေးလို့ရအောင်ပေးတာ၊ မူဆယ်မှာက အဲဂျာလည်း တပတ်လောက်ပဲနေတော့မှာကြောင့် ဒီကိုလှမ်းပို့ရင်တော့ မှီမယ်မထင်တော့ဘူး"

ထိုခေတ်သည် လက်ကိုင်ဖုန်းများ မထွန်းကားသေးသော ကာလပေကြောင့် ဖုန်းနံပါတ်များလည်း လဲလှယ်၍မရ။

"ဒါဆို ကိုယ်ပြန်ရောက်ရင်..လမ်းထိပ်ဆိုင်ကကြိုးဖုန်းကို အရင်လှမ်းဆက်လိုက်မယ်နော် "

ကိုယ်က အားကိုးလို့ရမည့် ဆက်သွယ်ရေးကရိယာတခုကို ညွှန်းဆိုလိုက်၏။

ဖုန်းလိုင်းသည် အိမ်အထိုင်ဖုန်းမှဖြစ်ဖြစ်၊ အိမ်သုံးဖုန်းကို အခကြေးငွေယူကာ ငှားဆက်ခွင့်ပေးသည်ဖြစ်ဖြစ်၊ လမ်းဘေး ပြည်သူပိုင်ဖုန်းနှင့် ပြောရသည်ပဲ ဖြစ်ဖြစ်၊ကြိုးဖုန်းလိုင်းများသည်သာ 'အခရာ' ကျလျက်ရှိသည်။

"ဒါနဲ့..ကိုယ့်လိပ်စာလည်း ပေးခဲ့ဦးမယ်"

သူမက လက်ကာပြကာ ကိုယ့်လိပ်စာကို ရွတ်ပြသည်။

သြော်.. သူလည်းပဲ..ကိုယ့်လိုများ..
သံယောဇဥ်ရှိရှာနေတာပါလား..။
ကိုယ့်လိပ်စာကို ကျောင်းသားကတ်ပြကတည်းက အလွတ်ကျက်ထားလိုက်သည်ပဲ။ ကျောင်းသားကတ်အတွင်းမှာက..နေရပ်လိပ်စာအပြည့်အစုံပါသည်လေ။
ဖွင့်မပြောပေမယ့်
ကဗျာဆရာမောင်ချောနွယ် စကားငှားသုံးရပါလျှင်...
ရင်ဘတ်ချင်း ဂျက်ပင်ထိုးပြီးသားပါလား။

......................... ....................

(၂၀)

ညဦးလရောင်သန်းချိန်၊ အိမ်ရှေ့တွင် ကိုယ်ရပ်ကာ ကောင်းကင်ပြင်ကို ငေးမောနေမိသည်။
နှလုံးသားကို ခွဲခွာရတော့မည်ဆိုသော အသိက ပျဥ်းကတိုးသားခြစားသလို တမြေ့မြေ့ဆွေးစေသည်။

စိတ်ထဲရင်းနှီးနေမိသော ကိုယ်သင်းရနံ့ပါးပါးလေး လွင့်ဝဲလာမှုကြောင့် လှည့်အကြည့်...။

အဲဂျာ..။

"ဟိုးမှာ..ခုနစ်စဥ်ကြယ်ကို မြင်တယ်မဟုတ်လား.."

ကိုယ်က လက်ညှိုးညွှန်ပြတော့ ကိုယ်နဲ့အတူ အဲဂျာလည်း လိုက်ကြည့်သည်။

"ဟုတ်ကဲ့..."

"အဲ့ဒီ့ ခုနစ်စဥ်ကြယ်ကို ကိုယ့်မှော်ဘီအိမ်ကနေ လှမ်းကြည့်ရင်လည်း မြင်ရတယ်..အဲဂျာ.."

"ဟုတ်ကဲ့"

"ကိုယ်သတိရနေမဲ့ညတိုင်း ခုနစ်စဥ်ကြယ်ကို လှမ်းငေးနေမယ်..၊ အဲဂျာ သတိရတဲ့ညတိုင်းလည်း ခုနစ်စဥ်ကြယ်ကို မော့ကြည့်လိုက်ပါ၊ ကိုယ်တို့ လူချင်းဝေးနေရတောင် အဲ့ဒီ့ခုနစ်စင်ကြယ်ဆီမှာ တို့မျက်ဝန်းချင်းဆုံကြမယ်နော်"

"ရှင်...ဟုတ်ကဲ့..ကိုကို.."

..............................................

(၂၁)

မနက်စောစော ထပြန်ရမည်ကြောင့် လိုအပ်သည်များကို ကိုယ်သိမ်းဆည်းနေသည်။

အိမ်ရှေ့ခန်းဆီတွင် ခုံတခုံမှာ ထိုင်၍
အဲဂျာက ကိုယ့်ကို စူးစူးစိုက်စိုက်ရှိုးနေသည်။
ထမင်းဝိုင်းမှာ စတင်ဆုံခဲ့ရသည့် အကြည့်တွေလိုမျိုးပါပဲ။

ဦးလေးနှင့်အန်တီရှိနေသည်ကိုပင် ဂရုမထားတော့သလိုလို...။

"ကိုကိုရေ..ငါသိနေတယ်"

အန်တီကပင် မနေနိုင်စွာ စကားတခွန်း 'ဟ' သည်။
ဦးလေးကတော့ ဘာမှမပြော။

အဲဂျာသည် အချိန်အတော်ကြာအောင်
တိတ်တဆိတ် ကြည့်နေ၏။ ထိုမှ..သူမ ကြည့်လို့'ဝ'ပြီဟု သတ်မှတ်လိုက်ဟန်တူသည်။
ချာခနဲ လှည့်ကာ အတွင်းခန်းဆီသို့ ဝင်ရောက်သွားချေသည်။
ပြန်ကိုထွက်မလာတော့...။
သူမရင်ထဲမှာကော.. သမုဒယဝေဒနါ မည်သို့ရှိလေမလဲကွယ် ။

......................... ..................

(၂၂)

ကားထွက်အမှီ နံနက်လေးနာရီ စောစောထရမည်။ စားပွဲတင်နာရီအသေးစားလေးကို နှိုးစက်ပေးကာ ခြင်ထောင်ပေါ်ပစ်တင်ထားလိုက်မိသည်။

ဖြစ်ချင်တော့..အတွေးများနှင့်မောလျစွာအိပ်ပျော်မိသွားစဥ် ခြင်ထောင်အရှေ့ဘက်တွင် ချည်ထားသည့် ကြိုးတချက်က မတော်တဆပြတ်၊ နှိုးစက်နာရီက လျောကျသွားပြီး ကိုယ်တစောင်းအိပ်နေရာ နားနှင့်ကပ်လျက်သို့ ရောက်ရှိလာပုံရသည်။

နံနက်လေးနာရီထိုးမှ အချက်ပြ alarm အသံက နားတည့်တည့်မှာ ထမြည်လေရာ အဆင်သင့်ပင် လန့်ဖြန့်ပြီး အတိအကျ နိုးလျမိတော့သည်။

အဲဂျာသည် ကိုယ်ထွက်ခွာလာသည့်အချိန်တိုင်...အိပ်ရာမှ ထမနှုတ်ဆက်။ သူမသည် နှုတ်ဆက်လိုခြင်းထက် ညကတည်းကပင် အသံတိတ်ချစ်ခြင်းကိုပေးခဲ့လေပြီး စို့နင့်မျက်ရည်ကို ခေါင်းအုံးနှင့်သာမိတ်ဆွေဖွဲ့နေလေသည်လား။ ဆင်နင်းလို့တောင်မနိုးအောင် အိပ်ပုတ်ဖြစ်နေသလားမပြောတတ်။

မူဆယ်မှ...လားရှိုး...သီပေါ... ပြင်ဦးလွင်..မန္တလေးအထိ တောက်လျှောက် အထက်မှ အောက်ပြည်သို့ ပြန်ဆင်းသည့် ကားစီးလာရင်း ..တောင်တန်းတို့နှင့်ဝေးလေလေ၊ ရင်မှာ လေဟာနယ်ရပ်ဝန်းတခုလိုက ကျယ်ပြန့်သွားလေလေ.. ။

"မင့်..ကောင်မလေးနဲ့ရည်းစားမဖြစ်ခဲ့ဖူးလား"

လာရင်း..တွေ့သိနေသော ယောက်ဖဝမ်းကွဲက မေးသည်။

"ဆက်နေခွင့်ရရင်တော့ ဖြစ်မယ်ထင်တယ်၊ ဒါပေမဲ့ ပညာရေးတပိုင်းတစစီနဲ့လည်းဖြစ်၊ အားလုံးမျက်နှာတွေကလည်းရှိ၊ ကိုယ့် ကိုယ်ကျင့်တရားအတွက်ကော..စည်းစောင့်ခဲ့ပါတယ်၊ မေ့လို့တော့ မရသလို ဖြစ်နေတယ်ဗျာ.."

ကိုယ့်မျက်နှာမသာယာမှုကြောင့် သူလည်းထပ်မမေးတော့။

မန္တလေးသို့ နေဝင်ဖျိုးဖျအချိန်တွင်မှ ဆိုက်ကားမဟုတ်သော ကားဆိုက်ဝင်သည်။

မန္တလေးဘူတာကိုရောက်တော့
နွားရိုင်းသွင်းချိန်မမြည်..၊ ရထားထွက်လတ္တံအချိန်။

ကမန်းကတမ်း လက်မှတ်အပြေးဝယ်၍ ရန်ကုန်သို့ အပြန်ခရီး အားချင်းဆက်နှင်ခဲ့ကြသည်။
မန္တလေးမှာ ညအိပ်လျှင် တည်းခိုစရိတ်ထောင်းမည်လေ။

ရန်ကုန်သို့ မနက်ပိုင်းပြန်ရောက်သည်။
ထိုမှ မှော်ဘီပြန်ရောက်သောအခါ နေ့လယ်နှောင်းပိုင်းဖြစ်နေချေပြီ။

..............................................

(၂၃)

"ဟလို....ကိုကိုပါ၊ မှော်ဘီကိုကောင်းမွန်စွာ ပြန်ရောက်ပါတယ်..အန်တီ၊ အဲဂျာကော နေကောင်းရဲ့လား.."

ကိုယ်သည် မိမိမြို့နယ် ပြည်သူပိုင်ဖုန်းဆက်ရာနေရာသို့ သွားရောက်ကာ
မူဆယ်အိမ်ကို လှမ်းပြီး ဆက်သွယ်မိသည်။ လာရောက် ဖုန်းကိုင်သည်က အန်တီဖြစ်နေသည်။

"အဲဂျာက..ဘေးအိမ်မှာ..တီဗွီ သွားကြည့်နေတယ်"

ထိုခေတ်သည် အိမ်တိုင်းစေ့ တီဗွီမရှိသော အခြေအနေ။ ထို့ကြောင့် လူငယ်ပီပီ စိတ်အပန်းပြေကြည့်ချင်ရှာ၍ တီဗွီရှိရာအိမ်ကိုသွားလိမ့်မည်။
ယခင်ကလည်း သွားကြည့်နေကျပဲဟုသာ နားလည်ပေးလိုက်ပါသည်။

..............................................

(၂၄)

ဖုန်းထပ်မဆက်ဖြစ်တော့ပါ။
ခဏခဏ ခေါ်နေလျှင် အဆင်မပြေ။

တဖက်မှာက အဝင်ဖုန်းလာလျှင်ပင် ငွေပေးပြောရသည်ကြောင့် အဲဂျာနှင့်မတွေ့ဘဲ အန်တီနှင့်သာဆုံပါက အားနာရဦးမည်။
အရေးအကြောင်းမှာလည်း အခြားကိစ္စက
ထွေထွေထူးထူးမှ မရှိသည်လေ။

ညဆိုလျှင်တော့
ခုနစ်စဥ်ကြယ်ကိုဖြင့် လှမ်းငေးမိပါသည်။
အဆိုတော် ထူးအိမ်သင် သီချင်းထဲကလို
'သူလည်းပဲကိုယ့်လိုများ.. ယောင်ယမ်းတမ်းတနေမလား'ပေါ့။

..............................................

(၂၅)

အဲဂျာဆီကို သူမ အမှာပါးခဲ့သည့် မိုးမိတ်လိပ်စာအတိုင်း စာလှမ်းရေးဖို့သာ စဥ်းစားမိသည်။

နယ်ကို စာရေးပြီးပို့လျှင် စာတိုက်ဆက်သွယ်ရေးက တပတ်ကျော်မျှ ကြာတတ်သည်။ ကိုယ်အခုချိန် ပို့ထားလျှင် အဲဂျာမှာ မူဆယ်ကနေ မိုးမိတ်ပြန်ရောက်ချိန်တွင် သူမအိမ်ဆီသို့ စာကရောက်နေပေလိမ့်မည်။

မည်သူမှ ကြားဝင်မဖတ်ပါစေနှင့် ဆန္ဒပြုကာ စာတစောင်ရေးပို့လိုက်သည်။

မိမိနဲ့သာ ပုဂ္ဂလိကသက်ဆိုင်တဲ့စာဆိုတာ.. ကြားလူဝင်ဖတ်ရင် ရယ်စရာ၊ သက်ဆိုင်သူချင်းမှ ခံစားစရာလေ။

စာလွှာထဲတွင်တော့..
အဲဂျာ၏ ပူစီနံသုတ်ကို တသက်တာစားဖို့
သူမလက်ရာကို အမှတ်ရနေကြောင်း၊
နောင်တနှစ် မူဆယ်မှာ ခုနစ်စင်ကြယ်ကို အတူပြန်လာ ကြည့်ဖို့ကြိုးစားကြရေးနှင့် စာအဆက်အသွယ်မပြတ်ရှိနေရန် ပါဝင်လေသည်။

သို့သော်...
ကံကြမ္မာသည် လိပ်စာကျက်သွားသောသူမ၏ ပြန်စာကို ဖန်မလာခဲ့ပါ။

..............................................

(၂၆)

အချိန်ကားမကြာလိုက်ပါ။

မူဆယ်က ဦးလေးသည် မှော်ဘီသို့ရောက်လာရပြန်သည် ။
ကိုယ်တို့ဇာတိမြေမှာပင် အဘွားခမျာ လူကြီးရောဂါဖြင့် ခေါင်းချသွားသည်ကြောင့် ဖြစ်သည်။

ဦးလေးက အိမ်ကိုလာရင်း..

"မင့်.. အဲဂျာတော့ မျှော်မနေနဲ့တော့၊
အိမ်ထောင်ကျသွားပြီ ကွ "

အဖေ့ရှေ့မှာဖြစ်ခြင်းကြောင့် မည်သူနှင့်လဲဟု ကိုယ်ထပ်မေးမနေတော့။ ထထွက်ခဲ့မိသည်။
ဦးလေးသည် ကိုယ်တို့အကြောင်းအရိပ်အမြွက်ကို အန်တီ့ဆီကသိခဲ့သလားမပြောတတ်။
သူကတော့ စနောက်ပြီး ကိုယ့်ကိုအသိပေးမှာမဟုတ်တော့သေချာသည်။ သူ့ဗီဇကိုကိုယ်သိသည်။

သြော်...အဲဂျာ...အဲဂျာ။
အရွယ်ကောင်းလေးရှိသေးသည်။
ငယ်သေးလှပါသည်။
ကိုယ့်အပေါ်
စိတ်ကစားပြီး ဘရိတ်သွားလေသည်လား။

အချစ်သည်.. အနေမနီးတော့လျှင် စိတ်ပင်မရှည်နိုင်တော့ဘဲ နှလုံးသားခြင်းပါ ဝေးကွာစေဖို့ ဖန်တီးတတ်ပါသလား။

မေးခွန်းများကိုအဖြေရှာသောအခါ လူတိုင်းသည် ခွဲခွာရဖို့သာ ဆုံဆည်းရခြင်းမည်ကြောင်း တခါက ဝယ်ယူခဲ့မိသည့် ဆရာ နန္ဒသိန်းဇံ ၏ဖြေဆည်ရာ စာအုပ်ထဲကလိုသာ ဒဿနထုတ် စိတ်ဖြေရ၏။
ထို့ကြောင့် လောကဖြစ်ရပ်များသည် ထူးသယောင်ရှိလျှင်တောင် ဆန်းသည်မဆိုသာချေ။

ဒါပေသိ..
မူဆယ်မှာနေခဲ့စဥ်က နံဘေးနေအိမ်မှလူ၏ မျက်နှာကိုမူ ကံအကြွေးမကြေ
သလိုနှင့် ကွက်ခနဲ တဖန်ပြေးမြင်မိပြန်သေး၏။

..............................................

(၂၇)

ဘဝထဲတွင်
ခုနစ်စဥ်ကြယ်ကို အတူတူ ငေးကြည့်ခဲ့သူရှိဖူးပါသည်။
မိတ်ဆွေတို့ဘဝမှာလည်း...သံယောဇဥ်ဖွဲ့မိရာ တယောက်သော ချစ်သူနဲ့ ခုနစ်စဥ်ကြယ်ကို ငေးကြည့်ခဲ့ဖူးကြပါသလားခင်ဗျား။

မည်သို့ပင်ဆိုစေ...။
ကချင်မလေး အဲဂျာသည် ယနေ့တိုင် ရှိလေရာဌာနေရပ်တွင် သူမအတွက် ခုနစ်စဥ်ကြယ်လို lucky -7 သင်္ကေတနှင့် ကံကောင်းခြင်းများရရှိကာ ဘဝအလင်း ထွန်းပနေနိုင်ပါစေသတည်း။

-တော်တော်တည်

မှတ်ချက်။ ။၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် ဤဝတ္တုမူကြမ်းကို စတင်ရေးသားသည်။ ၁၀. ၁၂. ၂၀၂၄ နေ့ ည ၈:၁၃မိနစ်တွင် အချောသတ်ပြီးစီးပါသည်။

Keep Reading