SarPhat Author
အမေရိကတွင် ထိုစစ်ပွဲကို ဗီယက်နမ်စစ်ပွဲဟုခေါ်သည်။ ဗီယက်နမ်တွင်မူ အမေရိကန်စစ်ပွဲဟုခေါ်ကြသည်။
ဗီယက်နမ်၌ ကာလရှည် ကိုလိုနီပြုထားသော ပြင်သစ်ကို အနိုင်တိုက်ခဲ့သည့်
"မြောက်ပိုင်း" ကွန်မြူနစ်တပ်များနှင့် ပြင်သစ်တို့ထံမှ လက်လွှဲယူကာ အမေရိကန် ကျားကန်ထားသည့် "တောင်ပိုင်း"တပ်များ ကြားက သွေးချောင်းစီးစစ်ပွဲပင် ဖြစ်ပေသည်။
စစ်ပွဲတိုင်းကို နှစ်ကြိမ်တိုက်ရသည်။
ပထမအကြိမ်သည် စစ်မြေပြင်၌ ဖြစ်ပြီး
ဒုတိယအကြိမ်မှာ မှတ်ဥာဏ်ထဲတွင်ဖြစ်သည်။
၂၀၁၅ ခုနှစ် ပုလစ်ဇာဆုရ ဗီယက်သမ်း ငုယင်ရဲ့ "the Sympathizer" ဝတ္ထုကို မှီငြမ်းထားပြီး အပိုင်း (၇) ပိုင်းပါသည့် ယခုဇာတ်လမ်းတွဲတွင် ပထမ သုံးပိုင်းကို တောင်ကိုရီးယား ဒါရိုက်တာ ပက်ချန်းဝူ၊စတုတ္ထပိုင်းကို ဘရာဇီး ဒါရိုက်တာ ဖာနန်ဒို မီရဲလိစ့် နှင့် နောက်ဆုံး သုံးပိုင်းကို အင်္ဂလိပ်ဒါရိုက်တာ မာခ့် မန်ဒန်က ရိုက်ကူးထားခြင်း ဖြစ်သည်။
တောင်ပိုင်းတပ်ထဲတွင် နှစ်ဖက်ချွန်သူလျှို လုပ်နေသည့် ပြင်သစ်-ဗီယမ်နမ် ကပြားတစ်ဦး၏ ဇာတ်ကြောင်းပေါ်၌ အခြေခံထားသည်။
ဆိုင်ဂုံမြို့ ကျရှုံးပြီးနောက် အမေရိကန်ကို လိုက်ပါသွားကာ တောင်ပိုင်းဗိုလ်ချုပ်အနားမှနေ၍ အမေရိကန်ရောက် ဗီယက်နမ်အသိုင်းအဝိုင်းကို ထောက်လှမ်းပြီး ကိုယ်ပိုင် ဆန္ဒနှင့် သစ္စာရှိမှုကြား ဗျာများနေသော ဇာတ်လမ်းဖြစ်သည်။
ဗီယက်နမ် စစ်ပွဲနှင့် ပက်သက်၍ ဇာတ်ကားအများအပြားရှိသော်လည်း ယခုလို အရှေ့တိုင်းအမြင်ဖြင့် ထောင့်စေ့အောင် ရိုက်ပြထားနိုင်ခြင်းမှာ ရှားပါး၍ လတ်ဆတ်လှပေသည်။ အရှေ့တိုင်းနှင့် အနောက်တိုင်း၏ ကွာဟပုံ၊ အမေရိကန် အိပ်မက်၊ လက်ဝဲအငွေ့အသက်နှင့် သရော်တော်တော် ဇာတ်ဝင်ခန်းများက မှင်သက်စရာကောင်းနေပါသည်။
ဇာတ်ကောင်ဟာ အမြဲမပြတ် စိတ်နှစ်ခွကွဲနေတတ်ပြီး ထက်မြက်မှု၊ဟာသဉာဏ်ရွှင်မှုနှင့် ကျင့်ဝတ်ရှုပ်ထွေးနေမှုတို့ကြား ရောပြွန်းနေသည်။
ဗီယက်နမ်စစ်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး အမေရိကရောက်လာသည့် ဗီယက်နမ်အသိုင်းအဝိုင်း၏ ဒုက္ခသည်စခန်းရောက်ရပုံ၊နိုင်ငံလွမ်းပုံနှင့် အနောက်တိုင်း ယဉ်ကျေးမှုတွင် တစ်အိအိ အသားကျလာပုံတို့ကို အသေးစိတ်ပြန်လည် ပုံဖော်ထားသည်။
သမိုင်းနောက်ခံ စိတ်ကူးယဉ်ဇာတ်လမ်း၊ ရင်သပ်ရှုမောဖွယ် စပိုင် ဇာတ်လမ်း၊ အတ္တနဲ့ ပိုင်ဆိုင်မှုကြားက ရှုပ်ထွေးခြင်းတို့ကို ပိုမို သိနားလည်ချင်သူတွေအတွက် မကြည့်မဖြစ် ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲတစ်ခုလို့ ပြောပါရစေ။
#Moviereview
#Nonfiction
Keep Reading