Author's Profile Photo

ISHI

8/12/2024

စိတ်အက်ကွဲရာထဲက လေတိုးသံတွေ

15 mins read
Art
Fiction
Creative

(၁)

ဒီနေ့က ကြာသပတေးနေ့။ ကြားရက်ဆိုပေမယ့် ကျွန်တော်တို့တွေ့ဖို့ ချိန်းထားတဲ့ ဈေးဝယ်စင်တာက အမြဲတမ်းလူစည်တယ်။ အဲဒီနေရာကို ရောက်ရောက်ချင်း အပြင်ကို လှမ်းမြင်နိုင်တဲ့ မှန်ပြတင်းအကျယ်ကြီးရှိတဲ့ကော်ဖီဆိုင်မှာ ထိုင်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ ဆိုင်ထဲဝင်၊ ကောင်တာမှာ အမေရိကာနိုတစ်ခွက်မှာ၊ ပြီးတော့ မှန်ပြတင်းရှေ့က ခုံအမြင့်ကြီးမှာ ဝင်ထိုင်တယ်။

ဒီနေရာမှာ အရင်က ဆိုင်တစ်ဆိုင်ရှိခဲ့ဖူးတယ်။ ဆိုင်နာမည်ပြောင်းပြီး မီနူးတွေပြောင်းသွားပေမယ့် နေရာကတော့ အတူတူပါပဲ။ လူတွေကတော့ ပြောင်းလဲသွားတာပေါ့။ ဆိုင်ဝန်ထမ်းတွေ၊ ဧည့်သည်တွေ၊ ဖြတ်သွားဖြတ်လာလူတွေ အကုန်လုံးပြောင်းလဲသွားကြတယ်။ ပြောင်းလဲနေကြတယ်။ အင်း.... ကျွန်တော်ကရော ဘာမို့လို့လဲ။

Waiter အစ်ကိုက ကျွန်တော့်ဘေးမှာ ကော်ဖီခွက်လာချပေးပြီး ပြန်ထွက်သွားတယ်။ သူသာ ကျွန်တော့်ကို ပြုံးပြရင် ပြန်ပြုံးပြလိုက်ဖို့ ကြိုတွေးထားပေမယ့် မမီလိုက်ဘူး။ သူ့မျက်နှာကရော ပြုံးနေရဲ့လား။ ကျွန်တော် သတိမထားလိုက်မိဘူး။

ဒီလို​နဲ့ မှန်ပြတင်းရှေ့မှာထိုင်ရင်း ဖြတ်သွားဖြတ်လာတွေထဲ ရင်းနှီးဖူးတဲ့မျက်နှာတစ်စုံတစ်ရာများ ပါလာလေမလား ကျွန်တော်ငေးမိတယ်။ ကျွန်တော့်ကို မသိတဲ့ပတ်ဝန်းကျင်နဲ့ ကျွန်တော် မသိတဲ့လူတွေ။ ဒီလိုအခြေအနေက ကျွန်တော့်အတွက် သိပ်ကောင်းတဲ့မျှခြေတစ်ခုလို့ထင်တာပဲ။ လူတွေက ကိုယ်နဲ့မရင်းနှီးသေးတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ကျင်လည်ရရင် အထီးကျန်တတ်ကြတယ်။ လူတချို့အတွက်တော့ အထီးကျန်ရတာဟာ သိပ်ဆိုးတဲ့ဝေဒနာတစ်ခုပဲကိုး။ ကျွန်တော့်အတွက်တော့ အဲဒီဝေဒနာက ထင်သလောက် မဆိုးဘူးလို့ ဆိုရမယ်။ ​ကွန်ကရစ်တိုက်အိုတွေပေါ် ရိုက်ခတ်ပြီး ကတ္တရာလမ်းမပေါ်ကို ဖြာကျလာတဲ့ နေ့လယ်ခင်းနေရောင်စူးရှရှကို လေအေးပေးစက်ရှိတဲ့ အခန်းတစ်ခုထဲကနေ အရသာခံကြည့်နေရတာကို အထီးကျန်တယ်လို့ ခေါင်းစဥ်တပ်နိုင်ပါ့မလား။ တစ်ယောက်တည်း သွားလာလှုပ်ရှားနေထိုင်ရတာနဲ့ အထီးကျန်တယ်ဆိုတဲ့ ခံစားချက်ဟာ တူမှမတူတာပဲ။ တခြားစီလို့ကို ပြောလို့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါလေ ကျွန်တော် ဒီအကြောင်းကို ဆက်မတွေးချင်ပါဘူး။

ဘာလိုလိုနဲ့ သူ့ကိုစောင့်နေတဲ့အချိန်အတွင်းမှာ ခပ်လန်းလန်းဝတ်ထားတဲ့ ကောင်မလေးတွေ တစ်ယောက်​ပြီးတစ်ယောက် မကြာခဏဆိုသလို ကျွန်တော့်​အရှေ့ကနေ ဖြတ်သွားတာကို ကျေကျေနပ်နပ် ငေးနေမိတယ်။ သဘောမကျတာတစ်ခုက အဲဒီကောင်မလေးတွေရဲ့ဘေးမှာ ရည်းစားလိုလို ဘာလိုလိုကောင်တွေ ပါလာတာကိုပဲ။ လှတဲ့သူတွေက တခြားသူတွေထက်ပိုပြီး အထီးကျန်တတ်ကြလို့များလားဆိုပြီး ပေါက်ပေါက်ရှာရှာ တွေးလိုက်မိသေး။ သူများရည်းစားကို ပစ်မှားတာတော့ မဟုတ်ပေမယ့် လှလို့ကြည့်မိလိုက်၊ ဘေးကနေ သူတို့ရဲ့ ဘာညာဇယားလေးတွေက ပေါ်လာလိုက်ဖြစ်နေရှာတာ။ ဒီတော့လည်း ကိုယ့်မျက်လုံးကိုယ် ဘရိတ်အုပ်ရတော့​တာပေါ့။ မတော်လို့ မျက်လုံးချင်းဆုံလည်း ပြုံးပြလိုက်ရုံပါပဲ။ ဘာများခက်ခဲတာမှတ်လို့။ များသောအားဖြင့် ကျွန်တော်က ဒီကိစ္စတွေကို ပေါ့ပေါ့ပါးပါးပဲ သဘောထားဖြစ်တာများတယ်။ ပြုံးပျော်နေရမယ့်နေရာလို့ထင်ရင် ကျွန်တော့်ကို တက်ကြွပျော်ရွှင်တတ်တဲ့၊ ပေါက်ကရတွေပြောတတ်တဲ့ လူတစ်ယောက်လို့ မြင်စေရမယ်။ လေးနက်ရမယ့်အချိန်ဆိုရင်လည်း ကျွန်တော်ဟာ ဘယ်သူမှ လာပြောနေစရာမလိုအောင် လေးနက်တည်ငြိမ်ပြီးသား ဖြစ်နေရစေမယ်။ ကျွန်တော့်ကို စော်ကားရင်လည်း ဘယ်လိုနည်းနဲ့မဆို တုံ့ပြန်လိုက်ဖို့အတွက် တွန့်ဆုတ်နေမယ့်သူမဟုတ်ဘူး။ တခါတလေ အတွေးလွန်တတ်တာကလွဲရင် ကျွန်တော်ဟာ လူငယ်ဘဝကို လူငယ်ဆန်ဆန်ခံစားပြီး ရိုးရိုးရှင်းရှင်းပဲ ဖြတ်သန်းလိုက်ချင်တဲ့သူပါ။

နာရီကိုကြည့်တော့ သုံးနာရီဆယ့်ငါးမိနစ်ရောက်လုနီးနီး။ ဒါဆို ကျွန်တော် ဒီ​ကိုရောက်တာ ဆယ့်ငါးမိနစ်လောက် ရှိပြီ။ ကော်ဖီကို ဇိမ်ဆွဲပြီး သောက်နေရင်း ဘယ်လိုအချိန်ဖြုန်းရမလဲစဥ်းစား​နေတုန်း မသိစိတ်ထဲကနေ တစ်ခုခုခံစားမိလိုက်တယ်။ အင်း... ထင်တဲ့အတိုင်းပဲ။ သူရောက်လာပြီ။ ရွေ့လျားနေတဲ့ လူအုပ်ကြီးထဲကနေ သူ တရွေ့ရွေ့တိုးထွက်လာတယ်။ ဆံပင်အမြီးတွေပိုချွန်ပိုရှည်လာတာနဲ့ မျက်နှာထားမသိမသာပြောင်းသွားတာကလွဲရင် သူ့ကိုကြည့်ရတာ အရင်အတိုင်းပဲ။ အစင်းကြောင်းပါတဲ့ ယောက်ျားဝတ်ရှပ်အပြာနုလက်တိုအောက်မှာ အဖြူရောင်တီရှပ်ခပ်ပါးပါးတစ်ထည်ခံဝတ်ထားတယ်။ ခရင်မ်ရောင်စတိုင်ပင်ဘောင်းဘီအနားစတွေက သူ့ရဲ့ ရှူးဖိနပ်ပေါ် အိတွဲ့ပြီးပုံကျနေတယ်။ သူ့အသားအရောင်က ခပ်ညိုညိုဆိုတော့ ရုတ်တရက်ဆိုရင် ​လူအုပ်ကြားထဲမှာ သူက ရောထွေးပြီး ပျောက်နေတတ်တယ်။ ကျွန်တော့်နေရာမှာ တခြားလူတစ်ယောက်သာဆိုရင် သူ့ပုံစံကိုမြင်​တာနဲ့ မျက်လုံးထဲ စွဲကျန်နေခဲ့မှာမဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော် သူနဲ့ ပထမဆုံးစကားပြောပြီးကတည်းက လူအုပ်ကြီးထဲကနေ တိုးထွက်လာတဲ့၊ လူအုပ်ကြီးထဲကို တိုးဝင်သွားတဲ့သူ့ကို မြင်တိုင်း သူက အဲဒီလူအုပ်ကြီးနဲ့ မသက်ဆိုင်ဘဲ ဒီအတိုင်း သီးခြားဖြစ်တည်နေသလိုမျိုး ခံစားနေရတော့တာ။ သူက ကော်ဖီဆိုင်ထဲထိုင်နေတဲ့ ကျွန်တော့်ကိုမြင်တော့ ခေါင်းကို ခပ်ဆတ်ဆတ်ညိတ်ပြတယ်။ သူလာခဲ့မယ်ပေါ့။ လှုပ်ရမ်းသွားတဲ့ သူ့ဆံပင်အမြီးချွန်ချွန်တွေကို ရိပ်ခနဲမြင်လိုက်ရတော့ ငယ်ငယ်က မြိုင်ရာဇာတွတ်ပီကာတွန်းထဲ ပါဖူးတဲ့ ဖြူကောင်တွေကို သွားသတိရတယ်။

သူက ဆိုင်ထဲဝင်ဝင်ချင်း ကျွန်တော့်ကို လျစ်လျူရှုပြီး ကောင်တာမှာ မုန့်သွားမှာတယ်။ တခြားသူသာဆို လူမှုရေးနားမလည်ဘူးဆိုပြီး ကျွန်တော့်စိတ်ထဲ တိတ်တိတ်လေး အမှတ်လျှော့လိုက်မှာ။ တစ်ဖက်လူက သူဖြစ်နေလို့သာပေါ့။ သူမှာစရာရှိတာတွေ အကုန်မှာပြီးမှ ကျွန်တော့်ဘေးမှာ လာဝင်ထိုင်တယ်။ သူ့ထုံးစံအတိုင်း ကျွန်တော့်မျက်လုံးကို တည့်တည့်ကြည့်ပြီး ပြုံးပြတယ်။

"မတွေ့တာကြာပြီနော်"

တဲ့။ ကျွန်တော်ရယ်ပြီး ခေါင်းညိတ်ပြနေတုန်း သူ့လက်ထဲက ထီးကောက်ကို ကျွန်တော်တို့ကြားက နေရာလပ်တစ်ခုမှာ ချိတ်လိုက်တာကို သတိထားမိတယ်။

"ဆောရီးပါ ဒီနေ့ သင်တန်းလွှတ်တာ နည်းနည်းနောက်ကျလို့... အကြာကြီးစောင့်လိုက်ရလား"

"ရတယ် အေးဆေး.... တမင်စောစောထွက်လာတာ"

"ဘယ်တုန်းက ပြန်ရောက်လဲ"

"တစ်ပတ်လောက်တော့ရှိပြီ"

သူက "ဪ" တစ်လုံးတည်းပြောပြီး ဘာမှဆက်မပြောတော့ဘဲ အပြင်ကို ငေးနေတယ်။ သူ ဒီနေရာကိုကြိုက်မှန်း ကျွန်တော်သိတယ်။ ကျွန်တော် အလုပ်ကိစ္စနဲ့ နယ်ကိုရောက်နေတဲ့အချိန်တုန်းက Messenger ကနေ ကျွန်တော့်ကိုပို့ပေးတဲ့ ပေါက်ပန်းလေးဆယ်ပုံတွေထဲမှာ ဒီနေရာကနေ အပြင်ကိုငေးကြည့်ရင်း ရိုက်ထားတဲ့ပုံတွေက လေးပုံတစ်ပုံလောက်ရှိတယ်။ ကျန်တဲ့ လေးပုံနှစ်ပုံက သူလျှောက်သွားရင်း တွေ့တဲ့ဟာမှန်သမျှကို လျှောက်ရိုက်ထားတဲ့ပုံတွေ၊ နောက်ထပ်တစ်ပုံက သူစားသမျှ အစားအသောက်ပုံတွေ။

"ဒီအင်္ကျီပဲ ဝတ်လာပြန်ပြီ"

ကျွန်တော့်စကားကြောင့် သူ မဆိုစလောက်ကလေး မျက်မှောင်ကြုံ့သွားတယ်။ ကျွန်တော်က စားပွဲခုံပေါ် တံတောင်ထောက်ရင်း သူ့ကို မျက်စိမှေးပြီး ပြန်ကြည့်တယ်။ သူ့ကို ရန်မစရတာကြာတော့ စိတ်ထဲမှာ ခုမှ နည်းနည်းကျေနပ်သွားသလိုလို။ တကယ်လည်း အပြာနုရောင်ရှပ်အပေါ်က အဖြူရောင်အစင်းပါးပါးတွေပါတဲ့ အဲဒီအင်္ကျီကို ကျွန်တော် မျက်စိဆံပင်မွေးစူးနေတာ ကြာလှရှိပြီ။

"ဘာရယ်တော့မဟုတ်ပါဘူး ဒီလိုပဲ ဗီရိုဖွင့်လိုက်တိုင်း အဲဒီအင်္ကျီကို လက်ကအလိုလိုရောက်သွားတာ"

သူက ကျွန်တော့်ကို တစ်ချက်ကြည့်ပြီး တစ်ခွန်းတည်း ပြန်ပြောတယ်။ အပြင်ကို ကြည့်နေတဲ့သူ့ကို ကျွန်တော် တအောင့်ကြာအောင် ငေးနေမိသေးတယ်။

"အင်းပေါ့ ရာသီဥတုကလည်း ပူတာကိုး အဲဒီအင်္ကျီကလည်း ဝတ်လို့ကောင်းမယ်ထင်တယ်"

​စကားဖာတဲ့အနေနဲ့ ဝတ်ကျေတန်းကျေပြောပြီး ကော်ဖီတစ်ငုံ ငုံ့သောက်လိုက်တယ်။ သူ အဲဒီအင်္ကျီကို သူ့ရည်းစားဟောင်းဆီက လက်ဆောင်ရထားမှန်း ကျွန်တော်သိပါတယ်။ အဲဒါတင်မကဘူး။ သူတို့ရဲ့ စိတ်မကောင်းစရာ တစ်ခန်းရပ်ဇာတ်သိမ်းကိုရော၊ ဒီနှစ်တွေအတွင်း သူကြုံဆုံခဲ့ရသမျှ အကောင်းအဆိုးကိစ္စအဝဝကိုပါ ကျွန်တော် အကုန်သိနားလည်ထားပြီးသားပါ။ ဒါပေမယ့် တစ်ယောက်ယောက်ကို မုန်းရင် အသံတောင်မကြားချင်လောက်အောင်၊ နာမည်တောင် မမြင်ချင်လောက်အောင် ထိလွယ်ရှလွယ်တဲ့သူတစ်ယောက်​ဟာ သူ့ကို အဲဒီလိုအခြေအနေဖြစ်အောင် တွန်းပို့ခဲ့တဲ့သူတစ်ယောက် လက်ဆောင်ပေးခဲ့တဲ့ အင်္ကျီကိုမှ အကြိမ်ကြိမ်ဆက်ဝတ်နေစရာလား။ အင်္ကျီကလည်း ဘာမှကောင်းကောင်းကန်းကန်းမဟုတ်ဘူးထင်တာပဲ။ လက်ဆောင်ပေးတဲ့တစ်ယောက်က သူကိုယ်တိုင် မဝတ်ရသေးတဲ့ အင်္ကျီတွေထဲက နှစ်ထည်ကို စိတ်ကြိုက်ရွေးခိုင်းတယ်။ သူက အဲဒီထဲက အဖြူရောင်တစ်ထည်၊ အပြာရောင်တစ်ထည်ကို ရွေးယူတယ်။ သူအဝတ်များတာက အပြာရောင်အင်္ကျီ။ အဖြူရောင်အင်္ကျီကိုလည်း သူ ဝတ်တော့ဝတ်ပေမယ့် အဲဒီလောက်မတွေ့ရတတ်ဘူး။ ကျွန်တော် အစကတော့ သူများကိစ္စကို အဲဒီလောက်စိတ်မဝင်စားပေမယ့် သူ ဘယ်သွားသွား အဲဒီအင်္ကျီနဲ့ပဲ မြင်ရပါများလာတော့ သိချင်စိတ်ဖြစ်လာမိတယ်။ မေးတော့ မမေးသင့်ဘူးထင်ပါရဲ့လေ။

ကြောင်တောင်တောင်ဖြစ်စရာ တိတ်ဆိတ်မှုအကြားမှာ နေမထိထိုင်မသာဖြစ်နေတုန်း သူမှာထားတဲ့ အက်စ်ပရက်ဆိုကော်ဖီနဲ့ ချိစ်ကိတ်ကို Waiter အစ်ကိုက အချိန်ကိုက်လာချပေးတယ်။ ဆိတ်ငြိမ်မှုကို ဖြိုခွဲဖို့အတွက် ဘာလုပ်ရင်ကောင်းမလဲဆိုတာကို စဥ်းစားကြည့်ရင်း စချင်နောက်ချင်လာတဲ့အတွေးက တန်းပေါ်လာပေမယ့် သူ့ရဲ့ မျက်နှာရိပ်မျက်နှာကဲကိုလည်း ကြည့်ရသေးတယ်။ ကျွန်တော်က တစ်ယောက်ယောက်ကို ချစ်ခင်ရင် စချင်၊ နောက်ချင်၊ ချွဲချင်တယ်။ အနိုင်ကျင့်ချင်တယ်။ အဲဒါက ကျွန်တော့်ရဲ့ ပင်ကိုယ်ဉာဥ်တော့ မဟုတ်ဘူး။ အစပိုင်းမှာ ကျွန်တော့်ကြောင့် တစ်ဖက်လူ နေရခက်​မှာကို စိုးရိမ်လို့ ရေခဲနံရံကို စခွဲတဲ့သူအနေနဲ့ သရုပ်ဆောင်ခဲ့ရာကနေ အချိန်တွေကြာလာတော့ အဲဒီစရိုက်က ကျွန်တော့်ရဲ့ သရုပ်တစ်ခုလို ဖြစ်လာတော့တာပဲ။ သူက ကျွန်တော် သူ့ရှေ့မှာ ဘယ်လိုနေနေ ဘာမှတော့ မပြောပေမယ့် သူနဲ့ မျက်လုံးချင်း တေ့တေ့ဆိုင်ဆိုင် ဆုံမိရင် ကျွန်တော့်စိတ်ထဲ လိပ်ပြာမလုံသလို ခံစားလာရတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဟန်ဆောင်စရာမလိုတဲ့ ဆက်ဆံရေးကို ကျွန်တော် ပိုသဘောကျပါတယ်။

"ဟိုတစ်ခါပို့တဲ့ပုံထဲက ချိစ်ကိတ်က ဒီဆိုင်ကလား"

သူက ကိတ်တစ်ဖဲ့ ယူစားရင်း ကျွန်တော့်ကို ခေါင်းညိတ်ပြတယ်။ ပြီးတော့ စားကြည့်မလား ဆိုတဲ့သဘောနဲ့ ကျွန်တော့်ရှေ့ကို အသာတွန်းပို့ပေးတယ်။ ကျွန်တော် ခေါင်းခါပြလိုက်တယ်။ သူက ဘာစားစား တစ်ယောက်တည်းပဲ အကုန်စားချင်တာကို ကျွန်တော် သိပြီးသား။ ဒါနဲ့ မတွေ့တာကြာတဲ့သူနှစ်ယောက် ပြန်တွေ့ကြတဲ့အခိုက်အတန့်မှာ စကားမပြောဘဲ ခေါင်းညိတ်ခေါင်းခါပဲ လုပ်နေရတာကို ပုံမှန်အခြေအနေတစ်ခုလို့ မခံစားရဘူး။

"မင်းပျောက်သွားတာ အတော်တောင်ကြာပြီနော်"

ကျွန်တော် ပျောက်နေတာကို သူသတိထားမိတဲ့အတွက် စိတ်ထဲ ကြံဖန်ပြီး ကျေနပ်မိသလိုလို။

"ငါပြောတာကြားရဲ့လား"

"အင်း... ကြားပါတယ်"

"ငါမင်းကို ပြန်မတွေ့ရတော့ဘူးလို့တောင် ထင်နေတာ"

သူနဲ့ ကျွန်တော် နောက်ဆုံးစကားပြောခဲ့တာ လွန်ခဲ့တဲ့သုံးလလောက်က ဖြစ်လိမ့်မယ်ထင်တယ်။ ဪ... ဒါနဲ့ ပြောပြရဦးမယ်။ သူနဲ့ ကျွန်တော့်ကြားမှာ တခြားသူတွေ မမြင်တွေ့နိုင်တဲ့ ကြိုးတစ်ချောင်းရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ခေါင်းစဥ်တပ်လို့ရတဲ့ စကားလုံးမျိုးလည်း ကျွန်တော်ရှာမတွေ့ဘူး။ အဲဒါက အကြောင်းရင်းတစ်ခုရယ်လို့ မယ်မယ်ရရမရှိဘဲ သူက သူဖြစ်နေလို့ကို အဲဒီလိုခံစားနေရတယ်မှတ်တာပဲ။ သူလည်း ကျွန်တော့်အပေါ် အဲဒီလိုပဲ ခံစားရလိမ့်မယ်ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဆက်နွယ်မှုက ထူးဆန်းလွန်းလို့ ကျွန်တော်ကိုယ်တိုင်တောင် နားမလည်တဲ့အခြေအနေတွေ အများကြီးရှိတယ်။ ဘယ်လိုပြောပြရင် ကောင်းမလဲ။ ဒီ​ကမ္ဘာပေါ်က တခြားလူတွေအားလုံးထက် ပိုပြီးရင်းနှီးကျွမ်းဝင်တယ်လို့ထင်ရပေမယ့် တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ကိုယ်မှာ အလွှာတစ်လွှာ ဖုံးအုပ်နေသလိုမျိုး။ ဒါကလည်း ပုံမှန်လို့ထင်ပါတယ်။ တစ်ဖက်လူကို ရာနှုန်း​ပြည့်နားလည်နေတဲ့ ဆက်ဆံရေးဆိုတာ လုံးဝမရှိနိုင်ဘူးမဟုတ်လား။ မိဘနဲ့ သားသမီးကြားမှာတောင် တစ်ယောက်ကိုတစ်ယောက် အပြည့်အဝ နားလည်ပေးနိုင်တာမှမဟုတ်တာ။ သူနဲ့ ကျွန်တော်လည်း တခါတလေတော့ တွန်းတိုက်ထိခိုက်မိတဲ့ အခြေအနေတချို့ ရှိတတ်တာပေါ့။

ကျွန်တော်က အဲဒီလိုမျိုး သူ့ကို ပြောပြတော့ သူက အက်စ်ပရက်ဆိုခွက်ကိုကိုင်ရင်း ငြိမ်ငြိမ်လေးစိုက်ကြည့်နေတယ်။ ပြန်မပြောနားမထောင် ထုံပေပေရုပ်နဲ့ဆိုတာ ဒါမျိုးကို ခေါ်သလား။ ဒါမှမဟုတ် သူ တစ်ခုခုကို အာရုံစိုက်နေရင် အဲဒီလိုပဲလား။ သူ အာရုံစိုက်နေတာက ကျွန်တော့်စကားတော့ ဟုတ်ချင်မှဟုတ်လိမ့်မယ်ဆိုတဲ့ အချက်က ကျွန်တော့်ကို အားမလိုအားမရဖြစ်လာအောင် ကလိပေးနေသလို ဖြစ်နေတာတော့ အမှန်ပဲ။

"ကြည့်ရတာ ငါ စကားတွေအရမ်း​များမိသွားပြီနဲ့တူတယ်"

"ရပါတယ် ကိစ္စမရှိပါဘူး"

သူ့အသံက တိုးတော့ ကျွန်တော် မနည်းအားစိုက်နားထောင်ရတယ်။ ခဏနေတော့ ကျွန်တော်တို့ကြားမှာ တိတ်ဆိတ်မှုက ပြန်ပြီးကြီးစိုးသွားပြန်တယ်။ အဲဒီအချိန်မှာ လူလေးယောက် ဆိုင်ထဲကို ဝင်လာကြတယ်။ သူတို့ရဲ့ ရယ်သံတွေ၊ စကားသံတွေဟာ ကော်ဖီဆိုင်ထဲက သီချင်းသံတွေနဲ့ တသားတည်းဖြစ်ပြီး ဆူညံသံတစ်ခုအနေနဲ့ ပေါင်းစည်းသွားတယ်။ ကျွန်တော်တို့တွေ ဘာစကားမှ မပြောဘဲ ငြိမ်ငြိမ်ကလေး ထိုင်နေကြတုန်းပဲ။

ခွက်ထဲမှာ တစ်ဝက်လောက်ကျန်နေသေးတဲ့ အမေရိကာနိုကို သောက်ရင်း အပြင်ကို ဆက်ငေးမိနေတယ်။ ကျွန်တော် ဘယ်အချိန်အထိ ဒီမှာ ဆက်ရှိနေဦးမလဲ။ ဘာတွေနဲ့ ကြုံတွေ့ရဦးမလဲ။ ဘဝဆိုတာက မရေရာခြင်းတွေနဲ့ ဖွဲ့စည်းထားတာဆိုတဲ့အချက်ကလွဲရင် ဘာတစ်ခုမှ မသေချာဘူး။ကျွန်တော်လွှတ်ချခဲ့တဲ့ လက်တွေ၊ ကျွန်တော့်ကို လွှတ်ချခဲ့တဲ့ လက်တွေ၊ ကျွန်တော်တို့ လွှတ်ကျခဲ့တဲ့အရာတွေဟာ အချိန်အတိုင်းအတာတစ်ခုထိ ဒီကောင်းကင်ကြီးအောက်မှာ အတူတူရှင်သန်နေကြရဦးမှာပဲ။ အရင်ကတော့ ကျွန်တော့်ကိုယ်ကျွန်တော် လမ်းပျောက်နေတဲ့ ကြောင်တစ်ကောင်လို ထင်မှတ်မှားခဲ့ဖူးတယ်။ ကျွန်တော့်ကို လိုအပ်တဲ့၊ ကျွန်တော်ကလည်း လိုအပ်တဲ့ ပိုင်ရှင်တစ်ယောက်၊ လက်တစ်စုံကို ရူးရူးမူးမူးရှာဖွေခဲ့ဖူးတဲ့ ကြောင်လေကြောင်လွင့်တစ်ကောင်ပေါ့။ နောက်ဆုံးတော့လည်း ကျွန်တော့်လက်သည်းတွေကြောင့် မေတ္တာနဲ့ ကမ်းတဲ့လက်ဖဝါးလေးတွေမှာ သွေးစက်တွေ ရဲရဲနီလို့။ သူတို့ရဲ့သွေးစက်တွေဟာ ကျွန်တော့်ကိုယ်ပေါ်ကိုလည်း တစက်စက်ကျလို့။ အရောင်စွန်းနေတဲ့မေတ္တာတွေအတွက် ကျွန်တော် ဘယ်လိုခံစားခဲ့ရသလဲဆို​တာ သိပ်တော့ မသေချာခဲ့ပေမယ့်၊ သူအခုဝတ်ထားတဲ့ အပြာနုရောင်ရှပ်အင်္ကျီရင်ဘတ်ပေါ် မသိမသာစွန်းကျန်နေတဲ့ အဝါရောင်ဆီကွက်လေးလို ဘာဆပ်ပြာနဲ့ ဘယ်လောက်ပဲ တိုက်ဆေးပါစေ မပြောင်နိုင်တဲ့ အစွန်းအထင်းတွေအဖြစ် ကျွန်တော့်ဘဝထဲ ကျန်နေခဲ့မှာကို​တော့ ငြင်းပယ်လို့ မရနိုင်လောက်ပါဘူး။ ဟော... ကြည့်... ကျွန်တော် ဒီအင်္ကျီကိုပဲ အာရုံရောက်နေပြန်ပြီ။

"ငါမသွားခင် မင်းကို အင်္ကျီတစ်ထည်လောက် ဝယ်ပေးခဲ့ဦးမှပါ"

ဒီစကားကို ဘာအရူးထပြီး ပြောမိတယ်မသိဘူး။ ပြောပြီးကာမှ နောင်တရလာတယ်။ သူကတော့ မညီမညာထွက်နေတဲ့ သွားတက်နှစ်ဖက်ကိုပေါ်အောင် ရယ်ပြီး ကျွန်တော့်ကို ကြည့်ရင်းနဲ့

"ဒီတစ်ထည်တောင် ဘယ်လောက်ဝတ်ဝတ် မဟောင်းနိုင်သေးလို့ စိတ်လေနေပါတယ်ဆို" တဲ့။

"မမြင်ချင်ရင် မမြင်နိုင်တော့အောင် လုပ်လို့ရနေတာပဲ စိတ်အပင်ပန်းခံပြီး ဝတ်နေစရာမလိုပါဘူး မင်းက တကယ့်သောက်ဂွပဲ... မင်းဘဝထဲကနေ တစ်ယောက်ယောက်ကို နှင်ထုတ်ဖို့ ပလစ်လိုက်ဖို့အတွက်ကျ နှစ်ခါမတွေးဘူး အနာခံပြီးကို ဆွဲထုတ်ပစ်တယ် ဘာမဟုတ်တဲ့ အင်္ကျီလေးနှစ်ထည်ကိုကျ စိတ်အပင်ပန်းခံပြီး ဝတ်နေသေးတယ် ဒါကျ မလွှင့်ပစ်ရက်ဘူးပေါ့ ဟုတ်လား"

ဒါလည်း သူက ရယ်ဖြဲဖြဲမျက်နှာနဲ့ ကျွန်တော့်ကို ကြည့်နေတုန်းပဲ။ အဲဒီမှာတင် သုံးလလောက် အောင့်အည်းမြိုသိပ်ခဲ့ရတဲ့ စကားလုံးတွေက ကျွန်တော့်ရင်ထဲကနေ ခုန်ပေါက်ပြီး ဆင်းချလာပြီ။

"ဒါပေမယ့် ငါ့ကိုကျတော့ မင်းဘဝထဲကနေ ဆွဲထုတ်ရက်တယ်မဟုတ်လား.... မင်းပြောခဲ့တယ်လေ တကယ်တော့ မင်းက ငါ့ကို မလိုပါဘူးတဲ့ ငါက မင်းအတွက် Doppleganger တစ်ယောက်လိုပဲဆို.... တခါတလေမှာ ငါ့စကားတွေက မင်းရဲ့စိတ်ကို ထွင်းဖောက်မြင်နေရသလို ခံစားရစေလို့ ငါ့ကိုကြောက်မိတယ်ဆိုပဲ.... ငါပြောပါဦးမယ် မင်းကြောက်တော့ရော ငါက ဘာလုပ်ပေးရမလဲ ဒီဘဝမှာ မွေးဖွားလာရတာကိုက ဒီလိုဖြစ်လာဖို့ ကံပါလာပြီးသားပဲမဟုတ်လား.... မင်းဟာ ငါနဲ့ဝေးဝေးနေဖို့ ဆုံးဖြတ်ပြီး မင်းရဲ့အရှိတရားကို ပြောင်းလဲပစ်ဖို့ ကြိုးစားမယ်ဆိုရင်တောင်မှ မင်းရဲ့ ကိုယ်ထဲမှာရှိနေတဲ့ ငါ့ရဲ့ပုံရိပ်ကို လုံးဝပျောက်ပျက်သွားအောင် လုပ်နိုင်မှာမဟုတ်ဘူး ငါပြောတာ အရမ်းရှုပ်သွားလား ငါဆိုလိုချင်တာကကွာ မင်း ငါ့ကို ဘယ်လောက်ပဲမုန်းနေပါစေ ငါမရှိသလိုသတ်မှတ်ပြီးနေဖို့ လုံးဝမဖြစ်နိုင်ဘူးဆိုတာပါပဲ"

သူက ပြုံးတုံ့​တုံ့မျက်နှာပေးနဲ့ အငွေ့နည်းနည်းထနေသေးတဲ့ ကော်ဖီခွက်ကို လက်နှစ်ဖက်နဲ့ကိုင်ပြီး ဆက်သောက်နေတယ်။ ကျွန်တော့်ကို တစ်ချက်မှ မကြည့်။ တစ်ခွန်းမှပြန်မပြော။ လွန်ခဲ့တဲ့သုံးလက သူနဲ့ကျွန်တော် အကြီးအကျယ် စကားများတယ်။ အဲဒီစကားများရန်ဖြစ်မှုရဲ့ အဆုံးသတ်အနေနဲ့ ကျွန်တော့်ကို လွှတ်ချဖို့ သူဆုံးဖြတ်ခဲ့တယ်လေ။ တစ်ဂူတည်းမှာ ခြင်္သေ့နှစ်ကောင် မအောင်းဘူးလို့ သူ​ပြောခဲ့ဖူးသလို သူ့အကြောင်း သိပ်သိနေတဲ့သူ၊ သိပ်နားလည်နေတဲ့သူတစ်ယောက်ရှေ့မှာ သူ့ရဲ့ပုံစံအမှန်ချပြရမှာကို သိပ်ကြောက်တတ်တဲ့သူက ကျွန်တော့်ကို သူ့ဘဝထဲ လာမရှုပ်စေချင်ပါဘူးတဲ့။ ဒါပေမယ့် ကျွန်တော့်ကို သိပ်နားလည်နေတဲ့ သူတစ်ယောက်ကို ကျွန်တော့်ဘဝထဲကနေ ထွက်မသွားစေချင်တာကိုရော သူ နားမလည်ပေးနိုင်ဘူးလား။ ကျွန်တော်ဟာ သူ့ရဲ့နေရာကို အချိန်မရွေး လုယူဖို့ ချောင်းမြောင်းနေတဲ့ကောင်၊ သူ့ဘဝကို အနှောင့်အယှက်ပေးမယ့်ကောင်လို့ ဘာကြောင့်များ ထင်ရက်နိုင်ရတာလဲ။ ဒီကမ္ဘာပေါ်မှာ အရင်းနှီးဆုံးဖြစ်သင့်ဖြစ်ထိုက်တဲ့သူနှစ်ယောက်ဟာ ဘာကြောင့် ဒီလောက်ထိ ဆန့်ကျင်ဘက်တွေ ဖြစ်နေရတာများလဲ။

(၂)

"တစ်စုံတစ်ယောက်က ကိုယ်ပေးလိုက်တဲ့လက်ဆောင်ကို မြင်တိုင်း ကိုယ့်ကို သတိရနေမယ်လို့ မင်းထင်လား"

ဘတ်စ်ကားမှတ်တိုင်ကို သွားနေတဲ့လမ်းမှာ သူ ကျွန်တော့်ကို မေးလိုက်တဲ့စကားတစ်ခွန်း။

"မထင်ဘူး.... ဒါပေမယ့် သတိမရဘူးဆိုရင်တောင် မေ့တော့ မမေ့စေချင်ဘူး အနည်းဆုံး အဲဒီလက်ဆောင်ကို ငါပေးတယ်ဆိုတဲ့အကြောင်းကိုတော့ မှတ်မိနေစေချင်တယ်"

သူ့ကို မျက်ခြေမပြတ်အောင် နောက်ကနေ အမှီလိုက်လျှောက်ရင်း ကျွန်တော် ခပ်သွက်သွက်ပြန်ဖြေလိုက်တယ်။

"ဒါပေမယ့် လက်ဆောင်ပေးတယ်ဆိုကတည်းက အဲဒီလိုသဘောနဲ့ ပေးကြတာမဟုတ်ဘူးလား"

"လူတွေဟာ အနည်းနဲ့အများတော့ သူတို့ရလိုက်တဲ့ပစ္စည်းရဲ့တန်ဖိုးကို ကြည့်ကြတယ်လို့ ထင်တာပဲ.... တန်ဖိုးနိမ့်တဲ့လက်ဆောင်တစ်ခုခုကို ပေးမိလို့ မျက်နှာပျက်ရတဲ့အဖြစ်မျိုး ငါကြုံဖူးတယ်။ မင်းကိုပြောပြဖူးလားမသိဘူး... တက္ကသိုလ်ကနေ ဘွဲ့ရတော့ ငါတို့ batch ကလူတွေချည်းစုပြီး ညစာစားပွဲလုပ်ကြတယ်။ လက်ဆောင်လဲတဲ့အစီအစဥ်လည်းရှိတာပေါ့။ ငါက အဲဒီအချိန်တုန်းက လက်ဆောင်လဲဖို့ကို လုံးဝအာရုံမလာတဲ့အချိန်ကွာ... ဒီတော့ ဘာဝယ်ရမလဲဆိုတာ ငါ့ခေါင်းထဲက လုံးဝထွက်မလာတာနဲ့ ငါ့အဒေါ်ကို မေးလိုက်မိတယ်။ တန်ဖိုးကတော့ ဒီလောက်အနည်းဆုံးဖြစ်ရမယ်၊ ဘာဝယ်ရင်ကောင်းမလဲပေါ့ကွာ ငါ့အဒေါ်က ငါအကြံအိုက်နေတာကိုမြင်ပြီး သူစီစဥ်ပေးမယ် စိတ်မပူနဲ့ ဆိုတော့ ငါကလည်း သူ့ကိုပဲ အားကိုးလိုက်တော့တယ်။ တကယ့်တကယ် လက်ဆောင်လဲမယ့်နေ့ရောက်​တော့ ငါက ငါ့အဒေါ်ပြင်ဆင်ပြီးသား ပါကင်ထုပ်ပြီးသားလက်ဆောင်ကိုယူပြီး ညစာစားပွဲကို သွားတာပေါ့။ အဲဒီလိုနဲ့ အစစအရာရာ အဆင်ပြေနေခဲ့ပြီးမှ ညရောက်တော့ ငါ့လက်ဆောင်ကို ရသွားတဲ့အတန်းဖော်မိန်းကလေးက ငါ့ကို ဖေ့စ်ဘုတ်ကနေ စကားလာပြောတယ်။ သူရတဲ့လက်ဆောင်က နာမည်ကြီးတံဆိပ်ကို နာမည်ပြောင်းထုတ်ထားတဲ့ Hair Dryer အတုကြီးဖြစ်နေလို့တဲ့လေ။ ငါ့မှာ သူ့စကားကိုနားထောင်ရင်း၊ သူပို့လာတဲ့ပုံထဲက Hair Dryer ကြီးကိုကြည့်ရင်း မျက်နှာဘယ်ထားရမယ်မှန်းမသိ ဖြစ်ခဲ့ရတာ။ အဲဒီအတန်းဖော်နေရာကနေ ကြည့်မယ်ဆိုရင် ငါက အထင်သေးစရာလူတစ်ယောက် အလိုလိုဖြစ်သွားမယ်မဟုတ်ဘူးလား။ တစ်ဖက်ကနေ ကြည့်မယ်ဆိုရင်လည်း ငါ့အဒေါ်က အကြံအိုက်နေတဲ့ငါ့ကို တစ်ဖက်တစ်လမ်းကနေ ကူညီလိုက်တာဖြစ်နေပြန်တယ်။ ငါ့နေရာမှာ မင်းသာဆိုရင်ရော ဘယ်လိုခံစားရမလဲ မင်းပြောကြည့်လေ"

ရှုပ်ရှက်ခတ်နေတဲ့ ပလက်ဖောင်းပေါ် သူများခြေထောက်ကို မှားပြီး တက်မနင်းမိအောင် သတိနဲ့ ရှောင်နေရတဲ့အချိန်မှာ သူ့အဖြစ်ကို မြင်ယောင်ကြည့်ရတာ သိပ်တော့ မလွယ်ကူလှ။ အဲဒီအချိန်မှာ သူက ထပ်ပြောတယ်။

"ဒါကြောင့် အဲဒီကိစ္စဖြစ်ပြီးကတည်းက ငါ အခုလိုတွေးတယ်... အကယ်၍ ငါပေးတဲ့လက်ဆောင်ကြောင့် တစ်စုံတစ်ယောက်က မပျော်ရွှင်ရဘူးဆိုရင် အဲဒီလက်ဆောင်ကိုပေးတဲ့ ငါ့ကိုပါ အဲဒီလူရဲ့မှတ်ဉာဏ်ထဲကနေ မေ့ပစ်လိုက်စေချင်တယ်"

လက်ဆောင်ကို သဘောမကျတာနဲ့ပဲ လူတစ်ယောက်ရဲ့ ဖြစ်တည်မှုတစ်ခုလုံးကို မေ့ပစ်လိုက်စေချင်တာလား။

"ငါကတော့ အဲဒီလောက်ထိ မလိုအပ်ဘူးလို့ ထင်တာပဲ.... စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ဖြစ်ရပ်တစ်ခုတည်းကို မေ့ပစ်လိုက်ရင် ရပြီမဟုတ်လား ဘာကြောင့် လူတစ်ယောက်လုံးကို မေ့ပစ်လိုက်ရမှာလဲ"

"အဲဒါကတော့ ငါ့ရဲ့တစ်ကိုယ်ရည်မာနကြောင့်ဖြစ်လိမ့်မယ်.... တကယ်ဆို အဲဒီကိစ္စက အသေးအမွှားလေးပါ ဒါပေမယ့် အဲဒီအသေးအမွှားကိစ္စတစ်ခုကနေစပြီး ငါနဲ့ အတန်းဖော်ကောင်မလေးက ဘယ်တော့မှ ထပ်ပြီးစကားမပြောကြတော့ဘူး။ ငါကလည်း သူ့ကို စကားသွားမစရဲတော့ဘူး။ ပြောပြရင် မင်းယုံပါ့မလားပဲ။ ငါအခုချိန်ထိ Hair Dryer တွေကိုမြင်တိုင်း အဲဒီအကြောင်းပြန်တွေးပြီး ရှက်မိတယ်။ အဲဒီမိန်းကလေးက ငါ့ဆီက လက်ဆောင်ကိုမြင်တိုင်း တက္ကသိုလ်တုန်းက အမှတ်တရတွေကို ပြန်မြင်ယောင်ပြီး ပြုံးနေရမယ့်အစား သူ မလိုချင်တဲ့ပစ္စည်းတစ်ခုကြောင့် အောင့်သက်သက်ကြီးဖြစ်သွားမယ့်မျက်နှာပေးကို တွေးကြည့်မိလိုက်တာနဲ့ ငါ့စိတ်ထဲမှာ မသက်မသာဖြစ်ရတယ်။ ဒါက ငါ့ဘဝရဲ့ ရှက်စရာအမည်းစက်ကြီးတစ်ခုလိုပဲ"

လမ်းမပေါ်က ကားဟွန်းသံနဲ့ ဆူညံသံတွေကြောင့် သူ စကားဆက်မပြောဘဲ ရပ်လိုက်တယ်။ အတော်ကြာတဲ့ထိ ဘာမှဆက်မပြောတော့ဘူး။

"ဒါနဲ့ မင်းရော အဲဒီကောင်မလေးဆီက ဘာလက်ဆောင်ပြန်ရခဲ့လဲ"

သူက ကျွန်တော့်မေးခွန်းကြောင့် တွေဝေသွားတဲ့ပုံနဲ့

"မမှတ်မိတော့ဘူး.... မင်းကို မပြောပြချင်တာမဟုတ်ဘူးနော် ငါတကယ်မမှတ်မိတာ"

"ငါပြောပါတယ် မင်းက သောက်ဂွပဲလို့"

အားနာနာနဲ့ ရယ်လိုက်ရတဲ့ ရယ်သံမျိုး သူ့ဆီက ထွက်လာပြီး တလက်စတည်းမှာပဲ

"ငါ့အိမ်မှာ အဲဒီလိုပစ္စည်းတွေ အများကြီးရှိတယ်သိလား ငါဝယ်ထားတာလား သူများလက်ဆောင်ပေးထားတာလားတော့မသိဘူး ဒါပေမယ့် အဲဒီပစ္စည်းတွေက ငါသူတို့ကို ဖျတ်ခနဲသတိရလို့ လိုက်ရှာတဲ့အချိန်ထိ တိတ်တိတ်ကလေး စောင့်ဆိုင်းနေကြသလို ခံစားရတယ်"

"ဒါဆို မင်းအိမ်မှာ အမှိုက်တွေပုံနေမှာပေါ့.... ငါ့အတွက်တော့ ငါအသုံးမလိုတဲ့ပစ္စည်းက အမှိုက်ပဲ။ ဒီလိုပြောတာက ငါ့ကိုပေးတဲ့လက်ဆောင်တွေကို တန်ဖိုးမထားဘူးလို့ ဆိုလိုချင်တာတော့ မဟုတ်ဘူး။ ငါပြောချင်တာကကွာ တစ်စုံတစ်ခုကို တန်ဖိုးထားတယ်ဆိုတဲ့နေရာမှာလည်း အတိုင်းအတာတစ်ခုတော့ရှိတယ်။ တစ်စုံတစ်ယောက်ကို လက်ဆောင်ပေးမယ်ဆိုရင် အနည်းဆုံးတော့ အဲဒီလက်ဆောင်က အသုံးဝင်ဖို့လိုတယ်။ တကယ့်လက်တွေ့ဘဝမှာ အသုံးဝင်တဲ့ပစ္စည်းမဟုတ်ရင်တောင် စိတ်ပိုင်းဆိုင်ရာအရ တစ်နည်းနည်းနဲ့ လှုံ့ဆော်မှုပေးနိုင်တဲ့အရာဖြစ်ဖို့လိုတယ်။ ဒီလိုမှမဟုတ်ရင် အဲဒီပစ္စည်းကို ဘာလုပ်ဖို့ပေးနေဦးမှာလဲ။ နောက်တစ်ခုက ဘာလဲဆိုတော့ မင်းခုနက ပြောသွားတဲ့ထဲမှာလည်း ပါတယ်လေ။ တစ်ယောက်ယောက်က မင်းရဲ့လက်ဆောင်ကို ကြည့်ပြီး မပျော်ရဘူးဆိုတာနဲ့ပဲ မင်းကိုပါ မေ့ပစ်လိုက်စေချင်တယ်ဆိုတာ.... လူတိုင်းက မင်းပေးတဲ့လက်ဆောင်ကြောင့် အမြဲပြုံးနေပျော်နေတာကိုပဲ မင်းက လိုချင်တယ်ဆိုပါတော့။ ဒါပေမယ့် မင်းလိုချင်တဲ့အတိုင်း တသမတ်တည်းဖြစ်လာမှာမဟုတ်ဘူး။ မင်း အဲဒါကိုသိပါတယ်။ မင်းက ခေါင်းမာချင်နေတာ။ တစ်ဖက်လူကို မင်းနဲ့ပတ်သက်ပြီး ကောင်းတဲ့အမှတ်တရတွေပဲ တွေးမိနေစေ​ချင်တာ။ အဲဒါကြောင့် မင်းကိုယ်တိုင်လည်း တခြားသူတွေရဲ့ အမှတ်တရကောင်းတွေ၊ ကောင်းတဲ့အချက်တွေကိုပဲ မှတ်မိပေးနိုင်အောင် ကြိုးစားတယ်။ သူတို့နဲ့ပတ်သက်တဲ့ မကောင်းတဲ့မှတ်ဉာဏ်တွေကို မေ့ဖျောက်ပစ်လိုက်တယ်။ ဒါပေမယ့် ခက်တာက မင်းဟာ မင်းကိုယ်တိုင်သတ်မှတ်ထားတဲ့ မင်းရဲ့ အတိတ်ဆိုးတွေကိုတော့ ဖျောက်ဖျက်ပစ်လို့ မရနိုင်ဘူး။ အဲဒီတော့ အကျိုးဆက်အနေနဲ့ မင်းစိတ်ထဲမှာ အမှိုက်တွေ တောင်လိုပုံလာတယ်။ အမှိုက်တွေ ပုံလာတာနဲ့အမျှ နေရာကလည်း သိပ်မကျန်တော့ဘူးလေ။ ဒီတော့ မင်းဘဝထဲက ကောင်းတဲ့အရာတွေကို ပေးဖို့နေရာရော၊ အချိန်ရော၊ အင်အားရော မင်းမှာမရှိတော့ဘူးပေါ့"

"မင်းပြောသလို ဟုတ်ချင်ဟုတ်နေလိမ့်မယ်။ ဒါပေမယ့်ကွာ.... အဲဒီပစ္စည်းတွေကို မလွှင့်ပစ်ရက်တာကလည်း ငါ့ခံယူချက်နဲ့ငါ မို့လို့ပါ။ တစ်စုံတစ်ယောက်ကို တစ်ခုခုပေးဖို့ စပြီးတွေးတောရပြီဆိုတာနဲ့ ဦးနှောက်က စပြီးအလုပ်လုပ်ရပြီမဟုတ်လား။ တစ်ဖက်လူရဲ့အကြိုက်က ဘယ်လိုရှိလိမ့်မလဲ။ ငါပေးချင်တဲ့ပစ္စည်းက သူ့အတွက် အဆင်ပြေပါ့မလား။ လိုအပ်ပါ့မလား။ သင့်တော်ပါ့မလား။ ငါပေးလိုက်တဲ့ပစ္စည်းဟာ သူ့အတွက် ဘယ်လိုသက်ရောက်သွားနိုင်မလဲ။ ဒီလိုထောင့်ပေါင်းစုံကနေ စေ့စပ်နေအောင် လိုက်စဥ်းစားရတဲ့ အဆင့်တစ်ခုရှိတယ်။ အဲဒါက လက်ဆောင်ပေးခြင်းဖြစ်စဥ်မှာ ငါ သဘောအကျဆုံးအခြေအနေပဲ။ ဦးနှောက်က အဖက်ဖက်ကနေ စဥ်းစားပြီး အလုပ်လုပ်နေရတဲ့အချိန်မှာ တစ်စုံတစ်ယောက်က ငါ့အတွေးထဲမှာ အသွင်အမျိုးမျိုးနဲ့ ရှင်သန်နေတယ်။ သူဟာ နောင်တစ်ချိန်မှာ ငါ့အတွက် သူစိမ်းဖြစ်သွားမလား၊ ရန်သူဖြစ်သွားမလားဆိုတာကို ငါ မသိဘူး။ ဘယ်တော့မှ ထပ်မတွေ့နိုင်တာမျိုးလည်း ဖြစ်နိုင်သလို မျက်နှာတောင် မမြင်ချင်လောက်တဲ့အထိ ငါတို့ချင်း မုန်းတီးသွားကြတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ငါ့အတွေးထဲမှာ ရှင်သန်နေတဲ့သူနဲ့ အနာဂတ်က သူ၊ ပစ္စုပ္ပန်က သူဟာ တခြားစီပဲ။ ဘာမှမဆိုင်ဘူး။ ငါက လက်ဆောင်ပစ္စည်းရဲ့ တန်ဖိုးနဲ့ အသုံးကျမှုအတိုင်းအတာထက် တစ်ဖက်လူရဲ့ စိတ်ထဲမှာ ငါ့အနေနဲ့ ခဏတာ ရှင်သန်ခွင့်ရခဲ့တဲ့ အဲဒီအခိုက်အတန့်ကို ပိုပြီးတန်ဖိုးထားချင်တာ"

"ဒါဆိုလည်း အဲဒီအခိုက်အတန့်ကို မင်းဘာသာ စိတ်ထဲကနေ အသိအမှတ်ပြုလိုက်လည်း ဖြစ်နေတာပဲမဟုတ်လား.... မင်းကိုယ်တိုင်တောင် ဘယ်သူပေးထားမှန်း မမှတ်မိတော့တဲ့ ပစ္စည်းတွေကို တကူးတကသိမ်းထားပြီး အသိအမှတ်ပြုဖို့ထိတော့ မလိုအပ်ဘူးထင်တယ်"

သူက ကျွန်တော့်ကို ဘာမှပြန်မပြောဘဲ ချိနဲ့နဲ့အပြုံးနဲ့ပဲ ပြန်တုံ့ပြန်တယ်။ ကျွန်တော်တို့ ဘာမှဆက်မပြောတော့ဘဲ ဘတ်စ်ကားထိုင်စောင့်ကြတယ်။ သူ့ရဲ့ဘေးလွယ်အိတ်ကတော့ ကျွန်တော်ပေးထားတဲ့ လက်ဆောင်ကို ထည့်ထားလို့ အတော်ဖောင်းနေတယ်။ သယ်ရတာ လေးနေမယ့်ပုံပဲ။ ခုနက ကော်ဖီဆိုင်ကအပြန် စာအုပ်ဆိုင်ထဲ ခဏဝင်ပြီး သူဖတ်ဖို့ စာအုပ်တွေရွေးဝယ်ပေးခဲ့တာ။ ကျွန်တော့်အတွက်တော့ ဒီတိုင်းဝယ်ပြီး သူ့လက်ထဲ ထည့်ပေးလိုက်ရုံပဲဆိုပေမယ့် သူ့ဘက်ကတွေးမယ်ဆိုရင် လေးလံတဲ့ ဝန်တစ်ခုလို ဖြစ်သွားမလား။ လက်ဖဝါးတစ်ဖက်ကနေ သွန်ချကူးပြောင်းပေးလိုက်တဲ့ စေတနာတွေက ကျန်တဲ့လက်ဖဝါးတစ်ဖက်အတွက် ဝေဒနာတွေ ဖြစ်သွားရတာမျိုးလည်း ရှိနိုင်တယ်မဟုတ်လား။ သေချာတာတစ်ခုကတော့ သူဟာ ဘယ်တော့မှ အဲဒီဝေဒနာကို ထုတ်ဖော်ညည်းတွားမယ့်ပုံမပေါ်ပါဘူး။ ကျွန်တော် သူ့အတွက် စာအုပ်တွေရွေးနေတဲ့အချိန် ကျွန်တော့်အတွေးထဲမှာ ရှင်သန်နေတဲ့သူ့ကိုယ်သူအတွက် ကြံကြံဖန်ဖန် ဂုဏ်ယူချင် ယူနေဦးမှာ။ ဒါပေမယ့် သူလည်း သူ့အပေါ် လေးပင်ဖိစီးနေတဲ့ အမှတ်တရဝေဒနာထုထည်ကြီးကို အချိန်က တဖြည်းဖြည်းတိုက်စားလို့ ပါးလှပ်သွားမယ့်အချိန်တစ်ခုထိ စောင့်ရင်း သူ့ကိုယ်သူ လှည့်စားနေတယ်လို့ပဲ ကျွန်တော်မြင်ပါတယ်။ အချိန်ကျပြီဆိုရင်တော့ သူလည်း အဲဒီအမှတ်တရတွေကို ခွာချပြီး ပေါ့ပေါ့ပါးပါး ထွက်လာနိုင်မယ်လို့ မျှော်လင့်ရတာပါပဲ။

"ဘတ်စ်ကားလာနေပြီ .... ငါပြန်ရတော့မယ် နောက်တစ်ခါတွေ့တော့မှ စကားထပ်ပြောကြမယ်လေ"

"အင်း ဟုတ်ပြီ နောက်မှ အေးဆေးတွေ့တာပေါ့"

သူ ကျွန်တော့်ကို ခေါင်းညိတ်ပြပြီး ကားပေါ်တက်သွားတယ်။ စာအုပ်တွေအလေးကြီးသယ်ပြီး ပြန်ရတာ အဆင်ပြေပါ့မလားလို့ ကျွန်တော် စိတ်ပူလိုက်မိသေးတယ်။ ဒါပေမယ့် ခဏနေတော့ ကျွန်တော်စီးရမယ့်ကား ရောက်လာတာနဲ့ အဲဒီအကြောင်းကို မေ့သွားတော့တယ်။

(၃)

ကော်ဖီဆိုင်မှာတွေ့ပြီး တစ်ပတ်လောက်နေတော့ သူ ကျွန်တော့်ကို ဖုန်းဆက်တယ်။ ရှားရှားပါး​ပါး သူ့ဆီက ဖုန်းဝင်လာလို့ ကျွန်တော်ပဲ မျက်စိမှားတယ်ထင်နေတာ။ တကယ်တော့ နယ်ပြန်ခါနီးရက်လောက်မှ သူနဲ့တွေ့မလို့။ ဒါပေမယ့် သူ့ဘက်က ကျွန်တော့်ကို အရင်ဆက်သွယ်လာတော့ ကျွန်တော်လည်း ဝမ်းပန်းတသာလက်ခံလိုက်တယ်။

သူ ကျွန်တော့်ကို ချိန်းထားတာက အင်းယားကန်ဘောင်နားက ဘားတစ်ခုမှာ။ ဒီတစ်ခါကျတော့ သူက အရင်ကြိုရောက်နေတာ။ သူက စာတန်းပါတဲ့ အနက်ရောင်တီရှပ်နဲ့ ဂျင်းဘောင်းဘီနဲ့ကိုမှ အဖြူရောင်လက်တိုရှပ်အပွတစ်ထည်ထပ်ဝတ်ထားတယ်။ သူဝတ်ထားတဲ့အင်္ကျီကို မြင်ကတည်းက ဟိုနှစ်ထည်ထဲက တစ်ထည်ဆိုတာကို ကျွန်တော် ချက်ချင်းသိလိုက်တယ်။

ကျွန်တော် Whiskey Sour တစ်ခွက်မှာတယ်။ သူ့အခြေအနေကို တစ်ချက်အကဲခတ်ကြည့်တော့ ကျွန်တော်မလာခင်ကတည်းက Cocktail နှစ်ခွက်လောက် ဝင်ပြီးနေတဲ့ပုံပဲ။ ခါတိုင်းလို မှုန်ကုပ်မနေဘဲ ထိုင်ရယ်နေတာက သူမူးတဲ့ပုံစံပဲထင်တယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော် သူမူးတာကို အခုမှ အပြင်မှာ မြင်ဖူးတာ။ အမြဲလိုလို တည်ငြိမ်ပြီး ကျောက်ရုပ်လိုဖြစ်နေတဲ့ကောင်တွေ မူးပြီဆိုရင် ပေါက်ကရတွေဖြစ်ကုန်ရော။ သူက စိတ်ညစ်တော့မှ အရက်သောက်တာလို့တော့ ကြားဖူးပေမယ့် သူမူးရင် ဘယ်တော့မှ မငိုဘူးလို့တော့ ပြောတာပဲ။ ဒါပေမယ့် အဲဒီစကားကို ငိုသံကြီးနဲ့ ရယ်ရယ်ပြီးပြောနေတာကိုက ကျွန်တော့်အတွက် ဟာသဖြစ်နေတာ။ အဲဒါနဲ့ ကျွန်တော်လည်း သူနဲ့ စကားပြောရင်းဆိုရင်း သောက်လိုက်စားလိုက်လုပ်နေတာ ညနေပါစောင်းသွားတယ်။ လူလည်းအတော်လေးထွေနေပြီဆိုတော့ သတိရှိနေတုန်း အိမ်ပြန်ဖို့ကို မနည်းကြိုးစားရတယ်။ ဆက်နေရင်လည်း အိတ်ထဲက ပါလာသမျှပိုက်ဆံတွေ အကုန်ပြောင်တော့မှာကိုး။

ကျွန်တော်တို့ ဘားထဲကနေ ဒယိမ်းဒယိုင်နဲ့ထွက်လာတဲ့အချိန်အထိ သူက တဟီးဟီးတဟားဟား လုပ်လို့ကောင်းနေတုန်း။ အစကတော့ အခြေအနေမကောင်းဘူးဆိုရင် Taxi ငှားပြီး ပြန်လိုက်ပို့ပေးမလို့ပဲ။ ဒါပေမယ့် သူ့ကြည့်ရတာအခြေအနေကောင်းနေသေးတာနဲ့ ကျွန်တော်လည်း ကန်ဘောင်မှာ ခဏလောက်နေဖို့ စိတ်ကူးရသွားတယ်။ အိမ်မပြန်ချင်သေးတာလည်း ပါမှာပေါ့။ ရည်းစားဦးနဲ့ ပြတ်သွားပြီးကတည်းက ​ကျွန်တော် ကန်ဘောင်ကို မရောက်ဖြစ်တော့တာ ကြာလှရှိပြီ။ နှစ်တွေအများကြီးကြာသွားပြီးတော့မှ အခုတစ်ခါ ပြန်ရောက်လာရတော့ တိမ်မြုပ်နေတဲ့ မှတ်ဉာဏ်တွေက အသစ်ပြန်ဖြစ်လာသလိုပဲ။ ကန်ရေပြင်ပေါ်မှာ ပုံရိပ်တွေက ပြေးလွှားနေကြတယ်။ ဒါပေမယ့် အဲဒီပုံရိပ်တွေက ဟိုအရင် ကျွန်တော်တို့ငယ်ငယ်တုန်းက ဗီဒီယိုတိပ်ခွေများထဲကလို အတိတ်မှာ ကျန်ခဲ့ပြီ။ ကျွန်တော် မြင်နေရတဲ့ ပြကွက်တွေဟာ အနာဂတ်က ကျွန်တော်၊ ပစ္စုပ္ပန်က ကျွန်တော်နဲ့ ဘာဆို ဘာမှမဆိုင်တော့ဘူး။ အဲဒီအနာဂတ်က ကျွန်တော်နဲ့ ပစ္စုပ္ပန်က ကျွန်တော် ဆိုတာကလည်း သက်ဆိုင်ချင်မှ သက်ဆိုင်ဦးမှာ။ အခုလောလောဆယ်တော့ ကျွန်တော်ဟာ အင်းလျားကန်ဘောင်ပေါ် ထိုင်နေတယ်။ ကျွန်တော့်ဘေးမှာ သူရှိနေသလို ကျွန်တော့်စိတ်ဝိညာဥ်က ဖမ်းဆုပ်ထားတဲ့ သူ့ရဲ့တစိတ်တပိုင်းဟာလည်း ကျွန်တော်နဲ့အတူ ရှိနေတယ်။ သူ့ရဲ့ခန္ဓာကတော့ ကန်ရေပြင်ကို မျက်နှာမူပြီး ကျွန်တော့်ဘေးမှာ ငုတ်တုတ်ထိုင်နေလေရဲ့။ ဝင်လုဆဲဆဲ ကျနေအလင်းရောင်တချို့က သူ့ရဲ့ပခုံးတစ်ဖက်မှာ ခိုနေတယ်။ အခုမှပဲ သူဝတ်ထားတဲ့ ရှပ်အဖြူရောင်ပေါ်မှာ အနီလိုလို ပန်းရောင်လိုလို အစင်းကြောင်းတွေ ပါနေသေးတာကို သတိထားမိတယ်။ သူ့ကိုယ်ပေါ်ကို နေရောင်တွေကျလာတော့ အဲဒီအစင်းကြောင်းတွေဟာ ရွှေရောင်အက်ကြောင်းတွေလို ဖြစ်သွားတယ်။ တစ်ကြိမ်ကျကွဲပြီးသား ပန်းအိုးတစ်လုံးရဲ့ ကြွေသားလိုအကြည့်မျိုးနဲ့ ကျွန်တော့်မျက်ဝန်းတွေရဲ့ အနက်ရှိုင်းဆုံးနေရာအထိ သူ ကြည့်လာတဲ့အခါ ရွှေရောင်အက်ကွဲကြောင်းတွေအကြားမှာ သူ ထည့်သိမ်းထားတဲ့ ကျွန်တော့်ဝိညာဥ်တချို့ကို မျက်ဝါးထင်ထင် မြင်လိုက်ရတယ်။

"ကြည့်ပါလား မင်း ငါ့ကို ဖျောက်ဖျက်ပစ်လိုက်လို့ မရနိုင်ပါဘူး"

အနိုင်ရသူတစ်ယောက်လို အပြုံးမျိုးနဲ့ ကျွန်တော် သူ့ကို ပြောလိုက်တော့ သူက ဒီလိုမျိုး ပြန်ပြောတယ်။

"အဲဒါကြောင့်ပဲ ငါ ဒီအင်္ကျီတွေကို ဝတ်ဖြစ်နေတာပေါ့" တဲ့။

"မင်းကလေ.... စောက်ကျင့်ကို မကောင်းတာ"

ကျွန်တော် သူ့ကိုဆဲပြီး မျက်နှာလွှဲလိုက်တယ်။ နောက်ဆုံးတော့ ညနေခင်း လေပြည်တစ်ချက်အဝှေ့မှာ အင်းလျားရေပြင်ပေါ်က အရုပ်တွေ အကုန်ပျောက်သွားပြီး လှိုင်းကြက်ခွပ်ပါးပါးလေးတွေပဲ ကျန်နေခဲ့ရတာပါပဲ။ တိမ်မည်းတွေကြားထဲ နစ်ဝင်သွားတဲ့ နေလုံးကြီးရဲ့ လက်ကျန်နေရောင်ကတော့ အခု ကျွန်တော့်ကိုယ်ပေါ်မှာ။ ဒါပေမယ့် အဲဒီနေရောင်ခြည်က ကျွန်တော့်ရဲ့ ရိုးတွင်းခြင်ဆီထဲကနေ စိမ့်လျှံကျလာတဲ့ ကြောက်စရာ အထီးကျန်မှုကိုတော့ ကျော်လွန်နိုင်မယ်မထင်ဘူး။

"လေတွေက အေးလိုက်တာ"

လို့ဆိုတော့ သူက သူ့ရဲ့အဖြူရောင်ရှပ်အင်္ကျီကို ချွတ်ပြီး ကျွန်တော့်ကို ကမ်းပေးတယ်။ ကျွန်တော် အဲဒါကို ဝတ်လိုက်တဲ့အခါ သူ့ရဲ့ကိုယ်ငွေ့နွေးနွေးက ကျွန်တော့်ရဲ့အရေပြားပေါ်ကနေ အတွင်းထဲထိ တစစ တိုးဝင်လာခဲ့တယ်။ အင်း.... အခုတော့ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ပေါ်မှာလည်း အက်ကွဲရာတွေ ထင်းလင်းလာပါပေါ့လား။

Keep Reading

မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့