Author's Profile Photo

သုမိုး

7/12/2024

ဖိအားနည်းပြီး အလုပ်လုပ်ရပျော်စေဖို့ နည်းလမ်း(၃)သွယ်

2 mins read
Life Style
Personal Development
ဖိအားနည်းပြီး အလုပ်လုပ်ရပျော်စေဖို့ နည်းလမ်း(၃)သွယ်'s photo

ရှေ့ဆောင်းပါးမှာ perfectဖြစ်ချင်သူတွေရဲ့ ဒုက္ခတွေကို ပြောခဲ့ပြီးပါပြီ။အရာအားလုံးကို အကောင်းချည်းဖြစ်ချင်နေတဲ့စိတ်နဲ့ perfect ဖြစ်ချင်တဲ့အတွက် အသည်းအသန် ကြိုးစားရလွန်းလို့ ရလာတဲ့ဖိအားတွေ၊ ပင်ပန်းမှုတွေကို ဘယ်လိုလျှော့ချရမလဲဆိုတာ ဒီဆောင်းပါးလေးမှာ ပြောပြပေးသွားပါမယ်။
ပထမနည်းလမ်းလေးက binary thinking လို့ခေါ်တဲ့ နည်းလမ်းလေးပါ။'0'နဲ့ '1'အပေါ်မှာပဲ အခြေခံထားတဲ့ နည်းလမ်းလေးတစ်ခု ဖြစ်ပါတယ်။မလုပ်ဘူး'0'နဲ့ လုပ်မယ်'1'ဆိုတဲ့ အခြေအနေလေးနှစ်ခုနဲ့ တည်ဆောက်ထားတဲ့ နည်းလမ်းလေးတစ်ခုပါပဲ။
Binary စနစ်မှာ အလုပ်တစ်ခုကို လုပ်လိုက်တာနဲ့ အောင်မြင်မှု'1'လို့ သတ်မှတ်လိုက်တာကြောင့် စွမ်းဆောင်ရည်က အောက်‌ဆုံးမှာပဲနေနေ၊ အပေါ်ဆုံးပဲရောက်ရောက် ဂရုစိုက်နေစရာ မလိုတော့ပါဘူး။ ဥပမာ ဟင်းတစ်အိုးချက်မယ်ဆိုလျှင် တူးပဲတူးတူး၊ စားမရချင်နေ ဟင်းတစ်အိုးချက်လိုက်လျှင်ပဲ အောင်မြင်မှု'1'ဖြစ်နေပါပြီ။အရည်အသွေး ကောင်းမကောင်း ကြည့်နေစရာမလိုပါဘူး။
Binary thinking ဟာ လုပ်တယ် ၊မလုပ်ဘူးဆိုတဲ့အပေါ်မှာပဲ အာရုံစိုက်ရမှာဖြစ်ပါတယ်။အလားတူပဲ လူအများရှေ့မှာ စကားပြောရလျှင် ကိုယ်ပြောတာကို ဘယ်သူမှ စိတ်ဝင်စားစား၊ မစားချင်နေ ပြောလိုက်နိုင်တာကိုက အောင်မြင်မှုဖြစ်နေပြီ။
ဒီနည်းက result ထက် action ကို ပိုအာရုံစိုက်နိုင်စေပြီး အချိန်ဆွဲတဲ့အကျင့်ကိုလည်း ဖျောက်ပေးနိုင်ပါတယ်။လုပ်ရမှာတွေးကြောက်နေတဲ့သူတွေ၊ မှားမှာကြောက်လို့ တုံ့နှေးတုံ့နှေး‌လုပ်နေတဲ့သူတွေ ဒီနည်းလေးကို အသုံးချကြည့်ဖို့ အကြံပေးချင်ပါတယ်။
ဒုတိယနည်းလမ်းလေးက make faster decisions ဆိုတဲ့ ဆုံးဖြတ်ချက်မြန်မြန်ချတဲ့နည်းလေးပါ။အရေးကြီးတဲ့ ကိစ္စတွေမှာတော့ သေချာလေးစဉ်းစားပြီး ဆုံးဖတ်ချက်ချဖို့ လိုအပ်ပေမယ့် ကျွန်တော်တို့က ထမင်းကို ဘာဟင်းနဲ့စားမယ်ဆိုတဲ့ ကိစ္စလေးတွေမှာတောင် အချိန်ကုန်ခံပြီး စဉ်းစားနေလေ့ရှိပါတယ်။
တကယ်တော့ ကျွန်တော်တို့နေ့စဉ်ဘဝရဲ့ ဆုံးဖြတ်ချက်တော်တော်များများက သိပ်စဉ်းစားစရာမလိုအပ်တဲ့ အသေးအမွှားလေးတွေပါ။အဲဒီဆုံးဖြတ်ချက်တွေကို အချိန်ယူပြီး ဆုံးဖြတ်နေတာက ကျွန်တော်တို့ရဲ့စွမ်းအင်ကို အတော်လေးကုန်စေပါတယ်။
ဒါကြောင့် စဉ်းစားစရာမလိုအပ်တဲ့ အသေးအမွှားကိစ္စလေးတွေကို စဉ်းစားမနေဘဲ မျက်စိစုံမှိတ်ပြီးတော့သာ နီးရာဆွဲဆုံးဖြတ်လိုက်ပါ။ဥပမာ အအေးဆိုင်မှာ အအေးဝယ်မယ်ဆိုပါစို့။သောက်ချင်တဲ့ အအေးတွေများနေလို့ ဘာသောက်ရမလဲ ဝေခွဲရခက်နေရင် ကြိုက်တဲ့‌နီးရာအအေးကိုသာ ဆွဲမှာလိုက်ပါ။
အဲဒီလိုမှာခြင်းက ဦးနှောက်ခြောက်ခံပြီး မစဉ်းစားနေချင်လို့ ဘာအကြောင်းလည်းမရှိဘဲ မှာလိုက်ခြင်းဖြစ်ပါတယ်။ဒီနည်းက ကျွန်တော်တို့ရဲ့ စွမ်းအင်တွေကို ချွေတာရာရောက်သလို စိတ်ပင်ပန်းမှုကိုလည်း လျှော့ချပေးပါတယ်။စဉ်းစားနေရတဲ့အချိန်ကိုလည်း သက်သာသွားစေပါတယ်။
တတိယနည်းလမ်းလေးက project based mini habits plan လို့ခေါ်တဲ့ နည်းလမ်းလေးဖြစ်ပါတယ်။လုပ်ရမယ့်အလုပ်၊ ဖြေရှင်းရမယ့် problemတွေကို အပိုင်းသေးသေးလေးတွေဖြစ်အောင် ခွဲထုတ်လိုက်တဲ့နည်းပါ။ခွဲလို့မရဘူးမထင်ပါနဲ့။ အလုပ်တွေ၊ ပြဿနာတွေအားလုံးက ခွဲခြမ်းစိတ်ဖြာလို့ရပါတယ်။
ဥပမာ စာရေးဆရာတစ်ယောက်က စာရေးမယ်ဆိုပါစို့။ တစ်နေ့ တစ်မျက်နှာ သို့မဟုတ် သုံးမျက်နှာ အဲလိုသတ်မှတ်တာကို လျှော့ချပြီး တစ်မျက်နှာရဲ့တစ်ဝက်ပဲ ရေးမယ်။ အဲလိုမျိုးပေါ့။သေးငယ်တဲ့အရာ‌တွေက ကျွန်တော်တို့ကို လုပ်ရ ပိုလွယ်ကူ‌စေပါတယ်။
ထို့အတူပဲ စာဖတ်တဲ့အလေ့ကို ပျိုးထောင်ချင်တယ်ဆိုရင် တစ်နေ့ကိုစာမျက်နှာ(50)လို့ သတ်မှတ်မယ့်အစား တစ်နေ့တစ်မျက်နှာဖတ်မယ်လို့ သတ်မှတ်လိုက်ရင် စာဖတ်ဖို့အချိန်မရှိဘူးလို့လည်း ပြောလို့မရတော့ပါဘူး။
တကယ်တမ်းဖတ်တဲ့အခါမှာလည်း ဖတ်ကောင်းနေရင် ‌တစ်နေ့စာမျက်နှာ(50)မက ကျော်သွားနိုင်ပါတယ်။အကယ်၍ တစ်မျက်နှာပဲ ဖတ်ဖြစ်တယ်ဆိုရင်တောင် mini habits law အရ အောင်မြင်မှုရတယ်လို့ ပြောလို့ရပါတယ်။ဒီနည်းလေးက ကျွန်တော်တို့ကို အလုပ်တစ်ခုကို ပုံမှန်လုပ်ဖြစ်စေပြီး ဖိအားတော်တော်များများကိုလည်း လျှော့ချပေးနိုင်ပါတယ်။
ခုပြောတဲ့ နည်းလမ်းလေးတွေက ဖတ်ကြည့်ရုံနဲ့တင် အသုံးဝင်တဲ့နည်းလမ်းတွေဆိုတာ သိနိုင်ပါတယ်။ ဒါကြောင့် အသုံးချကြည့်ပါ။တစ်ရက်လေးပဲအရင် ဒီနည်းလမ်းတွေကို သုံးကြည့်ပါ။ ကျွန်တော်တို့ရဲ့ အလုပ်တော်တော်များများကို ဖိအားနည်းနည်းနဲ့ အတော်လေးပြီးသွားစေမှာပါ။ လက်တွေ့အသုံးမချတဲ့ ပညာဟာ အလကားပါပဲ။

ပိုမိုကောင်းမွန်သောဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ တောင်းဆုပြုရင်း...။

သုမိုး
(7.12.2024)

ကိုးကား။ ။How to be an imperfectionist

Keep Reading

အချိန်ဆွဲတာကိုကုစားမယ် စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်ဒေါင်လိုက်ဒရာမာ (Vertical Drama)စိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း