ISHI
ကျွန်တော့်မျက်လုံးတွေ အလန့်တကြားပွင့်လာပြီး ချက်ချင်းဆိုသလို ဆတ်ခနဲ ထထိုင်လိုက်မိတယ်။ အိပ်ရာဘေး စာရေးစားပွဲပေါ် တင်ထားတဲ့ဖုန်းကို ဆွဲယူကြည့်တော့ မနက်ငါးနာရီခွဲကိုမှ ခပ်စွန်းစွန်းပဲရှိဦးမယ်။ တချို့သောမနက်တွေမှာ ကျွန်တော် စောစောစီးစီးနိုးလာတတ်တယ်။ အထူးသဖြင့် အိပ်မက်ဆိုးမက်တဲ့ အခုလိုမနက်တွေမှာပေါ့။
ကြီးမားပြင်းထန်တဲ့ ဝမ်းနည်းမှုထုထည်ကြီးဟာ ကျွန်တော့်မနက်ခင်းကို ခဲဆွဲထားတဲ့အတိုင်း ဖိစီးလေးလံစေတယ်။ အိုဆာမူ ဒဇိုင်းရဲ့ "ကျောင်းသူ" ဆိုတဲ့ဝတ္ထုကိုတောင် သတိရလာသလိုလို။ လူတွေဟာ ကျွန်တော့်ကို အိပ်မက်ထဲထိ ဖိစီးနှောင့်ယှက်နေကြတုန်းပါလား။ မဟုတ်သေးပါဘူး။ ကျွန်တော် တကယ် စိတ်ဖိစီးရတာက လူတွေကြောင့်မဟုတ်ဘူး။ ပုံသဏ္ဍာန်အမျိုးမျိုးရှိတဲ့ မျက်နှာတွေရဲ့ အောက်ဘက်မှာ အပေါက်တစ်ပေါက်ရှိတယ်။ ကျွန်တော် တကယ်ကြောက်တာက အဲဒီအပေါက်ထဲကနေ တရစပ်၊မရပ်မနား၊အကြားအလပ်မရှိထွက်လာတတ်တဲ့ဒြပ်မဲ့အစိုင်အခဲအစုအဖွဲ့ကြီးကိုပဲ။
စကားတွေ။
စကားသံတွေ။
ပိုပြီးတိတိကျကျပြောရရင် ကျွန်တော့်ကို အဆက်မပြတ် နာကျင်စေတဲ့ အဲဒီစကားသံတွေ။
လူတွေဟာ ကျွန်တော့်ကို အိပ်မက်ထဲထိတောင် အလွတ်မပေးဘူးလို့ ကျွန်တော် ခုနက စွပ်စွဲခဲ့တယ်။ သူတို့ဘက်က ပြန်ချေပနိုင်ပါတယ်။ အားလုံးက ဒီလိုပဲလေ။ ကျွန်တော်ကမှ ဘာလို့ အဖြစ်သည်းနေရတာလဲလို့။ ကျွန်တော်လည်း အဲဒါတော့ မရှင်းပြတတ်ဘူး။ ရှင်းပြလည်း နားလည်မှာမဟုတ်တဲ့အကြောင်းတွေ လောကမှာ အများကြီးရှိတယ်။ အချိန်ကုန်ခံပြီး အဲဒါကို လိုက်ရှင်းပြနေရင် သူတို့က ခုလိုပြန်ပြောလိမ့်မယ်။ "အေးပါ နားလည်ပါတယ် ဒီလိုပဲပေါ့ဟာ အဆင်ပြေသွားမှာပါ" လို့။ လိမ်တယ်။ အဲဒါလိမ်နေညာနေကြတာ။ လူတွေဟာ ကိုယ်ကိုယ်တိုင် မခံစားရဖူးတဲ့ဒုက္ခနဲ့ ဝေဒနာတွေကို ဘယ်တော့မှ ထဲထဲဝင်ဝင် နားလည်နိုင်မှာမဟုတ်ဘူး။ တစ်ပါးသူတစ်ဦးတစ်ယောက်ရဲ့ နာကျင်ထိခိုက်ရခြင်း၊ ဆုံးရှုံးရခြင်းတွေကို နားလည်ပေးနိုင်လောက်အောင် လူတွေရဲ့ ခံစားမှုအတိမ်အနက်တွေက တူမှ မတူကြတာ။ ကျွန်တော်ကတော့ အဲဒီလိုလူတွေဟာ သူတို့ရဲ့ ပါးစပ်ပေါက်ပေါ်က နှုတ်ခမ်းလို့ခေါ်တဲ့အသားစိုင်တွေကို ဖွင့်လိုက်၊ ပိတ်လိုက်၊ ရွဲ့လိုက်၊ မဲ့လိုက်၊ ကွေးလိုက်၊ ကော့လိုက် လုပ်ပြီး အသံတွေထွက်အောင်လုပ်ရုံနဲ့တင် တစ်ယောက်ကို တစ်ယောက် ဒဏ်ရာတွေ အလွယ်တကူပေးနေကြတယ်လို့ မြင်မိတော့တာပဲ။ ဒါဆို မင်းကရော လို့ ပြန်မေးချင်ကြသေးလား။ ဟုတ်တယ် ကျွန်တော်လည်း အဲဒီလိုပဲ။ ကျွန်တော်လည်း ကျွန်တော်နားမလည်တဲ့အခြေအနေတွေ၊ ခံစားချက်တွေကို သဘောပေါက်ချင်ယောင်ဆောင်ပြီး "အဆင်ပြေသွားမှာပါ" လို့ ပြောပေးတတ်နေပြီ။ ကျွန်တော့်စကားသံတွေ၊ စကားလုံးတွေကြောင့် တစ်စုံတစ်ယောက်ရဲ့ ကိုယ်၊စိတ်၊နှလုံး သုံးပါးစလုံး ထိခိုက်နာကျင်ခဲ့ဖူးတာလည်း ရှိမှာပဲ။ ဒါဆိုရင် မင်းလည်း ငါတို့လိုပဲလေ။ မင်းကိုယ်မင်း ထူးခြားတယ်လို့ထင်ပြီး သွေးနားထင်ရောက်မနေနဲ့လို့ ပြောရင်လည်း ခံရုံပဲရှိတယ်။ ဒါပေမယ့် လူကြီးမင်းတို့ရယ်.... ကျွန်တော်ဟာ ပုံမှန်လူတစ်ယောက်ဖြစ်ပါကြောင်း သက်သေအထောက်အထားနဲ့တကွ ပြဖို့ကြိုးစားနေပေမယ့်၊ ဘယ်တုန်းကမှ ဒီလူ့အဖွဲ့အစည်းနဲ့ အံဝင်ခွင်ကျဖြစ်တယ်လို့ မခံစားခဲ့ရတဲ့ သတ္တဝါတစ်ကောင်ရယ်ပါ။ ကျွန်တော့်မျက်နှာပေါ်က အရယ်အပြုံး၊ ကျွန်တော့်နှုတ်ခမ်းက ထွက်လာသမျှ စကားလုံးတွေကို အပေါ်ယံသုံးသပ်ရုံလောက်နဲ့ ကျွန်တော့်ကို လူကြီးမင်းတို့ရဲ့ စံနှုန်းတွေအတိုင်း လွယ်လင့်တကူ တန်းညှိလိုက်လို့တော့ ဘယ်ရပါ့မလဲ။ လက်တွေ့ဘဝထဲက ကျွန်တော်ဟာ တခြားသူအလိုကျ ရှင်သန်နေထိုင်ပေးနေရပါတယ်။ ကျွန်တော့်ရဲ့ စိတ်ဆန္ဒမပါဘဲ နေထိုင်နေရခြင်းဟာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားကြောင့်လို့ဆိုရင်တောင်မှ ကျွန်တော့်လိုကောင်မျိုးဟာ အိပ်မက်ထဲမှာတော့ လွတ်မြောက်ခွင့်၊ ဖီဆန်ခွင့်၊ ငြင်းဆန်ခွင့် ရှိသင့်တယ်မဟုတ်ဘူးလား။
မှတ်မိသလောက် ပြန်စဥ်းစားကြည့်ရရင် အိပ်မက်ထဲမှာ ကျွန်တော့်ကို အမျိုးသမီးတစ်ယောက်က ရက်ရက်စက်စက် နာကျင်အောင် ပြောပြီး သင်ခန်းစာတွေပေးနေတယ်။ အရေးကြီးတဲ့ ပွဲအခမ်းအနားတစ်ခုကို တက်ရောက်ဖို့ မေ့သွားတဲ့အတွက် ကျွန်တော့်အနာဂတ်မှာ ကြုံတွေ့ရနိုင်တဲ့ ပြဿနာတွေ၊ ကျွန်တော့်ဘဝအပေါ် သက်ရောက်လာမယ့် ပြစ်ဒဏ်ခတ်မှုတွေအကြောင်း တနင့်တပိုးပြောပြီး သူဟာ ကျွန်တော့်အပေါ် ဘယ်လောက်ထိ စိတ်ပျက်သလဲဆိုတာကို စကားသံတွေကနေတဆင့် ဖော်ပြနေတယ်။ အိပ်မက်ထဲက ကျွန်တော်ဟာ ဘယ်တုန်းကမှ မမြင်ဖူး၊ မသိဖူးတဲ့ မိန်းမတစ်ယောက်ရဲ့ စကားတွေကို အပြစ်ရှိစိတ်နဲ့ ငြိမ်ပြီးနာခံနေခဲ့မိတယ်။ ရွံစရာကောင်းလိုက်တဲ့ကောင်... အိပ်မက်ထဲမှာတောင် ဘာမှပြန်မပြောရဲ၊ မလုပ်ရဲလောက်တဲ့အထိ အားနည်းသိမ်ငယ်တတ်တဲ့ကောင်ဟာ ကျွန်တော်ပါလို့တောင် ကျွန်တော့်ကိုယ်ကျွန်တော် မပြောဝံ့ဘူး။ အိပ်မက်ထဲက ကျွန်တော်ဟာ အဲဒီအမျိုးသမီးရဲ့ လွှသွားလို စကားသံတွေအောက် လည်စင်းပေးနေရချိန်မှာ ဒါတွေဟာ အိပ်မက်တွေသာ ဖြစ်လိုက်ပါတော့လို့ တွေးနေခဲ့မိလားဆိုတာကို မမှတ်မိပေမယ့် အခုလိုလန့်နိုးလာရတော့လည်း ဪ အိပ်မက်ဖြစ်နေလို့ တော်သေးတာပေါ့ ဆိုပြီး စိတ်သက်သာရာရရပြန်ရော။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အဲဒီလိုတူညီတဲ့ ဘဝအခိုက်အတန့်တွေကို သွားသတိရမိပြန်တယ်။ အမေ့စကားသံတွေ၊ ဆရာဆရာမတွေရဲ့ စကားသံတွေ၊ အလုပ်ခွင်က လူတွေရဲ့ စကားသံတွေ၊ ပတ်ဝန်းကျင်ကလူတွေရဲ့ စကားသံတွေ၊ တစ်ချိန်တုန်းက ချစ်ခဲ့ဖူးသူတို့ရဲ့ စကားသံတွေဟာ ကျွန်တော့်ကို နက်နက်ရှိုင်းရှိုင်း ဆိတ်ငြိမ်စေခဲ့ဖူးတယ်။ ကျွန်တော်ဟာ စကားမပြောတတ်တဲ့သူတစ်ဦးမဟုတ်ပေမယ့် သူတို့ရဲ့စကားသံတွေဟာ ကျွန်တော့်နားထဲ တူနဲ့နာနာရိုက်ထည့်ထားတဲ့ သံချောင်းတွေလို မြဲမြဲစွဲနေပြီး ပဲ့တင်ထပ်နေတဲ့အခါမျိုးမှာ ဘယ်လိုအသံမျိုးမှ ကျွန်တော့်လည်ချောင်းထဲကနေ ထွက်မလာတော့ဘူး။ အဲဒီလိုအခါမျိုးတွေမှာဆိုရင် လူတွေရဲ့မျက်နှာပေါ်က အပေါက်တစ်ပေါက်ဟာ တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ယောက်ပေါင်း မြောက်မြားစွာရဲ့ နှလုံးသားကို မျက်စိနဲ့မမြင်ရတဲ့ အပေါက်တွေ ဖြစ်ပေါ်စေပါလားဆိုတဲ့အကြောင်းကို ငိုင်ငိုင်ကြီး တွေးမိနေတော့တာပဲ။ သူတို့ရဲ့စကားလုံးတွေနဲ့ စကားသံတွေဟာ ကျွန်တော့်ရဲ့ မှတ်ဉာဏ်ထဲမှာ ကပ်ပါးပိုးတစ်ကောင်လို မြဲမြဲကပ်တွယ်နေတယ်။ ဘယ်တော့မှ၊ ဘယ်လိုမှ မေ့လို့မရဘူး။ အမှတ်သညာကြီးတယ်ဆိုတာ ဒါမျိုးများလား။ ကျွန်တော့်အပေါက်ထဲကနေ ထွက်လာတဲ့ စကားလုံးတွေဟာလည်း တချို့သော နှလုံးသားတွေကို အပေါက်ဖြစ်စေခဲ့မှာ သေချာပါတယ်။ သူတို့အတွက်တော့ ကျွန်တော်က မကောင်းဆိုးဝါးတစ်ကောင် ဖြစ်ချင်ဖြစ်နေမှာပေါ့။ ကျွန်တော်ဟာ သူတို့ရဲ့စကားကို မေ့မရတဲ့အပြင် ခွင့်လည်းမလွှတ်တတ်ပြန်ဘူး။ ဒါကြောင့် အသံတွေဟာ ကျွန်တော့်ကို အမြဲလှုပ်နှိုးနေတဲ့ အိပ်မက်ဆိုးတွေဖြစ်လာခဲ့သလို ကျွန်တော်ကိုယ်တိုင်လည်း လူတွေကို အပိုစကားရယ်လို့ တစ်ခွန်းတစ်ပါဒမှ မပြောချင်တဲ့ကောင်ဖြစ်လာတယ်။ သေချာတာပေါ့။ အဲဒီလိုနေတတ်တဲ့ ကျွန်တော့်ရဲ့ ဉာဥ်ကြောင့်ပဲ ကျွန်တော်ဟာ အလားတူအဖြစ်အပျက်၊ ပြဿနာတွေနဲ့ ကြုံရ၊ ဒဏ်ရာဟောင်းပေါ် ဒဏ်ရာအသစ်တွေ ဆင့်ဆင့်ပြီးဖြစ်ရ၊ သွေးအလိမ်းလိမ်းဖြစ်ရပြန်ရော။
TV ဖွင့်ကြည့်လိုက်တော့ ရုပ်သံလိုင်းတစ်လိုင်းပေါ်မှာ စစ်မြေပြင်မှတ်တမ်းဗီဒီယိုတစ်ခုလာနေတယ်။ စစ်ကြောင့် ပျက်စီးခဲ့ရ၊ ပျက်စီးနေရဆဲ ဘဝတွေနဲ့ အသက်တွေအကြောင်းကို ဒေသခံတွေလို ဝတ်ထားတဲ့ သတင်းထောက်အမျိုးသမီးက အင်တာဗျူးလိုက်လုပ်ရင်း ရှင်းပြနေတယ်။ စကားပြောရတာကို သိပ်ကြိုက်ကြတဲ့လူသားတွေ၊ တစ်ယောက်ကိုတစ်ယောက် စကားပြောပြီး ဆက်သွယ်ရတာကိုမှ သိပ်သဘောတွေ့ကြတဲ့လူသားတွေဟာ အယူဝါဒချင်း၊ ခံယူချက်ချင်း ထိပ်တိုက်တွေ့တဲ့အခါ တစ်ဖက်နဲ့တစ်ဖက် အနာတရဖြစ်စေဖို့ကလွဲပြီး ပိုကောင်းတဲ့နည်းလမ်းကို ရှာမတွေ့နိုင်ကြတော့ဘူး။ စစ်ဟာ လူသားတွေရဲ့ မျက်နှာအမှန်ကို ခွာချပြီး၊ အရိုင်းဆန်တဲ့ တစ်ဖက်ကို ပြသပေးနိုင်တယ်လို့ ကျွန်တော်အမြဲတွေးထင်ထားခဲ့တယ်။ အေးချမ်းနေတဲ့ နယ်မြေဒေသမှာ အေးအေးလူလူ ရှင်သန်နေရတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကတော့ ဆုံးရှုံးမှုတွေအတွက် ဝမ်းနည်းရပါတယ်၊ စာနာမိပါတယ်ဆိုတဲ့ အပေါ်ယံ ပျားရည်ဆမ်းစကားလုံးတွေကို ဖောဖောသီသီဖြူးပြီး ခဏတော့ ဝမ်းနည်းပြကြလိမ့်မယ်။ ပြီးရင်တော့ ဘာမှမဖြစ်သလို လျစ်လျူရှုကြလိမ့်ဦးမယ်။ သူတို့ပြောကြလိမ့်ဦးမယ်လေ... အဆင်ပြေသွားမှာပါလို့။ ရုပ်သံမှတ်တမ်းထဲက သတင်းထောက်အမျိုးသမီးဟာ သံချပ်ကာတင့်ကားထဲဝင်ထိုင်ပြီး စစ်ကားတန်းနဲ့အတူ ရှေ့တန်းစစ်မြေပြင်ကို လိုက်ပါသွားခဲ့တယ်။ တခဏလောက်ကြာတော့ ကားတန်းကြီးကို ရိုက်ကူးနေဆဲ ကင်မရာမြင်ကွင်းက မငြိမ်မသက်ဖြစ်ပြီး ကင်မရာရဲ့ ပြကွက်က မြေပြင်ပေါ်ကို လွင့်စင်ထွက်ကျသွားတယ်။ ဖန်သားပြင်ပေါ်က မှတ်တမ်းဗီဒီယိုထဲမှာ ကန္တာရဖုန်းဆိုးမြေပေါ် လဲကျနေတဲ့လူသားတွေရဲ့ ကစင့်ကလျားအခြေအနေကို အထင်းသား ရိုက်ကူးပြသထားတယ်။ သတင်းထောက်အမျိုးသမီးဟာ သူနဲ့အတူ မကြာသေးခင်ကမှ စကားပြောနေတဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဓာတ်ပုံဆရာတစ်ယောက် ကြွင်းကျန်ရစ်ခဲ့တဲ့ ကင်မရာကို လက်မှာ ကိုင်ရင်း ငိုကြွေးလို့။ အားလုံးဟာ တခဏအတွင်းမှာ ပြောင်းလဲသွားခဲ့ပြီ။ မြေပြင်မှာ ပြန့်ကျဲနေတဲ့ လူသားတွေရဲ့ အလောင်းတွေ၊ သူတို့ရဲ့ကိုယ်လက်အင်္ဂါအပိုင်းအစတွေ။ အသက်ရှင်ကျန်ရစ်သူတစ်စုဟာ လူတစ်ယောက်ကို သယ်ထုတ်လာခဲ့တယ်။ သူတို့သယ်ထုတ်လာတဲ့လူမှာ ကိုယ်အောက်ပိုင်းတစ်ခုလုံး မရှိတော့ဘူး။ ရုပ်သံမှတ်တမ်းဗီဒီယိုဟာ ဘယ်မှာ အဆုံးသတ်မယ်မှန်းမသိနိုင်တဲ့ လမ်းမကြီးရဲ့ တစ်ဖက်က စစ်ကားတန်းကြီးနဲ့ ကျန်လမ်းဘေးတစ်ဖက်မှာ ရှိနေတဲ့ သွေးမြေတလင်းကြီးကို မျက်နှာမူရင်း ငေးကြည့်နေတဲ့ သတင်းထောက်အမျိုးသမီးရဲ့ ကျောပြင်နဲ့ အဆုံးသတ်ထားတယ်။ ကျွန်တော် TV ကို ပြန်ပိတ်ထားလိုက်တယ်။
အိမ်အပြင် Sun Shade ပေါ်ကျလာတဲ့ မိုးစက်သံတွေကို ကျွန်တော်သတိထားမိတယ်။ လူတွေရဲ့ နှလုံးသားဟာ စကားသံတွေထက် ပိုပြီး ကျယ်လောင်နိုင်မယ်ဆိုရင် သိပ်ကောင်းမှာပဲ။ Sun Shade ပေါ် တဗြောင်းဗြောင်းကျလာတဲ့ မိုးစက်သံတွေလိုမျိုးသာ စကားသံတွေကို ဖုံးလွှမ်းနိုင်မယ်ဆိုရင် ကမ္ဘာကြီးဟာ အများကြီးပြောင်းလဲသွားမှာပဲ။ ချစ်ခြင်းမေတ္တာကို စကားထဲမှာသာ ကြားတတ်ကြတဲ့ နားတွေ၊ မျက်နှာဖုံးတွေကိုပဲ အဟုတ်အမှန်ထင်တတ်ကြတဲ့ မျက်လုံးတွေ၊ လုပ်ယူထားတဲ့ အမွှေးရနံ့ကိုပဲ ရှုရှိုက်တတ်တဲ့ နှာခေါင်းတွေ၊ စောက်ရေးမပါတဲ့ အပေါစားစကားလုံးတွေကို ဖောဖောသီသီရောင်းပြီး အတူတူနဲ့အနူနူ ဘယ်သူက ပိုသာတယ်၊ ပိုနာတယ်ဆိုတာကို အပြစ်ဖို့တတ်ကြတဲ့ ပါးစပ်ပေါက်တွေဟာ မျှော်လင့်ချက်မဲ့စေတဲ့ ကမ္ဘာလောကသစ်တစ်ခု၊ လူ့အဖွဲ့အစည်းတစ်ရပ်ကိုသာ မွေးထုတ်ပေးနိုင်လိမ့်မယ်။ ကျွန်တော့်လိုသတ္တဝါတွေကိုလည်း ကူးစက်ရောဂါတစ်ခုလို ပွားများလာစေလိမ့်မယ်။ မိုးသံတွေ တဗြောင်းဗြောင်းကျနေသံက စစ်မြေပြင်မှတ်တမ်းထဲက ငိုသံတွေ၊ ညည်းသံတွေနဲ့ ရောနှောဆူပွက်ပြီး ကျွန်တော့်နားနှစ်ဖက်ထဲကို တိုးလျှိုးလာပြန်တယ်။ ထွက်ပြေးချင်လိုက်တာ။ ဒီအသံတွေနဲ့ အဝေးဆုံးကို ကျွန်တော် ထွက်ပြေးလိုက်ချင်တာ။ ကျွန်တော်ဟာ သာမန်လူ့အဖွဲ့အစည်းထဲကနေ ကွဲထွက်လာတဲ့ ဗီဇအသွင်ပြောင်းသတ္တဝါလား။ ဒါမှမဟုတ် ကိုယ့်ရဲ့ဗီဇအမှန်ကို အရွယ်ရောက်တော့မှ တဖြည်းဖြည်း သဘောပေါက်လာတဲ့ ဂြိုလ်သားတစ်ကောင်လား။ တခါတလေကျတော့ လူတွေရဲ့ စကားသံထက် ပိုကျယ်လောင်တာက ကျွန်တော့်ရဲ့ ကိုယ်ထဲက စကားသံတွေလည်း ဖြစ်ချင်ဖြစ်နေတတ်တယ်။ ဝမ်းနည်းစရာကောင်းတာက ကျွန်တော်ဟာ ပြင်ပအသံတွေနဲ့ ဝေးရာကို တကယ်ပဲ ပြေးထွက်နိုင်စေဦးတော့။ ကိုယ့်ရဲ့ ကိုယ်ထဲက စကားသံတွေဆီကနေတော့ ဘယ်တော့မှ ပြေးထွက်နိုင်မှာမဟုတ်ပါဘူး။ ဒါဟာ ကျိန်စာတစ်ခုလို ကျွန်တော့်ရဲ့နောက်ကနေ ကပ်လိုက်လာမှာပါ။ ကျွန်တော့်ရဲ့အရိပ်၊ ကျွန်တော့်ကို စောင့်နေတဲ့ သေခြင်းတရားတို့နဲ့အတူတူ စက္ကန့်လက်တံရွေ့သံ တချောက်ချောက်တချက်ချက်ပေးပြီး ကျွန်တော့်နောက်ကို တကောက်ကောက် လိုက်လာလိမ့်မှာ။ ကျွန်တော်လုပ်နိုင်တာက အဲဒီအသံတွေရဲ့အလယ်မှာ ဟန်ချက်ညီအောင်ထိန်းရင်း လူ့အဖွဲ့အစည်းဆိုတဲ့ ယန္တရားတစ်ခုအတွက် အသုံးဝင်တဲ့စက်သွားတစ်ခုလို အတတ်နိုင်ဆုံး ကြိုးစားနေထိုင်ပြရုံကလွဲရင် ဘာမှမရှိပါဘူး။ အရိုးသားဆုံး ဝန်ခံရရင် ကျွန်တော်အဲဒီလိုနေနိုင်မယ်လို့လည်း ယုံကြည်ချက်မရှိပါဘူး။
နာရီကြည့်လိုက်တယ်။ ကျွန်တော်နိုးနေတာ တစ်နာရီကျော်ကျော်ကြာပြီ။ စားပွဲပေါ်က ဖတ်လက်စ စာအုပ်တစ်အုပ်ကို ဆွဲယူပြီး ဆက်ဖတ်တယ်။ စာအုပ်ထဲကို အာရုံနစ်ဝင်လုဆဲဆဲအချိန်မှာ အမေက TV ပြန်ဖွင့်၊ ကျွန်တော့်ဘေးမှာထိုင်ပြီး တစ်နေ့ထက်တစ်နေ့ တက်လာတဲ့ကုန်ဈေးနှုန်းတွေအကြောင်း၊ သူ့ကိုမချေမငံပြောလိုက်တဲ့ ကုန်စိမ်းသည်တွေအကြောင်း၊ ကြားခဲ့ရသမျှ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အတင်းအဖျင်းမှန်သမျှကို ဖောက်သည်ချပြောပြတော့တာပဲ။ အိမ်အပြင်က မိုးစက်သံတွေကို ကျွန်တော် ကြားနေရတုန်း။ TV မှာတော့ သတင်းအစီအစဥ်တစ်ခုလာနေတယ်။ အမေကလည်း တတွတ်တွတ်ပြောကောင်းနေပြန်။ ကျွန်တော့်ကိုယ်ထဲက အသံကရော။ ကျွန်တော့်ကိုယ်ထဲက အသံဟာ ကျွန်တော်စကားစပြောတာကို စောင့်ဆိုင်းနေတဲ့ပုံပေါ်တယ်။ အဲဒီအချိန်မှာပဲ အမေက အချိန်ကိုက် တစ်ခုခုမေးလိုက်တယ်။ သူပြောတဲ့စကားမှန်မမှန် ပြန်အတည်ပြုတဲ့သဘော၊ ကျွန်တော်နားထောင်နေတာဟုတ်မဟုတ် သိချင်တဲ့သဘော ဖြစ်လိမ့်မယ်။ "အင်း" တစ်လုံးပဲ ပြန်ပြောပြီး ကျွန်တော်ခေါင်းညိတ်ပြလိုက်တော့ အမေက စကားဆက်ပြောတယ်။ ကျွန်တော့်ကိုယ်ထဲကကောင်ဟာ ခွီခနဲ တစ်ချက်ထရယ်တယ်။ ကျွန်တော့်မျက်လုံးတွေက စာအုပ်ပေါ်မှာ ရှိနေပေမယ့် ရေးထားတဲ့အကြောင်းအရာတွေကို ပုံဖော်ကြည့်ဖို့ မနည်းကြိုးစားနေရတယ်။ ကျွန်တော်ဖတ်နေတာက ဖြစ်ရပ်မှန်မှုခင်းတွေအကြောင်းပါ။ သဲလွန်စတွေကို သိပ္ပံပညာရဲ့ အကူအညီနဲ့ ရှာဖွေပြီး အမှုမှန်ကို ဖော်ထုတ်တဲ့ ပညာရှင်တစ်ယောက်ရဲ့ ကိုယ်တိုင်ရေးအတ္ထုပတ္တိဆန်ဆန်စာအုပ်မျိုး။ သစ်မှုန့်ကြိတ်စက်ထဲ အေးခဲထားတဲ့အလောင်းကို ထည့်နေတဲ့ တရားခံရဲ့ပုံရိပ်ကို ကျွန်တော်ကြိုးစားတည်ဆောက်ကြည့်နေတယ်။ အလောင်းဟာ ခဲနေတော့ သွေးမထွက်ဘဲ အသားစတွေနဲ့ အရိုးစတွေပဲ အစိတ်စိတ်အမွှာမွှာ လွှင့်ထွက်ကုန်တယ်လို့ဆိုတယ်။ တရားခံသာ အလောင်းကို အေးခဲမထားရင် သွေးစက်တွေလည်း အမှုန်အမွှားအနေနဲ့ လွှင့်ထွက်ကုန်မယ်ထင်တယ်။ သစ်မှုန့်ကြိတ်စက်ရဲ့ တစ်ဖက်ကနေ ထွက်လာမယ့် သွေးစက်တွေကို ကျွန်တော်မြင်ယောင်ကြည့်မိတယ်။ ကျွန်တော့်ကိုယ်ထဲက ကောင်ဟာ မပြောသင့်တဲ့တစ်ခုခုကို ပြောလိုက်မိပြန်ပြီ။ ကျွန်တော့်ရဲ့ တည်ဆောက်လက်စအတွေးကို ချက်ချင်းပြောင်းလဲမှရတော့မယ်။ တရားခံ ဖျောက်ဖျက်တဲ့အလောင်းက သူ့ရဲ့ဇနီးသည်အလောင်းဖြစ်နေတယ်။ သူတို့ တစ်ချိန်ကချစ်ခဲ့ဖူးကြမှာပဲ။ သူတို့ချစ်နေခဲ့ကြစဥ်က လောကကြီးဟာ ရပ်တန့်သွားဖူးမလား။ နွေဦးလိုမျိုး ပန်းတွေပွင့်ဖူးသွားခဲ့လား။ သူ့ဇနီးသည်ကို သူသတ်လိုက်တဲ့အချိန်ကရော အဲဒီလိုလှပတဲ့အချိန်တွေကို ပြန်သတိရခဲ့သေးလား။ ကြည့်ရတာ ချစ်ခြင်းနဲ့ မုန်းခြင်းအကြားမှာ ကန့်သတ်ခြားနားထားတဲ့အလွှာက ရန်ကုန်က အဆောင်ခန်းခပ်ကျဥ်းကျဥ်းတွေမှာ ကန့်ထားတဲ့ သုံးထပ်သားပြားတစ်ချပ်စာလောက်တောင် မထူလို့ဖြစ်လိမ့်မယ်။ အမေက စကားတွေပိုပြောလာတယ်။ TV ထဲက သတင်းသံကလည်း ပိုကျယ်လာတယ်။ ကျွန်တော့်ကိုယ်ထဲကကောင်ဟာ စာအုပ်ထဲက အမှုအကြောင်း ပြောချင်နေတုန်းပဲ။ ကျွန်တော်ကြားနေရတဲ့ အသံက သုံးမျိုးလား၊ လေးမျိုးလား။ အဲဒီလို ကျွန်တော်ခဏခဏဖြစ်တတ်တယ်။ ဥပမာ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ အတူတူ အပြင်မှာ တစ်ခုခုထွက်စားဖြစ်တဲ့အချိန်မျိုးတွေမှာဆိုရင် သူငယ်ချင်းရဲ့စကားသံ၊ အနီးအနားစားပွဲဝိုင်းတွေဆီက ပြောဆိုရယ်မောသံ၊ စားသောက်ဆိုင်က ဖွင့်ထားတဲ့ သီချင်းသံတွေ ရောနှောသွားပြီး ကျွန်တော့်နားထဲကို အလုံးအရင်းနဲ့ တလုံးတခဲဝင်လာတာမျိုးပေါ့။ ကျွန်တော့်ကိုယ်ထဲကအသံ စကား စမပြောမချင်း ကျွန်တော် အဲဒီလိုအခြေအနေတွေကို ကောင်းကောင်းကိုင်တွယ်နိုင်ပါတယ်။ ကိုယ့်ကိုယ့်ကိုယ်တော့ အဲဒီလိုထင်မိတာပဲ။ အရင်ဆုံး အသက်ဝဝရှူ၊ အားလုံးကို ခေါင်းထဲကနေ ခဏထုတ်ထား၊ ခုလောလောဆယ် အာရုံစိုက်ရမယ့်အရာကို စဥ်းစား၊ အဲဒါကိုပဲ ခေါင်းထဲမှာ ပုံဖော်တွေးတောနေ၊ ဒါဆို နေလို့ထိုင်လို့ကောင်းသွားရော။ ဒါပေမယ့် ကျွန်တော့်ကိုယ်ထဲကအသံ စကားပြောပြီဆိုရင်တော့ ကျွန်တော်ဟာ အဲဒီအသံနဲ့ ပြိုင်ပြီးလွန်ဆွဲရင်း ကျန်တဲ့အသံတွေကို နားထောင်ဖို့ ပျက်ကွက်သွားတတ်တယ်။
မိုးနည်းနည်းစဲသွားပေမယ့် နေရတာ အေးစိမ့်စိမ့်နိုင်နေတုန်းပဲ။ ကျွန်တော့်အိမ်က မြစ်နဲ့နီးတဲ့ ကမ်းနားက ရပ်ကွက်မှာရှိတယ်။ မြစ်နဲ့ ကျွန်တော့်အိမ်ရှိတဲ့လမ်းအကြားမှာ အိမ်ရာဝင်းတစ်ခုခြားပေမယ့် ဒီရေအတက်အကျရှိတဲ့ရက်တွေဆိုရင် ကျွန်တော့်အိမ် မြေညီထပ် ဖိနပ်ချွတ်နေရာထိ ရေတွေဝင်တတ်တယ်။ အစိုဓာတ်ကြောင့် နေရတာ ထိုင်းမှိုင်းလာတာနဲ့ မနက်စာစားဖို့ ခေါက်ဆွဲထပြုတ်တယ်။ ပိုတဲ့ရေနွေးနဲ့ ကော်ဖီသောက်ဖို့ အမေ့ဆီက ကော်ဖီတစ်ထုပ်တောင်းတယ်။ ကျွန်တော့်အသံက တိုးလို့ အမြဲတမ်း စကားကို နှစ်ခါပြန်ပြောရတယ်။ အမြဲတမ်းပါပဲ။ ကြာလာတော့ ကျွန်တော်အဲဒီလို နှစ်ခါထပ်ပြောရတာကို မုန်းလာတယ်။ ကျွန်တော် အသံကို ကျယ်ကျယ်ပြောရင်လည်း ဒေါသထွက်သလို၊ ရိုင်းပျသလိုဖြစ်နေပြန်တော့ ကျွန်တော့်မှာ အဲဒီလိုအထင်လွဲခံရတဲ့အတွက် ထပ်ပြီးရှင်းပြရပြန်ရော။ လူတွေနဲ့ စကားပြောရတာ ကျွန်တော့်အတွက် သိပ်ပင်ပန်းတာပဲ။ သူတို့ဘာကို လိုချင်နေသလဲဆိုတာကို ကျွန်တော် လိုက်မမှီတတ်ဘူး။ သူတို့ကို အနှောင့်အယှက်မဖြစ်အောင် ကျွန်တော့်နည်းကျွန်တော့်ဟန်အတိုင်း နေလိုက်ပြီဆိုတာနဲ့ နားလည်မှုတွေလွဲကုန်၊ တလွဲတွေဖြစ်ပြီး အပိုစကားတွေပြောရ၊ နောက်ဆုံးကျ ကျွန်တော်ဟာ အသုံးမကျတဲ့လူတစ်ယောက်လို့ တံဆိပ်ကပ်ခံလိုက်ရတယ်။ မနက်စာ စားပြီးသည့်တိုင်အောင် အမေက စကားပြောမပြီးသေးဘူး။ အမေပဲ စကားများလာတာလား။ ကျွန်တော်ကပဲ စကားနည်းသွားတာလား။ လူတွေ၊ သတ္တဝါတွေဟာ သူတို့ဘဝအတွက် ကြီးမားတဲ့ကိစ္စတစ်ခု၊ အပြောင်းအလဲတစ်ခုနဲ့ ရင်ဆိုင်တွေ့ရရင် ပြောင်းလဲသွားတတ်ကြတယ်လို့ ကြားဖူးတယ်။ ကမ္ဘာဟာ နေ့တိုင်းပြောင်းလဲနေတာပါပဲ။ အချိန်စက်ဝန်းကြီး လည်ပတ်နေသရွေ့၊ ဘာမှဖြစ်ဖြစ် မဖြစ်ဖြစ် ကျွန်တော်တို့အားလုံး ပြောင်းလဲနေကြမှာပါ။
ကော်ဖီခွက်ကို လက်တစ်ဖက်ကနေကိုင်ပြီး အိမ်ရှေ့ကိုထွက်၊ ဖတ်လက်စစာအုပ်ကို ဆက်ဖတ်တယ်။ စာအုပ်ထဲက မှုခင်းထဲကို ပြန်လည်နစ်ဝင်သွားတယ်။ အသက်ရှူဖို့အတွက် လေပေါ်ပြန်တက်လာတော့ အလုပ်လုပ်ရင်း စကားပြောနေကြတဲ့ အမေနဲ့ အဒေါ်ရဲ့ စကားသံကို ကြားရတယ်။ အိမ်မှာမွေးထားတဲ့ ခွေးတွေကလည်း အချင်းချင်း ရန်စောင်နေကြတယ်။ ဟိုဘက်တစ်တိုက်ကျော်မှာ မွေးထားတဲ့ ကြက်တူရွေးကလည်း မြည်တွန်လို့။ အမေကတော့ အဲဒီငှက်အသံကြားတိုင်း သီချင်းဆိုနေတယ်လို့ တွေးပေမယ့် ကျွန်တော်ကတော့ သူဆဲနေတာလည်း ဖြစ်နိုင်တယ်လို့ထင်တယ်။ သူ့ကိုလှောင်ပိတ်ထားတဲ့ လှောင်အိမ်ကြီးကို ဒေါသတွေထွက်၊ သူ့ကိုမွေးထားတဲ့ လူသားတွေကို မုန်းတီး၊ သူ ကိုယ်တိုင်ကိုယ်ကျ ပျံဝဲခွင့်မရှိတဲ့ ကောင်းကင်ကြီးရဲ့ ပြာရီဝေလဲ့နေမှုကြီးကို ကြည့်ပြီး ကြေကွဲစိတ်နဲ့ မဝံ့မရဲ ဆဲဆိုနေတာမျိုး မဖြစ်နိုင်ဘူးလို့ ဘယ်သူအာမခံရဲသလဲ။ အနုတ်လက္ခဏာသိပ်ဆောင်တဲ့အတွေးတွေပဲနော်။ စိတ်မကောင်းပါဘူး။ ကျွန်တော်ကတော့ ဒီလိုပဲမြင်ပါတယ်။
ဖတ်လက်စအခန်းတစ်ခန်းပြီးသွားပြီ။ ကျွန်တော်စာအုပ်ကိုပိတ်ပြီး မျက်လုံးတွေခဏမှိတ်ထားတယ်။ အပြင်ထွက်ထိုင်တာ ကြာသွားလို့ ကျွန်တော့်ခြေလက်တွေ အေးပြီး ထုံကျဥ်နေတာကို ခံစားမိတယ်။ အသက်သုံးဆယ်တောင် မပြည့်သေးပေမယ့် ကျွန်တော့်ခါးကလည်း နာစပြုလာပြီ။ ကျွန်တော့်ဘဝအတွက် ကျွန်တော်လုပ်မှဖြစ်မယ့် တာဝန်တွေ၊ ဝတ္တရားတွေဟာ မျက်လုံးမှိတ်လိုက်တာနဲ့ တစ်ခုပြီးတစ်ခု အာရုံထဲကို တိုးဝင်လာကြတယ်။ လူ့အဖွဲ့အစည်းထဲက အသုံးဝင်တဲ့ စက်သွားတစ်ခုအဖြစ် ပါဝင်သရုပ်ဆောင်ရတာ မလွယ်ကူလိုက်တာ။ ဘဝဟာ MMORPG Game တစ်ခုလိုပဲ။ စွန့်စားခန်းတွေဝင်၊ အပေါင်းအသင်းမိတ်ဆွေတွေဖွဲ့၊ အခက်အခဲတွေဖြေရှင်း၊ အင်အားကြီးတဲ့ ရန်သူတစ်ယောက်ကို ရင်ဆိုင်ပြီးရင် ဒီ့ထက်ပိုပြီး အင်အားကြီးတဲ့ ရန်သူတစ်ယောက်က ကိုယ့်ကိုအသင့်စောင့်နေပြန်။ တချို့ကစားသမားတွေကတော့ ဒီလိုမျိုးဂိမ်းကိုမှ ကြိုက်ကြသတဲ့။ တချို့တွေကတော့ ဆော့နေရင်း ငြီးငွေ့လာပြီး လမ်းတစ်ဝက်မှာပဲ ရပ်တန့်လိုက်ကြတယ်။ ကျွန်တော်ကရော... ကျွန်တော်ဟာ ဘယ်လိုကစားသမားမျိုးလဲ။ ဘဝဆိုတဲ့ ကစားပွဲမှာ ကျွန်တော်က ဘယ်လိုနေရာကနေ ပါဝင်နေမိသလဲ။ ကစားပွဲရဲ့ Rank သတ်မှတ်ချက်စာရင်းဇယားမှာ ကျွန်တော်က နံပါတ်ဘယ်လောက်လဲ။ Rank နိမ့်တဲ့သူတွေကို Player အချင်းချင်းတောင် မပတ်သက်ချင်ကြသလို လူ့အဖွဲ့အစည်းကလည်း သူတို့ရဲ့ Standard နဲ့ ကိုက်ညီအောင် မနေနိုင်ဘူးလို့ တံဆိပ်ကပ်ခံထားရတဲ့ ကျွန်တော့်လိုလူတွေကို ကိုယ်ချင်းမစာပေးနိုင်ပါဘူး။ ဒါဟာ ခါးသီးတယ်၊ တစ်ဖက်သတ်ဆန်တယ်လို့ မြင်ရသော်ငြား အမှန်တရားပါပဲ။ ယေဘုယျအားဖြင့် လူတွေ အရူးအမူးစွဲလမ်းတတ်ကြတဲ့ လိင်မှုကိစ္စတွေကို ကျွန်တော် ကြောက်တဲ့အခါ၊ Gender အရ ကန့်သတ်ထားတဲ့အရာတွေကို ကျော်လွန်ပြီးလုပ်မိတဲ့အခါ သို့မဟုတ် မလုပ်မိတဲ့အခါ၊ လူတွေစိတ်တိုင်းကျ ကန့်သတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေကို ကျွန်တော့်ဘက်က အဓိပ္ပါယ်မရှိဘူးလို့ ထုတ်ဖော်ပြောမိတဲ့အခါ၊ လူတိုင်းလိုလို ကျူးလွန်တတ်ကြတဲ့အမှားမျိုးကို ကျွန်တော်လည်း ကျူးလွန်မိတဲ့အခါမျိုးတွေမှာ လူတွေက ကျွန်တော့်ကို သိသိသာသာတစ်မျိုး၊ မသိမသာတစ်ဖုံ လက်ညှိုးထိုးဝေဖန်ကြတယ်။ တခါတလေများဆို ကျွန်တော့်ရဲ့ အရည်အချင်း၊ အတွေးအခေါ်တွေက ကျွန်တော့်ရဲ့ အသွင်အပြင်၊ ကျွန်တော့်ရဲ့ Gender လောက်တောင် လူစိတ်ဝင်စားတာမခံရတတ်ဘူး။ အဲဒီလိုအခါမျိုးဆို ကျွန်တော့်နှလုံးသားထဲက လေဟာနယ်ဟာ ပိုကျယ်ပြန့်လာတတ်တယ်။ ကျွန်တော့်ကိုယ်ထဲက အသံဟာ ပိုပိုကျယ်လာသလောက်၊ အသံအိုးထဲကနေ ထွက်လာတဲ့အသံက ပိုပိုတိုးသွားတတ်တယ်။ ကျွန်တော့်ကိုယ်ထဲ တိတ်တိတ်လေးရှင်သန်နေတဲ့ အကောင်တစ်ကောင်က မရရတဲ့နည်းနဲ့ အပြင်ကို တွန်းထိုးရုန်းထွက်လာသလို ခံစားရတတ်တယ်။ ကျွန်တော်ဟာ ကိုယ့်ကို ပျံသန်းခွင့်မပေးတဲ့ ကောင်းကင်ပြာကြီးကို ငေးကြည့်ပြီး ဆဲဆိုနေတဲ့ ကြက်တူရွေးတစ်ကောင်ဖြစ်လာသလိုပဲ။
မျက်လုံးတွေမှိတ်ထားရင်း မေ့နေတဲ့တစ်စုံတစ်ရာကို ရုတ်တရက် ပြန်သတိရမိတယ်။ အိပ်မက်တစ်ခုပါ။ အိပ်မက်ဆိုးတွေချည်းမက်နေတဲ့ ကျွန်တော့်အိပ်စက်ခြင်းတွေထဲက ရှားရှားပါးပါး အိပ်မက်မျိုးပေါ့။ အဲဒီအိပ်မက်ထဲမှာ ကျွန်တော်က တစ်စုံတစ်ယောက်နဲ့ ဘေးချင်းယှဥ်ထိုင်ပြီး စကားပြောနေတယ်။ ပတ်ဝန်းကျင်က သိပ်ဆူညံလွန်းနေတယ်။ ကျွန်တော်သူ့နားနားကပ်ပြီး တစ်စုံတစ်ခုကို တိုးတိုးလေးကပ်ပြောရတယ်။ သူကရယ်တယ်။ ကျွန်တော့်ကိုလည်း တစ်ခုခုပြန်ပြောသေးတယ်လို့ထင်တယ်။ ကျွန်တော်တို့နှစ်ယောက်လုံး ရယ်နေကြတာကို မှတ်မိသေးတယ်။ ပြီးတော့ သူက ကျွန်တော့်ပခုံးကို ခေါင်းမှီပြီးနားနေတယ်။ ဒီအိပ်မက်ကို လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်က မက်ခဲ့တာဖြစ်ပေမယ့် ထင်ထင်ရှားရှားမှတ်မိနေသေးတယ်။ ဘာရယ်ကြောင့်မှန်းမသိပေမယ့် အဲဒီအိပ်မက်အကြောင်း ပြန်တွေးမိတိုင်း ကျွန်တော့်ကိုယ်ထဲက အသံတွေ ခဏလောက်တော့ တိတ်ဆိတ်သွားတတ်တယ်။ တကယ့်ကို ခဏလေးပါပဲ။
မျက်လုံးတွေကို ပြန်ဖွင့်လိုက်တော့ ကျွန်တော်ဟာ မြူခိုးပါးပါးဆိုင်းနေတဲ့ အဝေးပြေးလမ်းမတစ်ခုပေါ် ရောက်နေတယ်။ ကျွန်တော်က Passenger Seat ပေါ်မှာ။ အဲဒီတစ်စုံတစ်ယောက်ကတော့ Driver Seat မှာရှိနေတယ်။ သူ့ရဲ့ ဖြူသွယ်လျလျလက်လေးတစ်စုံဟာ စတီယာရင်ဘီးပေါ် တည်တည်ငြိမ်ငြိမ် လှုပ်ရှားနေတယ်။ ကျွန်တော် ဘာစကားမှမပြောဘဲ သူ့ဘေးမှာ တိတ်တိတ်လေးထိုင်ပြီး ရှေ့ကိုကြည့်နေတယ်။ အဲဒါ သူပဲလေ။ ကျွန်တော် သူ့ကို မှတ်မိနေတယ်။အဝေးပြေးလမ်းတစ်နေရာရောက်တော့ သူ ကားကို လမ်းဘေးချရပ်လိုက်တယ်။ ကျွန်တော်တို့နှစ်ယောက်လုံး ဘာစကားတစ်ခွန်းမှ မပြောဘဲ ခဏလောက်ထိုင်နေကြသေးတယ်။ ပြီးတော့ နှစ်ယောက်လုံး တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ထားလိုက်ကြတယ်။ သူ့လက်က မြစိမ်းရောင်သွေးကြောလေးတွေဟာ မြစ်လက်တက်ကလေးတွေလို ခွဲဖြာထွက်ပြီး ကျွန်တော့်လက်ကောက်ဝတ်ပေါ်က သွေးကြောကလေးတွေနဲ့ ရောယှက်ပေါင်းစီးသွားတယ်။ သိပ်လှပြီး ကြည့်လို့ကောင်းတာပဲ။ ဘာစကားတစ်ခွန်းမှ မပြောဖြစ်ကြတော့ပေမယ့် သူရော၊ ကျွန်တော်ပါ အလိုလိုနားလည်နေကြတယ်။ဒါဟာ ကျွန်တော်တို့ရဲ့ နောက်ဆုံးသော အခိုက်အတန့်လည်း ဖြစ်နိုင်တယ်ဆိုတာကိုပေါ့လေ။ ကျွန်တော့်ဘဝမှာ တကယ်လိုလားမိတဲ့အရာ၊ ကျွန်တော့်အနေနဲ့ တစ်ယောက်ယောက်ကို အကြွင်းမဲ့ပေးအပ်နိုင်တဲ့ တစ်ခုတည်းသောအရာဟာ အဲဒီအနွေးဓာတ်မျိုးပဲ ဖြစ်လိမ့်မယ်ထင်တယ်။ အဲဒီနောက်တော့ အေးစက်ထုံကျဥ်နေတဲ့ ကျွန်တော့်လက်တွေတဖြည်းဖြည်း အရည်ပျော်လာတယ်။ သူဟာ လိုက်ထရပ်ကားပေါ်မှာတုန်းကလိုပဲ ကျွန်တော့်ပခုံးပေါ် ခေါင်းကို အသာမှီတင်လိုက်တယ်။ ကျွန်တော်လည်း သူ့ကို ခပ်ဖွဖွ ပြန်မှီထားလိုက်တယ်။ ကျွန်တော်တို့လက်ကောက်ဝတ်ပေါ်က မြစိမ်းရောင်မြစ်လက်တက်တွေဟာ အသံတိတ် စီးဆင်းနေဆဲပဲ။ ကျွန်တော်တို့နှစ်ယောက်လုံး အိပ်မက်ထဲမှာပဲ တဖန်ထပ်ပြီး မှေးစက်လိုက်ကြပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကျွန်တော် ထပ်ပြီး နိုးထမလာချင်တော့ပါဘူး။
Keep Reading