သန်းမြင့်အောင်
အသားဖြူဖြူ၊အရပ်မြင့်မြင့်၊ ဥပဓိရုပ်ကောင်းကောင်းနှင့်ဦးကျော်ဘုန်းခေါင်က အပြင်ပန်းကြည့်လျှင်တော့ကျန်းမာသန်စွမ်းသော လူကြီးလူကောင်း တစ်ဦးပုံပေါက်ပေမင့်တစ်ခါတစ်ရံသွေးတိုးသည်။ကုမ္ပဏီကိစ္စတွေ အလွန်များပြားရှုပ်ထွေးသော ရက်တွေဆိုလျှင်တော့သူကိုယ်တိုင် ကားမမောင်းတော့ဘဲ ထွန်းကျော်ကို တစ်နေကုန် ချောဆွဲထားလေ့ရှိသည်။
မနက်ကုမ္ပဏီကစထွက်ကတည်းကလေယာဉ်ရုံးသွား၊လေယာဉ်ရုံးက ပြန်တော့ ဘဏ်မှာ ငွေဝင်ထုတ်၊ ငွေထုတ်ပြီး ကုမ္ပဏီတစ်ခေါက်ပြန်၊ ထမင်းစားပြီး ချက်
ချင်းပြန်ထွက်၊ ဆိပ်ကမ်းမှာ ကွန်တိန်နာတင်ဖို့သွား၊ ဆိပ်ကမ်းမှာတင် တစ်နေကုန်ပြီး ကွန်တိန်နာလည်း မတင်ဖြစ်ဘဲ ကုမ္ပဏီကို ပြန်လာတော့ ဦးကျော်ဘုန်းခေါင်အတော်ပင်ပန်းနေပြီ ဖြစ်သည်။
“ထွန်းကျော်ရေ”
“ခင်ဗျာ”
“ကုမ္ပဏီပြန်ရောက်ရင် မင်းကားပေါ်မှာပဲ ခဏစောင့်နေကွာ၊ ငါမန်နေဂျာကို မှာစရာရှိတာမှာပြီး အိမ်ပြန်နားချင်ပြီ၊ မင်းငါ့ကို အိမ်ပြန်ပို့ပေးဦး”
“ဟုတ်ကဲ့ပါ ဆရာ” ဦးကျော်ဘုန်းခေါင်ကို ကြည့်ရသည်မှာ ကားမောင်းချင်စိတ်မရှိလောက်အောင်ပင်ပန်းနေပြီထင်သည်။ ကုမ္ပဏီဝင်းထဲကားဝင်တော့ အဘထူးက.ခြံတံခါးပြေးဖွင့်သည်။ “နောက်မှာကွန်တိန်နာ ပါသလား” ခြံတံခါးမပိတ်ခင် ထွန်းကျော်ကို လှမ်းမေးပြီးတော့“မပါဘူး၊ ကွန်တိန်နာ ဒီနေ့မဝင်ဘူး” ဟုထွန်းကျော်က လက်ခါပြရင်းပြောတော့ ခြံတံခါးပြန်ပိတ်လိုက်သည်။
ကုမ္ပဏီရုံးခန်း၏အပြင်ဘက်တွင်ကားရပ်ပြီး ဦးကျော်ဘုန်းခေါင် ဆင်းသွားတော့၊ ထွန်းကျော် ကားပေါ်မှာ ထိုင်စောင့်ကျန်နေရင်းက စက်ရုံအဝင်တံခါးဝက စာတန်းကိုငေးနေမိသည်။“ဖြောင့်မတ်သောကိုယ်ကျင့်တရား၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သော ရိုးသားမှုကို သင်တို့ အားလုံးပိုင်ဆိုင်ထားသင့်သည်”ဆိုသော စာတန်းကိုတော့ အဘထူး သန့်ရှင်းရေးလုပ်ရန်မေ့နေပုံရသည်။ စာတန်းပေါ်တွင် ဖုန်အလိမ်းလိမ်းတက်ကာ ညစ်ထပ်နေပြီ ဖြစ်သည်။
“ထွန်းကျော်ရေ ငါ့အိမ်ကို တန်းမောင်းတော့ကွာ” သူစဉ်းစားနေတုန်းမှာပဲ ရုံးခန်းထဲမှ ဦးကျော်ဘုန်းခေါင်ထွက်လာပြီး ကားနောက်ခန်းထဲ ဝင်ထိုင်သည်။ အဘထူးပြန်ဖွင့်ပေးသော ခြံတံခါးဝမှကားအထွက်မှာ“နေပါဦး မင်းအိမ်ပြောင်းဖို့ ကုမ္ပဏီက ကားအကြီးတစ်စီး တောင်းထားတယ်ဆို”
“ဟုတ်ပါတယ် ဆရာ၊ အခု လောလောဆယ် မဟုတ်ပါဘူး၊ နောက်လကျမှပါ”
“မင်းက ဘယ်မှာနေလို့ ဘယ်ပြောင်းမှာလဲကွ၊ မိသားစုက ဘယ်နှစ်ယောက်လဲ”
“ကျွန်တော်တို့ လင်မယားနှစ်ယောက်တည်းပါ ဆရာ၊ကမာရွတ်ကနေ အင်းစိန်ကို ပြောင်းမလို့ပါ"
“အင်းစိန်ဆိုတော့ ပိုဝေးသွားတာပေါ့ကွ၊ မင်းက ဘာလို့အဝေးကြီး ပြောင်းမှာတုံး”
“အခုကျွန်တော်တို့ငှားနေတဲ့ကမာရွတ်အိမ်ကဆက်မငှားတော့ဘူးဆိုလို့ပါ၊တခြားငှားမယ့်အိမ်တွေကလည်းငွေမမီလို့အင်းစိန်က ယောက္ခမအိမ်ကို ခဏပြောင်းနေမလို့ပါ”
“အင်း…မင်းကားလိုချင်ရင်တော့ပစ္စည်းအတင်အချမရှိတဲ့ရက်ကိုရွေးပြီးပြောင်းပေါ့ကွာ၊အဲဒါဆိုမင်းတစ်နေကုန်စိတ်ချလက်ချသုံးလို့ရတာပေါ့”
“ဟုတ်ကဲ့ဆရာ၊ ကျေးဇူးပါပဲ”မကြာခင် သူတို့ ကားက ဦးကျော်ဘုန်းခေါင်၏ အိမ်ဝင်းထဲ ရောက်လာသည်။ “လက်စနဲ့ ကားကို ဂိုဒေါင်ထဲတစ်ခါတည်းပို့ခဲ့ကွာ၊ပြီးရင်မင်းလည်းအိမ်ပြန်နားတော့၊ကုမ္ပဏီပြန်ဝင်မနေနဲ့တော့”ဦးကျော်ဘုန်းခေါင်ကားထဲကဆင်းရင်း ပြောသွားတော့သူစောစောစီးစီးပြန်ရတော့မည်မို့ ဝမ်းသာသွားသည်။
“ဟုတ်ကဲ့ဆရာ” သူ့ဆရာအိမ်ထဲ ဝင်သွားတော့ ထွန်းကျော်အိမ်ဘေးက ဂိုဒေါင်ထဲကားကို မောင်းသွင်းလာခဲ့သည်။ဂိုဒေါင်ထဲမှာနေသားတကျဖြစ်တော့သူက တံခါးကိုဖွင့်ပြီး ဆင်းဟန်ပြင်ဆဲမှာပဲ သူ့မျက်လုံးအစုံက ကားရှေ့ခန်း ခြေနင်းခုံဆီ အရောက်မှာ လက်ခနဲဖြစ်သွားသောမြင်ကွင်းတစ်ခုကိုရင်ဆိုင်လိုက်ရသည်။သူ့ရင်ထဲဒိတ်ခနဲဖြစ်သွားကာပိတ်ညှပ်စကလေးဖြင့်ကပ်ချုပ်ထားသောမွေးပွခြေနင်းခုံကိုသူ့လက်ချောင်းများဖြင့်ပွတ်သပ်ကြည့်လိုက်မိ သည်တွင်တော့သူ့ရင်တွေအဆက်မပြတ်အခုန်မြန်လာသည်။
“ဟာ…” ဦးကျော်ဘုန်းခေါင်၏ လက်စွပ်အတွင်းမှ စိန်တစ်ပွင့်ကသည်ကားထဲက မွေးပွခြေသုတ်ဖုံကြားမှာကျပြီးမြုပ်နေခဲ့တာပဲ။ တဆတ်ဆတ်တုန်နေသောရင်အစုံဖြင့်စိန်ပွင့်ကိုကောက်ယူကာကားတံခါးကိုအသေအချာပြန်ပိတ်ပြီးသူဦးကျော်ဘုန်းခေါင်၏ အိမ်တံခါးဝကို သွားရပ်ကာ လူခေါ်ခေါင်းလောင်းကို တုန်ယင်သော လက်များဖြင့် အဆက် မပြတ် နှိပ်နေလိုက်မိသည်။
သူမဖွင့်ပေးလိုက်သော တံခါးရွက်ကြားမှ မျက်စိပျက်မျက်နှာပျက်နှင့်ဝင်လာသောထွန်းကျော်ကိုမြင်တော့အေးအေးနု ရင်ထိတ်သွားသည်။ “ဘာဖြစ်လို့လဲ ကိုထွန်းကျော်၊နေမကောင်းဘူးလား၊ဒါမှမဟုတ်ဘယ်သူနဲ့ဘာဖြစ်လာလို့လဲ" အမောတကောမေးလိုက်သောဇနီးသည်ကိုမဖြေခင်ပထမဦးဆုံးအကြိမ်ကုလားထိုင်အဟောင်းတစ်လုံးပေါ်ကိုအရုပ်ကြိုးပြတ်ထိုင်ချလိုက်သည်။ ပြီးမှ…
“ငါကားထဲကဆရာကျော့စိန်တစ်ပွင့်ကောက်ရတယ်”
“ဟာ... ဟုတ်လား၊ ဝမ်းသာလိုက်တာ”
ထွန်းကျော်က အေးအေးနု မျက်နှာကို ဆတ်ခနဲ မော့ကြည့်ရင်း…“ဝမ်းသာမနေနဲ့၊ရော့…ဟောဒီမှာငွေတစ်ထောင်” စိတ်ပျက်လက်ပျက်ပြောရင်းက အိတ်ထဲမှ စိမ်းဖန့်ဖန့် ငွေစက္ကူတစ်ရွက်ကို စားပွဲခုံပေါ် လက်ဖဝါးနှင့် ဘုတ်ခနဲနေအောင်မကျေမနပ် တင်ပေးလိုက်တော့“ဘာလုပ်တာလဲ၊ ဒီငွေတစ်ထောင်က”
“သိန်းကျော်တန် စိတ်တစ်ပွင့် ပြန်ပေးလိုက်လို့ ရလာတဲ့ မုန့်ဖိုးဟေ့၊ တစ်သက်စား မကုန်တော့ဘူး၊တောက်..ဒီလိုမှန်းသိရင်ပြန်မပေးပါဘူးကွာ”ကျိတ်မနိုင်ခဲမရ ပြောရင်း စောစောက အဖြစ်အပျက်ကိုပြန်မြင်ယောင်လာသည်။အဆက်မပြတ်ကြားရသော လူခေါ်ခေါင်းလောင်းသံကြောင့် ထွက်လာသော ဦးကျော်ဘုန်းခေါင်က တံခါးဝမှာ သူ့ကိုပြန်တွေ့တော့ တအံ့တဩနှင့်…
“ဟေ့ကောင်ထွန်းကျော်၊ မင်းမပြန်သေးဘူးလားကွ၊ဘာကိစ္စရှိသေးလို့တုံး” ဆိုတော့ သူက..“ဆရာ…ဒီမှာကျွန်တော်ဆရာ့ကားထဲကတွေ့လာတာ”ဆိုပြီးစိန်ပွင့်ကလေးကိုလှမ်းပေးတော့ဦးကျော်ဘုန်းခေါင်ကဆတ်ခနဲလှမ်းယူပြီးဝမ်းသာအားရဖြစ်သွားပုံက မျက်စိထဲက မထွက်. . . ။
စိန်ပွင့်ကို လက်ဖဝါးပေါ်တင်ကာ အသေအချာ ပွတ်ကြည့်ပြီးမှ.. “ဟုတ်တယ်ကွ၊ အဲဒါ ငါကျပျောက်သွားတဲ့ စိန်အစစ်ပဲ၊ တော်သေးတာပေါ့ကွာ မင်းတွေ့လို့၊ သည့်ပြင်ကောင်တွေသာဆိုဘယ်လွယ်မလဲ၊ ကျေးဇူးပဲကွာ ငါ့တပည့် တကယ်ရိုးသားတယ်၊ မင်းကျေးဇူးကို ငါတစ်သက်မမေ့ပါဘူး ရော့..မင်းသုံးဖို့” ဆိုပြီးအိတ်ကပ်ထဲကငွေတစ်ထောင်တန်တစ်ရွက်ထုတ်ပေးတော့ သူ့ရင်ထဲ နင့်ခနဲ ဖြစ်သွားခဲ့သည်။
“တောက်၊ဒီလိုမှန်းသိရင်ပြန်မပေးပါဘူးကွာ”လို့သူ့နူတ်ကဒုတိယအကြိမ်ထပ်ထွက်သွားတော့သူ့ဇနီးအေးအေးနုက သူ့မျက်နှာကို တအံ့တဩကြည့်ရင်း ပြောလိုက်တဲ့ စကားတစ်ခွန်းကိုတော့ သူ အတော်အခံရခက်သွားသည်။
“ဒီမှာ ကိုထွန်းကျော်… ရှင့်ဟာက ဘာသဘောလဲ၊ ရိုးသားမယ်လို့စိတ်ကူးရင်လည်းစင်စင်ကြယ်ကြယ်နဲ့အ ပြီး အပိုင် ရိုးသားလိုက်စမ်းပါ၊ ရိုးသားမှုရဲ့ နောက်ကွယ်မှာ မျှော်လင့်ချက်တွေ ထားနေရင်တော့ ရှင် တကယ် မရိုးသားလို့ပဲ”
ဟုတ်တယ်…အဲဒီစကားကစောစောက ငွေတစ်ထောင်အပေးခံရတာထက် ပိုနာသွားတာ သေချာတယ်။
#သန်းမြင့်အောင်
#သဏ္ဌာန်မဲ့ထုထည်များ
Keep Reading