ဂုဏ်ရည်ကျော်
ဒီနေ့ အတန်းထဲမှာ ဆရာမက "သားတို့၊သမီးတို့ အရွယ်တစ်ခုကို ရောက်လို့ မိမိဘဝလက်တွဲဖော်ကို ရွေးတော့မယ်ဆိုရင် မျိုးရိုးအဆင့်အတန်းမြင့်မားတဲ့သူ၊ ရာထူးအဆင့်အတန်းကြီးမြင့်သူ၊ ငွေကြေးဥစ္စာချမ်းသာကြွယ်ဝသူ- သူတို့ထဲက ဘယ်သူ့ကို ရွေးမလဲ" လို့မေးတယ်။
ကျောင်းသားကျောင်းသူတွေကလည်း တတိယနှစ်ကို ရောက်နေကြပြီဆိုတော့ အတွေးတွေ၊ အမြင်တွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးနေတတ်ကြပြီ။ အတန်းထဲမှာ ကျောင်းသားအယောက် ခုနစ်ဆယ်လောက်ရှိတော့ အကုန်လုံးက သူ့ခံယူချက်နဲ့သူ၊ သူ့အမြင်နဲ့သူ ရွေးချယ်ကြတာပေါ့။
(၁) မျိုးရိုးအဆင့်အတန်းမြင့်မားသူ
မျိုးရိုးအဆင့်အတန်းမြင့်မားတဲ့သူကို ရွေးချယ်တာ ကျောင်းသားကျောင်းသူ သုံးဆယ်လောက်ရှိတယ်။ မျိုးရိုးအဆင့်အတန်းမြင့်မားတယ်ဆိုတာ ဘာကိုပြောတာလဲ။ ငွေကြေးဂုဏ်ဒြပ် ခြွေရံသင်းပင်း ကြွယ်ဝပြည့်စုံတဲ့ မျိုးရိုးကို ပြောလိုတာလား။ ဒါမှမဟုတ် စိတ်ဓာတ်ရေးရာမြင့်မားသိမ်မွေ့ပြီးတော့ ပတ်ဝန်းကျင် အရပ်အဝန်းတစ်ခုခုအတွက် မြင့်မားတဲ့ အကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်ပေးတတ်ကြတဲ့ မျိုးရိုးကိုပြောတာလား။ ဒါမှမဟုတ် ငွေဂုဏ်ဒြပ်နဲ့ စိတ်ဓာတ်ရေးရာ ပြည့်စုံကောင်းမွန်မှု နှစ်မျိုးလုံးကို ရည်ညွှန်းတာလား။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။
တစ်ခါတလေမှာ မျိုးရိုးကောင်းပေမဲ့ အဓိက မိမိရွေးချယ်မဲ့သူက ကောင်းမနေရင်ရော၊ မျိုးရိုးမကောင်းပေမဲ့ မိမိရွေးချယ်မဲ့သူက ကောင်းနေရင်ရော ဘယ်လိုလုပ်မှာလဲ။ မျိုးရိုးဂုဏ်ကို ကြည့်ရွေးရုံနဲ့ မိမိရွေးချယ်မှု မှန်ကန်တယ်လို့ တစ်ချိန်မှာ ပြောနိုင်မှာလား။
(၂) ရာထူးအဆင့်အတန်းကြီးမြင့်သူ
ရာထူးဌာနမြင့်မားတယ်ဆိုကတည်းက တစ်နည်းမဟုတ် တစ်နည်းနဲ့ အကောင်းဆုံးပုံစံတစ်ခုကိုရောက်အောင် ကြိုးစားခဲ့လို့ပဲဆိုတာ မြင်နိုင်ပါတယ်။ ဘယ်လုပ်ငန်းမှာမဆို ရာထူးမြင့်မားမှုက လုပ်အားခ ဝင်ငွေ မြင့်မားမှုနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ ရာထူးမြင့်ရင် သြဇာသက်ရောက်မှုကြီးပါတယ်။ လူတွေရဲ့ လေးစားမှုကို ရရှိနိုင်ပါတယ်။ ရရှိနိုင်ပါတယ်ဆိုတာက ရာထူးမြင့်ပေမဲ့ စိတ်ဓာတ်မကောင်းရင် အမှန်တကယ်မလေးစားတဲ့သူလည်းရှိနိုင်ပြီး လုပ်ငန်းသဘောအရ လေးစားမှုပေးတာကို ရည်ညွှန်းတာပါ။ တချို့က ရာထူးလည်းမြင့်တယ်၊ ဝင်ငွေလည်းကောင်းတယ်၊ စိတ်ထားလည်းလှတယ် ဆိုရင်တော့ အနေအထားတစ်ခုမှာ ပြီးပြည့်စုံနေပြီပြောနိုင်ပါတယ်။
ဒါကြောင့် ကျောင်းသားကျောင်းသူ နှစ်ဆယ်ကျော်လောက်က ရာထူးအဆင့်အတန်းကြီးမြင့်သူကို ရွေးချယ်ကြပါတယ်။
(၃) ငွေကြေးဥစ္စာချမ်းသာကြွယ်ဝသူ
ဒါကိုရွေးချယ်တဲ့ ကျောင်းသားကျောင်းသူကတော့ တစ်ဆယ်ကျော်ကျော်လေးပဲ ရှိပါတယ်။ အနည်းဆုံး ရွေးချယ်မှုပေါ့။
ငွေကြေးဟာ အခြေခံလိုအပ်ချက်တစ်ခါပါပဲ။ နေ့စဥ်ဘဝမှာ စားဝတ်နေရေး၊ ကျန်းမာရေးနဲ့ ပညာရေး၊ တခြားခြားသော ဝန်ဆောင်မှုတွေကို ငွေကြေးနဲ့ဖြေရှင်းရတာမို့ ငွေးကြေးရဲ့ အရေးပါမှုကိုတော့ အထူးတလည်ရှင်းပြနေစရာ လိုတော့မယ် မထင်ပါဘူး။
ငွေကြေးရဲ့ ဝယ်နိုင်စွမ်းအားများလေလေ မိမိလိုအပ်တာတွေ၊ လိုချင်တာတွေ စတဲ့ ဆန္ဒအများစုကို တစ်နည်းတစ်သွယ်နဲ့ ဖြည့်ဆည်းနိုင်မှာပါ။ ငွေကြေးမရှိရင် အတူတူချစ်ကြည်နူးနေဖို့ အချိန်ရော၊ စိတ်ကျေနပ်မှုရော ပေးနိုင်မှာ မဟုတ်ပါဘူး။ တဲအိုပျက်မှာ ထမင်းရည်အတူတူလျှက်ကြမယ်ဆိုတာ မရေရာတဲ့ စိတ်ကူးတစ်ခုပါပဲ။
ဒါပေမဲ့ ကိုယ်ရွေးချယ်တဲ့သူက ငွေကြေးချမ်းသာပြီးတော့ မောက်မာတတ်တဲ့ မာနမယ်၊ မာနမောင်တွေဆိုရင်တော့ အများနဲ့ ဆက်ဆံရေးမှာ ထိခိုက်မှု ရှိကောင်းရှိလာနိုင်ပါတယ်။ တစ်ဖက်မှာလည်း ချမ်းသာတဲ့ လူတိုင်းက အဲလိုစိတ်ထားမျိုးမဟုတ်တဲ့အတွက်ကြောင့် မိမိရွေးချယ်တဲ့သူရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်တွေကို သေချာ ဆန်းစစ်ခဲ့မယ်ဆိုရင် ဖော်ပြခဲ့တဲ့ ပြဿနာကို ရင်ဆိုင်ရဖို့ အခွင့်နည်းပါးနိုင်ပါတယ်။
အနှစ်ချုပ်ရမယ်ဆို-
အခြေအနေသုံးမျိုးလုံးကို အနှစ်ချုပ်ကြည့်မယ်ရင် အဓိကတော့ မိမိရွေးချယ်မဲ့သူရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်ဟာ အဓိကပဲဆိုတာ ပေါ်လွင်နေပါတယ်။
-မျိုးရိုးမကောင်းပေမဲ့ သူကောင်းတယ်။
-ရာထူးမမြင့်ပေမဲ့ ကြိုးစားမယ်။
-မချမ်းသာပေမဲ့ ကြိုးစားမယ်။
အရာရာတိုင်းမှာ ဒွန်တွဲကပ်ပါနေတဲ့အရာတစ်ခုကတော့ "ပညာ" ပါပဲ။ "အမှားနဲ့အမှန်၊ လုပ်သင့်တာနဲ့ မလုပ်သင့်တာ" ဒါကို ခွဲခြားသိတဲ့ ၊ အစွန်းမရောက်တဲ့ ပညာတစ်ခုလည်း ရှိနေတယ်ဆိုပါတော့။
ဒီလိုခံယူချက်တွေနဲ့အတူ အကောင်ထည်ဖော်ဖို့ ကြိုးစားနေတဲ့သူဆိုရင်တော့ အဲဒီလူကို ရွေးချယ်ဖို့ အကြံပြုပါရစေ။
"ပညာ"နဲ့ ဒွန်တွဲမနေတဲ့ အောင်မြင်မှုမျိုး၊ ကြီးကျယ် မြင့်မြတ်မှုမျိုး၊ ခမ်းထားထည်ဝါမှုမျိုးကို နှစ်ခြိုက်တာဆိုရင်တေ့ ဒါဟာ ခဏတာ အတွက်တာပါပဲ လို့ အဆိုပြု အကြံပေးလိုက်ရပါတယ်ခင်ဗျား။
စစ်မှန်တဲ့ လက်တွဲဖော်ကို ရွေးချယ်ယူနိုင်ကြပါစေ။
ရွေးချယ်ထားတဲ့ လက်တွဲဖော်ကို အကောင်းဆုံး လမ်းညွှန်နိုင်ကြပါစေ။ တောင်းဆုပြုပါတယ်ခင်ဗျား။
၂.၁၂၂၀၂၄တနလ
Keep Reading