ဆွေ (မန္တလေး)
Hope
ဒီစာလုံးနဲ့ပက်သက်ပြီး တော်တော်များများ သတိထားမိကြမှာပါ။ အခုရက်ပိုင်း trend ဖြစ်ပြီးသား ဆရာဆင့်ညီရေးတဲ့ စာအုပ်တစ်အုပ် နာမည်ပါပဲ။ စာအုပ် Review တော့မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မဒီစာရေးဖြစ်တာကတော့ ဒီစာအုပ်ကြောင့်လို့ ဝန်ခံရမှာပါပဲ။ ကျွန်မ စာအုပ်ဖတ်နေရင်းနဲ့မှ ခံယူချက်တစ်ခုပြောင်းသွားလို့ ဒီခံယူချက်တစ်ခုကို လာချရေးပြီး သိမ်းထားလိုက်တာပါ။
ကျွန်မ အရင်ကရေးဖူးတဲ့ မျှော်လင့်ချက်နဲ့ ပက်သက်တဲ့စာတစ်ပုဒ်ရှိပါတယ်။ သူများအပေါ်မမျှော်လင့်ဖို့ မျှော်လင့်ချက်မထားဖို့ မျှော်လင့်ချက်ထားရတာ ပင်ပန်းတဲ့အကြောင်းပေါ့။ ဟိုးအချိန်တွေကတည်းက မျှော်လင့်ချက်ဆိုတာ သူများအပေါ်မှာပဲ ပုံအောထားမိပြီး မျှော်လင့်ထားသလို ဖြစ်မလာတာ မျှော်လင့်ချက်တွေပျောက်ခဲ့တာတွေဖြစ်ခဲ့ပါတယ်။ တော်တော်နာကျင်ခဲ့ရသလို ပင်ပန်းခဲ့တဲ့ကာလ ငယ်ဘဝကို ပြန်လွမ်းရင်တောင် ပြန်မသွားချင်တော့တဲ့ကာလတစ်ခုပဲဖြစ်ပါတယ်။
အဲ့အချိန်တွေကတည်းကနေ အခုချိန်ထိ ကျွန်မ ခံယူလာတာက တစ်ပါးသူအပေါ် ကိုယ်မလုပ်ပေးနိုင်တဲ့အရာဆို အစကတည်းက မျှော်လင့်ချက် မပေးဖို့နဲ့ ကိုယ်တိုင်ကလည်း တစ်ပါးသူ ဝန်ထုတ်ဝန်ပိုးဖြစ်စေမဲ့ အရာတွေ မမျှော်လင့်မိဖို့ပဲ ကျင့်သုံးလာတယ်။
ကိုယ့်ဘဝထဲဝင်လာသူများကိုလည်း မိသားစု၊ သူငယ်ချင်း အပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက် တွေကအစ ချစ်သူရည်းစားဆိုသူတွေအထိ ကိုယ်လုပ်ပေးနိုင်တာကိုပဲ လုပ်ပေးမဲ့အကြောင်းနဲ့ ကိုယ့်စီက ဘာမှမမျှော်လင့်ဖို့ အကြောင်းတွေ အတန်တန် သတိပေးရင်း ကျွန်မကိုယ်တိုင်လည်း သူတို့စီ ဘာမှ မမျှော်လင့်မိအောင် အမြဲသတိနဲ့နေခဲ့တယ်။
ကိစ္စတိုင်းမှာ အကောင်းအဆိုး အမြဲဒွန်တွဲနေတယ် ဆိုသည့်အတိုင်း အဲ့လိုကျင့်သုံးတဲ့လူဟာလည်း အဲ့အကျင့်ကြောင့် ရိုက်ခတ်လာတဲ့ အကောင်းအဆိုးတွေတော့ရှိခဲ့တာပေါ့။ တစ်ဖက်လူကို ဝန်ထုတ်ဝန်ပိုး မပေးမိတာကြောင့် တစ်ဖက်ကလူလည်း စိတ်မနာကျင်ရသလို ကိုယ်တိုင်လည်း အစကတည်းက မျှော်လင့်ချက်မထားတဲ့ သူတွေအပေါ်မှာ နာကျင်မှုတွေ စိတ်ထဲခုနေတာမျိုးတွေ ရှိမလာစေတော့ဘူး။ တစ်နည်းအားဖြင့် "အော် သူလုပ်ပေးနိုင်ဆုံး လုပ်ပေးထားတာလေ သူအတတ်နိုင်ဆုံး လုပ်ပေးတာပဲ" လို့ များသောအားဖြင့် ဖြည့်တွေးတတ်လာတယ်။
ပူလောင်မနေရပဲ စိတ်အနည်းဆုံး အေးချမ်းလာတယ်။ ဒါသူများအပေါ်ထားတဲ့ မျှော်လင့်ချက်ကြောင့်။ အခုကျွန်မ စာအုပ်ဖတ်လက်စ အချိန်မှာ ကျွန်မ အနီးနားမှာ မမြင်မိတဲ့ Hidden Gem တစ်ခုကို ကွက်ကွက်ကွင်းကွင်းမြင်လိုက်ရတယ်။
အဲ့တာဟာလည်း မျှော်လင့်ချက်ထားတာပဲ။ အပေါ်မှာ ကျွန်မပြောတဲ့ သူများအပေါ် မျှော်လင့်ချက်ထားတာလည်း မဟုတ်သလို သူများတွေ ကိုယ့်အပေါ် မျှော်လင့်ချက်ထားတာမျိုးလည်း မဟုတ်ခဲ့ဘူး။ ဘယ်လိုမျိုးလဲဆို သူများဆိုတဲ့ တခြားသူတွေကို ဖြုတ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် မြင်လိုက်တာ။ သတိထားလိုက်မိတာ။ အင်း... ကြော်ငြာတို့ ကာတွန်းထဲကလို ဆိုရင်တော့ ခေါင်းပေါ် မီးလုံးလေး လင်းလာတဲ့ အခိုက်အတန့်ပေါ့။
ကိုယ့် ကိုယ်တိုင် အပေါ် မျှော်လင့်ချက် တစ်ခါမှ မထားခဲ့ဖူးဘူး။ ဖြတ်သန်းလာတဲ့တစ်လျှောက်လုံး ဘာလို့မမြင်ခဲ့တာလဲ မသိခဲ့တာလဲဆိုပြီး အပြစ်တင်မနေတော့ပါဘူး။ သူများအပေါ် ကိုယ်ချုပ်ကိုင် ဖန်တီးလို့မရတဲ့အရာပေါ်မှာပဲ ကျွန်မတို့ဟာ သွားမျှော်လင့်မိတတ်ကြတယ်။ စိတ်ကြိုက် ဖန်တီးလို့ အရဆုံး ကိုယ့်ကိုယ်ကိုယ်ကျ လူတိုင်းဟာ မေ့နေတတ်ကြတယ်။
စာဖတ်သူများထဲမှာလည်း ကျွန်မလို အဖြစ်မျိုး ပါနေခဲ့ရင် ကျွန်မလို မျှော်လင့်ရမှာ ကြောက်ခဲ့တဲ့သူ မဖြစ်ရလေအောင်။ မျှော်လင့်ချက်ဆိုတာ ကြောက်ရမဲ့ အရာမဟုတ်ကြောင်း ကိုယ့်ကိုယ်ကိုယ်သတိပေးရင်း ကိုယ့်ခံယူချက် အသစ်ကိုမျှဝေလိုက်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် မျှော်လင့်ပါ။ ကိုယ်စိတ်တိုင်းကျ ဖြစ်အောင်လုပ်ပါ။ ကိုယ့်ကိုယ်ကိုယ် စိုက်ပျိုးပါ။ ကိုယ် သီးချိန် ပွင့်ချိန်မှာလည်း ကိုယ်ပဲလှမှာ။
၁၊ ဒီဇင်ဘာလ၊ ၂၀၂၄။
ဆွေ (မန္တလေး)
Keep Reading