ပြာလဲ့ရီဝေ
တစ်နှစ်ကုန်ဖို့ တစ်လသာ လိုပါတော့လား။ အရာရာ သူ့အထွာနဲ့ သူတော့ ရွေ့နေကြတာပဲနော်။ ဘာမှ မလုပ်ဘဲနဲ့တော့ မရွေ့ဘူးပေါ့။ တစ်ခုခုတော့ လုပ်နေရဦးမယ်။ လုပ်သာလုပ် လုပ်ဖြစ်သွားရင် အရွေ့တစ်ခုပဲ။ မဖြစ်နိုင်တာတွေ ဖြစ်နိုင်ချေ နည်းတာတွေ ဒါတွေ စဉ်းစားရင်း မလုပ်ဘဲနေရင် ဘယ်နယ်ပယ်ဖြစ်ဖြစ် အဆင်မပြေနိုင်ဘူး။ ကိုယ်နိုင်ရာကနေတော့ တစ်ခုခု လုပ်နေရဦးမယ်။ အရွေ့တစ်ခုထဲမှာ ကိုယ့်ရဲ့ လုပ်ဆောင်မှုလေးတွေ ပါနေချင်တယ်။ စီးပွားရေးလည်း ဒီလိုပဲ၊ နိုင်ငံရေးလည်း ဒီလိုပဲ။ လုပ်နေလို့သာ ရွေ့လာတာပေါ့။ ဒါပေမယ့်လေ လူက ဒီလိုမျိုး အမြဲတော့လည်း ဘယ် စိတ်အားထက်သန်မတုန်း။ ဘာမှန်းမသိ အကြောင်းရင်းတောင် မဖော်ပြနိုင်ဘဲ စိတ်ထဲက ခွေ၊ လန့် ၊ ကြောက်သွားတာတွေလည်း ရှိပါတယ်။ အဲ့ဒီအခါ ကိုယ့်ကိုယ်ကို အဲ့ဒီတွင်းထဲကနေ ပြန် ကယ်ဆယ်ရတာပေါ့။ ကယ်ဆယ်နည်းကတော့ တစ်ဦးချင်းစီ မတူနိုင်ဘူး။ အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကို ပြန်ကယ်ဆယ်နိုင်တဲ့နည်းလေးကို ကိုယ်တိုင် တွေ့အောင် ရှာထားသင့်ပါတယ်။ ယုံကြည်ချက်တစ်ခုကို ပြန်တွေးရင် အားပြည့်မလား၊ မျှော်လင့်ချက် တစ်ခုလား ၊ နှောင်ကြိုးတစ်ချောင်းလား၊ စွန့်လွှတ်ပစ်လိုက်ခြင်းမျိုးလား၊ ဝါသနာတစ်ခုခုလား စသည် စသည့် ကယ်ဆယ်နိုင်တဲ့ တစ်ခုခုကို ဖမ်းဆုပ်နိုင်ရင် ရှေ့ဆက်ဖို့ ပြန်ပြန် နိုးထလာနိုင်မယ် ထင်ပါတယ်။
ပစ္စုပ္ပန်လောကရဲ့ အမျိုးမျိုးသော မွန်းကျပ်မှုကို ခဏ ရှောင်ရင်း အခန်းလေးထဲဝင် ဘောပင်နဲ့ စာရွက်ကလေးပေါ်မှာ အချစ်ဝဲဂယက်ထဲကို ဆင်းပြီး ကိုယ့်ကိုယ်ကို တံခါးလှပ်ပေးမိတဲ့အခါလေးတွေ ရှိပါတယ်။ အဲ့ဒီ တံခါးလှပ်တဲ့ အချိန်မှာ လွတ်ထွက်လာကြသော ကဗျာလေး စာလေးများကို ဒီ နိုဝင်ဘာလမှာ တန်ဆာကလေးပါဆင်ပြီး တင်မိပါသည်။
"လမ်းပိတ်ဆဲ"
အချစ်၏ လမ်းဆုံး
လမ်းသုံးသွယ်။
အချစ်နဲ့ပဲ ပျော်ရွှင်စွာ အဆုံးသတ်လေသတည်း။
အမုန်းသို့ ခက်ထန်စွာ ကူးပြောင်းခဲ့လေသတည်း။
အလွမ်းအဖြစ် မချိတင်ကဲ လက်ခံရလေသတည်း။
ချစ်လျက်မုန်း မုန်းလျက်ချစ်
လွမ်းလျက်ချစ် ချစ်လျက်လွမ်း
ဤကား လမ်းကျပ်နေခြင်းတည်း။
_______________
အချစ်ဆိုတာ ပူလောင်တယ်လို့ ပြောရင်
လူတိုင်းဟာ ခါးခါးသီးသီး
မငြင်းကြလောက်ပါဘူး။
ဒါပေမယ့်လည်းလေ...
ပူချင်ပူပါရော့၊ လောင်ချင်လောင်ပါရော့။
နှလုံးသားစေစားရာ ရင်ခုန်သံ မြန်ရင် မြန်သလောက်
ရှောင်လွှဲဖို့ရာ မစွမ်းသာတော့ပါဘူး။
မီးပူထဲကို တိုးဝင်ရတော့တာပဲ။
အချစ်စစ် အချစ်မှန်ကြောင့်
မီးသည် သီတာရေအမျှ အေးမြရပါစေသား။
______________
ရှင်သန်ဖို့ ချည့်နဲ့နေလုသည့် အချစ်ကို
ရရာကြိုးနဲ့ ကောက်ဆက်မနေပါနဲ့တော့။
ဖြတ်ပစ်လိုက်ပါ၊ရင်နာနာနဲ့ ဖြတ်ပစ်လိုက်ပါ။
ဒါဆို လွတ်လပ်သွားမှာ။
ဒါပေသိ အလျော်အစားလေး တစ်ခုတော့ ရှိမယ်။
နာကျင်ခြင်း။
နာကျင်မှုကို နာကြည်းမှုနဲ့ ပေါင်းစပ်ရင် အမုန်းဖြစ်မယ်။ နာကျင်မှုကို ခွင့်လွှတ်မှုနဲ့ ပေါင်းရင် အလွမ်းဖြစ်မယ်။
သူ့ကို မုန်းမှ မမုန်းပဲ။ အလွမ်းနဲ့ပဲ အချစ်ကြိုးကို ဖြတ်ခဲ့ပါပြီကွယ်။
______________
အချစ်က ဘုရားသခင်ဆီမှာ ဆုတောင်းရသလိုပဲ။
လူတိုင်း ဆုတောင်းနေကြပေမယ့်
လူတိုင်း တောင်းဆု ပြည့်ကြလို့လားလေ။
အချစ်စစ် အချစ်မှန်ဟူသမျှ
ပျော်ရွှင်ရပါစေသားဆိုတဲ့ ဆု
ရချင်မှ ရကောင်းမယ်။
ဒါပေမယ့် ဆုကတော့ တောင်းကြည့်ရမှာပဲ။
တောင်းဆု ပြည့်သူတစ်ယောက်အဖြစ် ကံထူးလို ကံထူးညားပေါ့။
#ပြာလဲ့ရီဝေ
Keep Reading