Author's Profile Photo

KhatSit

30/11/2024

ရှောင်ဖယ်ပါလေ အဆိပ်သင့်စာပေ

2 mins read
Life Style
18 Again
ရှောင်ဖယ်ပါလေ အဆိပ်သင့်စာပေ's photo


စာဖတ်တဲ့ အကျင့်ဆိုတာ အရမ်းကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခုဖြစ်တယ်ဆိုတာကို လူတိုင်းသိရှိပြီးသားဖြစ်မှာပါ ။ စာပေကနေ ကိုယ်မမှီခဲ့တဲ့ ကာလတွေဆီက အကြောင်းအရာတွေကို သိရှိနိုင်တယ် ၊ ကိုယ်မရောက်ဖူးတဲ့ နေရာဒေသတွေအကြောင်းကို သိရှိနိုင်တယ် အစရှိသဖြင့် ဗဟုသုတ များစွာကို ရရှိနိုင်ပါတယ်။ ခေတ်အဆက်ဆက်မှာလည်း စာရေး ဆရာ ၊ ဆရာမကြီးတွေသာမက နိုင်ငံ့ခေါင်းဆောင်တွေကလည်း စာဖတ်ဖို့ကို တိုက်တွန်းပြောဆိုလာခဲ့တာ ယနေ့အချိန်ထိပါပဲ ။ စာဆိုတာ ဖတ်တိုင်းကောင်းပေမဲ့ ဖတ်တိုင်းမကောင်းတဲ့ အဆိပ်သင့်စာပေဆိုတာ ရှိပါတယ်။ စာ အဆိပ်သင့်တာက အစာအဆိပ်သင့်တာထက်ပြင်းပါတယ်။ ဒါကြောင့် ဖတ်မိသူတိုင်းကို အဆိပ်သင့်စေတဲ့ စာပေများအကြောင်းကို ဝေမျှပေးချင်ပါတယ် ။

ဒီစာပေအမျိုးအစားကတော့ အန္တရာယ်အရှိဆုံး စာပေအမျိုးအစားလို့ပြောရပါမယ်။ ထိလွယ် ရှလွယ်ဖြစ်တဲ့ ဘာသာရေး ၊ လူမျိုးရေး အဓိကရုဏ်းဖြစ်အောင် သွေးထိုးနှိုးဆော်ပေးတဲ့ စာပေမျိုးကို ခေါ်တာပါ ။ အမျိုးသားရေး စိတ်ဓာတ်ကို အလွန်အမင်း နိုးကြားပေးပြီး အခုမှ စာစဖတ်မဲ့ စာဖတ်သက်တမ်းနုနယ်တဲ့ စာပေပရိသတ်ကို မျက်ကန်းဖြစ်အောင် မှိုင်းတိုက်တဲ့ စာပေအမျိုးကို ခေါ်ဆိုတာပါ ။ ယခုလက်ရှိမှာလည်း Tiktok , Facebook , Youtube တို့မှာ သူတို့ Channel လူကြည့်များဖို့၊ သူတို့ Channel ငွေဝင်ဖို့ တစ်ခုတည်းကြည့်ပြီး ဘာသာရေး ၊ လူမျိုးရေးကို ထိခိုက်စေတဲ့ စာပေတွေ ၊ Video တွေကို တင်နေတဲ့ Channel တွေများစွာရှိနေပါတယ်။ ကျွန်တော်ကတော့ အဲ့လို Channel တွေ တွေ့တာနဲ့ ချက်ချင်း Block လုပ်ပစ်လေ့ရှိပါတယ်။ ထို video တွေနဲ့ Post တွေရဲ့ အောက်မှာ ဘာသာတစ်ခုနှင့်တစ်ခု ၊ လူမျိုးတစ်စုနှင့်တစ်စု ထိခိုက်ပြောဆိုရန်ဖြစ်နေရတာကို မြင်တွေ့နေရတာက လောကကြီးကို အထီးကျန်ဆန်စေပါတယ် ။ နောက်ပြီး မည်သည့်ဘာသာဝင်ပဲဖြစ်ပါစေ တခြားဘာသာတစ်ခုကို လေးစားမှုအပြည့်ရှိနေဖို့ပါတယ် ။ ဒါကြောင့် စာရေးသူတို့အနေဖြင့်လည်း ထိုစာပေမျိုးကို မရေးသင့်ဖို့ လိုပါလိမ့်မယ် ။

နောက်တစ်ခုကတော့ လူငယ်တွေကြားမှာ ရေပန်းစားတဲ့ စာပေတစ်ခု၊ ရေပန်းအစားဆုံး ဆိုလည်း မှားမယ်မထင်ချေ ။ ဒီစာပေရဲ့ ရည်ရွယ်ချက်သည် တဏှာရာဂကို နှိုးဆွပေးရန် တစ်ခုတည်းသာဖြစ်ပါတယ် ။ ထိုစာပေသည် အမှား အမှန် ၊ သင့်တော်၏ မတော်၏ ကို နားမလည်းနိုင်အောင် သွေးထိုးလှုံဆော်ပေးနိုင်ပါတယ် ။ ထိုစာပေထဲတွင် ဦးလေးနှင့်တူမ ၊ အဘိုးနှင့်မြေး စသည့် မတော်မအပ်စပ်သည့် ကိစ္စများကို တဏှာရာဂ တစ်ခုတည်းအတွက် ရေးဖွဲ့ထားသည့် စာပေများလည်း ပါဝင်နေတာကို မြင်တွေ့နေရပါတယ် ။ ထိုစာပေသည် မူးယစ်ဆေးကဲ့သို့ စွဲလမ်းစေတတ်ပါတယ်။ ယနေ့ခေတ်တွင် ဦးလေးနှင့်တူမ ၊ အဘိုးနှင့်မြေး စသည့် စိတ်မကောင်းစရာ သတင်းတို့ကို ကြားနေရခြင်းကလည်း ဒီစာပေတွေကြောင့်လည်း တစ်မျိုးတစ်ဖုံ ဆက်စပ်နေပါတယ်။ ဤစာပေမျိုးကိုလည်း အဆိပ်သင့် စာပေဟု ခေါ်ဆိုသင့်တယ်လို့ ထင်မြင်မိပါတယ် ။

နောက်ထပ်စာပေတစ်ခုကတော့ စာဖတ်သူကို အသိပညာ လုံးဝမပေးတဲ့ အနှစ်သာရမရှိ အကာသာပါတဲ့ စာပေအမျိုးအစားဖြစ်ပါတယ် ။ ချစ်ကြိုက်ကွဲညား စာပေမျိုးကို ဆိုလိုတာပါ ။ ထိုစာပေအမျိုးအစားထဲတွင် ယခုခေတ်မှာ ခေတ်စားနေသည့် လိင်တူချစ်ကြိုက်တဲ့ စာပေအမျိုးအစားများလည်း ပါဝင်နေပါတယ် ။ ယနေ့ Social Media တွေမှာ ထိုစာပေအမျိုးအစားသည် မနူးမနပ်လူငယ်များထဲတွင် ရေပန်းစားလျက်ရှိပေသည်။ ယနေ့ခေတ်လို ပွင့်လင်းမြင်သာမှုရှိတဲ့ ခေတ်မှာတော့ ထိုစာပေသည် အပြာစာပေဆန်လာကြသည်ကိုလည်း တွေ့ရှိနေရပါတယ်။ ထိုစာပေ ဝါးမျိုးခံနေရသော ဆယ်ကျော်သက်လူငယ်များစွာကိုလည်း တွေ့မြင်နေရပါတယ် ။ ထိုစာပေသည် ဖတ်ရှုသူကို အသိပညာလုံးဝမပေးသောကြောင့် အဆိပ်သင့်စာပေထဲတွင် ပါဝင်နေပါတယ်။

ယခုလက်ရှိမှာ hit အဖြစ်ဆုံး စာပေအမျိုးအစားတစ်ခုကလည်း ရှိနေပါတယ် ။ ထိုစာပေကတော့ အခုလက်ရှိ မီဒီယာအမည်ခံထားတဲ့ သတင်းစာ ၊ ဂျာနယ်သမားတို့ရေးတဲ့ စာပဲဖြစ်ပါတယ် ။ မြန်မာပြည်မှာရှိတဲ့ လူအများစုက အနှစ်သာရနှင့်ပြည့်ဝတဲ့ ဆောင်းပါးတစ်ပုဒ် ၊ စာတစ်ပုဒ်ထက် ဘယ်မင်းသမီးက ဘာဖြစ်တယ် ၊ ဘယ်မင်းသားနဲ့ ဘယ်မင်းသမီးတွဲနေတယ်ဆိုတဲ့ အတင်းဆန်ဆန် သတင်းကိုသာ ပိုနှစ်သက်ကြပါတယ်။ ဒါကိုသိတဲ့ မီဒီယာသမားတွေက ဟုတ်တာမဟုတ်တာ အပထား အတင်းဆန်တဲ့ သတင်းတွေကို လိုတာထက်ပိုပြီး ချဲ့ကားရေးလာကြပါတယ်။ ထိုသတင်းစာတွေက လူထုကို ဒေါသထွက်စေသလို ဖန်အချင်းချင်းကိုလည်း မတည့်အောင်ပြုလုပ်နိုင်ပါတယ် ။ တချို့ဆို ထိုအတင်းတွေထဲမှာ ပိတ်မိနေတဲ့ သူတွေတောင် ရှိနေပါတယ် ။ ဒါကြောင့် ထိုစာပေမျိုးကိုလည်း တက်နိုင်သမျှ မဖတ်မိအောင် နေထိုင် ဖို့လိုပါလိမ့်မယ် ။

ထိုစာပေများသည် စာပေလောက၏ မြွေပွေး ၊ မြွေဟောက်များပင်ဖြစ်သည် ။ တစ်ချက်အကိုက်ခံရပါက အစာအဆိပ်သင့်သလို မူးနောက် ၊ အော့အန် စေရုံမဟုတ်ပဲ စွဲလမ်းရူးသွပ်စေတဲ့ စာပေအဆိပ်သင့်မှုကို ဖြစ်စေနိုင်သလို အဆိပ်သင့်တာ များပါက စုံလုံးကန်းတဲ့ အထိ ဖြစ်စေနိုင်ပါတယ် ။ ထိုကြောင့် ဘယ်စာပေအမျိုးအစားကတော့ စာကောင်းပေမွန် ၊ ဘယ်စာပေအမျိုးအစားကတော့ အဆိပ်သင့်စာပေဆိုတာကို ခွဲခြားတတ်ဖို့လိုပါလိမ့်မယ် ။ ထိုစာပေများကို ခွဲခြားတတ်စေရန်အတွက် စာကောင်းပေမွန်များကို များများ ဖတ်ရှုသင့်တယ်ဆိုတာကို အကြံပြုရင်း အဆိပ်သင့်စာပေးများအကြောင်းကို.ဝေမျှပေးလိုက်ပါတယ် ။

#ခက်ဆစ်

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)