ကျော်ဇောအောင်
ကျွန်တော်တို့ရဲ့ ဘဝမှာ တစ်ဖက် စောင်းနင်း ဖြစ်ခဲ့တဲ့ အချိန်တွေဆိုတာ အနည်းနဲ့ အများ ရှိကြမှာပါ။
တစ်ဖက် စောင်းနင်းဆိုတာ မိသားစု၊ သူငယ်ချင်းတွေနဲ့ ချစ်ရတဲ့သူပါ ကိုယ့်အနားမရှိတဲ့ အချိန်ပေါ့။ (အများအားဖြင့် ရှင်ကွဲနဲ့ သေကွဲ ကွဲတာ များပါတယ်။)
အဲ့ဒီလို အချိန်တွေမှာ ကျွန်တော်တို့ ဘာလုပ်မလဲ။ ဒီစာရဲ့ ခေါင်းစဉ်အတိုင်း ဦးနှောက်နဲ့ နှလုံးသားကို ဟန်ချက်ညီအောင် ပြန်ပြီး ထိန်းကွပ်ပေးရမှာ ဖြစ်ပါတယ်။
ဆုံးရှုံးသွားတဲ့ အရာဝတ္ထုတွေနဲ့ သက်ရှိတွေက ပြန်ရတာရှိသလို ပြန်မရတာလဲ ရှိပါတယ်။ (ဥပမာ - ကိုယ်နဲ့ ပြတ်သွားတဲ့ ကိုယ့်ရည်းစားဟောင်းလိုပေါ့။)
ကိုယ့်ဆီ သေချာပေါက် ပြန်လာမယ်လို့ တွေးလို့ မရဘူး။ (ဘာပဲဖြစ်ဖြစ် အချိန်က ပြန်ကုစားပေးသွားမှာပါ။)
အခု " တရား " ဗဟုသုတ တစ်ခု ပြောပြချင်တယ်။ အဲ့ဒါက ဘာလဲဆိုတော့ ဘုရားဟောတဲ့ တရားပါ။
တစ်ချို့တွေလည်း ကြားဖူးနားဝ ရှိမယ်လို့ ထင်ပါတယ်။ " လက္ခဏာကြီး " သုံးပါးကို ပြောချင်တာပဲ ဖြစ်ပါတယ်။ (ထိုသုံးမျိုးက အနိစ္စ၊ ဒုက္ခနဲ့ အနတ္တပါ။)
၁။ အနိစ္စ = သက်ရှိသက်မဲ့ မှန်သမျှ ဘာမှ မမြဲ။
၂။ ဒုက္ခ = ဒီခန္ဓာကိုယ်ကြီးဟာ ဒုက္ခကြီး သက်သက်ပဲ။
၃။ အနတ္တ = ကိုယ့်အလိုအတိုင်း ဘာတစ်ခုမှ မဖြစ်။
မိတ်ဆွေရဲ့ ဘဝမှာ ဘယ်လိုအခက်အခဲ ကြုံကြုံ အပေါ်က သုံးချက်ကို လက်ကိုင် ထားပြီး ကျော်လွှားဖို့ပါ။ ဘဝမှာ ကိုယ့်အလိုအတိုင်း ဖြစ်မလာတဲ့အခါ " This too will pass " ဆိုတဲ့ စကားလည်း ကြားဖူးကြမှာပါ။ အဲ့ဒီစကား အနက်က " ဒါလည်း ပြီးသွားမှာပါတဲ့။ " ပြောခဲ့တဲ့ တရားထဲက " အနိစ္စ " နဲ့ တူတယ်။ (ဘဝမှာ အကောင်းဖြစ်ဖြစ် အဆိုးဖြစ်ဖြစ် မမြဲဘူး။)
အကောင်းဆိုတာ ခဏကြာတော့ အဆိုးဖြစ်သွားနိုင်ပြီး အဆိုးဟာလည်း မမြဲဘဲ အကောင်းပြန် ဖြစ်သွားနိုင်တယ်။ (ဒါကြောင့် အကောင်းအဆိုး လောကဓံကို ခံနိုင်ရည်ရှိမှ လောကကြီးမှာ နေရတာ နေပျော်မှာ ဖြစ်ပါတယ်။)
အကောင်းတွေနဲ့ ကြုံလည်း စိတ်အားမတက်ကြွအောင် ထိန်းပြီး အဆိုးတွေနဲ့ ကြုံလာလည်း စိတ်အားမငယ်ဖို့ လိုတယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ " အနိစ္စ " မမြဲဘူး။
အခု " ဒုက္ခ " ဖြစ်တာ ဒီခန္ဓာကိုယ်ကြီး ရထားလို့။ ရထားတဲ့ ခန္ဓာကိုယ်ကြီးက ကိုယ့် သဘောအတိုင်း မဖြစ်ဘူး။
ကိုယ်က ကျန်းမာချင်တယ်။ သူက နေမကောင်းတွေ ဖြစ်တယ်။ ကိုယ်က မအိုချင်ဘူး။ သူက တစ်ဖြေးဖြေး အိုလာတယ်။ (နောက်ဆုံး မသေချင်ဘဲ သေရမှာ ဒါ " အနတ္တ " ပါ။)
အဲ့ဒါကြောင့် ဘယ်နေရာ ရောက်ရောက် ဒီသုံးပါး နှလုံးသွင်းပြီး " ဦးနှောက် " နဲ့ " နှလုံးသား " ဟန်ချက်ညီအောင် ထိန်းနိုင်ပါစေ။
အားလုံး " လောကဓံ " ခံနိုင်သူများ ဖြစ်ကြပါစေ။
ဖတ်ရှူပေးသူ အားလုံးအား အထူးကျေးဇူးတင်လျှက်။
#ကျော်ဇောအောင်။
Photo credit - GoArt.
2024/4/3, ဗုဒ္ဓဟူးနေ့။
Keep Reading