Author's Profile Photo

ရွှေဥဒေါင်း

28/11/2024

ရှုထောင့်မှန်မှ အမြင်မှန်နိုင်မည် - ဇာတ်သိမ်းပိုင်း

7 mins read
General Knowledge
ရှုထောင့်မှန်မှ အမြင်မှန်နိုင်မည် - ဇာတ်သိမ်းပိုင်း's photo

အလုပ်သမား၏ရှုထောင့်

တစ်ဖန်အလုပ်သမားလောကမှလူများကလည်းကုန်​ပစ္စည်းထွက်အောင်​ ချွေးတလုံးလုံး​ အလုပ်လုပ်ရသူ​များမှာ​ အလုပ်သမားများသာ ဖြစ်သည်။ ပင်ပန်းခံရသူများအဖို့မှာ မသေရုံ အနိုင်နိုင်စားရ၍ မြတ်စွန်းသ​မျှကို​ အလုပ်ရှင်က​ ချည်းသိမ်းယူသည်။ ဒီမိုကရေစီ အုပ်ချုပ်ရေးဆို၍ အလုပ်သမားများမဲဆန္ဒပေးပိုင်ခွင့်ရှိသော်လည်း ပိုက်ဆံရှိသော​ လူများသာလျှင် လွှတ်​တော်အမတ်ဖြစ်နိုင်၍ အစိုးရအဖွဲ့ဟူသည်မှာလည်း အရင်းရှင်ကြီးများကိုယ်တိုင်နှင့် အရင်းရှင်၏အကျိုးကိုကြည့်သောလူများသည်သာလျှင် ဖြစ်ကြသည်။ ထိုသို့သော​ လူများအစိုးရဖြစ်နေကြသမျှ​ ကာလပတ်​လုံး မိမိတို့၏တိုင်းပြည်တွင် ပိုက်ဆံကြွယ်ဝသောလူများကြွယ်ဝသည်ထက်ကြွယ်ဝဖို့သာစီမံကြလိမ့်မည်။ အလုပ်သမား လူတန်းစားမှာ အရင်းရှင်ထံတွင် ဒူးထောက်၍အလုပ်တောင်းပြီး မဝတဝစား၍ မလုံတလုံဝတ်ရသော အခြေအနေမှတက်ဖွယ်ရာ မရှိတော့။ ထို့​ကြောင့် မိမိတို့​လူတန်းစား၏ အကျိုးကို​ ကြည့်၍ စီမံသောလူများကိုယ်တိုင်အစိုးရဖြစ်လာမှသာလျှင် မိမိတို့ချောင်ချိသက်သာခွင့်ရှိချေမည်ဟုဆိုကာထိုကဲ့သို့ဖြစ်အောင်​ ကြိုးစားကြလေသည်။ ဤသည်ကား အ​လုပ်​သမားလူတန်းစား၏ “ရှုထောင့်”မှကြည့်သော အ​​မြင်ပေတည်း။

ပဋိပက္ခဖြစ်ရခြင်း

အရင်းရှင်ကြီးများ၏“ရှုထောင့်”မှအမြင်နှင့်အလုပ်​သ​မားလူတန်းစားတို့၏“ရှုထောင့်”မှအမြင်သည်ပဋိပက္ခဖြစ်လျက်ရှိသည့်အတိုင်းကမ္ဘာပေါ်ရှိအတိုင်းတိုင်းအ​ပြည်ပြည်တွင်အရင်းရှင်နှင့်အလုပ်သမားတို့ပဋိပက္ခများဖြစ်ပေါ်လျက်ရှိ၏။အလုပ်ရှင်ကြီးများထံမှလုပ်ခပို၍တောင်းသောကိစ္စများလည်းတိုင်းပြည်လုံးတွင်ရှိ၍ အရင်းရှင်ကြီးများကို​ ဖြုတ်ချပြီး​ ပြည်သူပိုင်ဖြစ်အောင်ကြိုးစားကြသောကိစ္စများလည်းနေရာတကာတွင်​ အနှံ့အပြားရှိကြလေသည်။ အခက်အခဲကြီးတစ်​ရပ်ဖြစ်နေသည်မှာ​ အထက်ပါ​ အမြင်နှစ်ရပ်သည်​ သူ့ရှုထောင့်မှ​သူမှန်သယောင်ရှိနေ၍သူမှန်သည်၊ ငါမှန်​သည်ဆိုကာ​ အကြီးအကျယ် ငြင်းခုံကြရခြင်းပင် ဖြစ်လေသည်။

အုပ်စုကြီးများ၏ ပဋိပက္ခ

အပြည်ပြည်အတွင်းရှိ​ ပဋိပက္ခမှုကို​ ဖော်ပြပြီးသည်နောက်ကမ္ဘာတွင်​ အုပ်စုကြီးနှစ်ခုဖြစ်လာ၍ တစ်ခုနှင့်တစ်ခုပဋိပက္ခဖြစ်ပုံကိုလည်းဖော်ပြရပေဦးမည်။ပ​ထမအုပ်စုမှာ​ အရင်းရှင်ကြီးများ​ ကြိုးကိုင်သည့်​ တိုင်း​ပြည်များ၏အဖွဲ့အစည်းဖြစ်၍ဒုတိယအုပ်စုမှာအလုပ်​သမား​ လူတန်းစားအတွက်​ ကိုယ်စားပြုသောလူများကြိုးကိုင်သည့်တိုင်းပြည်များ၏ အဖွဲ့အစည်းပင် ဖြစ်လေသည်။တိုင်းပြည်အသီးသီး၌အရင်းရှင်နှင့်အလုပ်​သမားတို့​ ပဋိပက္ခမှုသည်​ အကြင်တိုင်းပြည်ကို​ သာ​လျှင်​ ဆူပူလှုပ်ရှားစေနိုင်သည်ဖြစ်ရာ​ အဆိုပါ​ အုပ်စုကြီးနှစ်ခုတို့၏ ပဋိပက္ခမှုသည်ကား ကမ္ဘာကြီးတစ်ခုလုံးကို​ ဆူပူလှုပ်ရှားစေနိုင်လေသည်။ ဤ​ ကိစ္စတွင်လည်း သူ့ ‘ရှုထောင့်’နှင့်သူ့အမြင် ရှိကြသည်သာ ဖြစ်လေသည်။

အနောက်အုပ်စု၏ရှုထောင့်

အနောက်အုပ်စုခေါ်အရင်းရှင်တိုင်းပြည်အစိုးရများ၏ ရှုထောင့်မှအမြင်မှာကမ္ဘာ့အလုပ်သမားများသည်တစ်​နေ့​ တခြား​ ‘လူပါးဝ’ လာကြ၍ အခွင့်အရေးများ​ ပိုမိုတောင်းခံလျက် ရှိကြသည်။ အလုပ်သမားများအား ကိုယ်စားပြုသော​ ရုရှားအစိုးရကလည်း​ ကမ္ဘာ့အလုပ်​သမားများအား​‘မြှောက်ပေး’ လျက်ရှိ၍ အလုပ်သမားများသည်​ ရုရှားအစိုးရမျိုး​ ဖြစ်အောင်​ စည်းရုံးသူကစည်းရုံးလျက်ရှိကြသည်။ဤအတိုင်းဆိုပါလျှင် မိမိတို့​၌ပစ္စည်းဥစ္စာတိုးပွား၍ စည်းစိမ်ပွားများဖို့ မဆိုထားနှင့်လက်ရှိစည်းစိမ်သည်ပင် တည်မြဲဖို့ခဲယဉ်းသည်။ အလုပ်သမားများအား​ ကိုယ်စားပြုသည့်​ (ဆိုရှယ်
လစ်​စီးပွားရေးစနစ်ခေါ်) ရုရှားအစိုးရသည်​ မိမိတို့​၏ ရန်သူ​ နံပါတ်(၁)ဖြစ်သည်။ ဆိုရှယ်လစ်နိုင်ငံများကိုတစ်ခုပြီးတစ်ခု(တရုတ်နှင့်ရုရှားအထိ)ဖြိုဖျက်ပစ်ပါမှမိမိတို့၏ စည်းစိမ်တည်မြဲနိုင်ခွင့်​ ရှိပေတော့မည်​ ဟု (သူ​တို့၏ရှုထောင့်မှ) မြင်ကြလေသည်။

အရှေ့အုပ်စု၏ရှုထောင့်

အရှေ့အုပ်စု​ ခေါ်​ ဆိုရှယ်လစ်နိုင်ငံအစိုးရများ၏ 'ရှု​ထောင့်' မှ​ အမြင်မှာလည်း​ ကမ္ဘာ့အရင်းရှင်ကြီးများ​သည်ကိုယ့်စည်းစိမ်နှင့်ကိုယ် အေးအေးဆေးဆေး စံ​စားမနေဘဲမိမိတို့အပန်းတကြီးထူထောင်ထားရသည့် ဆိုရှယ်လစ်​ စနစ်ကို ငွေကုန်ကြေးကျခံပြီး ဖျက်​လိုဖျက်ဆီးကြံစည်ကြသည်။ တရုတ်ပြည်အရေး၌ ချန်ကေရှိတ်ဘက်ကမြှောက်ပေးပြီး ဟန်ဂေရီပြည်တွင်းရေး၌လည်း တိုင်းသူပြည်သားကို သူပုန်ထအောင်မြှောက်ပေးကြသည်။ ယူဂိုဆလားဗီးယားပြည်မှ တီးတိုးကိုလည်း မိမိတို့နှင့် သွေးခွဲပြီး တစ်ဖက်တစ်လမ်းမှ မြှောက်ပေးနေသည်။ မိမိတို့၏ စီးပွားရေးစနစ်ကို ဖြိုဖျက်ရန်အတွက်ဟု ပြောင်ပြောင်ကြီးဖွင့်ပြောပြီး တိုင်းပြည်ဘက်ဂျက်တွင် ဒေါ်လာသန်းပေါင်းများစွာ သတ်မှတ်ထားသည်။ မိမိတို့ကလိုက်လျောသမျှတွင် သူတို့က တင်းခံပြီး 'စစ်အေး' ဖြစ်အောင် ဖန်တီးကြသည်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲ တည်နေမှုကိုလည်း သူတို့ကလှောင်ကြပြောင်ကြသည်စသည်များဖြင့် သူတို့၏ “ရှုထောင့်” မှမြင်ကြ၏။

တပည့်မွေးကြခြင်း

ကမ္ဘာလောကကြီးသည် ဤသို့သော အခြေအနေ၌ရှိနေရာတွင် အနောက်အုပ်စုခေါင်းဆောင်ဖြစ်သော အမေရိကန်​ အစိုးရနှင့်​ အရှေ့အုပ်စု​ ခေါင်းဆောင်ဖြစ်သောရုရှားအစိုးရတို့သည်မိမိတို့၏စနစ်တည်မြဲရေးအတွက်​ အကြံဉာဏ်များထုတ်ကာအစီအစဉ်များ ပြု​လုပ်ကြလေတော့သည်။ နှစ်ဖက်လုံး၏အမြင်မှာငါတို့​၏ နောက်လိုက်​ တိုင်းပြည်များပါမှ​ သြဇာကောင်း၍ တန်​ခိုးကြီးပြီးငါတို့၏စနစ်တည်မြဲနိုင်သည်ဆိုကာသူ့နည်းနှင့်​ သူငွေကုန်ကြေးကျခံပြီးတပည့်မွေးကြလေတော့သည်။ ငွေကုန်ကြေးကျခံသည်ဆိုသော်လည်း ဒေါ်လာကြွယ်ဝသော အမေရိကန်သည် ရက်ရက်ရောရောအကုန်ခံ၍ပက်ပက်စက်စက် ပေးကမ်းသောနည်းကို အသုံးပြုလေရာ​ ရုရှားကမူ စီးပွားရေး​ အကူ​အညီမျိုး ပေးခြင်းအားဖြင့် အထိုက်အလျောက် အကုန်​အ​ကျခံသော်လည်းသူ၏အားကိုးကြီးတစ်ခုမှာကမ္ဘာ့နင်း​ပြားအဖြစ်၌ တည်ရှိသောအလုပ်သမား၊ လယ်သမား၊ ဆင်းရဲသားများအား“နားပေါက်”အောင်ဝါဒဖြန့်သောနည်းပင်ဖြစ်သည်။ဤနှစ်နည်းအနက်တွင်မည်သည်ကခရီးရောက်သည်ကိုကျွန်ုပ်မပြောလို၊ စာဖတ်သူတို့ကိုယ်တိုင် ဆုံးဖြတ်ရန်ချန်ထားခဲ့သည်။ သို့သော် သူ့နည်းနှင့်သူ အထိုက်အလျောက် ခရီးရောက်လျက် ရှိကြခြင်းမှာကားလူတိုင်းမြင်နိုင်သောအခြင်းအရာဖြစ်​သည်။

ကမ္ဘာကိုဒုက္ခပေးခြင်း

အုပ်စုခေါင်းဆောင်ကြီးနှစ်ခုတို့သည် ဤမျှလောက်သာခရီးသွားကြသည်ဆိုပါက ကမ္ဘာသူကမ္ဘာသားများက တစ်စုံတစ်ရာ ကြက်တွန့်တက်စရာအကြောင်းရှိမည်မဟုတ်ပေ။ မိမိတို့ကြိုက်နှစ်သက်သောအကူ​အ​ညီကိုယူသည်ဖြစ်စေ၊နှစ်ဖက်လုံးမှရရှိနိုင်သည်ဆိုက (အိန္ဒိယပြည်အစိုးရလုပ်သကဲ့သို့) နှစ်ဖက်လုံးမှပေးသောအကူအညီ အထောက်အပံ့ကို ယူသည်ဖြစ်စေ ပြုလုပ်ကြရုံသာရှိပေသည်။သို့သော်နှစ်ဦးသောကမ္ဘာ့ခေါင်းဆောင်အစိုးရကြီးများသည်​ တစ်ဖက်ကို​ တစ်​ဖက်ကမယုံကြည်နိုင်၊ စိတ်မချနိုင် မိမိအားတိုက်ခိုက်လိမ့်မည် ထင်သည်ဆိုကာ လက်နက်ဆိုးကြီးများ သူ့ထက်ငါစမ်းသပ်လုပ်ကိုင်လျက် ရှိကြပေရာဤအခြင်း​အရာသည်သူတို့အချင်းချင်းအတွက်သာမကကမ္ဘာသူကမ္ဘာသားကိုပါဒုက္ခအများဆုံးပေးသောအခြင်းအရာပေတည်း။

ခေတ်အစိုးရများ၏ရှုထောင့်

ဤခေတ်တွင်အုပ်စုခေါင်းဆောင်များဖြစ်သောအမေရိကန်အစိုးရနှင့် ရုရှားအစိုးရတို့က လက်နက်ဆိုးကြီးများ အပြိုင်အဆိုင် လုပ်ကိုင်ကြရာတွင်ဗြိတိသျှအစိုး​ရကလည်း​ နျူကလီးယားလက်နက်မျိုးမရှိလျှင်မျက်​နှာငယ်သည်။ ဒုတိယတန်း​ တိုင်းပြည်ဖြစ်သွားတော့မည်ဆိုကာ​ နျူကလီးယားလက်နက်မျိုး​ စမ်းသပ်ဖောက်ခွဲဖို့တကဲကဲပြင်ဆင်လျက် ရှိ၏။ ဤမျှသာမကသေးအထက်ပါတိုင်းပြည်ကြီးများ၏အပြုအမူကိုတစ်​ကမ္ဘာလုံးရှိ​ တိုင်းပြည်အစိုးရများက​ အားကျလာကြ​၍ လက်နက်ခေတ်ကြီး​ဖြစ်လာပြီးလျှင် လက်နက်များများရှိမှ​ လုံခြုံသည်။ ပါဝါရှိသည်ဆိုကာ​ သူ့ထက်ငါ လက်နက်များဝယ်ယူကြလေတော့သည်။ ဤတွင်တစ်ကမ္ဘာလုံးရှိ​ တိုင်းပြည်နိုင်ငံအစိုးရများသည်​ တိုင်း​သူပြည်သားကြီးပွားချောင်ချိဖို့ထက်မိမိတို့အစိုးရဂုဏ်ရှိဖို့အရေးကို ဦးစားပေး၍စီမံကြသည်နှင့် တိုင်းပြည်မှကောက်ခံရရှိသော​ အခွန်တော်ငွေများအနက်မှ ရာ​ခိုင်နှုန်း​ ၅ဝ-၇ဝ​ မျှကို​ စစ်တပ်နှင့်​ လက်နက်များအ​တွက်​ သုံးဖြုန်းလျက်ရှိလေတော့သည်။ ‘စားနေဝတ်’ အ​ဆင့်အတန်းမြင့်ဖို့အတွက်​ သုံးသင့်သော​ ငွေကို လက်နက်စုဆောင်းရေးဘက်၌ ဖြုန်းတီးနေကြသော အစိုးရများလက်အောက်တွင်ကမ္ဘာသူကမ္ဘာသားသည် အဘယ်မှာ မဆင်းရဲ မကျပ်တည်းပဲရှိနိုင်ပါမည်နည်း။ ဤအခြင်းအရာမှာလည်း ကမ္ဘာ့အစိုးရ၏ “ရှုထောင့်” မှကြည့်၍လက်နက်အင်အား တောင့်တင်းပါမှ မိမိတို့ပါဝါရှိသည်ဟူသောအမြင်၏အကျိုးဘက်သဘော​တ​ရားပင် ဖြစ်လေသည်။

တစ်ချက်တည်းနှင့် ပြာဖြစ်အောင်လုပ်မည်

ယနေ့ကမ္ဘာ့အခြေအနေကိုအကဲခတ်ရသော်အမေရိကန်အစိုးရနှင့်​ရုရှားအစိုးရတို့၏လက်ဝယ်တွင်​ နျူက လီးယားလက်နက်ဆိုးကြီးများ လုံလောက်စွာရှိနေပုံရသည်။ ငါ့ကိုတိုက်လျှင် ငါကလည်း​ ပြန်ကိုက်၍ နှစ်ဖက်လုံးပျက်စီးနိုင်သည်ဆိုခြင်းကိုကြည့်ရသည်။သို့​နှင့်​ လည်းအစွမ်းထက်သည်ထက်​ ထက်မြက်သောလက်နက်ဆိုးမျိုးဖြစ်နိုင်အောင်​ ဆိုကာ​ ဆက်လက်စမ်းသပ်လုပ်ကိုင်လျက်ရှိကြသေးခြင်းမှာစဉ်းစားစရာ ဖြစ်နေပြန်သည်။ ဖြစ်ဟန်လက္ခဏာရှိသည်မှာယခုအ​ခြေအနေ၌ တစ်ဦးက လိုက်လျှင် တစ်ဦးက ပြန်တိုက်​၍ နှစ်ဦးလုံးပျက်စီးနိုင်ပေရာ ထိုကဲ့သို့ပြန်မတိုက်နိုင်ဘဲတစ်ခါတည်းပြာဖြစ်သွားအောင် အစွမ်းထက်သောလက်နက်မျိုး​ သူ့၌ ဖြစ်ပါက ငါ​ ခက်လိမ့်မည်။ ထို့​ကြောင့် ငါကလည်း ဖြစ်အောင်လုပ်ထားမည်ဟူသော စိတ်ကူးမျိုးနှင့် ဆက်လက်စမ်းသပ်လုပ်ကိုင်ကြလေသလော မပြောတတ်ချေ။ “ခိုးတတ်လျှင်၊ ရိုးတတ်​သည်”ဟူသော မြန်မာစကားရှိပေရာမိမိတို့ကိုယ်တိုင်ကတစ်ဖက်သားကိုဖျက်ဆီးချေမှုန်းလိုသော မုန်းတီးစိတ်ဓာတ်ခံရှိသည်အတွက်ကြောင့်တစ်ဖက်သားကို မယုံနိုင်ဘဲ အဆိုးရွားဆုံးသော ရှုထောင့်”မှ ကြည့်ကြဟန်ရှိပေသည်။ တိုင်းပြည်ကြီးတစ်ပြည်ကို မိနစ်ပိုင်းအတွင်း ပြာဖြစ်စေနိုင်သော လက်နက်ဆိုးမျိုးသည် ဤကမ္ဘာတွင်လုပ်၍ဖြစ်နိုင်လေမည်လောမပြောတတ်ပေ။ ဤမျှလောက် ပြင်းထန်သော​ လက်နက်မျိုး ဖြစ်​မြောက်၍ အသုံးပြုသည်ဆိုပါလျှင်လည်း​ တစ်ပြည်တည်းပျက်စီးရုံနှင့် နားမည်မထင်။ တစ်ကမ္ဘာလုံးပင် ပြုတ်ပြုတ်ပြုန်းဖွယ်ရာရှိပေလိမ့်မည်။ သို့ဆိုလျှင်လည်း ညည်းတွားမနေချင်တော့။ ပွဲထဲကဇာတ်​သမားများပြောသကဲ့သို့ “စောစောသေလျှင် စောစောအိပ်ရသည်” ဟူ၍သာ ပြောလိုက်ချင်တော့သည်။

သစ္စာနှစ်မျိုး

“ရှုထောင့်” အမျိုးမျိုးနှင့်​ အမြင်အမျိုးမျိုးရှိ၍ သူ့​“ရှု​ထောင့်”နှင့်​ သူ့အမြင်ရှိနေခြင်းကိုဖော်ပြခဲ့ပြီဖြစ်ရာဗုဒ္ဓ၏တရားတော်၌ပင်လျှင်သူ့ရှုထောင့်နှင့်သူအမြင်ရှိခြင်းကိုဖော်ပြရပေဦးမည်။ဗုဒ္ဓဟောတော်မူခဲ့သည့်တရားတော်၌သမုတ်သစ္စာနှင့်ပရမတ္ထသစ္စာဟူ၍ နှစ်မျိုးရှိကြောင်း ပါရှိ၏။ သုတ္တံနည်းအရဆိုသော် ရိုသေထိုက်သောသူရှိသည်၊ မိဘဆွေမျိုးရှိသည်၊ သူ,ငါရှိသည်၊သူ့အသက်ကိုမသတ်ကောင်း စသည်ဖြင့် ဟောတော်မူသည်။ ဤသည်တို့ကား သမုတိသစ္စာနယ်ဖြစ်​၍၊သူ့ “ရှုထောင့်”မှသူ မှန်ကန်သော သစ္စာတရားကြီးဖြစ်သည်။တစ်ဖန်အဘိဓမ္မာနည်းအရဆိုသော် ပုဂ္ဂိုလ်သတ္တဝါ၊ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမဟူ၍မရှိ၊ ခ​န္ဓာငါးပါးသာရှိသည်ဟုဟောတော်မူသည်။သူ့ခန္ဓာ၊ ငါ့ခန္ဓာဟူ၍ ပိုင်းခြားခြင်းမရှိချေ။ ဤသည်ကား ပရမတ္ထသစ္စာနယ်ဖြစ်၍ သူ့ ရှုထောင့် မှသူ မှန်ကန်သော သ​စ္စာတရားကြီးပင်ဖြစ်သည်။ ပုထုဇဉ်တို့မှာ ပရမတ္ထသ​ဘာဝကို မြင်နိုင်စွမ်းသည်မဟုတ်သောကြောင့် သမု တိသစ္စာတည်းဟူသော ရှုထောင့်”အမြင်ဖြင့်သာလျှင် ကျင့်ကြံပြုမူကြရသည်။ ပရမတ္ထသစ္စာတည်းဟူသော ရှုထောင့်”အမြင်မှာ အရိယာတို့အတွက်သာဖြစ်၏။အ
ချို့သူများသည် ပရမတ္ထသဘာဝကို အရိယာပုဂ္ဂိုလ်များသိမြင်သကဲ့သို့ မမြင်ပါဘဲလျက် ပုဂ္ဂိုလ် သတ္တဝါမရှိဆိုသောစကားကိုယူ၍ သူမရှိ၊ငါမရှိဆိုကာ သတ်ချင်ရာသတ်၊ လုပ်ချင်ရာလုပ်ကြသည်အထိ ပရမ်း ပတာဖြစ်ကြခြင်းများကို ကြုံရဖူးလေသည်။ ပုဂ္ဂိုလ်သ​တ္တဝါမရှိသော “ရှုထောင့်”မှအမြင်၊ပုဂ္ဂိုလ်သတ္တဝါရှိသော“ရှုထောင့်”မှအမြင်ဟူ၍နှစ်ခုလုံး၏မှန်ကန်ခြင်းကိုနားလည်ပါမှယထာဘူတကျမည်ဖြစ်လေသည်။

“ရှုထောင့်” စုံအောင် ကြည့်တတ်ခြင်း

အထက်ပါအကြောင်းအရာများကို ဖတ်ရှုရခြင်းအား ဖြင့် သူ့ “ရှုထောင့်” နှင့် သူ့အမြင်ဖြူးဖြောင့်လျက် ရှိကြောင်း ထင်ရှားလှပေပြီ။“အမြင်မှန်”ဟူသောအသုံး အနှုန်းသည်ယခုတလောတွင်ခေတ်စားလျက်ရှိသော် လည်းစင်စစ်အားဖြင့်“ရှုထောင့်”ချင်းမတူလျှင် အမြင်ချင်း​ မတူနိုင်ချေ။ အမြင်​ မတူသည့်အတွက်ကြောင့်တစ်​ဦးက​ တစ်ဦးအား​ အမြင်မှားသည်​ ဟု​ ဆိုထိုက်သည်​မထင်ပေ။ အရင်းရှင်​ သူဌေးကြီး​ တစ်ယောက်အားအလုပ်သမားများချောင်ချိမည့် ဆိုရှယ်လစ်​စ​နစ်ကို မကြိုက်နိုင်သည့်အတွက်ကြောင့် အမြင်မှားသည်ဟုအပြစ်ဆိုခဲ့လျှင်သဘာဝကျလိမ့်မည်မဟုတ်ချေ။အဘယ့်ကြောင့်ဆိုသော်​ သူ၏ “ရှုထောင့်”မှ​ ကြည့်သည့်အခါ​ သူ့အဖို့​ စီးပွားတက်ရန်​ လမ်းပိတ်သွားတော့သည်ဟုမြင်လိမ့်မည်ဖြစ်သောကြောင့်တည်း။လူ၏သဘာဝမှာ‘ရှုထောင့်’တစ်ခုယူ၍ ကြည့်လိုက်သည်ဆိုကတည်းက မိမိတို့အဖို့ အကျိုးအများဆုံးရှိစေဖို့ သဘောပိုက်ပြီးသားဖြစ်တော့၏။ ကိုယ်ကျိုးအ​တွက်ကြည့်ခြင်းကိုလည်းအမြင်မှားသည်ဟု မဆိုသာပေ။ အရေးတကြီးလိုအပ်သည်မှာကိုယ့် “ရှုထောင့်”မှ ကိုယ့်အမြင်သာလျှင်အမှန်ဆုံးဖြစ်သည်ဟုသဘောမထားဘဲအခြားသော“ရှုထောင့်”များလည်းရှိသေး၍ အ​မြင်အမျိုးမျိုးရှိခြင်းကိုနားလည်သင့်ကြပေသည်။လူ့သဘာဝနှင့်လောကအကြောင်းကိုနားလည်သောသူသည်မိမိ၏“ရှုထောင့်”မှသာမကြည့်မူ၍ အခြားသောရှုထောင့်”များမှ အမြင်များကိုလည်းမြင်အောင်ကြည့်​ခြင်းအားဖြင့် ကိုယ်ချင်းစာတရားကပ်သော လူတစ်ယောက်ဖြစ်လာနိုင်ပေသည်။ကိုယ်ချင်းစာတရားကပ်သော​ လူသည်ကြွယ်ဝသောလူ၊ ဂုဏ်ရှိသောလူ၊ ပါဝါကြီးသောလူ၊ ရာထူးကြီးသောလူ စသည်တို့ထက် မြင့်​မြတ်သည်ဟု ကျွန်ုပ်ဆိုချင်သည်။

ရှုထောင့်မှန်

သူ့​ “ရှုထောင့်” နှင့်​ သူ့အမြင်မှန်ကန်သည်ဆိုသော​ကြောင့်“အမြင်မှား”ဟူသောစကားလုံးမသုံးလိုက်ပါလျှင်မည်သို့သုံးနှုန်းထိုက်ပါသနည်းဟုစောဒကတက်ဖွယ်ရာရှိ၏။ ကျွန်ုပ်၏သဘောမှာ အမြင်မှန်ဖို့ထက် “ရှုထောင့်”မှန်ဖို့သာ၍ အရေးကြီး၏။ ဤတွင် “ရှု​ထောင့်မှန်”နှင့် “ရှုထောင့်မှား”ကိုပိုင်းခြားဖော်ပြရန် လိုပေသည်။ သာဝါဟူသမျှသည် အတ္တစွဲ(သက္ကာ​ယဒိဋ္ဌိ) ရှိကြမြဲဖြစ်၍ ငါ့​ ကောင်းဖို့တည်း​ ဟူသော​ “ရှု​ထောင့်” မှ​ ချည်းကြည့်တတ်ကြပေရာ​ ၎င်းကို​“ရှု​ထောင့်မှား”ဟူ၍ဆိုလိုသည်။“ရှုထောင့်မှန်”ဟူသည်ကား​(သက္ကာယဒိဋ္ဌိပြုတ်၍) ငါကောင်းဖို့ချည်းမရည်​
မှန်းသော “ရှုထောင့်” ကို ဆိုလိုပေရာ ဗုဒ္ဓဟောတော်မူသည့် သမ္မာဒိဋ္ဌိဟူသည်မှာဤသို့သော “ရှုထောင့်မှန်”ကိုပင် ရည်ရွယ်သည်ဟု ကျွန်ုပ်ယူဆသည်။ အ မြင်မှန်ဖို့ထက် ရှုထောင့်မှန်ဖို့က ပို၍အရေးကြီးသည်ဟု နားလည်သည်။ သို့သော် အရိယာဖြစ်ပါမှ “ရှု ထောင့်မှန်”ကိုတွေ့ နိုင်သောကြောင့် ခဲယဉ်းလှသည် ကား မှန်ပါ၏။ ဤမျှလောက် ခဲယဉ်းသောအခြေအနေသို့ လူတိုင်းတက်လှမ်းရန် ခက်ခဲသော်​လည်း ယုတ်စွ အဆုံးအားဖြင့် ကိုယ့်ရှုထောင့်မှ အမြင်တစ်ခုတည်းသာလျှင် မှန်ကန်သည်ဟုမယူဆဘဲ အခြားလူများ၏ ရှုထောင့်နှင့် အမြင်တို့ကိုလည်း ဆင်ခြင်သုံးသပ်ဖို့ကြိုးစားကြပါမူကား ရွှေရုပ်လု၊ ရွှေရုပ်ထုဟူ၍ ငြင်းခုံသတ်ပုတ်ကြသော သူရဲကောင်းနှစ်ယောက်ကဲ့သို့ မဖြစ်စေဘဲ ယနေ့ကမ္ဘာကြီးသည် ယခုထက်ငြိမ်းချမ်းခြင်းနှင့် ပြည့်စုံလိမ့်မည် ဟု ယုံကြည်မိပါတော့သ တည်း။

#ရွှေဥဒေါင်း
#ရှုထောင့်မှန်မှအမြင်မှန်နိုင်မည်

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်အချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါ"စကားချိုသာလျှင် လိုရာကိုရသည်"အင်တာနက်နဲ့ လူနေမှုဘဝ "တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါရှောင်တာက ကြောက်ခြင်းမဟုတ်