Author's Profile Photo

ဇေယျ

22/11/2024

ဒါတို့ပြည်

3 mins read
Art
ဒါတို့ပြည်'s photo

ကျွန်တော်မနှစ်က(၁၉၅၃ခုနှစ်၊အောက်တိုဘာလ)ဤချိန်တွင်လန်ဒန်မြို့သို့ရောက်နေသည်။တစ်နေ့သော​အခါနံနက်ပိုင်းတွင်သာအလုပ်ရှိလျက်ညနေပိုင်းတွင်အလုပ်မရှိသဖြင့်​ လန်ဒန်မြို့​ အနောက်ပိုင်း​ အမှတ်​၁ရပ်ကွက်၊ ချာလ်စ်-စတရိလမ်းရှိ​ မြန်မာသံရုံးသို့သွားရောက်၍ ဝင်နေကြဖြစ်သော ဦးမောင်မောင်ကြီးနှင့် သခင်လူမင်းတို့အခန်းထဲသို့ဝင်၍ထိုင်လေသည်။ ရန်ကုန်က စာများရောက်သလား၊ နောက်ထပ် မြန်မာသတင်းစာများ​ ရောက်သလား၊ မေးမြန်းပြီး တောင်ကြည့်မြောက်ကြည့် ကြည့်မိရာ သခင်လူမင်း၏ စားပွဲနောက်နံရံတွင်​ကပ်ထားသော​ မြန်မာ့အလင်းပြက္ခဒိန်ကိုသွား၍မြင်မိလေသည်။

“အောက်တိုဘာလ၂၄ ရက် သီတင်းကျွတ် လပြည့်​နေ့ဟု မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ထိုအချိန်တွင် ငါတို့ရန်ကုန်တွင်ည၇ နာရီခွဲရှိပြီ။ သီတင်းကျွတ်မီးတွေ ထိန်ထိန်လင်းနေရော့မည်။ ကလေးတွေ ဝတ်​ကောင်း​စားလှတွေဆင်ယင်၍ လက်ထဲတွင် ဖယောင်းတိုင်က​လေးများ၊ငှက်ပျောသီးကလေးများ၊မုန့်ကလေးသူများကိုကိုင်လျက်တစ်အိမ်ဆင်းတစ်အိမ်တက်လူကြီးမိဘများကိုကန်တော့နေကြရော့မည်ဟု​ တွေးလိုက်မိရာရင်ထဲတွင်သို့တို့တို့ဖြစ်လာလေသည်။ဟယ်…ငါငယ်ငယ်ရွယ်ရွယ်မှမဟုတ်ဘဲ ဒီစိတ်မျိုးတွေမပေါ်ကောင်းဘူးဟု စိတ်ကိုချုပ်တည်းကြည့်သည်။ မရချေ။

သို့နှင့်ရုတ်တရက်ထိုင်ရာမှထကာမည်သူ့ကိုမှနှုတ်မဆက်ဘဲအခန်းတွင်းကထွက်လာခဲ့လေသည်။သခင်လူမင်းနှင့်ဦးမောင်မောင်ကြီးတို့မူကား ဤသို့ရုတ်တ ရက် ထ၍ ထွက်သွားသည်ကို အံ့အားသင့်၍ကျန်ရစ်ကြမည်လား မပြောတတ်ချေ။ သံရုံးအပြင်ရောက်၍ အလင်းရောင်ကလေးထဲသို့ လျှောက်လာရသောအခါ စိတ်အနည်းငယ် သက်သာသလိုလို ရှိလေသည်။

စိတ်က​ ဟိုတယ်သို့​ ပြန်မည်ဟု​ ကြံမိသည်။ သို့သော်ဟိုတယ်ရှေ့သို့​ ​ရောက်သောအခါ​ ဟိုတယ်အခန်းထဲတွင်​ ကိုယ့်တစ်ယောက်ထဲဝင်၍ ထိုင်နေလျှင်တောင်တွေးမြောက်တွေးနှင့်​ ပို၍ ဆိုးတော့မည်ဟုတွေးကာစိတ်ပြေလက်ပျောက်​ ရုပ်ရှင်တွေ​ လျှောက်ကြည့်နေတာကောင်းသည်​ ဟုကြံပြီးလျှင်​ ဂရင်းပတ်ဥယျာဉ်ထောင့်က​ ဘတ်-စ်ကားကို​ တက်၍ တော်တမ်ဟမ်- ကုတ်ရုတ်လမ်းသို့ လာခဲ့လေသည်။

ဗီကာဒီလီ၊ အောက်စဖို့စတရိ၊ ရီးဂျင့်စတရိ​ စသောလမ်းကြီးများကို​ ဖြတ်၍ အသွားတွင်​ တောင်ကြည့်မြောက်ကြည့်နှင့်သီတင်းကျွတ်လပြည့်နေ့အကြောင်းကိုမေ့ပျောက်သွားသလောက်ရှိလေသည်။“တော်တမ်ဟမ်-ကုတ်ရုတ်သို့ရောက်သောအခါထမင်းမဆာစဖူးဆာလာ၍အသင့်ပဲဟုတွေးကာ“စိန်-ဂျိုင်း-ဟိုင်-စတရိ”လမ်းတွင်​ ရှိသော​ဒေါ်မြစိန်၏“နယူးဘားမား” ထ​မင်းဆိုင်သို့​ သွားရောက်​ လေသည်။ သုံးနာရီကျော်လောက်ရှိပြီဖြစ်၍ လူအတော်ရှင်းနေသည်။ ထိုင်နေ​ကျ ချောင်ကလေးတွင်ထိုင်ကာ ထမင်းတစ်ပန်းကန်နှင့် ကြက်ဥဟင်းတစ်ပန်းကန်တို့ကို မှာ၍ စားလေသည်။ဆာနေ၍လားမသိ တော်တော်အရသာရှိသည်။ သုံးလေးလုတ်မျှ​ စားပြီး မော်၍ကြည့်လိုက်မိရာ နန်းတွေ တဝေဝေနှင့်ဘုရားစင်ကလေးကို သွား၍မြင်ရလေသည်။ ငိုင်၍ သွားမိ၏။

သီတင်းကျွတ် ဆီမီးရောင်ကလေးတွေ ခေါင်းထဲထိုးဝင်လာကြ၏။​ ထမင်းစားချင်စိတ်​ ပျောက်သွား၏။နောက်ထပ် ဇွန်းနှင့်​ ခက်ရင်းကို မကိုင်တော့ဘဲ ငွေ​ချေ​ပြီးလျှင် ထလေသည်။ ကျွန်တော်နှင့် မိတ်ဆွေဖြစ်နေသော“ဝိတ်တာ” ကလေးက စိုးရိမ်သော​ မျက်​နှာနှင့်“တော်ပြီလား၊ ဝပြီလား စားလို့မကောင်းဘူးလား၊ ဘာဖြစ်သလဲ”ဟုမေးသဖြင့် ကျွန်တော်လည်းသူ့အပြစ်မဟုတ်ကြောင်းသူ့စိတ်သက်သာအောင်တစ်ခွန်းနှစ်ခွန်းပြောပြီးထွက်လာခဲ့လေသည်။လန်ဒန်မြို့တွင် နောက်ထပ် တစ်မိနစ်မျှ မနေတော့ဘဲ ရန်ကုန်သို့ ညချင်းအရောက်ပြန်လိုသော​ ဇောများသာ ပေါ်​ပေါက်လာလေသည်။

အချိန်မှာညနေ၄နာရီလောက်ရှိသေးသည်။ဘယ်ကိုသွားမလဲ၊ရုပ်ရှင်ကြည့်မလား၊မကြည့်ချင်ဟိုတယ်ပြန်မလား၊ မပြန်ချင်။ ဘာလုပ်မလဲ၊ မသိ။ လျှောက်မိလျှောက်​ရာကိုသာလျှောက်လာခဲ့လေသည်။လျှောက်ရင်းဘေးနားကိုကြည့်လိုက်သောအခါ“ချဲချင်းကရော့စ်”လမ်း၊ စာအုပ်​ အဟောင်းဆိုင်​ တစ်ဆိုင်ရှေ့သို့ရောက်​နေသည်ကို တွေ့ရလေသည်။ စာအုပ်ဝယ်ချင်စိတ်မပေါ်။ 

သို့သော်စာတစ်အုပ်ကိုဆွဲ၍ကြည့်လိုက်ရာ​ကျွန်တော်တို့ငယ်ငယ်က ကျောင်းတွင်ဖတ်ခဲ့ရသော“ဆာဝဲလ်တာစကော”ဆိုသူ စီကုံးထားသော The Layof the Last Minstrel အမည်ရှိသော ကဗျာစာအုပ်ဖြစ်နေ​သည်ကို တွေ့ရလေသည်။ ထိုစာအုပ်မှာ အင်္ဂလိပ်သ​က္ကရာဇ်၁၈၁၁ခုနှစ်လွန်ခဲ့သည့်နှစ်ပေါင်း တစ်ရာ့လေးဆယ်ကျော်လောက်သောပုံနှိပ်သော စာအုပ်ဖြစ်၍ အ ဖုံးနှင့် အနားသားများဟောင်းနွမ်းလှပြီဖြစ်လေသည်။ထိုကဗျာမှာ​ ကျွန်တော်တို့အတွက်​ မထူးဆန်းလှချေ။သို့သော်​ စာအုပ်ကလေးကို​ ကြိုက်သည်နှင့် ဝယ်ယူခဲ့၏။

ညနေ ၅ နာရီခွဲလောက်တွင် ဟိုတယ်သို့ ပြန်ရောက်​၏။ ထိုနေ့ တော်တော်ကလေး အေးသည်။အခန်းထဲတွင် ကပျာကယာ အဝတ်အစားလဲ၊အနွေးထည်များကို​ ဝတ်၊ မီးလှုံရန်​ ဓာတ်မီးဖိုကို​ နှိုးပြီး​ ဆိုဖာပေါ်တွင်ထိုင်ကာဝယ်လာခဲ့သော စာအုပ်ကလေးကိုတစ်ရွက်စီလှစ်ကြည့်ရာတစ်နေရာတွင် အောက်ပါကဗျာကလေးကို တွေ့မိလေသည်။

BREATHES there the man, with sould so dead,Who never to himself hath said,This is my own, my native land!Whose heart hath ne'er within him burned,As home his footsteps he hath turned,From wandering on a foreign strand!If such there breathe, go, mark him well;For him no minstrel raptures swell.High though his titles, proud his name,Boundless his wealth as wish can claim;Despite those titles, power, and pelf,The wretch, concentered all in self,Living shall forfeit fair renown,And, doubly dying, shall go down,To the vile dust, from whence he sprung,Unwept, unhonoured, and unsung.

ကျောင်းတွင်​ နေစဉ်က​ ဤ​ ကဗျာလေးကို​ နှုတ်တက်အာဂုံကျက်မှတ်ခဲ့ရ၏။ ဆရာများ​ ပြောပြသော​ အဓိ
ပ္ပာယ်ကို ကြားနာခဲ့ရ၏။​ (ဤကဗျာ၌ ဆိုလိုရင်းမှာ အ​ဝေးရပ်သို့​ သွားလာရာက​ ကိုယ့်ဇာတိရပ်ဌာနကို ပြန်​လာတဲ့အခါ ဒါဒို့ပြေ၊ဒါဒို့မြေလို့ စိတ်တွင်းမှာ လှုံ့ရှုံ့တက်ပြီး ပေါ်မလာတဲ့​ လူဟာ ဘယ်လောက်ပဲ​ ချမ်း​သာ၊ ဘယ်လောက်ပဲ ဂုဏ်ရှိ၊ ဘယ်လောက်ပဲ ကျော်​စောကိတ္တိရှိပေမဲ့​ ဒီလောက်အသက်မဲ့ဖြစ်နေတဲ့​ လူလောကမှာ မရှိဟု ဆိုလေသည်။ဤကဗျာကလေး မြန်မာဘာသာဖြင့် ထိထိမိမိ​ ပြန်ဆိုပြသင့်၏။ သို့​သော် ထိုကဗျာ၌ ရှိသလောက်သာအဓိပ္ပာယ်ကို ရရမိမိ ပြန်ဆိုရန် မလွယ်ကူချေ။)

သို့သော်ကျောင်းသားဘဝကသဘောကောင်းကောင်းမပေါက်ခဲ့၊ ထိုအချိန်၌မူကား​ ကိုယ့်စိတ်က​ အလိုက်​သင့်ဖြစ်နေ၍လား​ မသိ၊ တစိမ့်စိမ့်နှင့် စိတ်ဝင်စားမိလေသည်။ အရသာကို ခံစားရလေသည်။

ကိုယ့်ဇာတိ မြန်မာပြည်ကလေးမှာသူများတိုင်းပြည်များနှင့်စာလျှင်မကြီးလှ။သို့သော်“ဒါဒို့ပြည်၊ဒါဒို့မြေ” ဟူသော အသံများကို ကြားရသောအခါမူကား​ ကျွန်​တော်တို့အတွက် ဘယ်တိုင်းပြည် ဘယ်လောက်ကြီးတယ်ဆိုဆို ကိုယ့်တိုင်းပြည်လောက် အဖိုးမတန်ဟုထင်လာလေသည်။

ထိုစာအုပ်​ ကလေးမှာ​ ကျွန်တော့်အတွက်​ မြန်မာငွေတစ်ကျပ်ခွဲလောက်သာကျ၏။သို့သော်မြန်မာပြည်သို့စာတိုက်မှ​ တင်ပို့ပေးရန်မှာထားသော​ အခြားစာအုပ်များနှင့်အတူ​ စိတ်ချလက်ချပါဆယ်ထုပ်ထဲ​ မထည့်လိုက်နိုင်။ကိုယ်တိုင်တပွေ့ပွေ့ တစ်ပိုက်ပိုက်နှင့် မြန်​မာပြည်သို့အရောက် ဆောင်ကြဉ်းခဲ့ပေ၏။

#ဇေယျ
#ဒါတို့ပြည်

Keep Reading

Elio (2025) Spoiler Free Movie Reviewမျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်