သန်းမြင့်အောင်
"ဟဲ့ သမီး ဘယ်လိုဖြစ်လာတာလဲ၊ မောင်မြင့်ဦး မပါ လာဘူးလား"ဆိုတော့ သူက…“သူ့ကြောင့် သမီးထွက်လာတာပေါ့၊ သမီး သူနဲ့ မနေရဲဘူး ဒေါ်လေးရဲ့၊သူက အရင်လိုလည်း မဟုတ်ဘူး”“ဘာဖြစ်လို့လဲ၊ သူက အ ရက်တွေ ဘာတွေ သောက်သလား၊ သမီးကို နှိပ်စက်သလား”
“အဲသလို မဟုတ်ဘူး၊ တစ်ပတ်လောက်ရှိနေပြီ၊ ညညကျအိပ်လည်းမအိပ်ဘူး၊ ချိုးချိုးချွတ်ချွတ်နဲ့ တစ်အိမ်လုံးလျှောက်မွှေပြီး ဘာတွေလုပ်မှန်း မသိဘူး၊ ရေချိုး ခန်းထဲ ဝင်ပြီး စောင်တွေ တဝုန်းဝုန်း ရိုက်လျှော်လိုလျှော်၊ အိမ်တွေ ရေဆေးချလိုချ၊ သောက်ရေအိုးတွေရေခဏခဏလဲလိုလဲနဲ့ အမူအရာတွေ ပျက်နေတယ်၊ အလုပ်ဆင်းပြီး ပြန်လာရင်လည်း ဖိနပ် မပါလာဘူး၊ ဘယ်မှာကျွတ်ခဲ့လို့ ကျွတ်ခဲ့မှန်း မသိတာသုံးလေးခါလောက်ရှိပြီ၊အဲဒါ စိတ္တဇရောဂါတဲ့ အမေရဲ့၊ ရူးနေတာတဲ့၊ ပတ်ဝန်းကျင်က ပြောတယ်၊ကျွန်မ သူနဲ့ မနေချင်တော့ဘူး"
“ဘုရားရေ ဒုက္ခပါပဲ၊ အဲဒါ ဘယ်လိုလုပ်ကြမလဲ" “သူတို့အမျိုးတစ်ယောက်က ပြောတယ်၊ ကိုမြင့်ဦး အဖေက ကိုမြင့်ဦးငယ်ငယ်ကတည်းကဆုံးသွားတာတဲ့၊အဲဒီလူမှာလည်း ဒီရောဂါမရှိဘူး၊ ကြီးကြီးလှိုင်မှာလည်း ဒီရောဂါ မရှိဘူးတဲ့၊ ကိုမြင့်ဦးကတော့ ငယ်ငယ်တုန်းက တစ်ခါ ကြောင်တောင်တောင်ဖြစ်ဖူးတယ်တဲ့၊ စာတွေ သိပ်ကျက်ပြီး အိပ်ရေးပျက်လို့ ဖြစ်သွားတာတဲ့၊ အဲဒီတုန်းကတော့ နည်းနည်းဆေးကုလိုက်ရပြီး ပျောက်သွားတာ၊ အခုမှ ပြန်ဖြစ်လာတာတဲ့၊ ဘာပဲဖြစ်ဖြစ်အမေရာ သမီး သူနဲ့ မနေချင်တော့ဘူး၊ အမေတို့နဲ့ပဲ နေမယ်နော်”
“ဘယ်ဖြစ်မလဲ သမီးရယ်၊ သမီးအမေတို့နဲ့ နေချင်ရင် အမေတို့သမီးဆီလိုက်နေမှာပေါ့၊သူ့ကို ဒီလိုပစ် ထားလို့ဘယ်ဖြစ်ပါ့မလဲ၊လင်ရယ်မယားရယ်ဖြစ်လာမှရော ဂါဖြစ်လို့ ပစ်ပစ်ခါခါ လုပ်လိုက်ရင် မေမေတို့ဘက်က ဘယ်ကောင်းမလဲ၊ သူ့ဆီပြန်ပြီး ဆေးကုရမယ်၊ သမီး မနေရဲရင် အမေ လိုက်ခဲ့မှာပေါ့”ဆိုတော့ မမအိက… “ညီမလေးပါလိုက်ခဲ့နော်” ဟု အားကိုးတကြီးခေါ်ရှာ သည်။
ကျွန်မတို့ ရန်ကုန်အိမ်ကို ရောက်တော့ အခြေအနေက အတော်ပျက်နေသည်။ အိမ်ပေါက်ဝမှာ ပလတ် စတစ်ကြိုးတွေ ဟိုမှသည်မှ ရှုပ်ယှက်ခတ်နေအောင် သွယ်တန်းထားပြီး မမအင်္ကျီတွေ အများကြီး အထပ်လိုက် တန်းပေါ်ဖြန့်တင်ထားသည်။ အိမ်ရှေ့ခန်းတစ်ခန်းလုံးလည်းနို့ဆီဘူးခွံတွေ၊ငါးသေတ္တာဘူးခွံတွေ၊က လေးက စားစရာအရုပ်တွေ နေရာအနှံ့တန်းစီချထားသည်။ကျွန်မတို့ကိုမြင်တော့ကြောင်စီစီမျက်နှာထားနှင့်ငေးကြည့်နေပုံကိုကြည့်ပြီးသားကြီးကကျွန်မနားတိုးကပ်ပြီး ကျွန်မလက်ကို ဆုပ်ထားသည်။
“မောင်မြင့်ဦးဘာတွေလုပ်ထားတာလဲကွယ်၊ တစ်အိမ်လုံးလည်း ရှုပ်ပွလို့ပါလား၊ ကဲ...သိမ်းလိုက်စမ်းပါဦး၊ လူမြင်လို့လည်း မကောင်းဘူး”ဟုမေမေကပြောရင်းနို့ဆီဘူးခွံတွေကို လိုက်ကောက်တော့မှ သူကပါ ပျာ ပျာသလဲနှင့်လိုက်လံသိမ်းဆည်းတော့သည်။ကျွန်မက…
“အစ်ကိုမြင့်ဦး အဲဒါတွေက ဘာလုပ်ထားတာလဲ”လို့ ကြိုးတန်းပေါ်က မမအင်္ကျီတွေကိုမေးတော့...“သူပြန် လာအောင် ဓာတ်ရိုက်ထားတာ” တဲ့။ မမက သူ့အင်္ကျီတွေကိုလျှောက်ဖြုတ်ပြီး…“ဗီရိုထဲမှာလည်းငါ့အင်္ကျီတွေကိုဖွထားလိုက်တာရစရာတောင်မရှိတော့ဘူး၊ရေ ချိုးခန်းထဲမှာလည်း ရှိသမျှစောင်တွေ အကုန်သွားစိမ်ထားတော့ ညကျ ဘာနဲ့ ခြုံကြမတုံး၊ ဖိနပ်ရော ရှိသေးရဲ့လားမသိဘူး၊တစ်မြန်နေ့ကမှဝယ်ပေးထားတဲ့ ဖိနပ်အသစ်ကြီး၊ ပျောက်ခဲ့ပြန်ပြီ မဟုတ်လား၊ လူလည်း ဖိ နပ်စက်ရုံ တည်ရမယ့်ကိန်းဆိုက်နေပြီ”
မမက ပွစိပွစိနှင့် ဟိုရှာ သည်ရှာလုပ်နေတော့ သူက ကလေးတစ်ယောက်လိုမမကိုမျက်နှာငယ်ကလေးနှင့် ကြည့်ပြီး… “ငါ လမ်းမှာကျွတ်ကျန်ခဲ့တယ်”ဟုတိုးတိုးလေးပြောသည်။ “ကျွတ်ပြန်ပြီလား၊ ရှင့်ကို ဘယ်နှခါ ပြောထားရမလဲ၊ ကိုယ့်ခြေထောက်တောင် ကိုယ်ဂရုမစိုက်နိုင်ရင်လည်း နောက်ကို ဖိနပ်နဲ့ ခြေထောက်ကို ပူးချည်ထားကြားလား”
အဲဒီ အချိန်က စပြီး ကျွန်မတို့ ညီအစ်မ ကိုမြင့်ဦးရဲ့ဝေဒနာကိုအကြောင်းပြုပြီးသူ့ရဲ့စက်ရုံနဲ့စိတ္တဇဆေးရုံကိုကူးလူးဆက်ဆံတတ်လာခဲ့သည်။တစ်နှစ်တစ်ကြိမ်လောက်တော့ မှန်မှန်ဆေးရုံတက်ရတတ်ပြီး ဆေးရုံမှာ ရက်အနည်းငယ် ကုသရုံနှင့် ပြန်လည်ကောင်းမွန်လာကာ လူကောင်းပကတိလို လုပ်ကိုင်ပြောဆို ဆက် ဆံနိုင်တာကြောင့်အလုပ်ခွင်ကလည်း နားလည်မှုနှင့် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြသဖြင့် လုပ်ငန်းထိခိုက်မှုတော့ မရှိသေး။
သူ့လုပ်ငန်းခွင်မှလူအတော်များများမှာသူ့ကျေးဇူးမကင်းသူများဖြစ်သည်ကတစ်ကြောင်း၊သူကိုယ်တိုင်ကလည်း လူချစ်လူခင်များပြီး ပေါင်းသင်းဆက်ဆံရေးကောင်းသဖြင့် သူ့ကို အားလုံးက သက်သက်ညှာညှာဝိုင်းဝန်းပံ့ပိုးကြသည်။ တစ်ခါတစ်ရံ သူ့ ဝေဒနာပြင်း ထန်လာသည့် လက္ခဏာမျိုး လုပ်ငန်းခွင်ထဲ၌ ရှောင် တခင်ဖြစ်ပေါ်လာပါက အိမ်ကိုဒုက္ခမပေးတော့ဘဲစက် ရုံမှကားဖြင့်သာ ဆေးရုံသို့ ချော့မော့ခေါ်သွားတတ်ပြီးနောက်မှ အိမ်ကိုလှမ်းအကြောင်းကြားတတ်သည်။ စက်ရုံမှလူတွေက မမအိနှင့် ကလေးတွေကို ညှာတာပြီးတတ်နိုင်သမျှကူညီကြသည်။မနှစ်ကလည်း နံနက်ထမင်းစားချိန်အပြင်ထွက်ပြီး ဖိနပ်မပါဘဲ ကားလမ်းဘေး ပလက်ဖောင်းပေါ်ကနေ ဆူးလေဘုရားကို တစ် နေကုန် ပတ်နေသဖြင့် ရုံးကလူတွေက ချော့မော့ပြီး ဆေးရုံ ခေါ်သွားခဲ့ရသည်။
ကြာတော့ကျွန်မ မမအိကို ကိုယ်ချင်းစာ နားလည်နိုင်လာခဲ့တော့သည်။ အမေဆိုလျှင် အမြဲတမ်း ငိုင်တွေညှိုးငယ်နေပြီး သူ့သမီးကြီး၏ရှေ့ရေးကိုရင်မောနေပုံရသည်။ ကျွန်မကိုယ်တိုင် အရင်တုန်းက မမအိကို ကိုမြင့်ဦးအပေါ် ချစ်လာအောင် တိုက်တွန်းခဲ့မှုများကို နောင်တရမိသည်။ အကယ်၍သာ မမအိသည် ကိုမြင့်ဦး အပေါ် သံယောဇဉ်တွယ်၊ ချစ်ခင်ယုယတတ်လာလျှင် သူ့ဘဝအတွက်မကျေနပ်မှုများပြီးပျောက်သွားမည်ဟုထင်ခဲ့သော်လည်းစိတ္တဇအထူးကုဆရာဝန်ကြီးနှင့်တွေ့ဆုံစကားပြောဖြစ်ပြီးနောက်တွင်တော့ ကျွန်မ ၏ဆန္ဒများနှင့်အထင်အမြင်များတက်တက်စင်အောင် လွဲသွားပေတော့သည်။ ထိုနေ့မှစ၍ မမအိကိုမြင့်ဦးအ ပေါ် မချစ်နိုင်လေ ကောင်းလေ၊ သံယောဇဉ် မရှိလေကောင်းလေဟုကျွန်မဆုံးဖြတ်ချက်ကိုပြင်ရပေတော့မည်။ အချစ်သည်သောကနှင့် အပူမီးကို မျှဝေပေးစေသည်။
အချစ်မရှိသောမိန်းမတစ်ယောက်အတွက် “သောက” ဆိုတာမရှိနိုင်။တစ်နေ့နေ့မှာကျွန်မ၏အစ်မကိုကျွန်မသောကမီး မပွားစေချင်ပါ။ လူသားတစ်ဦးအနေဖြင့် ကိုမြင့်ဦးအတွက်တော့ ကျွန်မ စိတ်မကောင်းပါ။ ထိုတစ်နေ့နေ့ကို ကျွန်မ ရင်ခုန်စွာနှင့် စောင့်ဆိုင်းနေတတ်လာပြီမှာ ဆရာဝန်ကြီး၏ ပြောစကားအရ သာ ဖြစ်သည်။
ဆရာ၀န်ကြီး ထိုင်သော အပြင် ဆေးခန်းတစ်ခုတွင်ကျွန်မ သူ့အတွက် ဆေးညွှန်းထပ်ယူရင်း ရောဂါ အ ကြောင်းဆွေးနွေးဖြစ်သော တစ်ရက်တွင် ဖြစ်သည်။ ကျွန်မကဝယ်လာသော “မော်ဒီကိတ်” ထိုးဆေးများနှင့် “ဗျူရိုမိုက်ဇင်း” သောက်ဆေးများကိုပြရင်းဆရာ ဝန်ကြီး၏ ဆေးညွှန်းများကို မှတ်သားရင်းမှ...
“ဆရာရယ် ကျွန်မကို သူ့ ရောဂါအကြောင်း ပွင့်ပွင့် လင်းလင်း ပြောပြပါလား၊ သူ့ဝေဒနာက ပျောက်နိုင် ခြေရှိရဲ့လား ဆရာ၊ တစ်နှစ်ထက် တစ်နှစ် ဆိုးဆိုးလာသလားလို့၊ တချို့တလေကျတော့ တစ်ခါတည်းနဲ့ အ ပြီးအပြတ်ပျောက်သွားကြတယ်၊သူ့ကိုအဲဒီလိုပျောက်အောင် ကုလို့မရဘူးလားဟင် ”
“အခု ဆရာတို့ ပေးနေတဲ့ ဆေးတွေက သူ့အတွက် အ မြင့်ဆုံးဆေးတွေပဲသမီးရဲ့၊ သည့်ထက် အစွမ်း ထက်တဲ့ဆေးလည်း သူ့ရောဂါနဲ့ အပ်စပ်တာ မရှိတော့ဘူး” “ဒါဆိုရင်သူတစ်သက်လုံးဒီလိုပဲ ဖြစ်နေတော့မှာလားဟင်၊ အားမနာပါနဲ့ဆရာရယ်၊ ကျွန်မကို ပွင့်ပွင့်လင်းလင်း ပြောပြပါ”
“စိတ္တဇရောဂါဆိုတာအမျိုးမျိုးအစားစားရှိတယ်သမီးရဲ့၊ကုလို့ပျောက်နိုင်တာလည်းရှိသလိုလုံးဝမပျောက်နိုင်တော့တာတွေလည်းရှိတယ်၊အခုမောင်မြင့်ဦးမှာရှိတဲ့ စကီဇိုဖရီးနီးယား(Schizophrenia)လို့ ခေါ်တဲ့စိတ်ကစဉ့်ကလျားရောဂါပေါ့၊ သာမန်ကြည့်မယ်ဆိုရင်တော့ ပါရာနွိုက်(Paranoid) (သံသယစိတ်ကြီးထွားခြင်း)လို့ ထင်ရပေမယ့်စကီဇိုဖရီးနီးယားက ပိုပြင်းထန်တယ်။ အဲဒီလိုရောဂါမျိုးဟာ ဘယ်တော့မှ မပျောက်တော့ဘူး သမီးရဲ့။ သက်သာအောင်ပဲ ကုလို့ရတယ်၊ အဲဒါလည်း အသက်အရွယ် အချိန်အတိုင်းအ တာတစ်ခုလောက်အထိပဲ၊တစ်နှစ်ထက်တစ်နှစ်၊ တစ်ချိန်ထက် တစ်ချိန် ပိုပိုပြီး ရောဂါ မြင့်လာနိုင်သလို နောက်ဆုံးကျလုံးဝအသိမဲ့ပြီး သေသည်အထိ ပါသွားတတ်ကြတာပဲ”
“ဘုရားဘုရား” ကျွန်မ ရင်ထဲတွင် စိုးရိမ်စိတ်များဖြင့် မွန်းကျပ်လာသည်။“ဆရာရယ်၊ မရိုမသေအဲဒီလို အိမ် ထောင်ရေးမှာ ကလေးယူသင့်ပါ့မလားဟင်၊ အဲဒီရော ဂါဟာ ကလေးတွေကို မျိုးဆက်လိုက်တတ်ပါသလား”
“တချို့လည်းမျိုးဆက်လိုက်တတ်တယ်၊တချို့လည်းမျိုးဆက်မလိုက်တတ်ပါဘူး၊ဆရာ့အတွေ့အကြုံအရတော့စကီဇိုဖရီးနီးယားရောဂါသည်ထက်ဝက်ကျော်ကျော်ဟာ မျိုးဆက်လိုက်ကြတာ တွေ့ရတယ်၊ မွေးလာတဲ့ သားသမီးအကုန်လုံးတော့ မတွေ့ရသေးဘူး၊သုံးယောက်မှာ တစ်ယောက်လောက်၊ ငါးယောက်မှာတစ်ယောက်လောက်ပေါ့၊ အခု ကိုမြင့်ဦးကကလေးဘယ်နှယောက်လဲ”
“နှစ်ယောက်ပေါ့ဆရာ၊သူ ဒီလိုရောဂါရှိမှန်း မသိရခင်ကပါ”“နောက်ထပ် ကလေးမယူစေနဲ့တော့ကွယ်၊ သိပ်လည်းမစိုးရိမ်ပါနဲ့၊ ဒီကလေးနှစ်ယောက်ကို မျိုးဆက်လိုက်မယ်လို့အတပ်ပြောလို့မရပါဘူး၊မဖြစ်နိုင်ဖို့ များပါတယ်၊ အဲ..ဒါပေမဲ့ ဒီကလေးတွေ အချိန်တန်အရွယ် ရောက်လို့ အိမ်ထောင်ပြုတော့မယ် ဆိုရင်တော့ တစ် ဖက်က အိမ်ထောင်ဖက်ကို ကြပ်ကြပ်လေ့လာပါ၊ အဲဒီဘက်မှာ ဒီလို ဝေဒနာသည်မျိုးတစ်ယောက်ယောက်မျိုးဆက်ဗီဇရှိနေပြီဆိုရင်တော့ သူတို့ မွေးတဲ့ သား သမီးဟာသေချာပေါက်နီးပါးလောက်ကိုအန္တရာယ်ရှိလာနိုင်တာပေါ့။ဒါကလည်းကြိုကြိုတင်တင်ကာကွယ်နိုင်အောင် ပြောရတာပါ၊ သိပ်ကြီးလည်း မစိုးရိမ်ပါနဲ့ကွယ်”
“ဒါပေမဲ့ ကိုမြင့်ဦးကတော့ ဘယ်လိုမှ မိသားစုနဲ့ သာ ယာပျော်ရွှင်တဲ့ အိမ်ထောင်ဦးစီး တစ်ယောက် ဖြစ်မလာနိုင်တော့ဘူးပေါ့နော် ဆရာ၊ကျွန်မတူလေးနဲ့တူမလေးအတွက် ကျွန်မ စိတ်မကောင်းတာပါ၊ သူ့ဘဝနဲ့ နောက်ဆုံး နိဂုံးဟာ ဘယ်လို ဖြစ်သွားနိုင်ပါသလဲ ဆ ရာ”
“အဲဒါက စောစောက ဆရာပြောသလိုပါပဲကွယ်၊ သူဟာ အခု အချိန်မှာ ပြန်ပြန် ကောင်းနေသေးပေမယ့် တစ်ချိန်ချိန်မှာတော့ လုံးဝပြန်မကောင်းလာတော့ဘဲသွက်သွက်လည် သွားပါလိမ့်မယ်၊ ဘယ်နေ့ ဘယ်အ ချိန်မှာလို့တော့ အတိအကျပြောလို့ မရဘူးပေါ့၊ အဲဒီကြားထဲကမှ ဒီဝေဒနာသည်တွေဟာ သူတို့ကိုယ်သူတို့ ဂရုမစိုက်နိုင်၊ဘေးအန္တရာယ် မကာကွယ်နိုင်တော့တဲ့အတွက်အခြားတစ်စုံတစ်ရာကြောင့်လည်းသေဆုံးသွားနိုင်တယ်၊ အဲဒီလို ပြန်မကောင်းတော့ဘဲ သွက် သွက်လည်ပြီး ကြမ်းတမ်းလာကြလို့ ဆရာတို့ ဆေးရုံမှာသေသည်အထိ ထားလိုက်ကြရတဲ့ ဝေဒနာရှင်တွေ အများကြီး ရှိခဲ့ဖူးတယ်၊ အခုလည်း ရှိနေဆဲပဲ”
ဆရာကြီးဆီက ပြန်လာတော့ ကျွန်မ ဆေးရုံမှာ တွေ့ခဲ့ဖူးသည့် ချုပ်နှောင်ထိန်းသိမ်းထားရသော ဝေဒနာရှင်များ နေရာတွင် သူ့ကို အစားထိုး မြင်ယောင်လာသည်။ ဆရာဝန်ကြီးနှင့် ပြောခဲ့ဆိုခဲ့တာတွေကို မမအိနှင့်မေမေ့ကိုလည်းပြန်မပြောပြတော့ဘဲ တစ်ယောက် တည်း ခံစားရင်း ကျွန်မ၏ တူလေးနှင့် တူမလေး အ တွက်စိတ်မချမ်းသာဖြစ်နေသည်။တစ်နေ့နေ့သူတို့၏ ဖခင်တစ်ယောက်သူတို့နှင့်တစ်သက်လုံးအတွက်သေခွဲ၊သို့မဟုတ်ရှင်ခွဲ ခွဲသွားခြင်းကို သူတို့လေးတွေ၏ နုနယ်သော အသည်းနှလုံးများက ခံနိုင်ရည် ရှိကြပါမည်လော။
ခုချိန်ကတည်းက ကလေးတွေကို ကျွန်မကြိုတင်လေ့ ကျင့်ပေးရပေတော့မည်။ မမအိ ကိုမြင့်ဦးအပေါ်လုံးဝရင်မခုန်နိုင်ခဲ့သည်ကိုလည်း ျွန်မ အတ္တကြီးစွာ ကျေ နပ်နေမိခဲ့ပြီ။ မမ၏ နှလုံးသားတွင် ဒဏ်ရာစိုးစဉ်းမျှ မထင်စေချင်တော့ပါ။
ကျွန်မ၏ စည်းရုံးရေး အောင်မြင်သည်ဟု ဆိုရမည်ပင်။ ကလေးတွေကအဖေ အမေထက် အဘွားနှင့် အ ဒေါ်ကို ပိုချစ်သည်။ ပိုခင်တွယ်သည်။ကျောင်းတက်၊ကျူရှင်သွား၊ ရုပ်ရှင်ကြည့်တာကအစ အဘွားနှင့် အ ဒေါ်တစ်ယောက်ယောက် လိုက်မပို့လျှင် မသွားတော့။ကိုမြင့်ဦးကနေကောင်းနေလျှင်လည်းသူ့အလုပ်ကိစ္စများနှင့်သော် လည်းကောင်း၊ စာအုပ်များနှင့် သော် လည်းကောင်းလုံးပန်းနေတတ်ပြီးမမကလည်းထုံးစံအတိုင်းလေးလံအိစက်သောသူ့ခန္ဓာကိုယ်ကြီးကို မနိုင့် တနိုင်သယ်နေရဟန်နှင့်ပျင်းရိငြီးငွေ့စွာ နေတတ်လွန်း၍ ကျွန်မက တစ်ချိန်တုန်းက..
“မမကို မြင်ရတာ စိတ်ဓာတ်ကျစရာကောင်းလိုက်တာ၊မမက လူလေးတာမဟုတ်ဘူး၊ စိတ်ကိုက လေးနေတာ၊ မမအိထက် အများကြီးဝတဲ့လူတွေတောင်လှလှပပဝတ်စား၊သွက်သွက်လက်လက်လှုပ်ရှားပြီး ပျော်ပျော်ပါးပါး တက်တက်ကြွကြွ နေကြတာအများကြီး။ ကျွန်မတို့ကျောင်းက မမညွန့်ကြီးဆိုရင် မမအိရဲ့ နှစ်ကိုယ်စာလောက်ရှိတယ်၊ သူ့ကြည့်လိုက်ရင် အမြဲတမ်း နှုတ်ခမ်းနီနဲ့၊ မိတ်ကပ်နဲ့ သွက်လက်ပေါ့ပါးနေတာပဲ၊မမအိလို ပစ်စလက်ခတ်ကြီး မနေပါဘူး”
အိမ်ထဲမှာကျွန်မတို့ညီအစ်မအဲဒီလိုပြောနေကြစဉ်ကအပြင်မှာကိုမြင့်ဦးအလုပ်ကပြန်ရောက်ပြီးငြိမ်သက်စွာငေးမောနားထောင်နေကြောင်းနောင်မှသားကြီးပြန်ပြောပြ၍ ကျွန်မ ကြားရပြီး စိတ်မကောင်း။ အဲဒီတုန်းက မမအိရဲ့ တုံ့ပြန်စကားတွေကသူ့ကို စိတ်အားငယ်သွားစေနိုင်လိမ့်မည်ပင်။
“အဲဒီလူတွေကသူတို့ဘဝနဲ့သူတို့ပြည့်စုံကျေနပ်နေကြတဲ့လူတွေဟ၊ငါနဲ့ဘာမှမဆိုင်ဘူး၊လူဆိုတာမျှော်လင့်ချက်နဲ့အသက်ရှင်နေကြတာ၊ငါ့မှာဘာမျှော်လင့်ချက်ရှိလဲ၊ငါက ဘယ်သူ့အတွက် ပြင်ရမှာလဲ၊ ဘာအတွက် ပျော်ရမှာလဲ၊ ပြောစမ်းပါဦး၊ငါ့သားနဲ့ ငါ့သမီးအတွက် အမေဆိုတဲ့ မိန်းမတစ်ယောက်ရှိရင် ပြီးပြီပေါ့၊ ကျန်တာငါ့ဘဝမှာ ဘာရှိလို့လဲ”
“မမ အတွေးအခေါ်တွေ မှားနေတာ၊ တစ်စုံတစ်ရာအတွက် စိတ်ဓာတ်ကျနေတာနဲ့ပဲ ကျန်တဲ့လူနေမှုကိစ္စတွေအားလုံးကို လျစ်လျူရှုနေတော့မှာလား”“အရူးမယားဖြစ်နေတဲ့မိန်းမတစ်ယောက်ရဲ့စိတ်ဓာတ်တွေကို နင် မသိနိုင်ပါဘူး ညီမရယ်၊ ငါ့မှာက ဘယ်အချိန်မှာများ ဘယ်နေရာမှာသွားပြီး အရူးထနေမလဲ၊ဘယ်တော့ အရူးထောင်ပို့ပေးရပါ့မလဲလို့ စောင့်ပြီး စိုးရိမ်နေရတဲ့ ဘဝဟဲ့၊ တကယ်တော့သူလည်း ပညာတတ်တစ်ယောက်ပါဟယ်၊ အရူးထောင်ဆိုတာ သူ့ရဲ့နေရာမှန်ပဲဟာ၊သူများပို့မှ ရောက်ရမှာလား၊ ကိုယ့်အခြေအနေ မဟန်မှန်းသိရင် ကိုယ့်ဟာကိုယ် ရောက်အောင် သွားလိုက်ပြီးရောပေါ့၊ သက်သက်မဲ့ လူတကာကို ဒုက္ခပေးနေတယ်”
“ကဲ တော်ပါတော့ မမရယ်၊ အရူးထောင်လို့ မခေါ်ပါနဲ့၊ ရင့်သီးလွန်းပါတယ်၊စိတ်ရောဂါကု ဆေးရုံပါ”
သည်နှစ်နွေရာသီကျောင်းပိတ်ရက်သားကြီးဒုတိယတန်းဖြေအပြီးတွင်တော့အမေနှင့်ကျွန်မသားကြီးကိုပါခေါ်ပြီးရွာပြန်ခဲ့ကြသည်။အမေကလည်းရွာကိုလွမ်းနေတာကြာပြီ။ဒေါ်လေးကလည်းကျွန်မတို့ရန်ကုန်ပြောင်းလာပြီးကတည်းကတစ်ခေါက်သာလာပြီးနောက်ပိုင်းလူကြုံရှိတိုင်း လှမ်းလှမ်းမှာနေတော့သည်။ အမေကပြန်ချင်တာ ကြာပြီ။ ကျွန်မက တစ်ယောက်တည်း မလွှတ်ချင်၍ သားကြီး စာမေးပွဲပြီးအောင် စောင့်ခိုင်းပြီး ကျွန်မတို့ပါ လိုက်လာခြင်းဖြစ်သည်။ ကျွန်မက သမီးအငယ်ကလေးကိုပါ ခေါ်သွားချင်သော်လည်း မမက အိမ်မှာ ကိုမြင့်ဦးနှင့် နှစ်ယောက်တည်း မနေခဲ့ချင်၍ဖြစ်မည်။ သမီး မရှိလျှင် သူ မနေတတ်ဟုဆိုကာ အတင်းခေါ်ထားလိုက်သဖြင့်သမီးငယ်ကလေးက ငိုယိုပြီး ကျန်ရစ်ခဲ့သည်။ မမအိက ကျွန်မတို့ ခရီးသွားဖို့ ပြင်ဆင်နေတာတွေကို ထိုင်ကြည့်နေရင်းက..
“သိပ်အကြာကြီးမနေနဲ့နော်၊မြန်မြန်ပြန်ခဲ့ကြ၊ငါ့တစ်ယောက်တည်းပစ်မထားနဲ့”ဟုကျွန်မကိုတိုးတိုးလေးကပ်မှာလိုက်သေးသည်။ကွန်မက“အင်းပါ”ဟုလွယ်လွယ်ပြောရင်းကဟိုမှာတစ်လလောက်ကြာသွားသည်။ကိုယ့်အရပ်ကိုယ်ပြန်ရောက်တော့လည်းမိတ်ဟောင်းဆွေဟောင်းအပေါင်းအသင်းသူငယ်ချင်းတွေနှင့်တွေ့ပြီးတော်တော်နှင့်မပြန်ဖြစ်။ကလေးကလည်းမြို့မှာလိုအခန်းကျဉ်းကျဉ်းကလေးထဲအောင်းမနေရတော့ဘဲတောရိပ်တောင်ရိပ်နှင့်အိမ်ကျယ်ကျယ်၊ခြံကျယ်ကျယ်နှင့်စိတ်လွတ်ကိုယ်လွတ် ကစားရ၍ ပျော်ရွှင်နေသည်။
ဒေါ်လေးကကျွန်မတို့ကို တော်တော်နှင့် မပြန်စေချင်။ သူ့လင်နှင့် သူ့မယားလွှတ်သာထားလိုက်ဟုဆိုပြီး တစ်ရက်ပြီးတစ်ရက် ဆွဲထားသည်။ကလေးကလည်းသူ့ဘွားလေးကိုသံယောဇဉ်တွယ်နေပြီဖြစ်သည်။ကျွန်မတို့ပြန်ရန်ပြင်သောအခါသူနေခဲ့မည်လုပ်နေ၍ မနည်းချော့ခေါ်ရသည်။ ကျွန်မတို့ တူဝရီး၏ ဆန္ဒအတိုင်းသာဆို မပြန်လိုသေး။ အမေ့ကြောင့် သည်လောက်စောစော ပြန်ဖြစ်ခြင်းဖြစ်သည်။ရွာကိုစိတ်စောနေတုန်းကလည်းအမေပဲဖြစ်သလိုရွာပြန်ရောက်တော့လည်းသမီးဆီနောက်ဆံငင်နေပြန်သည်။
ဒေါ်လေးကကျွန်မတို့အပြန်ခရီးတွင်ဘူတာလိုက်ပို့ရင်းမျက်ရည်စမ်းစမ်းနှင့်ကျန်ရစ်သည်။ကျွန်မတို့ရန်ကုန်ပြန်ရောက်သည်နှင့်...“သူတို့အဖေပြန်မလာတာသုံးရက်ရှိပြီ”ဟုမမအိက ဆီးပြောသည်။ သူ့ကြည့်ရတာတော့ သိပ်ပြီးထိတ်ထိတ်ပျာပျာမရှိလှ။ ဝတ္တရားအရ ပြောနေပုံနှင့်တူသည်။ ကျွန်မကသာ သည်လောက်ကြာအောင်တစ်ခါမှ မပျောက်ဖူးသဖြင့်…
“မမဘယ်မှမစုံစမ်းကြည့်ဘူးလား၊မသွားခင်ကအခြေအနေကရောဘယ်လိုလဲ၊ဝေဒနာပြန်ထနေလို့လား”ဆိုတော့..“ငါတစ်ယောက်တည်း ဘယ်လိုသွားစုံစမ်းမလဲ၊ ညဘက် ကောင်းကောင်းမအိပ်တာတော့ ဆယ်ရက်လောက်ရှိပြီ၊ အလုပ်လည်း ပုံမှန်တော့သွားနေတာပဲ၊တစ်မြန်နေ့ကမနက်အလုပ်သွားပြီးကတည်းကပြန်မလာတော့တာ၊အလုပ်ထဲမှာအခြေအနေမကောင်းလို့ ထုံးစံအတိုင်း ဆေးရုံပို့လိုက်ပြီ ထင်တာပဲ”
“မမဆီကို အကြောင်းကြားလို့လား”
“ဟင့်အင်း”
“ခါတိုင်းသူတို့ဆီကပို့ပြီးရင်အိမ်ကိုအကြောင်းကြားပေးတာပဲ၊အဲဒီကမှဘာသတင်းမှမလာရင်ကိုယ်က သွားစုံစမ်းပေးရမှာပေါ့ မမရဲ့၊ ဒီအတိုင်းနေလို့ဘယ်ဖြစ်မလဲ”
“ဒါဆိုရင် နင် ဖုန်းဆက်ကြည့်ပါလား”
“ဒီလောက်ကြာနေမှတော့ ဖုန်းဆက်လို့ ဘယ်ကောင်းမလဲ၊ မမနဲ့ ကျွန်မစက်ရုံကိုပဲ သွားကြမယ် "
“ကျွန်တော်တို့ကလည်းအိမ်မှာပဲထင်နေတာ၊အိမ်ကလူတွေအလုပ်ရှုပ်နေလို့စက်ရုံကိုတောင်အကြောင်းလာမကြားကြသေးဘူးလို့ ထင်ပြီး သူ့အတွက် ခွင့်တွေဘာတွေတောင် စီစဉ်နေကြတာ၊ နေဦးဗျ၊ ဘယ်နေ့ကလဲ၊ တနင်္လာနေ့ကထင်တယ်၊ ညီမတို့ပြောတဲ့သူထွက်သွားတဲ့နေ့ကပေါ့၊ဟုတ်တာပေါ့၊အဲဒီနေ့ကပဲစက်ရုံကကလေးတစ်ယောက်ကသူ့ကိုဗိုလ်တထောင်ဆိပ်ကမ်းမှာ ထိုင်ပြီး မြစ်ပြင်ကို ငေးကြည့်နေတာတွေ့ခဲ့တယ်လို့ ပြောတယ်”
ကျွန်မရင်ထဲ ပူသွားသည်။ ရေထဲများ...“ကျွန်မတို့ ဘယ်လိုလုပ်ရင် ကောင်းမလဲဟင်”
“ကျွန်တော့်သဘောပြောရရင်တော့လူပျောက်တိုင်ထားလိုက်ရင်ကောင်းမယ်၊ကျွန်တော်တို့လည်းစုံစမ်းပေးပါ့မယ်၊ပေါ့လို့တော့ မရဘူးဗျာ၊ သူက ဝေဒနာသည်ဆိုတော့ တစ်ခုခုများ၊ ဆေးရုံတို့၊ ဘာတို့လည်း သွားစုံစမ်းနိုင်ရင် ကောင်းတာပေါ့”
“ဟုတ်ကဲ့၊ကျွန်မတို့သွားလိုက်ပါ့မယ်၊အကြောင်းထူးရင်လည်းစက်ရုံကိုဖုန်းဆက်ပြောပါ့မယ်၊စက်ရုံကလည်းအကြောင်းထူးရင် ကျွန်မတို့ဆီ ဆက်သွယ်ပေးပါနော်”
“စိတ်ချပါဗျာ၊ကျွန်တော်တို့လည်းစုံစမ်းပေးပါ့မယ်၊စိတ်လည်းတကယ်မကောင်းပါဘူး”လမ်းပေါ်မှာကျွန်မကမမကိုမကြာခဏ ရပ်စောင့်ပေးနေရသည်။ ကျွန်မကရှေ့ကနေ ငေါက်ငေါက် ငေါက်ငေါက်နှင့် စိတ်နှင့်လူနှင့် တစ်ထပ်တည်းကျနေသလောက်မမက နောက်ကနေ လေလျော့နေသည့် မော်တော်ကား တာယာဘီးအကြီးစားကြီး သူ့အလိုလို လိမ့်လာသလိုပဲ အိပဲ့ အိပဲ့နှင့် ခရီးမတွင်ဖြစ်နေသည်။သူ့နားထင်နှစ်ဖက်တွင်ချွေးတွေယိုစီးပြီးပါးပြင်တွေမှာလည်းနေပူရှိန်ကြောင့်ရဲရဲတောက်နေကြသည်။
နှိမ့်ချည် မြင့်ချည် ဖြစ်နေသည့် သူ့ရင်အစုံက သူ့ဘဝ၏ အမောကို စကားမပြောဘဲဖော်ပြနေသယောင်ရှိသည်။
“နင်သာမရှိရင်ငါတော့ဒုက္ခပဲ"ဟုမကြာခဏရေရွတ်နေတတ်သည်။သူ့ရဲ့အိမ်ထောင်သည်ဘဝနိဂုံးကတော့ချုပ်တော့မည်ထင်ပါရဲ့။ကျွန်မမျှော်လင့်ထားသည့်မမတို့နှစ်ယောက်၏နောက်ဆုံးခွဲခွာချိန်ကိုကျွန်မစိတ်မကောင်းစွာနှင့် ကြိုဆိုနေမိပြီထင်သည်။ အချစ်မရှိတော့သည့် မိန်းမတစ်ယောက်အတွက် ကျွန်မ ဤမျှပင်ပန်းဆင်းရဲမှုဒဏ်ကို မခံစေချင်တော့။ ကျွန်မ၏အစ်မ သောကကင်းကင်းနှင့်အနှောင်အဖွဲ့လွတ်သောဘဝတွင်သာယာပျော်ရွှင်လာအောင်ကျွန်မပြန်လည်ဖန်တီးခွင့်ရှိလာတော့မည်။ သူပြောသလိုပင် သူ့ဘဝမှာ ကျွန်မတစ်ယောက်ရှိနေရုံဖြင့် ပြီးပြည့်စုံစေချင်ပါသည်။
ကျွန်မတို့ညီအစ်မရန်ကုန်ဆေးရုံကြီးရောက်တော့အသိမိတ်ဆွေဆရာဝန်လေးတစ်ယောက်နှင့်တွေ့ပြီးလွန်ခဲ့သောသုံးလေးရက်ခန့်မှစပြီး ဆေးရုံရောက်လာသည့်လူနာများစာရင်းကို ရှာသော်လည်း မတွေ့သဖြင့် ထိုဆရာဝန်လေးမှပင် ဦးဆောင်ကာရင်ခွဲရုံဘက်သို့ သွားရောက်စုံစမ်းပြန်သည်။ ရင်ခွဲရုံသို့ ရောက်လာသော ပိုင်ရှင်မဲ့အလောင်းများစာရင်းကို စုံစမ်းနေဆဲ ကျွန်မကရင်တထိတ်ထိတ်နှင့်မမကိုစောင်းငဲ့အကဲခတ်တော့ သူက ဘာမှမသက်ဆိုင်သည့် လူစိမ်းတစ်ယောက်၏ သတင်းကို စောင့်နားထောင်နေသည့်နှယ် မတုန်မလှုပ်။
“ထိခိုက်ဒဏ်ရာရပြီး ဆေးရုံရောက်မလာတာ၊ တစ်နေရာရာမှာ သေဆုံးနေပြီးရင်ခွဲရုံ ရောက်မလာတာတော့ သေချာပါတယ်။ ဒီတော့သူသွားတတ်တဲ့နေရာတွေကိုပဲထပ်ရှာကြည့်ကြပါဦး၊ဒီကိစ္စကိုစိတ်ရောဂါကုဆေးရုံကိုလည်းသွားအကြောင်းကြားထားဖို့ လိုအပ်မယ်ထင်တယ်”
ဆရာဝန်လေးပြောမှပင်ဆေးရုံသို့အကြောင်းကြားရန်သတိရလိုက်သည်။“ဟုတ်ကဲ့ပါဆရာ၊ကျွန်မတို့သွားအကြောင်းကြားလိုက်ပါ့မယ်”နောက်တစ်နေ့ မနက်စောစော နေမပူခင် ကျွန်မတို့ညီအစ်မ တစ်နှစ် တစ်ခေါက်ရောက်နေကျနေရာဟောင်းသို့ လူနာမပါဘဲရောက်ခဲ့ကြသည်။ကိုယ်နှင့်ရင်းနှီးပြီးသောအရပ်မို့ဆရာမများရုံးခန်းသို့ပင်တန်းတန်းမတ်မတ်လျှောက်လာခဲ့ကြသည်။
“ဟော အချိန်တန်လို့ ကိုမြင့်ဦးတို့ အိမ်သားတွေ ရောက်လာကြပြီ”တာဝန်ကျ ဆရာမကြီးက ကျွန်မတို့ကို မြင်မြင်ချင်း လှမ်းနှုတ်ဆက်သည်။“သူ့ကို လာပို့တာ မဟုတ်ဘူး ဆရာမကြီးရဲ့၊ သူ အခု ဘယ်ရောက်နေမှန်းလဲမသိဘူး၊ ပျောက်နေတာ သုံးလေးရက်ရှိပြီ၊ ကျွန်မတို့လည်း ရှာလိုက်ရတာနှံ့နေပြီ၊ဘယ်မှာမှ မတွေ့တဲ့အဆုံးမှ ဒီကို လာအကြောင်းကြားတာပါ”
“ဘယ်ရှာလို့တွေ့မလဲ၊ ကိုမြင့်ဦးက ဒီမှာ ရောက်နေတဲ့ဥစ္စာ”
“ရှင်…သူ့ကို ဘယ်သူ လာပို့သွားတာလဲ ဆရာမ”
“သူ့ဟာသူ တစ်ယောက်တည်း ရောက်လာတာ၊ တစ်နေ့က ညနေစောင်းလောက်မှာပေါ့၊ ကျွန်တော် ဒီမှာ နေတော့မယ်တဲ့၊ သူ့အခြေအနေကြည့်တော့လည်းဆေးရုံတင်ရမယ့် အခြေအနေ လက္ခဏာတွေ တွေ့နေရလို့ တစ်ခါတည်း ခေါ်ထားလိုက်တာ၊ နောက်သုံးလေးရက်လောက်မှရောက်မလာကြရင်တော့အိမ်ကိုအကြောင်းကြားမလို့ပဲ၊သူကတော့အိမ်ကိုစိတ်နာနေပုံရတယ်၊ သူ့မိန်းမက သူ့ကို သတ်ဖို့ကြံနေပြီတဲ့၊ကဲ...ကဲ သွားတွေ့လိုက်ကြဦး”
“သူ အခု ခါတိုင်းတက်တဲ့အဆောင်မှာ ရှိမှာပေါ့နော် ဆရာမ”
“ဟုတ်တယ်၊ မနှစ်က နေရာဟောင်းမှာပဲ၊ မနေ့ကပဲ ဆရာဝန်ကြီးနဲ့တွေ့ပြီးအစစ်ခံရသေးတယ်၊ ဒီတစ်ခေါက်တော့ သူ့ကို ဆေးရုံမှာ အကန့်အသတ်မရှိ ထားရလိမ့်မယ်တဲ့၊ ကျွန်မတို့ကို ဆေးရုံမှာ ကြိုတင်ပြင်ဆင်စရာရှိတာတွေ မှာသွားတယ်၊ နောက်နေ့တွေ သူ့အတွက် ပစ္စည်းပစ္စယ အသုံးအဆောင်တွေ လာပို့ရင် သူ့ကို မပေးခဲ့ပါနဲ့၊ကျွန်မတို့ဆီမှာ လာအပ်ထားပါ၊ ကဲ...သွားတွေ့ကြ၊ သွားတွေ့ကြ၊ သူ့ကို အဆောင်ထဲမှာမတွေ့ရင် ရှေ့ကွက်လပ်ကြီးထဲက မြက်ခင်းပြင်မှာ နေပူစာလှုံနေတတ်တယ်”
သူ့ဆီ မြန်မြန်ရောက်အောင် နောက်ဘက် ဖြတ်လမ်းကလေးကနေပြီး အဆောင်ထဲဝင်လာကြသည့် ကျွန်မတို့ညီအစ်မကို ဝေဒနာရှင်တွေက ဝိုင်းလာပြီး လက်ဖဝါးတွေဖြန့်ခံနေကြသဖြင့် ကျွန်မက ကျပ်တန်တစ်ရွက်စီ လက်ထဲထည့်ပေးလိုက်တော့ အားလုံးကျေနပ်ပျော်ရွှင်သွားကြသည်။ ထိုဝေဒနာရှင်တွေထဲမှာ ကိုမြင့်ဦးကို မတွေ့ရဘဲ အားလုံးမျက်နှာစိမ်းတွေချည်း ဖြစ်နေသည်။ ရှားရှားပါးပါး မနှစ်က ကျွန်မဆီက တစ်ကျပ်တောင်းသော မွန်မွန်ရည်ရည် လူတစ်ယောက်ကိုတော့ အခန်းထောင့်ကကုတင်မှာတွေ့ရပြီးမနှစ်ကနှင့် မတူဘဲ သူ့ပုံသဏ္ဌာန်က ညှိုးနွမ်းဖျော့တော့ပြီး စုတ်ပြတ်သတ်နေတော့သည်။ ကျွန်မကခုတော့မကြောက်တတ်တော့ဘဲသူ့ကိုကြင်နာစွာမုန့်ဖိုးပေးချင်ပေမယ့်သူကကျွန်မကိုမမှတ်မိတော့။ ကျွန်မပေးသည့် ပိုက်ဆံကိုလည်း မယူတော့။
အဆောင်ထဲကထွက်ပြီးခပ်လှမ်းလှမ်းကမြက်ခင်းပြင်ကိုမျှော်ကြည့်လိုက်တော့နေရောင်ခြည်တွေရဲ့အောက်ကကွက်လပ်ကလေးမှာ သူ့ကို လှမ်းမြင်လိုက်ရသည်။“မမရေ..ဟိုမှာ အစ်ကိုမြင့်ဦး တွေ့ပြီ၊လာ လာ”မမကို လှမ်းအော်ရင်း ကျွန်မ သူ့ရှေ့ကို ဘယ်လို ဘယ်လို ရောက်သွားမှန်းမသိလိုက်။
မြက်ခင်းပြင်ပေါ်က နေရောင်ခြည်အောက်မှာ ကောင်းကင်ကို မော့ပြီး ဒူးချိတ်ထိုင်နေတဲ့ သူ့ပုံသဏ္ဌာန်ဟာ အတော်ကို ရုပ်ပျက်ဆင်းပျက်နိုင်ပြီးညစ်ပတ်စုတ်ပြတ်နေသည်။သူ့ခန္ဓာကိုယ်မှာလည်းကြေးအထပ်ထပ်နှင့်ညှဉ်းသိုးသိုး၊အောက်သက်သက်အနံ့တွေ ထွက်နေသည်။ ရေမချိုးဖြစ်တာ ဘယ်လောက်ကြာနေပြီ မသိ။
စာရေးစားပွဲနှင့် ထမင်းစား စားပွဲများမှာ ထိုင်လေ့ရှိသော မတ်တတ်ကုလားထိုင်တွင် ကိုယ်ကိုလျှောပြီး ကျောမှီထားသည့် သူ့ခန္ဓာကိုယ်ပေါ်မှ အရောင်အဆင်းမရှိတော့သော စွပ်ကျယ်အင်္ကျီပေါ်မှာ ရင်ခေါင်းအထိ လိပ်တက်နေပြီး ဗိုက်က အပြောင်သားလုံးထွက်နေသည်။
ဘောင်းဘီတိုလေးတစ်ထည်သာပါသောသူ့ခန္ဓာကိုယ်အောက်ပိုင်း၏ခြေချိတ်ပြီးဒူးနှန့်နေသောခြေသလုံးများ၏အောက်တွင်တော့ သူ့ခြေထောက်နှစ်ဖက်စလုံးကိုပုဆိုးစုတ်များဖြင့် ထုပ်လျက်သား ရှိသည်။သူ့မျက်နှာက ကျွန်မတို့ကို မကြည့်၊ ကောင်းကင်ကိုသာ မော့ပြီး နေရောင်ခြည်ကို ငေးနေသည်။ ကျွန်မက သူ့အနားသွား၍...
“အစ်ကို...အစ်ကိုမြင့်ဦး၊ ဒီကို ဘယ်တုန်းက ရောက်တာလဲ”
“......”သူကဘာမျှပြန်မပြော။မတုန်မလှုပ်နှင့်ရှိနေသည်။“အစ်ကို၊ဒီမှာ ကျွန်မတို့ကို ကြည့်ပါဦး၊ မမအိလည်း ပါလာတယ်လေ”သူက တစ်ချက်သာ ငဲ့ကြည့်ပြီး ပြန်မော့သွားသည်။“အစ်ကို ဒီကို ဘယ်လိုလုပ်ရောက်နေတာလဲ၊ ကျွန်မတို့မှာဖြင့် ရှာလိုက်ရတာမောလို့”
“ကျွန်မ မေးနေတာ ကြားရဲ့လားဟင်၊ ကြားရင်လည်း နည်းနည်းပါးပါးပြန်ပြောပါဦး၊ ကျွန်မတို့မှာ အစ်ကို့ကို ရှာလိုက်ရတာ မောနေတာပဲ၊ ဒီနေရာကို ဘယ်သူလိုက်ပို့တာလဲဟင်၊ ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ”
“ကိုယ့်နေရာရာက်အောင်ကိုယ်လာခဲ့တာ”ကျွန်မရင်ထဲနင့်သွားသည်။အိမ်ကဝတ်သွားဟန်တူသည့် ပုဆိုးကို ထက်ခြမ်းခြမ်းပြီး တုပ်ထားသည့် သူ့ခြေထောက်တွေကို ကျွန်မက“ဒီခြေထောက်တွေက ဘာဖြစ်တာလဲ”
“......”
“ဒီခြေထောက်တွေက ဘာလို့ထုပ်ထားရတာလဲလို့၊ ပြောစမ်းပါဦး”သူက နေရောင်ကို အငေးမပျက်ဘဲ...“ဖိနပ်တွေ ပျောက်ကုန်မှာစိုးလို့”အဲဒီအချိန်မှာပဲ ကျွန်မ တစ်သက်တာမှာ မမျှော်လင့်သည့် အဖြစ်အပျက်တစ်ခုကို ကျွန်မ ကြုံလိုက်ရသည်။
ကျွန်မကိုရုတ်တရက် အရှိန်ပြင်းပြင်းနဲ့ တွန်းတိုက်မိသွားတဲ့ ပမာဏတစ်ခုဟာမမဟု သိလိုက်ရသည်နှင့် တစ်ချိန်တည်းမှာပင် ကျွန်မဘယ်လိုမှယုံကြည်၍မရနိုင်အဖြစ်အပျက်တစ်ခုကိုလည်း ကျွန်မ၏ မျက်စိရှေ့တွင် မျက်ဝါးထင်ထင် မြင်လိုက်ရသည်။
ထိုမြင်ကွင်းကတော့မြေကြီးပေါ်မှာဒူးထောက်ထိုင်ချလိုက်ရင်းက ပုဆိုးဟောင်းကြီးနှင့် ထုပ်ထားသည့် ညစ်ပတ်ပေပွနေသော ခြေအစုံကို ရင်ခွင်ထဲ ဆွဲယူပွေ့ဖက်ကာ တရှိုက်ရှိုက် ငိုကြွေးနေသော ကျွန်မ၏ မမအိကိုပင်။
Keep Reading